အခန်း (၄၁၀)
Vol. 28 Ch. 410
စနစ်သည် သူ့အား ရင်နင့်အောင်ပြောဆိုခဲ့သည်ဆိုသော်လည်း အကြောင်းအရာမရှိဘဲ ပြောဆိုခဲ့သည်တော့ မဟုတ်ပေ။ ကောင်းကင်နှင့် မြေကြီးဆီမှ ဓာတ်သဘာဝများကို အဆ နှစ်ဆယ် အားကောင်းအောင် စုစည်းနိုင်သော သံမဏိအရိုးဂိုဏ်းဆိုသည့် သတင်းသည်သာ အပြင်ဘက်သို့ ပေါက်ကြားသွားမည်ဆိုပါက များပြားလှသော ဂိုဏ်းဌာနများအားလုံး၏ အာရုံစူးစိုက်မှုသည် ရောက်ရှိလာမှာ သေချာ၏။
ထို့ကြောင့် ဤအရာအား ဆက်လက်ဖုံးကွယ်ထားနိုင်စေရန် နည်းလမ်းတစ်ခုကို ရှာဖွေရပေလိမ့်မည်။
“ငါက လုံလောက်တဲ့ အားအင်အဆင့်တွေ မရှိသေးဘူး”
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာပြောလိုက်၏။ “မဟုတ်လို့ကတော့ ဘယ်သူသိသိ ဘာကိုမှ ကြောက်နေမှာမဟုတ်ဘူး”
သာမန်လူတစ်ယောက်သည် အပြစ်ကင်းစင်လှ၏။ သူ့တွင် ကျောက်စိမ်းလက်စွပ်တစ်ခုကို စွပ်ထားရင်တော့ မှုခင်း တစ်ခု ဖြစ်လာရန် မြူဆွယ်ခြင်းနှင့်ဆင်တူနေပေလိမ့်မည်။
သို့ပေမဲ့ တခြားသောသူများ လာရောက်၍ ရန်စခြင်းမပြုနိုင် လောက်အောင် တစ်စုံတစ်ယောက်၏ အားအင်အဆင့်သည် အလွန်တရာ အားကောင်းနေမည်ဆိုပါက မည်သူမှ လာ၍ မကောင်းသည့် အကြံဉာဏ်များ စဉ်းစားရဲမည် မဟုတ်ချေ။
စာကြည့်ခန်းထဲတွင် ထိုင်ရင်း ကျွင်းချောင်ရှောင်းသည် နည်းလမ်းတစ်ခုကို စတင်၍ စဉ်းစားနေမိ၏။
“ဟုတ်ပြီ”
သူသည် အတွေးတစ်ခုကို ရရှိလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “သတ်မှတ်ထားတဲ့ အတိုင်းအတာ အကွာအဝေးအတွင်းမှာပဲ စိတ်ဝိညာဉ်စွမ်းအင်တွေကို ထိန်းချုပ်ထားတာ မကောင်းဘူးလား”
သံမဏိအရိုးတောင်၏ လက်ရှိအခြေအနေအရဆိုလျှင် နေရာအနှံသို့ အဆင့်မြင့်စိတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့လျက် ရှိနေ၏။ အကွာအဝေး ကျယ်ဝန်းသောကြောင့် တခြားသူများ သိရှိသွားနိုင်မည့် နှုန်းထားသည်လည်း ပိုမို၍ များပြား၏။ သူတို့သည်သာ ကောင်းကောင်းထိန်းချုပ်၍ သင့်တော်သော တည်နေရာတွင် တည်ရှိနေအောင် စီမံ ထားနိုင်မည်ဆိုပါက တခြားသောသူများ သိရှိသွားမည့်အရာကို စိုးကြောက်နေစရာမလိုတော့ပေ။
ထို့ပြင် တောင်ကြီးတစ်ခုလုံးဆီသို့ စိတ်ဝိညာဉ်စွမ်းအင်များ ပျံနှံ့စေရန်လည်း မလိုအပ်ပေ။ သင့်တင့်သော နေရာတွင် ရှိနေပါက ကျင့်ကြံရန် အဆင်ပြေနေလောက်ပြီဖြစ်သည်။ ကျင့်ကြံသည့်နေရာ (သို့မဟုတ်) ဆေးဥယျာဉ် များတွင် အဓိကအားဖြင့် စိတ်ဝိညာဉ်စွမ်းအင်များ ရှိနေလျှင် လုံလောက်ပြီဖြစ်သည်။
“အကြီးအကဲဝေ” ကျွင်းချောင်ရှောင်း ပြောလိုက်၏။
“ဘယ်လိုထင်လဲ”
အကြီးအကဲဝေသည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။ “သံမဏိအရိုးတောင်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အရမ်းကို အားကောင်းတယ်၊ ဒီတော့ တခြားလူတွေ သိရှိ သွားဖို့ ပိုပြီး လွယ်ကူတယ်၊ ဂိုဏ်းချုပ်အနေနဲ့ သင့်တင့်တဲ့ တည်နေရာထဲမှာ ထားလိုက်တာက အကောင်းဆုံး အကြံအစည်ပဲ”
“ဒါဆိုရင် အဲလို လုပ်လိုက်မယ်”
ကျွင်းချောင်ရှောင်းသည် စတင်၍ အလုပ်များတော့သည်။ သူသည် စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်လွှင့်နေသော တည်နေရာတွင် သီးခြားဖြစ်တည်ခြင်း အစီအရင်တစ်ခုကို ပထမဦးဆုံး စတင်၍ တည်ဆောက်လိုက်တော့သည်။ ပြီးနောက် ထိုနေရာမှတဆင့် ဆေးဥယျာဉ်ဆီသွားရာလမ်းဆီသို့ အစီအရင်တစ်ခုလုံးနှင့် ချိတ်ဆက်လိုက်တော့သည်။
ပြီးနောက် သံမဏိအရိုးဂိုဏ်း၏ ကျင့်ကြံသည့် တည်နေရာများဆီသို့လည်း လမ်းလွှဲယူကာ စိတ်ဝိညာဉ်စွမ်းအင် များအား စုစည်းလိုက်တော့သည်။ အကန့်အသတ်မဲ့ စွမ်းအင်များသည် သင့်တော်သည့် တည်နေရာတွင် တည်ရှိ နေသည်ဖြစ်သောကြောင့် စိတ်ဝိညာဉ်စွမ်းအင်များသည် သုံးဆယ်ဆ ပိုမို၍ အားကောင်းလာတော့သည်။
ဆေးဥယျာဉ်သည်လည်း အဆင့်မြင့်စိတ်ဝိညာဉ်စွမ်းအင်များကို ရရှိခံစားနေရသောကြောင့် ဆေးပင်များ၏ အပင် ပေါက်မှုနှုန်းသည် ပိုမို၍ မြန်ဆန်လာတော့၏။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် ဟာရီကိန်းဝံပုလွေများ နေထိုင်ရာ တည်နေရာသို့လည်း စိတ်ဝိညာဉ်စွမ်းအင်များ ပို့လွှတ်ပေးသေး၏။ ထိုမှသာလျှင် ဟာရီကိန်းဝံပုလွေ များသည် စိတ်ဝိညာဉ်စွမ်းအင်များကို ရရှိခံစားပြီး မြန်မြန်ဆန်ဆန်ကြီးထွားကာ လုံလောက်သည့် အားအင်အဆင့် သို့ တိုးတက်ရောက်ရှိလာပေလိမ့်မည်။
နှစ်ရက်ခန့် အလုပ်များပြီးသည့်နောက်မှာတော့ အထူးတည်နေရာများမှလွဲ၍ သံမဏိအရိုးတောင်တစ်ခုလုံးသည် သာမန်နှင့်မခြား ပြန်လည်၍ ဖြစ်တည်သွားတော့သည်။ အခြားသော ကျွမ်းကျင်သူတစ်ယောက်ယောက် ဤနေရာ သို့ရောက်ရှိလာသည်ဆိုပါက စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာသည့် အရိပ်လက္ခဏာများကို တွေ့ရှိရလိမ့်မည် မဟုတ်ချေ။
“ပြီးပြီ”
အလုပ်ပြီးပြီးသည်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ထဲကို ဝင်ရောက်ပြီး နေ့တစ်ဝက်ခန့် ကျင့်ကြံလိုက်၏။ စိတ်ဝိညာဉ်စွမ်းအင်များ စုပ်ယူမှုအမြန်နှုန်းသည် အရင်ကနှင့်ယှဉ်လျှင် အလွန် ကောင်းမွန် လာသောကြောင့် သူသည် အလွန်တရာ ပျော်ရွှင်မိနေ၏။
စိတ်ဝိညာဉ်စွမ်းအင် သုံးဆယ်ဆ ပိုမိုကောင်းမွန်ခြင်း
ဤအရာသည် သူ၏ ကျင့်ကြံခြင်းအား ပိုမို၍ မြန်ဆန်အောင် တိုးမြှင့်ပေးနိုင်သည်။ သို့ပေမဲ့ သူသည် အနည်းငယ် ပဟေဠိဖြစ်နေ၏။ “စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်က စိတ်ဝိညာဉ်စွမ်းအင်တွေကို ဆယ်ဆပိုပြီးတော့ အားကောင်းစေတယ်၊ အပြင် ဘက်မှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက နှစ်ဆယ်ဆရှိတယ်၊ ဒီလိုဆိုရင် ဘာလို့ အဆသုံးဆယ်ထက်ကျော်ပြီး မရတာလဲ”
စနစ်ကပြောလိုက်၏။ “စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ရဲ့ နောက်ဆုံးအကန့်အသတ်က အဆသုံးဆယ်ပဲ”
စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်များတွင်လည်း အကန့်အသတ်ဟူ၍ ရှိနေ၏။
“ဒီလိုဆိုရင်”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “စိတ်ဝိညာဉ်စွမ်းအင်တွေပိုပြီးလိုချင်တယ်ဆိုရင် အဆင့်မြင့် စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ကို လိုအပ်မှာပေါ့”
ပြောပြီးသည့်နောက် သူသည် ဆန်းကြယ်ဂိတ်တံခါးသုံးဆယ်နှစ် ဆိုသည့် အစီအရင်စာအုပ်အား ထုတ်ယူလိုက်၏။ ပြီးနောက် စဦးအဆင့် အခန်းများကို မကြည့်ဘဲ အလယ်အလတ်အဆင့် အခန်းများဆီသို့ ကျော်ကာလှန်လိုက်၏။ ပြီးနောက် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင် ဆိုသည့်အရာကို ကျိန်းသေပေါက် တွေ့ရှိသွား တော့သည်။
မိတ်ဆက်ကိုဖတ်ရှုပြီးသည့်နောက် စိတ်ဝိညာဉ်စွမ်းအင်များသည် အပြင်ဘက်လောကထက် အဆ သုံးဆယ်ထက် မကပိုမို၍ အားကောင်းစေနိုင်ကြောင်း မြင်တွေ့လိုက်ရသည်။
ပြီးနောက်သူသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်အား စတင်၍ လေ့လာလိုက်တော့သည်။ နောက်ဆုံးမှာတော့ ခေါင်းတစ်ခုလုံးပင် မူးနောက်နောက် ဖြစ်သွားတော့၏။
ထို့ကြောင့် ဆန်းကြယ်ဂိတ်တံခါးသုံးဆယ့်နှစ် အစီအရင်စာအုပ်အား သိုလှောင်လက်စွပ်ထဲသို့ ပြန်လည်၍ ပို့လိုက်၏။ ထို့နောက် သူ၏ ကုပ်ပိုးအား ပွတ်သပ်ကာ ပြောလိုက်၏။
“ငါက စဦးအဆင့် အစီအရင်ဆရာပဲ၊ ဒါကြောင့် အလယ်အလတ်အဆင့် အစီအရင်တွေကို မဖန်တီးနိုင်ဘူး”
စနစ်မှပြောလိုက်သည်။ “ကိုယ့်မှာရှိတာနဲ့ ရောင့်ရဲပါ”
“ဒါတော့အမှန်ပဲ”
အရင်ကထက်စာရင် စိတ်ဝိညာဉ်များ စုပ်ယူနိုင်မှုသည် အဆသုံးဆယ် ပိုမို၍ အားကောင်းလာခဲ့ပြီဖြစ်၏။ ထိုအရာ နှင့်ပင် သူကျေနပ်ရပေလိမ့်မည်။ သေချာစဉ်းစားကြည့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်တစ်ခုလုံး နေသာထိုင်သာ ရှိသွား၏။
.......
စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များ တိုးတက်လာမှုသည် တပည့်များအတွက် အလွန်တရာ အကျိုးကျေးဇူး ကြီးမားလှ၏။ အားလုံးသည် ထိုအထဲသို့ဝင်ရောက်၍ ကျင့်ကြံလျက်ရှိနေသည်။ အတိတ်တုန်းကသာဆိုလျှင် အရမ်းကြီး မသိသာလှသော်လည်း လက်ရှိအခြေအနေမှာတော့ အလွန်တရာ ထူးခြား သောအကျိုးခံစားမှုကို ရရှိနေကြပြီး အားလုံးသည် အဆင့်ချိုးဖျက်လျက်ရှိနေကြသည်။
ကျွင်းချောင်ရှောင်သည်လည်း စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်ထဲ၌ တစ်နေကုန်နေထိုင်၍ လေ့ကျင့်လျက်ရှိသည်။ စိတ်ဝိညာဉ်စွမ်းအင်များ ပေါပေါများများရရှိပြီးသည့်နောက်မှာတော့ အဆင့်ခြောက် သိုင်းစစ်သူကြီးအဆင့်သို့ ဝင်ရောက်ရန် အနည်းဆုံးတစ်လနီးပါးလောက်သာ ကြာမြင့်တော့မည်ဖြစ်၏။
“အရမ်းကောင်းတယ်”
စနစ်မှပြောလိုက်သည်။ “ဒီနှုန်းအတိုင်းဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ထိပ်ဆုံးပါရမီရှင်တွေတောင်မှ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး၊ တစ်လကို အဆင့်တစ်ခုတက်တယ်ဆိုတာ မဆိုးဘူးလို့ ပြောရမယ်”
“အိုး ဟုတ်သားပဲ၊ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိသေးတာပဲ”
ကျွင်းချောင်ရှောင်းသည် အကြီးအကဲဝေအား မြန်မြန်ဆန်ဆန် ရှာဖွေလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “စိတ်ဝိညာဉ်စွမ်းအင်တွေက ပြန်ပြီးကောင်းမွန်လာပြီလေ၊ ဒီတော့ စိတ်ဝိညာဉ်ကျောက်တုံး အသက်သွေးကြောက မိုင်းတွင်းတူးဆွလို့ရပြီမဟုတ်လား”
“ရတာပေါ့”
အကြီးအကဲဝေ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း မေးလိုက်သည်။ “ဘယ်နေရာသွားပြီး တူးရမှာလဲ”
အကြီးအကဲဝေ ပြောလိုက်သည်။ “စိတ်ဝိညာဉ်စွမ်းအင်တွေ ဆန်းကြယ်စွာ ထွက်ပေါ်လာတဲ့ တည်နေရာပေါ့၊ အဲဒီရဲ့အောက်မှာ စိတ်ဝိညာဉ် ကျောက်တုံး အသက်သွေးကြောရှိတယ်၊ ဂိုဏ်းချုပ် သွားပြီးတူးလို့ရတယ်”
ကျွင်းချောင်ရှောင်းသည် နှောင့်နှေးမနေချေ။ ချက်ချင်းဆိုသလိုပဲ လီချင်းယန်နှင့် တခြားသူများကို ဆက်သွယ်လိုက် ၏။ ပြီးနောက် ဂေါ်ပြားများ၊ ပုံးများယူဆောင်၍ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာနေသည့် တည်နေရာဆီသို့ သွားရောက်ကာ တူးဆွနေတော့၏။
ဤတစ်ကြိမ်မှာတော့ သူတို့သည့် မြေကြီးထဲသို့ သုံးပေနီးပါးလောက် မတူးတော့ချေ။ ထိုအစား မီတာ ငါးရာ လောက်အထိ ရောက်ရှိအောင် အနက်ကြီး တူးတော့သည်။ သူတို့တူးသည့်အတိုင်းအတာသည် မြေအောက်ရေ ကိုပင် ထိလုမတတ်ပင် ဖြစ်နေတော့သည်။
ကျွင်းချောင်ရှောင်းသည် တပည့်များအား ပတ်ဝန်းကျင်တည်နေရာတစ်လျှောက် ဆက်လက်၍ တူးဆွရန် အမိန့်ပေး လိုက်သည်။ သူတို့ တွင်းနက်ထဲကို တူးချိန်မှာတော့ မြေဆီလွှာများထဲမှ လက်သီးဆုပ်အရွယ် သလင်းကျောက်တုံးအပိုင်းအစများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ ဤအရာများသည် စိတ်ဝိညာဉ် ကျောက်တုံးများပင် ဖြစ်သည်။
ထို့အပြင် ကောင်းကင်နှင့်မြေကြီးမှ သန့်စင်ထားသော သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများပင် ဖြစ်တော့၏။
“ဂိုဏ်းချုပ်”
အလွန်တရာများပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးများကို ကြည့်ရှု့ပြီးသည့်နောက် ကျန့်ရာသည် မီးတောက် နေသော မျက်လုံးအစုံဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ ဒီနေရာလေးကိုပဲ တူးရသေးတယ်၊ ဒီလောက်အများကြီးရတယ်ဆိုတော့ ချမ်းသာပြီပေါ့”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ခင်ဗျားက သိုင်းဘုရင်လေ၊ ဘာလို့စိတ်ကို တည်တည်ငြိမ်ငြိမ် မထားနိုင်ရတာလဲ”
တိတိကျကျပြောရမည်ဆိုလျှင် သူသည် သိုင်းဘုရင်တစ်ယောက်ဖြစ်၏။ ထို့ကြောင့်လည်း စိတ်ဝိညာဉ်ကျောက်တုံးများ၏ အရေးပါမှုကို နက်နက်နဲနဲ နားလည်နေခြင်းပင်ဖြစ်၏။ ထို့ကြောင့် စိတ်လှုပ်ရှားနေ သည်ဟုပင် ဆိုရပေမည်။
အကြီးအကဲဝေပြောလိုက်သည်။ “ဂိုဏ်းချုပ် … စိတ်ဝိညာဉ်ကျောက်တုံးမိုင်းကို တူးတဲ့အချိန်မှာ သတိထားပါ၊ ကျောက်တုံးကို သွားပြီးတော့ တူးဆွမိလိုက် မှာစိုးလို့၊ ကွဲပြီးတော့ အလဟသဖြစ်ကုန်လိမ့်မယ်”
“မင်းတို့အားလုံးကြားလား … မိုင်းတွင်းတူးရင်းနဲ့ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေကို ထိုးခွဲမိသွားရင် နှစ်ရက်တိတိ ထမင်းမကျွေးဘူး”
“ကောင်းပါပြီ”
တပည့်များသည် သံပြိုင်အော်ဟစ်လိုက်ကြသည်။
စုရှောင်မိုသည် ဂေါ်ပြားအသေးလေးတစ်ခုကို ယူ၍ စတင်၍ တူးဆွတော့သည်။ နောက်ဆုံးမှာတော့ သူသည် အမှတ်မထင်နှင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုအား ခွဲမိတော့၏။
ဝှစ်
အထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် အပြင်ဘက်သို့ ရောက်ရှိလာပြီး တိမ်ပုံစံ မြူများအဖြစ်သို့ ဖြစ်တည် သွားသည်။
“သွားပြီ”
စုရှောင်မိုသည် လဲကျတော့မလို ဖြစ်သွား၏။ “ငါနှစ်ရက်တိတိ ဘာမှမစားရတော့ဘူး”
အကြီးအကဲဝေသည် အလောတကြီးပြောလိုက်သည်။ “မြန်မြန် အဲဒီစိတ်ဝိညာဉ်စွမ်းအင်တွေ မပျောက်သွားခင် အမြန်သွားပြီး စုပ်ယူလိုက်ကြ၊ စုပ်နိုင်သလောက် စုပ်ကြ”
သူပြော၍မပြီးသေးခင်မှာပဲ ရုတ်တရက် ရပ်တန့်သွား၏။ အဘယ့်ကြောင့်ဆိုသော် စုရှောင်မိုနှင့် တခြားသူများသည် တိမ်ပုံစံဖြစ်တည်နေသော စိတ်ဝိညာဉ်စွမ်းအင်များကို ပါးစပ်နှင့်ရှူသွင်း ရှူထုတ် လုပ်နေကကြောင်း မြင်လိုက်ရသောကြောင့်ဖြစ်သည်။
အကြီးအကဲဝေက ပိုမို၍ အံ့အားသင့်စေသည်မှာ ကျန့်ရာကိုယ်တိုင်သည်လည်း ပူးပေါင်းပါဝင်၍ ထိုအတိုင်း ပြုလုပ်နေခြင်းပင်။ ဤသိုင်းဘုရင်သည် ကြောင်တောင်တောင်နိုင်လှ၏။
“ဂိုဏ်းချုပ်”
အကြီးအကဲဝေသည် တစ်စုံတစ်ခုပြောရန် ပြင်လိုက်ချိန်မှာတော့ တပည့်များ၏ ဘေးတွင် တိမ်ပုံစံမြူများအား ရှူထုတ် ရှူသွင်းလုပ်နေသော ဂိုဏ်းချုပ်အား ထပ်မံ၍ မြင်တွေ့လိုက်တော့သည်။
ဂိုဏ်းချုပ်၊ အကြီးအကဲနှင့် တပည့်များအားလုံးသည် တစ်ချိန်ထဲမှာပင် အသက်အား ရှူသွင်း ရှူထုတ်လုပ်ကာဖြင့် စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူလျက်ရှိသည်။ ဤမြင်ကွင်းကို တခြားသူများသာ မြင်ရပါက အံ့အားသင့် သွားသောကြောင့် မေးရိုးများပင် ပြုတ်ကျသွားပေလိမ့်မည်။