အခန်း (၄၁၂)
Vol. 28 Ch. 412
ဂိုဏ်းချုပ်ကျွင်းသည် စိတ်လိုလက်ရနှင့်ကျင့်ကြံနေသည့် ကိုးရက်တာအတောအတွင်းတွင် သဘာဝစိတ်ဝိညာဉ် ကျောက်တုံးများကို ရရှိရုံမက ရင့်မှည့်ပြီးဖြစ်သည့် ဆေးပင်အသစ်များကိုလည်း ရရှိခဲ့၏။ အဆနှစ်ဆယ် ပိုမို ကောင်းမွန်သော စိတ်ဝိညာဉ်စွမ်းအင်များ၏ ပေါင်းစပ်မှုအောက်တွင် ရင့်မှည့်လာသော ဆေးပင်များသည် အလွန် တရာများပြားသော စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေ၏။
ကျွင်းချောင်ရှောင်းသည် ထိုအရာများအားလုံးကို ချီစုစည်းခြင်းဆေးလုံးအဖြစ် သန့်စင်လိုက်သည်။ တစ်လုံး သောက်ပြီးသည့်နောက်မှာတော့ သာမန်ချီစုစည်းခြင်းဆေးလုံးထက် အဆနှစ်ဆယ် ပိုမိုအားကောင်းကြောင်း သတိပြုလိုက်မိ၏။ အတိတ်တုန်းကဆိုလျှင် အကြီးအကဲဝေသည် ကန့်သတ်ထားသော ပတ်ဝန်းကျင်ကြောင့် စိတ်ဝိညာဉ်စွမ်းအင် ဆယ့်ငါးဆသာ ပိုမိုအားကောင်းသော ဆေးပင်များကို စိုက်ပျိုးနိုင်ခဲ့၏။
“မဆိုးဘူးပဲ”
ကျွင်းချောင်ရှောင်းသည် သူ၏ကျင့်ကြံခြင်းအရှိန် မြင့်တက်လာသည်နှင့်အမျှ စိတ်ချမ်းသာမှုကလည်း ပိုမို တိုးတက်လျက်ရှိ၏။
“ဂိုဏ်းချုပ်”
အကြီးအကဲဝေပြောလိုက်သည်။ “ဒါကပထမဦးဆုံးစပြီးတော့ ပေါက်ရောက်တဲ့ အပင်တွေပဲ၊ အဆုံးစွန်ထိ မဟုတ်သေးဘူး၊ နောက်တစ်ခေါက် စိုက်မယ့်အပင်တွေက ပိုပြီးအားကောင်းလာလိမ့်မယ်”
တောဝက်ရိုင်းလေးသည်လည်း သူ၏ မြေဓာတ်သဘာဝစွမ်းအင်များကို ထုတ်လွှတ်၍ တည်နေရာတစ်ခုလုံး၏ မြေဓာတ်သဘာဝများကို ပိုမိုအားကောင်းလာအောင် ထောက်ပံ့ပေးလျက်ရှိနေသည်။
ဤအတောအတွင်း သူသည် ဆေးဥယျာဉ်အတွင်းရှိ မြေဆီလွှာများ ပိုမိုအားကောင်းလာစေရန်အတွက် နေ့စဉ်နေ့တိုင်း မြေဓာတ်သဘာဝ စွမ်းအင်များကို ထုတ်လွှတ်လျက်ရှိသည်။ လက်ရှိအချိန်တွင်တော့ ဆေးဥယျာဉ် ထဲတွင်မကဘဲ အပြင်ဘက်ဆီမှ မြေဆီလွှာများပါ ပိုမိုအားကောင်းလာခဲ့ပြီဖြစ်သည်။
ဂိုဏ်းသည် တပည့်အရေအတွက် များပြားလာသည်နှင့်အမျှ သိုင်းပညာနှင့်ပတ်သက်သော အရင်းအမြစ်များသည် ကျိန်းသေပေါက် ပို၍ လိုအပ်လာခဲ့သည်။ ထို့ကြောင့် အကြီးအကဲဝေသည် ဆေးဥယျာဉ်၏ အကျယ်အဝန်းအား ပိုမို ချဲ့ထွင်ချင်လေ၏။
အစဦးအစီအစဉ်အဖြစ် ပထမဦးဆုံး မူ တစ်ဆယ်မှသည် မူတစ်ရာအဖြစ် တိုးမြင့်ရန်ပင်ဖြစ်သည်။
ဆေးခန်းမဆောင်၏ တပည့် စွန်းပုကုံးနှင့် တခြားသူများကဲ့သို့သော ဆေးခန်းမဆောင်၏ တပည့်များသည်လည်း အကြီးအကဲဝေ၏ လမ်းညွှန်ပြသမှုအောက်တွင် ဆေးဝါးကျွမ်းကျင်သူများ ဖြစ်ပေါ်လာကြ၏။
တကယ့်ကို ထူးချွန်သောဆရာဆီမှ ထွက်ပေါ်လာသော တပည့်များဖြစ်သည်မို့ သူတို့သည် ဆေးဝါးများနှင့် ပတ်သက်၍ အလွန်တရာ တော်သော ဆေးဝါးကျွမ်းကျင်သူများ ဖြစ်လာကြတော့သည်။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
“သံမဏိအရိုးဂိုဏ်းရဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေ ပိုမိုရရှိအောင် ဆေးပင်တွေကို ပိုစိုက်ဖို့ အကြီးအကဲဝေကို ဒုက္ခပေးရတော့မှာပဲ”
ပြောပြီးသည့်နောက်မှာတော့ သူသည် စိတ်ဝိညာဉ်ကျောက်တုံး အတုံးငါးဆယ်ကို ထုတ်ယူလာပြီး ပြောလိုက်သည်။ “ဒါက အကြီးအကဲဝေရဲ့ တစ်လစာ”
အတွင်းတပည့်များသည် အများဆုံး နှစ်ဆယ်သာရှိခဲ့ရ၏။ သို့တည်း အကြီးအကဲဝေအား ငါးဆယ်တိတိ ပေးခဲ့၏။ သူ အကြီးအကဲဝေကို မည်မျှလေးစား၍ တန်ဖိုးထားသည်ဆိုသည့်အကြောင်းကို သိရှိလိုစေခြင်းပင်ဖြစ်တော့သည်။
ဂိုဏ်းသည် ပိုမိုအားကောင်းလာမလား၊ မလားဘူးလားဆိုသည်မှာ ဤကဲ့သို့သော ကျွမ်းကျင်သူများပေါ်တွင် မူတည်နေသည်မဟုတ်လား။
အကြီးအကဲဝေသည် ခေါင်းကိုခါယမ်းကာပြောလိုက်သည်။ “စိတ်ဝိညာဉ်ကျောက်တုံးတွေကို စုပ်ယူမယ်ဆိုရင်တောင်မှ အလဟသ ဖြုန်းတီးသလို ဖြစ်နေမှာပဲ၊ ဒီတော့ အိမ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကလေးတွေ အသုံးပြုဖို့ပဲ ဂိုဏ်းချုပ်ကျွင်း ပေးလိုက်ပါ”
ကလေးများဆိုသော စကားလုံးကို ပြောဆိုချိန်မှာတော့ သူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့ခြင်း၊ အဘိုးအို တစ်ယောက်၏ လောကကြီးကို စိတ်ကုန်မိခြင်း စသည့် အရိပ်အယောင်များ တည်ရှိနေ၏။
လူတိုင်း လူတိုင်းသည် ငယ်ရွယ်စဉ်တွင် ကောင်းမွန်သော အချိန်များရှိခဲ့ကြ၏။ အကြီးအကဲဝေသည်လည်း ခြွင်းချက်မရှိပေ။ သို့ပေမဲ့ သူသည် များပြားလှသော အတွေ့အကြုံများကို ရရှိခဲ့ပြီး တဖြည်းဖြည်း အိုလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူမက်ခဲ့သော အိမ်မက်များသည် အဆုံးမသတ်နိုင်ခဲ့သည်ကို သူကောင်းကောင်း နားလည်ခဲ့ပြီးဖြစ်၏။
“အကြီးအကဲဝေ”
ကျွင်းချောင်ရှောင်း ပြုံးကာပြောလိုက်၏။ “အကြီးအကဲဝေရဲ့ ရောဂါကို ကုသဖို့အတွက် နည်းလမ်းကို ကျိန်းသေပေါက်ရှာပေးမယ်၊ ပြီးရင် အကြီးအကဲဝေကို သိုင်းအင်ပါယာတစ်ယောက် ဖြစ်စေရမယ်”
“အဲလိုနေ့ကို ရောက်လာမယ်လို့ မျှော်လင့်မိပါတယ်”
အကြီးအကဲဝေသည် ပြုံးကာပြောလိုက်၏။ သူ၏ရောဂါသည် အလွန်တရာရှားပါးလှသည့်ရောဂါတစ်မျိုးဖြစ်ပြီး ကုသ၍ မရနိုင်ကြောင်းကို သိရှိပြီးဖြစ်သည်။ ထို့ကြောင့် ကုသနိုင်ရန်အတွက် ဖြစ်နိုင်ချေ သုညသာလျှင်ဖြစ်၏။ သို့ပေမဲ့ သူသည် သံမဏိအရိုးဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်ဖြစ်သည်မို့ သူ၏ အိုဆွေးနေမည့် အရိုးများကို အသုံး ပြု၍ ဂိုဏ်းပိုမိုကြီးထွားလာအောင် ကူညီပေးရပေမည်။
သံမဏိအရိုးဂိုဏ်းသည် ထုံးစံအတိုင်းပဲ လည်ပတ်လျက်ရှိ၏။ စိတ်ဝိညာဉ်မိုင်းတွင်းများကို ဆက်လက်တူးဆွလျက် ရှိပြီး တပည့်များကလည်း ကျင့်ကြံလျက်ရှိနေကြသည်။
ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး ဟွာတောင်တန်းတွင် ကျင်းပမည့် သိုင်းပညာတာအိုဆွေးနွေးပွဲအကြောင်းကို ဆွေးနွေးလျက်ရှိသည်။
“ဒီလိုပွဲကြီးမျိုးမှာ ကြီးကျယ်မြင့်မြတ်တဲ့လူတွေ လာတက်ကြမယ်ဆိုတာက သဘာဝပဲ” လီလိုရှုပြောလိုက်သည်။
“ခင်ဗျားပြောတာမှန်တယ်”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “အကြီးအကဲကျန်ကို သွားပြီး သတင်းပေးလိုက်၊ အဆင်သင့်ပြင်ထားလို့၊ ကျုပ်နဲ့ ဟွာတောင်တန်းကို လိုက်ခဲ့ဖို့”
လီလိုရှုသည် သွားရောက်၍ သတင်းပေးစရာပင် မလိုခဲ့ချေ။ ကျန့်ရာသည် အဓိကဟောခန်းသို့ လျှောက်ဝင်လာပြီး သူ၏ မျက်နှာတစ်ခုလုံးသည် ဆိုးဆိုးဝါးဝါး ပျက်ယွင်းလျက်ရှိသည်။ ထိုင်ခုံတစ်ခုတွင် စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်ပြီး ဦးခေါင်းကို လက်နှင့်အုပ်ကာ တတွတ်တွတ် ရေရွတ်လျက်ရှိသည်။
“ဂိုဏ်းချုပ်၊ ရှန်ကွမ်းရှင်းရောင်ဆိုတဲ့ တပည့်က တော်တော် အခြေအနေဆိုးတာပဲ၊ ကြောက်စရာကြီး”
သူသည် ယနေ့တွင် ဂိုဏ်းချုပ်ဖန်တီးပေးထားသော သင်တန်းကို သွားရောက်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် ငြိမ်းချမ်း၍ အလွန်တရာ စိတ်ချမ်းသာစရာကောင်းနေ၏။ တပည့်များအားလုံးကလည်း စိတ်ဝင် တစားဖြင့် နားထောင်လျက်ရှိသည်။ တချို့ဆိုလျှင် သိုင်းပညာနှင့်ပတ်သက်၍ ဉာဏ်အလင်းများပင် ရရှိ သွားခဲ့ပုံပေါ်သည်။
သို့ပေမဲ့ အတန်းပြီးဆုံးခါနီးမှာတော့ ရှန်ကွမ်းရှင်းရောင်ဆိုသော မိန်းကလေးသည် မတ်တပ်ရပ်၍ သိုင်းပညာ အကြောင်း သူ့အားမေးမြန်းတော့သည်။ သူမသည် အလွန့်ကို ဇွဲနဘဲကောင်းစွာဖြင့် ထောင့်စေ့အောင် မေးမြန်းလျက်ရှိသည်။ အကြီးအကဲကျန်သည် ဤမိန်းကလေးတပည့်အား အလွန်တရာ ချီးကျူးမိ၏။ ထို့ကြောင့် သူမ၏ မေးခွန်းများကို သတိထား၍ ပြန်လည်ဖြေကြားပေးခဲ့သည်။
နောက်ဆုံးမှာတော့ ဆိုးရွားသည့်အရာများဖြစ်ပေါ်လာတော့သည်။ ရှန်ကွမ်းရှင်းရောင်၏ မေးခွန်းများသည် တစ်ခု ပြီးတစ်ခု ဆက်တိုက်ဖြစ်ပေါ်လာပြီး အကြီးအကဲကျန်သည် အလွန်ပင် ခေါင်းကိုက်လာခဲ့၏။ သူသည် စိတ်ရှည် စွာဖြင့် မေးခွန်းများကို တစ်ခုပြီးတစ်ခု ဖြေကြားခဲ့ပြီး အတန်းထဲမှ ပြန်လည်ထွက်ခွာချိန်မှာတော့ ရုတ်တရက် ငါက ဘယ်သူလဲ၊ ဘာလာလုပ်တာလဲ၊ ဘယ်နေရာကို ရောက်နေလဲဆိုသည့် အကြောင်းအရာများကိုပင် စဉ်းစား၍ မရနိုင် အောင် ဦးခေါင်းတစ်ခုလုံး ပူထူလျက်ရှိနေတော့သည်။
ကျွင်းချောင်ရှောင်းသည် အကြီးအကဲကျန်အား စာနာသနားစွာဖြင့် လှည့်ကြည့်လိုက်၏။ သူသည်လည်း ရှန်ကွမ်းရှင်းရောင်ကြောင့် ရူးမလို ဖြစ်ခဲ့ရ၏။ သို့ပေမဲ့ စကားလမ်းကြောင်းကို ပြောင်းလိုက်၏။ “မနက်ဖြန် ဟွာတောင်တန်းကို သွားဖို့ လိုက်ခဲ့”
“ကောင်းပါပြီ”
ကျန့်ရာပြောလိုက်၏။ သူသည်ဂိုဏ်းတွင် ကျင့်ကြံနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်၏။ သေခြင်း ရှင်ခြင်း စင်မြင့်ပေါ်တွင် သူ၏စွမ်းဆောင်ရည်ကို ပြသခြင်းမှလွဲ၍ သူ၏မျက်နှာကို ပြလေ့ပြထမရှိပေ။
“အခု ငါက သံမဏိအရိုးဂိုဏ်းရဲ့ တစ်ဦးတည်းသော အကြီးအကဲပဲ၊ ဒါကြောင့် ငါက လူတွေကြားကို များများ သွားမှဖြစ်မယ်”
ကျွင်းချောင်ရှောင်းသည် ခဏလောက်တွေးပြီးနောက် လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီ၊ ရီချင်းရှန်နှင့် ကျိုးဟုန် တို့ကို ခေါ်ဆောင်သွားရန် စဉ်းစားလိုက်တော့သည်။ တခြားတပည့်များကိုတော့ ဂိုဏ်းတွင်သာ ဆက်လက် ကျင့်ကြံရန် စေခိုင်းခဲ့၏။
အကြီးအကဲများနှင့် အတွင်းစည်းတပည့်များ
သံမဏိအရိုးဂိုဏ်းသည် ဟွာတောင်တန်းရှိ အဓိကကျွမ်းကျင်သူများနှင့် ဆွေးနွေးရန်အတွက် ထိပ်တန်းတပည့်များ အား ခေါ်ဆောင်လာခဲ့သည်ဟုဆိုရပေမည်။ နောက်တစ်ရက်တွင်တော့ လျှိုဝမ်ရှစ်သည် ဂိုဏ်းချုပ်နှင့် အတွင်းစည်း တပည့်များ၊ သူ၏ စီနီယာအစ်ကိုများ စားသောက်ရန်အတွက် အလွန်တရာ အရသာရှိလှသော ဟင်းပွဲများကို ပြင်ဆင်ပေးခဲ့၏။
တပည့်များအား နှုတ်ဆက်၍ တောင်ဘက်စွန်းစွန်းဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့ကြတော့သည်။ ဟွာတောင်တန်းနှင့်သံမဏိအရိုးဂိုဏ်းကြား အကွာအဝေးသည် လုံရန်မြို့ဆီသွားသော ခရီးထက် ပို၍ ဝေးကွာ၏။ သို့ပေမဲ့ သူတို့သည် လေဓာတ်အမျိုးအစား သားရဲများရှိသောကြောင့် မြန်မြန်ဆန်ဆန် သွားရောက်ရန် ပြဿနာ တစ်ခုမဟုတ်ခဲ့ချေ။
“ဂိုဏ်းချုပ်”
လမ်းတစ်လျှောက်မှာတော့ လီချင်းယန်က ပြောလိုက်၏။ “ဒီဟာရီကိန်းဝံပုလွေတွေက အရင်ကထက်ပိုပြီးတော့ အားကောင်းလာပုံပဲ”
“ဒီသားရဲတွေက အောက်ဘက်နယ်မြေထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ကောင်းကောင်းစုပ်ယူနိုင်ခဲ့တယ်၊ ဒါကြောင့် သူတို့ရဲ့အားအင်အဆင့်က တိုးတက်လာခဲ့တာ” ကျန့်ရာသည် ဝင်ကာဖြေလိုက်၏။
ကျွင်းချောင်ရှောင်းသည် စိတ်ကူးတစ်ခု ရရှိသွား၏။
“အချိန်ရမယ်ဆိုရင် သားရဲတွေကို သွားပြီးတော့ ဖမ်းရမယ်၊ ပြီးရင်တောင်ပေါ်မှာ မွေးထားမယ်၊ လိုအပ်ပြီဆိုရင် သားရဲတွေရဲ့အသားနဲ့ သလင်းအမြူတေတွေတောင် ရနိုင်သေးတယ်”
တခြားသူများသည် ကြက်၊ ဝက်၊ ဘဲစသော တိရစ္ဆာန်များကို မွေးမြူရန်သာ စဉ်းစားကြ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း ကတော့ သူ၏တောင်ပေါ်တွင် သားရဲများကို မွေးမြူရန် စဉ်းစားနေချေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှ ချေသည်တကား။
သူတို့သည် တောင်အနည်းငယ်ကို ကျော်ဖြတ်သွားပြီးချိန်မှာတော့ မြစ်တစ်စင်းကို ဖြတ်ကျော်ရမည့်နေရာဆီသို့ ရောက်ရှိလာခဲ့ကြ၏။ တောင်များသည် ဖြတ်သန်းသွားလာရာတွင် အလွန်တရာ အန္တရာယ်များလှသည်ဆိုသော် လည်း ရေကိုဖြတ်သန်းသွားရသည်လောက် ကြောက်ရွံ့စရာမကောင်းလှပေ။ သူတို့သည့် ခက်ခက်ခဲခဲဖြင့် မြစ်ကို ကျော်ဖြတ်၍ သွားကြပြီးသည့်နောက်မှာတော့ မည်သည့်မွန်းစတားသားရဲကိုမှ ထပ်မံမတွေ့ဆုံကြချေ။ အဲအစား ဓားပြများနှင့်သာ ရင်ဆိုင်တွေ့မိကြတော့သည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် ကြီးမားလှသော ကျောက်တုံးကြီးပေါ်တွင်ထိုင်ကာ လက်ထဲရှိ အကင်ကို စားသုံးရင်း ပြောလိုက်၏။ “သူတို့က ဘာစကားတစ်ခွန်းမှတောင် မပြောဘဲ ထွက်လာပြီ လုကြတာ၊ ဒါက ငါတို့မြေအောက်လောကရဲ့ စည်းမျဉ်းတွေကို မလိုက်နာတာပဲ”
သူ၏ ပတ်ပတ်လည်မှာတော့ ဓားများ၊ ဓားမော့များကို ကိုင်ဆောင်ထားသည့် အလွန်တရာ ကြမ်းတမ်းခက်ထန် လှသော အသွင်သဏ္ဍာန်များနှင့် လူခုနှစ်ဆယ်၊ ရှစ်ဆယ်လောက်သည် ဝိုင်းပတ်လျက်ရှိနေကြ၏။
“မြေအောက်လောကရဲ့ စည်းမျဉ်းတွေ ဟုတ်လား”
ဓားပြခေါင်းဆောင်သည် ကြောင်သွား၏။ ပြီးနောက်ပြောလိုက်သည်။ “ကျုပ်တို့က အမှောင်လောကသားတွေ တူတူပဲလား”
ဝှီး
ကျွင်းချောင်ရှောင်းသည် လက်ထဲရှိ အကင်ချောင်းအား လွှင့်ပစ်လိုက်၏။ ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျယ်လောင်စွာ အော်လိုက်၏။ “မြေတွေက တောင်ကြီးကို တုန်ခါစေတယ်”
ဓားပြခေါင်းဆောင် “...”
ဓားပြအဖွဲ့သားများ “...”
ပြီးနောက် ဓားပြခေါင်းဆောင်သည် ချက်ချင်းပဲနားလည်သွားသည်။ ဤအရာသည် မြေအောက်လောက၏ လျှို့ဝှက် သင်္ကေတပင် ဖြစ်နိုင်၏။ သို့ပေမဲ့ သူသည် မြေအောက်လောကသားအဖြစ် ရပ်တည်ခဲ့သည်မှာ အချိန် အတော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ယခုလူငယ် ရေရွတ်လိုက်သော စကားလုံးကို တစ်ခါမှ မကြားဖူးခဲ့ချေ။
ထိုအခိုက်မှာတော့ အအေးအလင်းတန်းတစ်ခုသည် သူ၏ မျက်လုံးရှေ့၌ ဖြတ်ပြေးသွား၏။
ရီချင်းရှန်သည် သူ၏ ဘယ်ဘက်လက်တွင် ဓားကို ကိုင်၍ အခြားတစ်ဖက်နှင့် အကင်ချောင်းအား ကိုက်ကာ အေးစက်စက်ပြောလိုက်၏။
“အမှိုက်၊ သေလိုက်တော့”
ဘုန်း …။
ဓားပြခေါင်းဆောင်၏ ခြေထောက်များသည် ပျော့ခွေသွား၏။ ချက်ချင်းဆိုသလိုပဲ မြေပေါ်သို့ ဒူးထောက်ကျဆင်း သွားတော့သည်။ သူ၏ လည်ပင်းထက်တွင်တော့ ဓားရာတစ်ခုပေါ်ပေါက်လာသည်။
“ခေါင်းဆောင်”
တပည့်များအားလုံးသည် အလန့်တကြားဖြင့် ထအော်လိုက်တော့သည်။ သူတို့သည် သူတို့၏ လက်ထဲတွင်ရှိသော ဓားနှင့် ဓားမော့များကို ဒေါသတကြီးဖြင့် ဝှေ့ယမ်းလိုက်၏။ သို့ပေမဲ့ သူတို့မလှုပ်ရှားခင်မှာပဲ အလွန်တရာ များပြား လှသော ဓားရိပ်များသည် သူတို့ဆီသို့ ရောက်ရှိလာသည်ကို မြင်လိုက်ကြရသည်။
ချွင် ချလွမ်
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် ဓားကိုထုတ်လိုက်ကြသည်။ ဓားရိပ်များ ပျောက်ကွယ်ပြီး သည့်နောက်မှာတော့ သူတို့အားဝိုင်းပတ်လျက်ရှိသည့် ဓားပြရှစ်ဆယ်လုံး သေဆုံးနေခဲ့ပြီးဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာရှိ တောင်လေးကိုကြည့်၍ တီးတိုးရေရွတ်လိုက်မိတော့သည်။ “ငါတို့ ဓားပြစခန်းဆီသွားပြီး ပစ္စည်းသွားလုကြရအောင်”