← Chapters

အခန်း (၄၀၈)

Vol. 28 Ch. 408

အခန်း (၄၀၈)

Vol. 28 Ch. 408

စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာစေသည့် လက္ခဏာကို ဖြစ်ပေါ်စေသည့် တည်နေရာသည် ကျွင်းချောင်ရှောင်းဖန်တီးထားသော သီးခြားအစီအရင်ထဲတွင် ဖုံးလွှမ်းခြင်းခံလိုက်ရ၏။ သို့ပေမဲ့ အခြားတည်နေရာ တွင် ထပ်မံ၍ ပေါ်ပေါက်လာခဲ့မည်ဟု သူမထင်မိချေ။ ဖြစ်ပေါ်လာသောတည်နေရာမှာ အလွန်ပင်ကြီးမားလှ၏။

တခြား နည်းလမ်းလည်း မရှိပေ။ ထို့ကြောင့် သူ့အနေနှင့် အစီအရင်ကို ထပ်မံချဲ့ထွင်ဖို့ ပြုလုပ်ရန်သာ ရှိတော့၏။ နေ့တစ်ဝက်လောက် အလုပ် လုပ်ပြီးသည့်နောက်မှာတော့ သူသည် အသစ်ဖြစ်တည်လာသော တည်နေရာကြီး တစ်ခုလုံးကို ဖုံးလွှမ်းပြီး တခြားလူများ မမြင်နိုင်စေရန် ဖန်တီးထားပြီး ဖြစ်ပေသည်

“ဂိုဏ်းချုပ်”

သီးခြားအစီအရင်ထဲတွင်ရှိနေသော အကြီးအကဲဝေသည် ကောင်းကင်တွင် စုဝေးလျက်ရှိသော ခုနှစ်ရောင်စဉ် အလင်းတန်းများကို ကြည့်ရှုကာပြောလိုက်၏။ “ဒီအတိုင်းဆိုရင် စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာဖို့ လဝက်နီးပါးလောက်ပဲ ကြာတော့မယ် ထင်တယ်”

“ဒီလိုလား”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို မျှော်လင့်နေမိ၏။ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာမှုသည် သံမဏိအရိုးဂိုဏ်း၏ အလားအလာကို ပိုမိုတိုးတက်စေနိုင်သည်။ ထို့အပြင် စိတ်ဝိညာဉ်ကျောက်တုံးများကိုလည်း အသုံးပြု၍ ရနိုင်သည်။ ဂိုဏ်း ပိုမိုကောင်းမွန်စေရန်အတွက် ကြီးမားသည့်အခွင့်အရေးကြီးပင် ဖြစ်တော့သည်။

လုံခြုံဖို့အတွက် အကြီးအကဲ ဝေသည် အကြံပြုလိုက်တော့သည်။ “ဂိုဏ်းချုပ်၊ တခြားအမှားအယွင်းတွေ ဖြစ်မလာအောင် သီးခြားဖြစ်တည်ခြင်း အစီအရင်ကို အကောင်းဆုံး ဖန်တီး ထားမှ ဖြစ်လိမ့်မယ်၊ ဒါမှ တခြားသူတွေကလာပြီး ကြည့်ရှုလို့မရမှာ”

“အဓိပ္ပာယ်ရှိတယ်”

နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်သည် သူ၏ အင်္ကျီလက်ကို ခေါက်တင်၍ အလွန်တရာ ကြီးမားလှသော သီးခြားဖြစ်တည်ခြင်း အစီအရင်ကြီးကို စတင်ဖန်တီးတော့သည်။ နှစ်ရက် သုံးရက်လောက် အလုပ်လုပ်ပြီးချိန် မှာတော့ သူသည် မိုင် ၄၀၊ ၅၀ လောက်ကို ဖုံးလွှမ်းထားနိုင်သော သီးခြားအစီအရင်ကြီးတစ်ခုကို ပြုလုပ်ပြီးဖြစ်တော့သည်။

“အကြီးအကဲဝေ”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဒီလောက်ဆို အချိန်ရောက်ပြီနဲ့တူတယ်”

“အချိန်ရောက်လာပြီ”

အကြီးအကဲဝေ ပြောလိုက်သည်။ “အခု စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာဖို့ စောင့်ကြရအောင်”

“ကောင်းပါပြီ”

ကျွင်းချောင်ရှောင်းသည် အားလပ်သည့်အချိန်တိုင်းတွင် လာရောက်ကြည့်ရှု့လေ့ရှိသည်။ ပြီးနောက် သူသည် သိုင်းနည်းစနစ်များအား ပိုမိုနားလည်စေရန် လေ့ကျင့်နေတော့သည်။

လီချင်းယန်နှင့် တခြားသူများအားလုံးသည်လည်း သိုင်းနည်းစနစ်နှစ်ခုအား ပိုမိုနားလည်စေရန် ကြိုးစားနေကြ၏။ သူတို့သည် ပြည့်စုံသည့်အဆင့်ထိ ရောက်အောင် နားမလည်နိုင်သေးသော်လည်း တိုက်ကွက်အား ထုတ်ဖော်ဖို့ အတွက် ပြုလုပ်နိုင်နေပြီဖြစ်၏။

တောင်၏ အနောက်ဘက် တောင်နံရံတစ်ခု၏ အရှေ့ဘက်တွင်တော့ ကျွင်းချောင်ရှောင်းသည် ဆယ်မီတာ အကွာတွင် ရပ်လျက်ရှိသည်။ သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက် သပ်ရပ်မီးသည် တဝုန်းဝုန်း တောက်လောင်နေ၏။ ဤအချိန်မှာတော့ သူသည် မီးလက်ဝါးတစ်ခု ဖြစ်တည်အောင် ဖန်တီးလျက်ရှိသည်။

ဘန်း …။

တောင်နံရံသည် ဤလူ၏ တိုက်ခိုက်ချက်ကို မခံစားနိုင်ပေ။ အလွန်တရာပူပြင်းလှသော အပူချိန်နှင့် စိတ်ဝိညာဉ် စွမ်းအင်တို့၏ အားအင်ကြောင့် ချက်ချင်းဆိုသလိုပင် ငါးမီတာမှ ခြောက်မီတာသို့ နက်ရှိုင်းလှသည့် တွင်းပေါက်ကြီး တစ်ခု အဖြစ် ဖြစ်တည်လာ၏။ ထိုတွင်းကြီးတစ်ခုလုံးသည် မဲနက်လျက်ရှိ၏။

စနစ်မှပြောလိုက်သည်။ “လက်ခံသူရဲ့ တိုက်ခိုက်ချက်က အနည်းဆုံး ကျင် ၆ သိန်းလောက်တော့ရှိတယ်၊ ဒါကို အနည်းငယ်အောင်မြင်ပြီလို့ ပြောလို့ရတယ်”

ကျွင်းချောင်ရှောင်း အံ့အားသင့်သွားသည်။ “အနည်းငယ် အောင်မြင်ရုံပဲလား၊ ဒါပေမဲ့ ဂျင် တစ်သိန်းခွဲတောင် တိုးလာတာလေ”

စနစ်သည် သူ့ကို ရင်နာအောင် ပြောဆိုလိုက်သည်။ “လက်ခံသူရဲ့ လက်ရှိ ကျင့်ကြံခြင်းနဲ့ သိုင်းပညာကို နားလည်မှုက အကန့်အသတ်ရှိနေတယ်၊ ဒီထက်ပိုပြီးတော့ အောင်မြင်အောင် ထုတ်ဖော်ချင်တယ်ဆိုရင် အနည်းဆုံး သိုင်းဘုရင်မှဖြစ်မယ်”

“မင်း ငါ့ကို စိတ်အားတက်ကြွအောင် ပြောလို့မရဘူးလား”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ငါ အမှန်တရားကို ပြောပြနေတာပါ”

စနစ်မှ ပြောလိုက်၏။ “မင်းမကြိုက်ဘူးဆိုရင်လည်း ငါအနာဂတ်မှာ ထပ်ပြီးပြောအုံးမှာပဲ”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်းသည် သက်တန့်ရောင်စဉ် တိုက်ခိုက်ချက်ကို ထုတ်ဖော် တိုက်ခိုက်လိုက်၏။ အနီရောင်အလင်းတန်း များသည်ဖြစ်တည်လာပြီး တောင်နံရံကြီးတစ်ခုလုံး ကြီးမားသည့်အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုအပေါက် သည် ၂၀ မီတာခန့် နက်ရှိုင်းလေ၏။

ခုနှစ်ရောင်စဉ်တိုက်ခိုက်ချက်သည် အလွန်တရာ ထိရောက်မှုပြင်းထန်လှ၏။ လုံလောက်စွာအားကောင်းမည် ဆိုလျှင် ပိုမိုနက်ရှိုင်း သည့်ထွင်းဖောက်မှုမျိုးကို ဖြစ်လာမည်ဖြစ်သည်။ အားအင်စမ်းသပ်မှုကို ပြုလုပ်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ပြဿနာတစ်ခုကို သိသွားသည်။ သိုင်းနည်းစနစ်နှစ်ခု၏ စွမ်းအင်များသည် မဆိုးလှချေ။ သို့ပေမဲ့ စိတ်ဝိညာဉ်စွမ်းအင် ကုန်ခမ်းနိုင်မှုမှာတော့ လခြမ်းဓားကွက်ထက် ပိုမို၍ ကြီးမားလွန်း၏။

“ငါက တခြားလူတွေထက် ချီလေပွေတစ်ခု ပိုရှိနေတယ်၊ ဒါပေမယ့် သက်တန့် ရောင်စဉ် တိုက်ခိုက်ချက်ကို အများဆုံး ၅ ကြိမ်ကနေ ၆ ကြိမ်လောက်ပဲ ထုတ်ဖော်တိုက်ခိုက်လို့ရတယ်။ ကောင်းကင်နီဓားကွက်ဆိုရင် ပိုတောင်ဆိုးသေးတယ်။ တကယ်တမ်း အင်ပြည့်အားပြည့်တိုက်ခိုက်မယ်ဆိုရင် အသုံးပြုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အားအင်တွေအားလုံး ယုတ်လျော့သွားစေနိုင်တယ်။”

“ဒါက ဘာကြောင့်လဲ”

စနစ်မှပြောလိုက်၏။ “နှစ်ခုလုံးက စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်တွေကြီးပဲ၊ ဒါပေမဲ့ လခြမ်းဓားကွက်ကို ဖန်တီးခဲ့တဲ့ ဆန်းကြယ်သူ က တကယ့်ကို ပိုပြီး အားကောင်းတဲ့လူဖြစ်လိမ့်မယ်”

“ဒါကမှန်တယ်”

ကျွင်းချောင်ရှောင်း နက်နက်နဲနဲ သဘောတူလိုက်မိ၏။ လခြမ်းဓားကွက်၏ အဆင့်သည် အနည်းငယ် နိမ့်၏။ သို့ပေမဲ့ သူ၏အဆင့်ထက် ပိုမိုသောအားအင်ကို ထုတ်ဖော်နိုင်စွမ်း ရှိနေသည်။ စိတ်ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှု ကလည်း အလွန်တရာ နည်းပါးလွန်းလှ၏။ အလွန်တရာမြင့်မားလှသော သိုင်းပညာနှင့်ပတ်သက်ပြီး ကျွမ်းကျင်မှု မရှိလျှင် မည်သို့မှ ဖန်တီးနိုင်မည် မဟုတ်ချေ။

ကောင်းကင်နီဓားကွက်နှင့် သက်တန့်ရောင်စဉ်တိုက်ကွက်တို့သည် အလွန်အမင်း အားကောင်းလှသည်ဆိုသော်လည်း စိတ်ဝိညာဉ်စွမ်းအင်တွေကို အလွန်အမင်း ထုတ်သုံးရ၏။

“တစ်နေ့မှာ လခြမ်းဓားကွက်ကို ဖန်တီးခဲ့တဲ့ ဆရာကြီးနဲ့ တွေ့ဆုံမိဖို့ မျှော်လင့်မိတယ်” ကျွင်းချောင်ရှောင်းပြောလိုက်သည်။

“ထားလိုက်တော့”

စနစ်မှပြောလိုက်၏။ “လက်ခံသူရဲ့ လက်ရှိသိုင်းကျင့်ကြံခြင်းအဆင့်အရ သိုင်းအင်ပါယာတစ်ယောက်ကို တွေ့ဖို့ တစ်နေကုန် အမွှေးတိုင်ထွန်းပြီး ထိုင်ဆုတောင်းနေရင်တောင် မဖြစ်နိုင်ဘူး၊ ဒီတော့ အလွန်တရာဆန်းကြယ်လှတဲ့ တည်ရှိသူ ကြီးတစ်ယောက်ကို တွေ့ဆုံဖို့အတွက်ဆို မျှော်လင့်မနေနဲ့တော့”

“မင်းက ငါ့ကိုထပ်ပြီးတော့ တိုက်ခိုက်ပြန်ပြီလား”

“တောင်းပန်ပါတယ်၊ အကျင့်ဖြစ်နေလို့”

“တော်စမ်း”

……..

ကျွင်းချောင်ရှောင်းသည် သိုင်းနည်းစနစ်များကို ပိုမို၍ နားလည်လာသည်။ ထို့ပြင် တပည့်များသည်လည်း ထိုနည်း လည်းကောင်းပင်။

အထူးသဖြင့် လီချင်းယန်နှင့် ရှောင်ကျီတို့ပင်ဖြစ်သည်။ သူတို့၏ အလွန်တရာမြင့်မားလှသော ပင်ကိုယ်စွမ်းရည်အမြစ်များကြောင့် သူတို့သည် ကျွမ်းကျွမ်းကျင်ကျင် ထုတ်ဖော် အသုံးပြုနိုင်နေပြီဖြစ်သည်။ စွမ်းအားအရာမှာတော့ သူတို့၏ နားလည်မှု နှင့် စိတ်ဝိညာဉ်စွမ်းအင်ပေါ်တွင် မူတည်လျက်ရှိသည်။

လီချင်းယန်သည် သူ၏တပည့်များအားလုံးထဲတွင် အတော်ဆုံးဖြစ်သည်မှာ သံသယဖြစ်စရာပင်မဟုတ်ချေ။ သက်တန့်ရောင်စဉ်သိုင်းကွက်၏ နားလည်မှု နှင့်ပတ်သက်လျှင် သူသည် ဂိုဏ်းချုပ်ကျွင်းထက်တောင် ပို၍ အားကောင်းနေသေး၏။

သိုင်းအင်ပါယာဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်ခဲ့ဖူးသူ သူသည် ပေါ့သေးသေးမဟုတ်ချေ။ သို့ပေမဲ့ သူသည် မီးဓာတ်သဘာဝမရှိချေ။ ထို့ကြောင့် ကောင်းကင်နီဓားကွက်ကို ထုတ်ဖော်ရာတွင် ကျွင်းချောင်ရှောင်းထက် အလွန်တရာ အားနည်းနေ၏။

…….

ဝှစ် … ဝှစ်

ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ အကြီးအကဲဝေ ခန့်မှန်းထားသည့်အတိုင်းပဲ မိုင်ပေါင်း ၅၀ လောက် ဖုံးလွှမ်းထားသော သီးခြားအစီအရင်၏ အထဲမှာတော့ ရောင်စဉ်အလင်းတန်းများလည်း ဖြစ်တည်လာခဲ့သည်။ ရောင်စဉ်အလင်းတန်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်လျက်ရှိပြီး ကုန်းမြေကြီးတစ်ခုလုံးတွင် အလွန်တရာ လှပသည့် မြင်ကွင်းမျိုးဖြစ်တည်လာ၏။

“ဂိုဏ်းချုပ်”

အကြီးအကဲဝေပြောလိုက်သည်။“စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ကောင်းမွန်မှုက ဒီနေ့ဖြစ်ပြီ”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည်လည်း တောက်ပသွား၏။ အစီအရင် ထဲတွင်ရှိနေသော ကျန့်ရာသည် မျှော်လင့်တကြီးနှင့် ပြောလိုက်သည်။ “ငါ့တစ်သက်မှာ စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်မှု ကို မျက်ဝါးထင်ထင် တွေ့ရလိမ့်မယ်လို့ ထင်ကို မထင်မိဘူး”

သေခြင်းရှင်ခြင်းစင်မြင့်၏ တိုက်ခိုက်ပွဲပြီးသည့်နောက်မှာ သူသည် စမ်းသပ်မှု မျှော်စင်ထဲသို့ဝင်၍ ဆက်လက် လေ့ကျင့်နေခဲ့သည်။ ပြောရမည်ဆိုလျှင် ထိုမျှော်စင်ထဲတွင် အိပ်ယာယူ၍ အိပ်သည်ဟုပင် ဆိုရတော့မည်။ တစ်နေကုန် မျှော်စင်ထဲနေခြင်းဖြစ်သည်။

ဝှစ် …… ဝှစ်

ရောင်စဉ်တန်းများအားလုံးသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ သီးခြားအစီအရင်၏ တစ်ဝက်လောက်ကို ဖုံးလွှမ်းနေပြီဖြစ်၏။ သူသည် ကံကောင်းစွာဖြင့် အကြီးအကဲဝေ၏ စကားကိုလိုက်နာစွာဖြင့် အစီအရင်ကို ချဲ့ထွင်ခဲ့သည်။ မဟုတ်ပါက ဤမျှများပြားသော အလင်းတန်းသည် တစ်ဖက်လူများ၏ အာရုံကို ဆွဲဆောင်မိမှာ သေချာ၏။

ခလွပ် ခလွပ် ခလွပ်

ရုတ်တရက်ဆိုသလိုပဲ ကွဲအက်သံများ ဖြစ်တည်လာ၏။ အစီအရင်၏ အလယ်တည်နေရာမှာတော့ စိတ်ဝိညာဉ် စွမ်းအင်များ ပြန်လည်ကောင်းမွန်လာဖို့ အရိပ်လက္ခဏာများ ပထမဦးဆုံး ပေါ်လာတော့သည်။

မြေပြင်သည် မြန်မြန်ဆန်ဆန်ဖြင့် အက်ကွဲလာပြီး ပင့်ကူမျှင်များကဲ့သို့ တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားသည်။ ကောင်းကင်ပေါ်မှ ကြည့်လိုက်မည်ဆိုလျှင် ထိုအက်ကွဲကြောင်းသည် တားဆီးထားသော အစီအရင်တစ်ခု၏ ပုံစံမျိုးနှင့်ပင် ဆင်တူနေတော့သည်။

“စိတ်ဝိညာဉ်စွမ်းအင်ပြန်လည်ကောင်းမွန်ခြင်း အစီအရင်တစ်မျိုးပဲ”

အကြီးအကဲဝေ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဒါတကယ့်ကို စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာတာပဲ”

ဝှစ် ဝှစ်

ပြောပြီးသည့်နောက်မှာတော့ သက်တန့်ရောင်အလင်းတန်းများသည် မြေကြီးထဲရှိ အက်ကွဲကြောင်းများဆီမှ ဖြာထွက်လာတော့သည်။

“ဂိုဏ်းချုပ်”

အကြီးအကဲဝေ ပြောလိုက်သည်။

“မြန်မြန်၊ အစီအရင်ရဲ့ အမြင့်ကို မြှင့်ရအောင်”

ကျွင်းချောင်ရှောင်းသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း အစောကြီးထဲက အာရုံခံမိပြီးဖြစ်၏။ သူသည် သီးခြား ဖြစ်တည်ခြင်းအစီအရင်နှင့် ဆက်သွယ်လိုက်၏။ ပြီးနောက် သီးခြားဖြစ်တည်ခြင်းအစီအရင်၏ တည်နေရာကို ပိုမို မြှင့်တင်ရန် ကြိုးစားလိုက်သည်။

“ဘယ်လောက်အမြင့်ထိ မြှင့်ရမှာလဲ”

“ပေတစ်သောင်းကျော်”

“ချီးတဲ့မှပဲ”

ကျွင်းချောင်ရှောင်းသည် အကောင်းဆုံးကြိုးစား၍ သီးခြားဖြစ်တည်ခြင်းအစီအရင်ကို ပြုလုပ်လိုက်သည်။ သူ၏ နဖူးထက်ဆီမှ ပဲသီးစေ့အရွယ် ချွေးသီးများ ပြုတ်ကျလာတော့သည်။

“ဘာလို့အလင်းတန်းတွေက ကောင်းကင်ပေါ်ကို တည့်တည့်ကြီးထိုးတက်နေရတာလဲ”

အောက်မှကြည့်ရှုမည်ဆိုပါက ထိုအလင်းတန်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ ကြီးမားသည့် စက်ဝိုင်းပုံစံ တစ်ခုအဖြစ်သို့ ဖြစ်တည်လျက်ရှိသည်။ ဤအရာသည် စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ကောင်းမွန်လာခြင်း အစီအရင်ပဲဖြစ်သည်။

သို့ပေမဲ့ အစီအရင်သည် ဖန်တီးထားခြင်းမဟုတ်ပေ၊ ကောင်းကင်နှင့်မြေကြီး သဘာဝမှ ဖြစ်တည်လာခြင်းပင် ဖြစ်တော့သည်။ ထိုအရာ၏ တာဝန်မှာတစ်ခုတည်းဖြစ်သည်။ မြေကြီးထဲတွင်ရှိနေသော ဆန်းကြယ်လှ‌သော စိတ်ဝိညာဉ်စွမ်းအင်များကို နိုးထလာစေရန် ဖြစ်သည်။

အကြီးအကဲဝေက ပြောလိုက်၏။ “စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ကောင်းမွန်ခြင်းအစီအရင်က အချိန်အတော်ကြာ ခံလိုက်မယ်၊ ဂိုဏ်းချုပ် ဒီအတော အတွင်း သီးခြားဖြစ်တည်ခြင်းအစီအရင်ကို ခိုင်မာအောင်လုပ်လိုက်၊ ဒါမှ ပတ်ဝန်းကျင်ပြောင်းလဲမှု အခြေအနေတွေ မပေါ်သွားမှာ၊ တခြားလူတွေ မသိတော့မှာ”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဒါက ဘယ်လောက်လောက် ခံလဲ”

“အနည်းဆုံး ခုနှစ်ရက်လောက်ထိခံတယ်”

“အာ”

ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွား၏။ ခုနှစ်ရက်လောက်ကြာမြင့်မည်ဆိုလျှင် သူ့အနေနှင့် အစီအရင်ကို ထိန်းသိမ်းထားရင်း မောပန်း၍ သေဆုံး သွားနိုင်သည်။

All Chapters