အခန်း (၄၁၁)
Vol. 28 Ch. 411
သဘာဝစိတ်ဝိညာဉ်ကျောက်တုံးထဲတွင် ပါဝင်သော စိတ်ဝိညာဉ်စွမ်းအင်များသည် အလွန်တရာ အားကောင်းလှ၏။ ကျွင်းချောင်ရှောင်းနှင့် တခြားသူများသည် သူတို့စုပ်ယူနေသော စိတ်ဝိညာဉ်စွမ်းအင်များမှာ အရင်တုန်းက ရရှိခဲ့ဖူးသော စိတ်ဝိညာဉ်စွမ်းအင်များထက် ပိုမို၍ အားကောင်းနေသည်ကို သိရှိခံစားမိကြ၏။ ထို့ကြောင့်ပင် သူတို့သည် စိတ်ဝိညာဉ်စွမ်းအင်များကို မြန်မြန်ဆန်ဆန် အပြိုင်စုပ်ယူနေကြခြင်းပင် ဖြစ်တော့သည်။
“ဆက်တူး … ဆက်တူး”
ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ဖြင့် ဆော်ဩလိုက်၏။ သူသည် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း တစ်ခု လုံးကို ပြောင်သလင်းခါအောင် ပြုလုပ်ပြီး သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းထားချင်သည်။ လီချင်းယန်နှင့် တခြားသူများ အားလုံးသည်လည်း သေသေချာချာ တူးလျက်ရှိ၏။
စုရှောင်မိုမှာတော့ နှစ်ရက်တိတိ ထမင်း မစားရ သည့်ပြစ်ဒဏ်ကို ခံရပြီးပြီဖြစ်သောကြောင့် ပိုမို၍ ဂရုစိုက်ကာ အလုပ် လုပ်နေရ၏။ မဟုတ်ပါက လေးရက်ဖြစ်သွား မည်မဟုတ်ပါလား။
တကယ်တမ်းဆိုလျှင် သိုင်းဆရာအဆင့်သို့ ရောက်ရှိပြီးသည့်နောက်မှာ ရက်အနည်းငယ် ထမင်းမစားရသည်မှာ သူ့အတွက် ပြဿနာတစ်ခုမဟုတ်ပေ။ သို့ပေမဲ့ လျှိုဝမ်ရှစ်ချက်ပြုတ်သော အစားအစာများကို နှစ်ရက်မျှ မစား သောက်ရခြင်းမှာ အလွန်တရာ နာကျင်လှသော ခံစားမှု ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သောအပြစ်ပေးမှုစနစ် ရှိနေသည်ဖြစ်သောကြောင့် အားလုံးသည် ဂရုစိုက်၍ တူးဆွလျက်ရှိနေသည်။
နေသည် အရှေ့ဘက်မှ ထွက်လာတော့သည်။ လီချင်းယန်နှင့် တခြားသူများအားလုံးတို့သည် တစ်ကိုယ်လုံး ရွံ့တွေ ပေစွာဖြင့် အလွန်တရာနက်သော တွင်းထဲမှ ခုန်၍ ထွက်လာကြသည်။ ကြည့်ရသည်မှာ သံမဏိအရိုးဂိုဏ်း တပည့်များအားလုံးသည် သိုင်းပညာကို ကျင့်ကြံရသည်သာမဟုတ်၊ တခြား များပြားသော အလုပ်အကိုင်များကို လည်း လုပ်ကိုင်ရသေး၏။
တံမြက်စည်းလှဲခြင်း၊ နွားကျောင်းခြင်းတို့အပြင် လက်ရှိ မိုင်းတွင်းတောင် တူးနေရပြီဖြစ်၏။ စိတ်ဝိညာဉ်ကျောက်တုံးများ ထည့်ထားသော ခြင်းတောင်းများအားလုံးသည် မြက်ခင်းပြင်ပေါ်တွင် စီစီရီရီ ရှိနေကြသည်။ အနည်းဆုံး စိတ်ဝိညာဉ်ကျောက်တုံးများ ငါးထောင်နီးပါးခန့် ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် ထိုအရာများအားလုံးကို ရေတွက်ပြီး လက်ကိုဝှေ့ယမ်းကာဖြင့် သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်သည်။ သူသည် လာရောက်တူးကြသော တပည့်များအားလုံးကို စိတ်ဝိညာဉ်ကျောက်တုံး တစ်ခုစီပေးလိုက်ပြီး ကျန်သည့်အရာများကို သူသိမ်းဆည်းထားတော့သည်။
ဤအရာသည် သဘာဝမှဖြစ်တည်လာသော စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းထားသည့် စိတ်ဝိညာဉ်ကျောက်တုံးဖြစ်၏။ ထို့ကြောင့် ဆေးလုံးများကဲ့သို့ များများစားစား ပေးနေ၍ မဖြစ်ချေ။ သေသေချာချာ စဉ်းစား၍ ပေးရန် စီစဉ်ထား၏။
ညသို့ရောက်လာသည်။ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲတွင်ထိုင်၍ သူ၏ လက်ထဲတွင်ရှိသော စိတ်ဝိညာဉ်ကျောက်တုံးဆီမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူလျက်ရှိနေသည်။ အလွန်တရာ ဆန်းကြယ်ပြီး သန့်စင်လှသော စိတ်ဝိညာဉ်ချီများသည် သူ၏ စိတ်တစ်ခုလုံးကို လန်းဆန်းစေပြီး စွမ်းအင်လှိုင်း များသည် သူ၏ ပါးစပ်နှင့် နှာခေါင်းမှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လျက်ရှိသည်။
ဤစိတ်ဝိညာဉ်ကျောက်တုံးဆီမှ စိတ်ဝိညာဉ်စွမ်းအင်များသည် ဈေးထဲတွင် တွေ့ရှိရသော စိတ်ဝိညာဉ်စွမ်းအင် များနှင့် မတူညီစွာဘဲ အလွန်တရာ အရည်အသွေးကောင်းလှပြီး ပါဝင်သည့် စိတ်ဝိညာဉ်စွမ်းအင် အရေအတွက် ကလည်း ခန့်မှန်း၍ မရအောင် များပြားလွန်းနေသည်။
တစ်ညအတွင်းမှာပဲ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးကို စုပ်ယူပြီးဖြစ်၏။
ဟူး
သူသည် လေကို မှုတ်ထုတ်ကာ တီးတိုးရေရွတ်လိုက်၏။ “ဒီအတိုင်းဆိုရင် အဆင့်ငါးကနေ အဆင့်ခြောက် သိုင်းစစ်သူကြီးတစ်ယောက်အဖြစ် နှစ်ရက်ကနေ သုံးရက်ပဲ လိုတော့တယ်”
အရင်တုန်းက တစ်လလောက်ကြာမြင့်မည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် သူ့အနေဖြင့် နှစ်ရက်မှ သုံးရက်သာ ကြာမြင့်တော့သည်။ ဤအမြန်နှုန်းသည်မှာ အလွန်တရာ မြန်ဆန်လွန်းလှ၏။ ဟုတ်ပေသည်။ စိတ်ဝိညာဉ် ကျောက်တုံး နှစ်ဆယ်ကို နေ့စဉ်အသုံးပြုရသည့်အတွက် ဤမျှလောက်သော အကျိုးသက်ရောက်မှုတော့ ရှိသင့်သည် မဟုတ်လား။
စနစ်မှ ပြောလိုက်သည်။ “ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေက လောကကြီးရဲ့ ကောင်းကင်၊ မြေကြီး ဓာတ်သဘာဝတွေနဲ့ဖြစ်တည်လာတဲ့ ကျောက်တုံးတွေ၊ ဒါကြောင့် သန့်စင်ပြီးတော့ အားကောင်းတယ်၊ လူတွေဖန်တီးထားတဲ့ စိတ်ဝိညာဉ် ကျောက်တုံး နဲ့ဘယ်ယှဉ်လို့ရပါ့မလဲ”
“သိုင်းတာအိုဆွေးနွေးပွဲ”
ကျွင်းချောင်ရှောင်း ပြုံးကာပြောလိုက်၏။ “ငါ သိုင်းစစ်သူကြီး အဆင့်ငါးကနေ အဆင့် ခုနှစ်ကို တက်ဖို့ မျှော်လင့်မိတယ်”
ပြီးနောက်သူသည် တပည့်များအား အမိန့်ပေး၍ စိတ်ဝိညာဉ်ကျောက်တုံးမှိုင်းများအား ဆက်လက်၍ တူးဆွစေသည်။ သူကတော့ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထား၏။ သူ့အနေနှင့် သိုင်းတာအိုဆွေးနွေးပွဲသို့ တက်ရောက်လာနိုင်သည့် များပြားလှသော ဂိုဏ်းများကို အထင်သေးနေမည်ဆိုလျှင် ကြီးကြီးကျယ်ကျယ် ဒုက္ခ ရောက်သွားနိုင်သည်။
ထို့ကြောင့် ထိုသူတို့နှင့် ယှဉ်ပြိုင်နိုင်စေရန် သူ၏ အားအင်အဆင့်ကို တိုးမြှင့်ထားနိုင်မှသာလျှင် ဖြစ်ပေလိမ့်မည်။
သုံးရက်ခန့်ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သိုင်းစစ်သူကြီး အဆင့် ငါးမှ အဆင့်ခြောက်သို့ ရောက်ရှိ သွားခဲ့ပြီဖြစ်သည်။
ဤအရာမှာ အလွန်အမင်း မြန်ဆန်လွန်းလှ၏။ စိတ်ဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်ကြောင့်တင် မဟုတ်ပဲ စိတ်ဝိညာဉ်စွမ်းအင်စုစည်းခြင်းဆေးလုံး၏ အစွမ်းလည်း ပါဝင်နေ၏။
ဟူး
အချိန်အတော်ကြာ ကျင့်ကြံပြီးသည့်နောက်မှာတော့ သူသည်မျက်လုံးကိုဖွင့်၍ လေကိုရှူရှိုက်လိုက်၏။ “ငါ အဆင့်ခြောက်ကနေ အဆင့် ခုနှစ်ကို ရောက်ဖို့ အနည်းဆုံး ခြောက်ရက်လောက် လိုသေးတာပဲ”
သို့ပေမဲ့ သူ့အနေနှင့် ဟွာတောင်တန်းဆီသို့သွား၍ သိုင်းပညာတာအိုဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိနေသေးသည်။
“ဆက်လုပ် ဆက်လုပ်”
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ဆေးလုံးများကို ထုတ်ယူ၍ ထပ်မံ၍ ကျင့်ကြံလိုက်သည်။ တစ်ရက်လျှင် ထမင်း တစ်ကြိမ် စားသည်မှလွဲ၍ ကျန်သည့်အချိန်တော်တော်များများမှာတော့ သူသည် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲ၌ အချိန်ဖြုန်းလျက်ရှိသည်။
သုံးရက်တိတိ ကြာမြင့်ပြီးသည့်နောက်မှာတော့ သူသည် စိတ်ဝိညာဉ်ကျောက်တုံး ခြောက်ဆယ်ကို စုပ်ယူပြီး ဖြစ်၏။
လီချင်းယန်နှင့် တခြားသူများမှာတော့ စိတ်ဝိညာဉ်ကျောက်တုံးများကို ဆက်လက်၍ တူးဆွလျက် ရှိသည်။ သူတို့အနေနှင့် တစ်နေ့လျှင် စိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်ခန့်ကို တူးယူရရှိနေ၏။ သူတို့၏ ကျင့်ကြံခြင်း အတွက် အသုံးပြုနိုင်သည်ဆိုသော်လည်း သူတို့သည် တာဝန်အရ ဂိုဏ်းဆီသို့ ပြန်လည်၍ အပ်နှံကြ၏။ မည်သူကမှ မိမိ အတွက်ဟုဆိုကာ သိမ်းဆည်းထားခြင်းမျိုး မရှိကြချေ။
ဂိုဏ်းချုပ်သည် သူတို့အပေါ်တွင် အလွန်တရာ ကောင်းမွန်လှ၏။ များပြားလှသော သိုင်းပညာနည်းစနစ်များနှင့် ကျင့်ကြံခြင်းအရင်းအမြစ်များ အားလုံးကို ပေးစွမ်းထား၏။ ထိုသို့ဆိုလျှင်တောင်မှ သူတို့သည် စိတ်ဝိညာဉ်ကျောက်တုံးများကို ထပ်မံ၍ ကြည့်နေမည်ဆိုပါက အလိုလောဘကြီးသူများ ဖြစ်နေမည် မဟုတ်ပါလား။ ထိုသို့သောလူများသည် သံမဏိအရိုးဂိုဏ်း၏ တပည့်မဟုတ်နိုင်ပေ။
အမှန်တကယ်တမ်းဆိုရမည်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်းဖန်တီးထားသော တပည့်များ၏ စိတ်ဓာတ်၊ ချစ်ကြည်ရင်းနှီးမှု ကလည်း အရေးကြီးသည့်အခြေအနေတွင် ရှိနေသည်ဟု ဆိုရပေမည်။ အခြားသောဂိုဏ်းများသာ ဆိုပါက ထိုကဲ့သို့သာ ခိုင်းစေမည်ဆိုရင် တိတ်တဆိတ်နှင့် အနည်းနှင့်အများဆိုသလို စိတ်ဝိညာဉ်ကျောက်တုံးများကို ခိုးယူကြမှာ သေချာသည်။
ထို့အပြင် အလွန်ကြီးမားသော မိုင်းတွင်းထဲတွင် စိတ်ဝိညာဉ်ကျောက်တုံး မည်မျှရှိသည်ဆိုသည်ကို မည်သူမျှ တွက်ချက်ပြီး ကြည့်မိနေလိမ့်မည် မဟုတ်ပေ။
သို့ပေမဲ့ သံမဏိအရိုးဂိုဏ်း၏ တပည့်များမှာတော့ ဂိုဏ်းချုပ်၏ အမိန့်ကို လိုက်နာကာ နေ့စဉ်နေ့တိုင်းတူးဆွ၍ တိတိကျကျ ပြန်လည်အပ်နှံလျက်ရှိ၏။
ခြောက်ရက်ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အဆင့်ခြောက် သိုင်းစစ်သူကြီးအဆင့် မှသည် အဆင့်ခုနှစ် သိုင်းစစ်သူကြီးအဆင့်သို့ ရောက်ရှိသွားသည်။ ကိုးရက်တိတိ ကြာမြင့်ပြီးသည့်နောက်မှာတော့ သူသည် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာရှစ်ဆယ်တိတိကို စုပ်ယူခဲ့ပြီးဖြစ်သည်။
သူသည် အဆင့်ငါးသိုင်းစစ်သူကြီးအဆင့်မှ အဆင့်ခုနှစ် သိုင်းစစ်သူကြီးအဆင့်သို့ ရောက်ရှိရန် ပိုက်ဆံ သန်းပေါင်း များစွာကို သုံးဖြုန်းခဲ့သည်ဟု ဆိုရမည်။
စနစ်မှပြောလိုက်သည်။ “ဒါပေမဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာမှုက လက်ခံသူနဲ့ ဂိုဏ်းအတွက် အကောင်းဆုံးအခွင့် အရေးဖြစ်လာခဲ့တာပဲ”
အလွန်တရာ အရည်အသွေးမြင့်လှသော စိတ်ဝိညာဉ်စွမ်းအင်များနှင့် အရည်အသွေးမြင့်မားသော စိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိခြင်း … သိုင်းပညာရှင်များအတွက် ထိုအရာသည် အလွန်တရာ ကျေးဇူးကြီးမား လှ၏။ ထို့အပြင် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်နှင့် ဆေးလုံးများလည်း ရှိနေသေး၏။
အရာအားလုံး ပေါင်းစပ်ပြီးသည့်နောက်မှာတော့ သူသည် မြန်မြန်ဆန်ဆန်ပဲ အဆင့်ချိုးဖြတ်နိုင်နေတော့သည်။
“စိတ်ဝိညာဉ်ကျောက်တုံးတွေက အရမ်းအားကောင်းတယ်ဆိုပေမဲ့ မိုင်းတွင်းက ကုန်သွားနိုင်တဲ့ အခြေအနေတစ်ခု ကို ရောက်သွားလိမ့်မယ်”
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။ “ဒါကြောင့် သင့်လျော်တဲ့ ဖြန့်ဝေမှုတွေကို ပြုလုပ်ဖို့ အရေးကြီးတယ်”
သူသည် တပည့်များအား လစဉ်လတိုင်း သင့်လျော်သည့် ပမာဏကို ပေးအပ်ရန် စီစဉ်ထား၏။ ဆေးလုံးများ ကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့် သေသေချာချာ အစီအစဉ်ဆွဲရန်လည်း စဉ်းစားထားမိ၏။ ထိုအရာသည် စဦးအတွေး သာရှိနေသေး၏။
အတွင်းစည်းတပည့်များအားလုံးသည် လစဉ်လတိုင်း သင့်လျော်သည့်ပမာဏကို ရရှိရပေလိမ့်မည်။ အပြင်စည်း တပည့်များမှာတော့ ထိုနည်းလည်းကောင်းပင်၊ သို့ပေမဲ့ အတွင်းစည်းတပည့်များကဲ့သို့ များများစားစား ရရှိလိမ့် မည်မဟုတ်ပေ။
အချိန်အတော်ကြာ စမ်းသပ်စစ်ဆေးပြီးသည့်နောက်မှာတော့ ကျင့်ကြံခြင်းနှင့်ပတ်သက်၍ ပိုမို အာရုံ စူးစိုက်သူများသည် ဆုလာဘ်အဖြစ် ထပ်မံ၍ ရရှိပေလိမ့်မည်။
ထို့ပြင် ဂိုဏ်းတာဝန်များလည်း ရှိနေပေသေး၏။ တပည့်များအနေဖြင့် ဂိုဏ်းတာဝန်အရေအတွက်များများကို ပြုလုပ်မည်ဆိုလျှင် ဆုလာဘ်အဖြစ် စိတ်ဝိညာဉ်ကျောက်တုံးများ ပေးအပ်သွားမည်ဟု သူ စဉ်းစားထား၏။ မည်သို့ပင် ဆိုစေကာမူ တပည့်များသည် အခွင့်အရေးအမျိုးမျိုးမှတဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိနိုင်၏။
သို့ပေမဲ့ ဤအတိုင်းရရှိနေမည်မဟုတ်ပဲ မိမိ၏ ကြိုးစားမှုပေါ် အခြေခံ၍ ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် ကျွင်းချောင်ရှောင်းသည် ကုန်ဆုံးသွားမည်ကို စိုးရိမ်နေ၍ ကြိုတင်စီစဉ်နေခြင်းဖြစ်သည်ဆိုသော်လည်း မိုင်းတွင်း ထဲတွင် များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးများသည် ရှိနေသေးသည်။
ကျွင်းချောင်ရှောင်းသည် နောက်ထပ်တပည့်အဖွဲ့ တစ်ခုအား ရွေးချယ်၍ မိုင်းတွင်းများ တူးဆွရန် စေခိုင်းတော့သည်။ ထိုတပည့်များသည်လည်း အလိုလောဘဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို မထိခဲ့ကြချေ။ ဂိုဏ်းချုပ်အား တိတိကျကျ ပြန်လည်၍ အပ်နှံနေကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုထဲမှ စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးလောက်ကို အခွင့်မရှိဘဲယူဆောင်မည်ဆိုပါက ဂိုဏ်းမှ ထုတ်ပယ်မည်ဟု ကျွင်းချောင်ရှောင်းက အမိန့်ထုတ်ထားသောကြောင့်ပင် ဖြစ်တော့သည်။
စိတ်ဝိညာဉ်ကျောက်တုံးကို ထိုးဆွမိ၍ ဖြုန်းတီးသလိုဖြစ်ခဲ့သော တပည့်များအားလုံးမှာတော့ စည်းမျဉ်းများ အတိုင်းပင် နှစ်ရက်တိတိ ထမင်းစားသောက်ခြင်းကို မပြုလုပ်ရပေ။
သူတို့သည် လျှိုဝမ်ရှစ်၏ အစားအစာအား အလွန်တရာတောင့်တစွာဖြင့် သွားရည်တမြားမြားကျကာ စားသောက်ခန်း၏ အပြင်ဘက်မှာ မတ်တပ်ရပ်လျက်သာ နေနိုင်တော့သည်။ အလွန်ထိခိုက် နာကျင်စေ၏။ သူတို့သည် ပြင်းပြင်းထန်ထန် ရိုက်နှက်အပြစ်ပေးခြင်းကိုပင် ခံချင်ကြ၏။ အစားအစာ စားသောက်ရခြင်း ကိုတော့ မလွတ်သွားချင်ပေ။
“ဂိုဏ်းချုပ်”
အဓိကအခန်းထဲမှာတော့ ကျန့်ရာသည် လေးလေးနက်နက်ပြောလိုက်၏။ “ကျုပ်က သံမဏိအရိုးဂိုဏ်းရဲ့အကြီးအကဲလေ၊ ဒီတော့ လစဉ်လတိုင်း သင့်တော်တဲ့ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏကို ရသင့်တယ် မဟုတ်လား”
“ဟုတ်တာပေါ့”
“ဒါဆိုရင် ကျုပ်ဘယ်လောက်ရမလဲ”
“ငါးတုံး”
ကျန့်ရာသည် ကြောင်သွား၏။ ပြီးနောက်သူသည် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်၏။ “အတွင်းစည်းတပည့်တွေတောင် လစဉ်လတိုင်း စိတ်ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ရတယ်လေ၊ အကြီးအကဲ တစ်ယောက်အနေနဲ့ ကျုပ်က ဘာလို့ ငါးခုပဲရတာလဲ”
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။ “စိတ်ဝိညာဉ်ကျောက်တုံးငါးတုံးဆိုတာ အခြေခံလစာပဲလေ”
“အခြေခံလစာဟုတ်လား” ကျန့်ရာ ဇဝေဇဝါဖြစ်သွား၏။
ကျွင်းချောင်ရှောင်းဆက်ပြောလိုက်သည်။ “တစ်စုံတစ်ယောက်ရဲ့သင်ယူမှုကို လိုအပ်နေကြတဲ့ အပြင်စည်းတပည့်တွေ အများကြီးရှိတယ်၊ အကြီးအကဲ တစ်ယောက်အနေနဲ့ ကိုယ်ကိုယ်တိုင် ကျင့်ကြံမှုကို အာရုံစိုက်မနေဘဲ ဘာမှလုပ်စရာမရှိတဲ့ အချိန်မျိုးတွေမှာ သူတို့ကို သွားပြီးတော့ သင်ပြပေးလေ”
“...” ကျန့်ရာ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
ကျွင်းချောင်ရှောင်း ထပ်မံပြောလိုက်သည်။ “ပြီးတော့ သိုင်းပညာဆွေးနွေးခြင်းသင်တန်းတစ်ခုကို ကျုပ်စီစဉ်ထားတယ်၊ အဲကို ခင်ဗျားသွားပြီးတော့ သင်ပြပေးရမယ်၊ ဒါဆိုရင် လကုန်ပြီဆိုတာနဲ့ သင့်တော်တဲ့ပမာဏ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရရှိလိမ့်မယ်၊ အဲဒီ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏဆိုတာကလည်း အပြင်စည်းတပည့်တွေရဲ့ တိုးတက်မှုအပေါ် မူတည်နေလိမ့်မယ်”
ကျန့်ရာသည် သူ၏ရင်ဘတ်ကို ပုတ်ကာပြောလိုက်၏။ “မရီဒန်ဖွင့်ခြင်းအဆင့်နဲ့ သိုင်းတပည့်အဆင့်တွေကို သင်ပေးရတာ ကျုပ်အတွက် လွယ်ကူလွန်းပါတယ်”
သူသည် ဤစကားနှင့်ပတ်သက်၍ သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေသည်၊ သို့ပေမဲ့ သူမသိသည်မှာ အပ်အစ၊ ဓားမ အဆုံး အစအဆုံးသိချင်နေသော ရှန်ကွမ်းရှင်းရောင်နှင့် ရင်ဆိုင်ရမည် ဆိုခြင်းကိုပင်။