အခန်း (၄၀၉)
Vol. 28 Ch. 409
“ကောင်းကင်ဘုံက ယောက်ျားတစ်ယောက်ကို တာဝန်ဆိုတဲ့အရာ ပေးလိုက်မယ်ဆိုရင် ခက်ခဲကြမ်းတမ်းမှုတွေကို အရင်ဆုံး ဖြတ်ကျော်ရမှာပဲ၊ ဒါမှ …. ”
စနစ်၏ စကားသံသည် သူ၏နားထဲတွင် ပဲ့တင်ထပ်လျက်ရှိ၏။ ကျွင်းချောင်ရှောင်းသည် စိတ်မရှည်သလို အော်လိုက်၏။ “ပါးစပ်ပိတ်ထား”
စနစ်ကပြောလိုက်သည်။
“အစီအရင်ကို အကြာကြီးထိန်းသိမ်းထားရတယ်ဆိုတာက အရမ်းပင်ပန်းလွန်းအားကြီးတယ်၊ ဒါပေမဲ့ လက်ခံသူရဲ့ ဝိညာဉ်အားအင်တွေကို ပိုပြီးအားကောင်းစေနိုင်လိမ့်မယ်”
ဤစကားကမှ ပိုမို၍ နှစ်သက်ဖွယ်ရာကောင်းမွန်သေး၏။
“ဂိုဏ်းချုပ်”
လျှိုဝမ်ရှစ်ပြောလိုက်သည်။ “ပါးစပ်ကိုဟ”
“အာ”
ဂိုဏ်းချုပ်ကျွင်းသည် ပါးစပ်ကိုဟလိုက်၏။ လျှိုဝမ်ရှစ်သည် ခုံပုလေးတစ်ခုပေါ်သို့ လှမ်းတက်၍ သူမ၏ တူကို မြှောက်ကာ အစားအစာများအား ဂိုဏ်းချုပ်၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
အလွန်အရသာရှိ၏။ အလွန်တရာမွှေးပျံ့လွန်း၏။
ကျွင်းချောင်ရှောင်းသည် ချီးကျူးလိုက်၏။ “တုတု … မင်းရဲ့ ချက်ပြုတ်ခြင်းစွမ်းရည်က တော်တော်ကြီး တိုးတက်လာတာပဲ။ စားဖိုမှုးနတ်ဘုရားပြိုင်ပွဲကို သွားပြီးပြိုင်မယ်ဆိုရင် ကျိန်းသေပေါက်ဆုတံဆိပ်ရမှာပဲ”
လျှိုဝမ်ရှစ်သည် အံ့အားသင့်စွာပြောလိုက်၏။ “ဂိုဏ်းချုပ်လည်း စားဖိုမှုးနတ်ဘုရားပြိုင်ပွဲအကြောင်းကို ကြားဖူးတယ်လား”
ဤကဲ့သို့ပြိုင်ပွဲမျိုး တကယ်ရှိနေသည်လား။
“အမ်”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ငါကြားဖူးတာပေါ့”
လျှိုဝမ်ရှစ်၏ မျက်လုံးသွားသည် လင်းလက်သွား၏။ ပြီးနောက်ပြောလိုက်သည်။ “အဲတာက ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ တကယ့်စားဖိုမှုးတွေရဲ့ ထိပ်သီးပြိုင်ပွဲတစ်ခုပဲလေ၊ အစစ်အမှန် ကျွမ်းကျင်သူတွေကမှ ဝင်ပြိုင်ဖို့အတွက် လုံလောက်တဲ့ အရည်အချင်းရှိကြတယ်၊ ဆိုးတာက တစ်ခါတစ်ခါ ကျင်းပဖို့ အချိန်အတော်ကြာတာပဲ”
“ဘာပဲဖြစ်ဖြစ် မင်းအနေနဲ့ အရှေ့တောင်ရန်ကျူး ရဲ့ စားဖိုမှူးပြိုင်ပွဲမှာ အနိုင်ရ ရမယ်၊ ပြီးတော့ ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲဝင်ပြီး ချက်ပြုတ်ခြင်းနတ်ဘုရားပြိုင်ပွဲအတွက် ဝင်ခွင့်လက်မှတ်ကို ရအောင် ကြိုးစား သင့်တယ်”
“ဂိုဏ်းချုပ်”
လျှိုဝမ်ရှစ်သည် သူမ၏ ဦးခေါင်းကိုမော့ကာ ကောင်းကင်ပေါ်သို့ ကြည့်လိုက်၏။ သူမ မျက်လုံးထဲတွင် အဆုံးအစ မဲ့လှသော တောင်းတမျှော်မှန်းခြင်းတွေ ပြည့်နှက်လျက်ရှိသည်။ “စားဖိုမှုးနတ်ဘုရားပြိုင်ပွဲကို ပြိုင်ဆိုင်ဖို့ဆိုတာ တုတု ငယ်ငယ်ထဲက မက်ခဲ့ရတဲ့ အိမ်မက်တစ်ခုပါ”
“ဒါဆိုရင်”
ကျွင်းချောင်ရှောင်းသည် အားဖျော့စွာ ပြောလိုက်သည်။ “လောလောဆယ် မင်းလက်ထဲကတူကို ခဏအရင်ဖယ်ပေးပါလား”
လျှိုဝမ်ရှစ်သည် လှည့်ကြည့်လိုက်ချိန်မှာတော့ သူမ၏ လက်ထဲတွင် ကိုင်ထားသော တူနှစ်ချောင်းမှာ ဂိုဏ်းချုပ်၏ နှာခေါင်းပေါက်ထဲသို့ ဝင်နေကြောင်း သတိပြုမိလိုက်၏။
“အား”
သူမသည် ထိတ်လန့်တကြားဖြင့် ထအော်လိုက်၏။ “ဂိုဏ်းချုပ်၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်”
ပြောရမည်ဆိုလျှင် အဘယ်ကြောင့် လျှိုဝမ်ရှစ်သည် ကျွင်းချောင်ရှောင်းအား ခွံ့ကျွေးနေရသနည်း။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း၏ လက်များသည် သီးခြားဖြစ်တည်ခြင်း အစီအရင်ပေါ်တွင် ရှိနေသောကြောင့်ဖြစ်သည်။ သူသည် တစ်နေကုန်လုံး အမြင့်ပေ တစ်သောင်း ထိရောက်အောင် သီးခြားအစီအရင်အား အသက်သွင်းနေရသည်မို့ ဤနေရာမှာပင် စားလိုက်၊ သောက်လိုက်၊ ပေါက်လိုက် လုပ်နေရသည်။
နှာခေါင်းထဲတွင်ဝင်နေသော ထမင်းလုံးများအား တရွီးရွီးနှင့် မှုတ်ထုတ်လိုက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “အရှေ့တောင်ရန်ကျူးရဲ့ စားဖိုမှူးပြိုင်ပွဲက စပြီလား”
“နှစ်ဝက်လောက်တော့ လိုသေးတယ်” လျှိုဝမ်ရှစ်ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “အဲနေ့ရောက်လာရင် မင်းကိုခေါ်သွားမယ်၊ ပြီးတော့ ကျိန်းသေပေါက် ဝင်ပြိုင်ကို ပြိုင်ရမယ်”
ဤမိန်းကလေးသည် နေ့စဉ်နေ့တိုင်း သူနှင့် သူ့တပည့်များကို ချက်ပြုတ်ပေးနေလေ၏။ ထို့ကြောင့် သူမ၏ အိမ်မက်ကို ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ကျိန်းသေပေါက် ကူညီပေးရမည်။ သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်မည်ဆိုလျှင် အိမ်မက်များကို အတူတကွဖန်တီးမည်ဟူသော ဆောင်ပုဒ် ရှိနေသည်မဟုတ်လော။ မြို့ထဲတွင် သူကြေညာခဲ့သော ကြေညာချက်သည် အလကားမဟုတ်ပေ။
“တကယ်လား” လျှိုဝမ်ရှစ်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းပြောလိုက်၏ “တကယ်ပေါ့”
လျှိုဝမ်ရှစ်သည် အလွန်တရာ ပျော်ရွှင်မိသွား၏။ ပြီးနောက် စိတ်လည်း စိတ်လှုပ်ရှားနေမိသည်။ သူမ ခံစားချက် တစ်ခုလုံး ကို မထိန်းချုပ်နိုင်တော့ဟန်ဖြင့် ပြေး၍ ခုန်တက်ရန် ပြင်လိုက်တော့သည်။
“ရပ်”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ငါအစီအရင်ကို ထိန်းချုပ်နေတာ”
လျှိုဝမ်ရှစ်သည် ရပ်၍ တောက်ပစွာ ပြုံးလိုက်သည်။
“ဂိုဏ်းချုပ်ကို ကျွန်မ စိတ်မပျက်စေရဘူး၊ စားဖိုမှုး နတ်ဘုရားပြိုင်ပွဲကို ဝင်ဖို့ လက်မှတ် ရကို ရရမယ်”
“လက်မှတ်ရရုံလောက်နဲ့ မလုံလောက်ဘူး”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “မင်းက သံမဏိအရိုးဂိုဏ်းရဲ့ တပည့်ပဲ၊ ဒီတော့ စားဖိုမှူးပြိုင်ပွဲကို ဝင်ပြိုင်မယ်ဆိုရင် ပထမနေရာကို ရမှဖြစ်မယ်”
“ကောင်းပါပြီ”
လျှိုဝမ်ရှစ်သည် ခိုင်မာစွာပြောလိုက်၏။ “ပထမနေရာကို ရအောင်ယူမယ်”
ကျွင်းချောင်ရှောင်းသည် ပြုံးရွှင်စွာပြောလိုက်၏။ “ဒါဆို ငါတို့နှစ်ယောက်ကြားမှာ သဘောတူညီချက်ဖြစ်ပြီ၊ မင်းက ဒီနေ့ကစပြီး ချက်ပြုတ်ခြင်းစွမ်းရည်တွေ တိုးတက်အောင် အလုပ်ကို ကြိုးစားတော့”
သူ၏လက်များသည်က သီးခြားဖြစ်တည်ခြင်းအစီအရင်ကြီး၏အပေါ်တွင် တည်ရှိနေသည်မဟုတ်လျှင် သူမ၏ ဦးခေါင်းကို အသာပုတ်ပေးမိနေလိမ့်မည်။
“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဒီနေရာပဲ၊”
“အိုက်ယား၊ ကောင်းလိုက်တာ၊ မဟုတ်ဘူး၊ မဟုတ်ဘူး အားပျော့လွန်းတယ်ကွာ၊”
“ချီးတဲ့မှ မင်းတို့ကောင်တွေ အရမ်းသန်တာပဲ၊ ငါ့ကိုဖျစ်ပြီး သတ်နေတာလား”
သီးခြားဖြစ်တည်ခြင်း အစီအရင်ထဲမှာတော့ ကျွင်းချောင်ရှောင်း၏ လက်များသည် အတားအဆီးအစီအရင်ပေါ်တွင် ရှိနေပြီး စုရှောင်မို၊ လီဖေး နှင့် ထျန်းချီ တို့မှာတော့ ဂိုဏ်းချုပ်၏ နောက်ကျောဘက်မှနေ၍ ပခုံးနှင့် နောက်ကျောများကို နှိပ်နယ်ပေးလျက်ရှိသည်။
“အင်း”
တပည့်များရှိသည်က ဤအရာမှာတော့ ကောင်းမွန်သည်ဟု ဆိုရပေမည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ပထမ ခဏသာ ခံနိုင်ခဲ့၏။
လေးရက်မြောက်နေ့သို့ ရောက်ရှိချိန်မှာတော့ သူ့ရဲ့မျက်လုံးတဝိုက်တွင် အမဲရောင် အကွင်းကြီးဖြစ်နေပြီဖြစ်ပြီး မတ်တပ်ရပ်ဖို့ မနည်းပင် ကြိုးစားနေရ၏။ သူသည် တစ်ချိန်လုံး မတ်တပ်ရပ်နေရ၏။ တစ်ချက်ကလေးမှပင် လှုပ်လှုပ်ရှားရှား မလုပ်ရချေ။ ဤအရာမှာ ကျိန်းသေပေါက် နှိပ်စက်ခံနေရခြင်းပင် ဆင်တူ၏။
ငါးရက်မြောက် နေ့မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်ခွံများသည် ကျဆင်းနေပြီး အလွန်တရာအိပ်ချင်နေသည့် ဟန်ပန်မျိုး ဖြစ်ပေါ်နေသည်။ သူ၏ဆံပင်များသည်လည်း ပွစာကျဲလျက်ရှိပြီး ပုံပန်းသွင်ပြင်မှာလည်း တော်တော်ကြည့်ရဆိုးသည့် အခြေအနေ ဖြစ်နေပြီဖြစ်သည်။
ခြောက်ရက်မြောက်နေ့မှာတော့ ကျွင်းချောင်ရှောင်းသည် အရင်က ကျွင်းချောင်ရှောင်း လုံးဝ မဟုတ်တော့ပေ။ အသက်မဲ့သည့် သစ်သားရုပ်ထုကြီးတစ်ခုနှင့်ပင် ဆင်တူနေ၏။ သူသည် တီးတိုးရေရွတ်နေ၏။ “တစ်ရက်ပဲကျန်တော့တယ်၊ တစ်ရက်ပဲ”
ကောင်းကင်မှပေးအပ်သောတာဝန်ကို ထမ်းဆောင်ရသည်မှာ တကယ့်ကို ပင်ပန်းလွန်းလှ၏။ စိတ်နှလုံးတင် မဟုတ်၊ ကြွက်သားများ၊ အရိုးများပင် ခန္ဓာကိုယ်တစ်ခုလုံး ဟင်းလင်ပြင်ဖြစ်သည်အထိ ခက်ခက်ခဲခဲ သူ ကြိုးစားနေရ၏။
အစီအရင်ထဲတွင် သစ်သားရုပ်ထုတစ်ခုကဲ့သို့ မတ်မတ်ရပ်နေသော ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ပြိုလဲသွားတော့မည့် အတွေ့အကြုံကို ခံစားနေရသည်။ ဒီအတောအတွင်း သူ၏ ထောက်ပံ့ပေးမှုအောက်တွင်တော့ စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ကောင်းမွန်ခြင်းအစီအရင်သည် သတ်မှတ်ထားသော အတိုင်းအတာထိ မြင့်တက်နေပြီး ပြင်ပလူများ သတိမပြုမိနိုင်ခဲ့ချေ။
ကျွင်းချောင်ရှောင်းသည်သာ ဤကဲ့သို့ ဖုံးအုပ်မထားဘူးဆိုပါက ရောင်စဉ်အလင်းတန်းများအားလုံးသည် ကောင်းကင်ပေါ်တွင်ပေါ်လာပြီး ချင်းယန်တစ်မြို့လုံးက တွေ့ရှိသွားပေတော့မည်။
ခုနှစ်ရက်မြောက်ရောက်ချိန် မှာတော့ ကျွင်းချောင်ရှောင်းသည် အလွန်တရာ နာကျင်လှသော ခံစားချက်များကို အောင့်အီးကြိတ်ခံနေရသည်။
လေထုထဲမှာတော့ စက်ဝိုင်းပုံသဏ္ဍာန် ပုံရိပ်ယောင်များသည် အချင်းချင်းချိတ်ဆက်၍ လှည့်ပတ်လျက်ရှိနေ၏။
ဝှစ် ဝှစ်
အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ မြေပြင်အက်ကွဲကြောင်းဆီမှာ အလွန်တရာသန့်စင်လှသော စွမ်းအင်များ ဖြစ်တည်လာပြီး သီးခြားဖြစ်တည်ခြင်းအစီအရင်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားတော့သည်။
တစ်ချိန်တည်းမှာပဲ ကောင်းကင်ပေါ်တွင်ရှိသော သက်တန့်ရောင်အလင်းတန်းများ အားလုံးသည် မှေးမှိန်သွားပြီး မည်သည့် အချိန်ကမှမရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားတော့သည်။
အကြီးအကဲဝေပြောလိုက်၏။ “စိတ်ဝိညာဉ်စွမ်းအင်ပြန်လည်ကောင်းမွန်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်ပြောင်းလဲမှုတွေက ပြီးဆုံး သွားပြီ၊ ဂိုဏ်းချုပ် ဒါကို ထပ်ပြီး ထောက်ပံ့ပေးထားစရာမလိုဘူး”
ဘုန်း ….။
သူပြောပြောပြီးခြင်းမှာပဲ ဂိုဏ်းချုပ်ကျွင်းသည် မြေပြင်ပေါ်သို့ ရွံ့ရုပ်တစ်ခုကဲ့သို့ ပြုတ်ကျသွားတော့သည်။ သူသည် ဤနေရာတွင် ခုနှစ်ရက်တိတိ တစ်ချက်ကလေးမျှ မလုပ်ဘဲ ရပ်တန့်နေရ၏။ တစ်ရေးလေးမှတောင် မအိပ်ခဲ့ရချေ။ သူသည်သာ ကျင့်ကြံခြင်းနည်းစနစ်များ ကျင့်ကြံထားသူမဟုတ်ပါက သေဆုံးသွားသည်မှာ ကြာလှပေပြီ။
ဝှစ်
သီးခြားဖြစ်တည်ခြင်းအစီအရင်၏ ထောက်ပံ့မှုမရှိတော့တာဖြစ်တာကြောင့် အလွန်တရာချဲ့ထွင်၍ မြင့်မားလှသော သီးခြားဖြစ်တည်ခြင်းအစီအရင်သည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ပြန်လည်၍ကျုံ့ဝင်ကာ သာမန်အကွာအဝေး တစ်ခုအတွင်းသို့ ပြန်လည်ဖြစ်တည်သွားတော့သည်။
ကောင်းကင်နှင့်မြေကြီးကြားမှာ ပုံမှန်မဟုတ်သော ပတ်ဝန်းကျင်ပြောင်းလဲမှုများ ပြီးဆုံးသွားပြီးသည့် နောက်မှာတော့ အလွန်တရာ အားကောင်းလှသော စွမ်းအင်လှိုင်းများသည် အက်ကွဲကြောင်းများထဲမှ ထွက်ပေါ်နေသည်။
“စိတ်ဝိညာဉ်စွမ်းအင်တွေက အရမ်းသန့်စင်လွန်းတယ်” ကျွင်းချောင်ရှောင်း ထအော်လိုက်သည်။
အကြီးအကဲဝေသည် ပြုံးကာပြောလိုက်သည်။ “ဒါကအစပဲရှိသေးတယ်၊ ခဏလောက်ကြာပြီးရင် ဂိုဏ်းချုပ်ကျွင်း အံ့အားသင့်သွားလိမ့်မယ်”
“အဲလိုလည်း ရှိသေးတာလား”
ကျွင်းချောင်ရှောင်း စောင့်နေလိုက်၏။
အကြီးအကဲဝေပြောလိုက်သည်။ “ဂိုဏ်းချုပ် ….. သီးခြားဖြစ်တည်ခြင်းအစီအရင်ကို ဖယ်ရှားလိုက်၊ ဒါဆိုရင် ပြန်လည်ကောင်းမွန်လာတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေက သံမဏိအရိုးတောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မယ်”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် သီးခြားဖြစ်တည်ခြင်း အစီအရင်များအား တစ်ခုပြီးတစ်ခု ဖယ်ရှားလိုက်သည်။ ပြီးနောက် အကြီးအကဲဝေပြောခဲ့သလို ဖြစ်တည်သွားတော့သည်။ သုံးရက်လောက်ကြာပြီးသည့်နောက်မှာတော့ သံမဏိ အရိုးတောင်တစ်ခုလုံးသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် အဆုံးမဲ့ဖြစ်တည်လျက်ရှိနေသည်။
စိတ်ဝိညာဉ်စွမ်းအင် များ၏ သန့်စင်မှုသည် အရင်တုန်းကထက် ဆယ်ဆ ပိုမိုအားကောင်းလာသည်။ ဆိုလိုသည်မှာ သံမဏိအရိုးဂိုဏ်းတပည့်များအနေနှင့် စိတ်ဝိညာဉ်စွမ်းအင်အစီအရင်ထဲသို့ ဝင်ရောက်စရာမလိုဘဲ ပြင်ပမှာ နေထိုင်ရင်းကပင် စိတ်ဝိညာဉ်စွမ်းအင်များကို ဆယ်ဆပိုမို၍ စုပ်ယူနိုင်စွမ်းရှိနေပြီဖြစ်၏။
ဤအရာသည် အဆုံးမဲ့မဟုတ်သေးချေ။ စိတ်ဝိညာဉ်စွမ်းအင်များသည် အရှိန်အဟုန်ကောင်းကောင်းနှင့် ထွက်ပေါ် နေသေး၏။ ဆယ်ရက်ခန့်ကြာပြီးသည့်နောက်မှာတော့ အလွန်တရာအားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင် များသည် သံမဏိအရိုးတောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
စိတ်ဝိညာဉ်စွမ်းအင်များ၏ သန့်စင်မှုနှုန်းမှာလည်း ၂၀ ဆ ဆီသို့ တိုးတက်သွားပြီး စိတ်ဝိညာဉ်စွမ်းအင်တွေကို တစ်နေ့တာ စုပ်ယူမှုနှုန်းက အရင်တုန်းက ရက် ၂၀ စုပ်ယူမှုနှုန်းနှင့် တူညီနေ၏။
“ဒါတကယ့်ကို အံ့အားသင့်စရာပဲ” ကျွင်းချောင်ရှောင်း စိတ်လှုပ်ရှားစွာ ပြောလိုက်တော့၏။
သူနှင့် သူ့တပည့်များအားလုံးသည် ကျင့်ကြံခြင်းနည်းစနစ် ကောင်းကောင်းရှိကြ၏။ စိတ်ဝိညာဉ်စွမ်းအင်အမြစ်များသည်လည်း ပိုမိုကောင်းမွန်လာပြီး များပြားလှသည့် သိုင်းပညာနှင့် ပတ်သက်သော အရင်းအမြစ်အားလုံးသည်လည်း တည်ရှိနေ၏။ သူတို့မှသာ အားမကောင်းလာလျှင် မည်သို့သောသူမျှ အားကောင်းလာမည်နည်း။
ယခုအချိန်တွင်လည်း စိတ်ဝိညာဉ် ၂၀ ဆ ပိုမိုအားကောင်းသော တည်နေရာတွင် တည်ရှိနေကြသည်။ ထို့ကြောင့် ၎င်းတို့၏ အဆင့် ချိုးဖြတ်မှုနှုန်းသည် အလွန်မြန်ဆန်စွာဖြင့် ဖြစ်တည်လျက်ရှိသည်။
ဤမျှသန့်စင်သော စိတ်ဝိညာဉ်စွမ်းအင်များ၏အောက်တွင် သူနှင့် သူ့တပည့်များသည် မြန်မြန်ဆန်ဆန်ပင် ကျင့်ကြံခြင်းအဆင့်များ တိုးတက်လာနေသည်။ ကျွင်းချောင်ရှောင်းသည် အစောကြီးထဲက ခန့်မှန်းမိပြီးသား ဖြစ်သည်။
သူတို့အားလုံးသည် လောကကြီး၏ ထိပ်ဆုံးသို့ရောက်ရှိပြီး အလွန်တရာ လှပသော မိန်းကလေးတွေနှင့် လက်ထပ်နိုင်သော အခွင့်အရေးကို ရရှိတော့မည်။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် လာရောက်၍ သတင်းပို့သည်။ “စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ကြောင့် တော်တော်ကြီးတိုးတက်သွားခဲ့တယ်၊ အရင်ကထက် အဆသုံးဆယ် လောက် ပိုပြီးတော့တိုးလာတယ်လို့ ခန့်မှန်းရမယ်”
“အဲလိုဖြစ်သွားတာလား”
ကျွင်းချောင်ရှောင်းသည် အလွန်ပျော်သွားမိ၏။ သူစိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲသို့ ဝင်ရောက်သွားချိန် မှာတော့ အထဲတွင်ရှိသော ဓာတ်သဘာဝများသည် အပြင်ကမ္ဘာထက် အဆ ၂၀ ပိုမိုအားကောင်းကြောင်း သိရှိလိုက်ရသည်။ စိတ်ထဲတွင် ပြောလိုက်သည်။ စဦးစိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်က သံမဏိအရိုးတောင်ရဲ့ ဓာတ်သဘာဝတွေကို စုပ်ယူပြီး ပိုမို အားကောင်း သွားခဲ့တာလား၊ အခုအပြင်ဘက်မှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက ပိုပြီးအားကောင်းလာပြီဆိုတော့ သူကလည်း လိုက်ပြီးတော့ အားကောင်းသွားတာ ထူးဆန်းစရာတော့ မဟုတ်ဘူး။
“ဟား ဟား ဟား ဟား”
ကျွင်းချောင်ရှောင်းသည် သူ၏လက်အား ပေါင်သို့ပုတ်၍ အကျယ်ကြီး အော်ရယ်လိုက်သည်။ “စိတ်ဝိညာဉ်စွမ်းအင်တွေ ၃၀ ဆ ပိုပြီးအားကောင်းတာ တစ်ရက်တာ လေ့ကျင့်မှုက ရက် ၃၀ လေ့ကျင့်မှုနဲ့ တူနေပြီပေါ့၊ တကယ့်ကို အရမ်းကောင်းတာပဲ”
“ဟုတ်တယ်၊ ဒါကအရမ်းကောင်းတာပဲ”
စနစ်မှပြောလိုက်၏။ “ဒါပေမဲ့ ဒီသတင်းသာ ပေါက်ကြားသွားမယ်ဆိုရင်တော့ ဂိုဏ်းအတွက် ကပ်ဘေးကြီးတစ်ခု ကျိန်းသေပေါက် ဖြစ်လာလိမ့်မယ်”
ကျွင်းချောင်ရှောင်းပျော်နေရသည်ကို မြင်ရသည်နှင့် သူ့တွင် ရင်နာအောင် တိုက်ခိုက်ရမည့် တာဝန်ရှိသည် မဟုတ်လား၊ စနစ်သည် ဤကဲ့သို့ ကိစ္စမျိုးတွင်တော့ တာဝန်ကျေလွန်းလှ၏။