အခန်း (၄၁၆)
Vol. 28 Ch. 416
ဟွာတောင်တန်း၏ ကျောက်လှေကားထစ်များဆီမှ စီရင်ထားသော အစီအရင်သည် စမ်းသပ်မှုမျှော်စင်နှင့်အလား တူသော အားအင်တစ်ခု တည်ရှိနေ၏။ ထို့ကြောင့် များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများ အားလုံးသည် လှေကားထစ်များကို တက်ရောက်ချိန်တွင် အလွန်တရာ ခက်ခက်ခဲခဲနှင့် တက်ရောက်နေရခြင်းပင် ဖြစ်တော့သည်။ သူတို့သည် တောင်၏တစ်ဝက်ဆီသို့ ရောက်ရှိရန်အတွက် အချိန်နှစ်နာရီကြာ ယူခဲ့ရ၏။
ကျွင်းရှောင်ချောင်းမှာတော့ တပည့်များကို ဦးဆောင်ကာ ပထမဦးဆုံးခြေလှမ်းကို စတင်လှမ်းလိုက်သည့် အချိန်ကတည်းက လေထုထဲတွင် မြေဆွဲအားဖြစ်တည်နေသည်ကို ခံစားမိလိုက်၏။ အရိုးသားဆုံးပြောရလျှင် သူသည် မြေဆွဲအားရှိသည်ဟူ၍သာ ခံစားမိလိုက်၏။ မြေဆွဲအားဆီမှ ဖြစ်ပေါ်လာသောဖိအားသည် သူ့တွင် သက်ရောက်မှုမရှိချေ။
အဘယ်ကြောင့်ဆိုသော် စမ်းသပ်မှုမျှော်စင်၏ ပထမထပ်မြေဆွဲအားသည် အပြင်လောကထက် ဆယ်ဆပို၍ အားကောင်းသည်။ ဤနေရာတွင်ရှိသော မြေဆွဲအားမှာတော့ ငါးဆနီးပါးသာ ကောင်းမွန်၏။ ထို့ကြောင့် ရှိသည် ဟုပင် မထင်မှတ်ချေ။
များပြားလှသော ကျင့်ကြံသူများသည် တရွေ့ရွေ့နှင့် တက်နေကြသည်ကိုကြည့်၍ ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်၏။ “သူတို့ကို မီအောင်လိုက်ပြီး ကျော်ရအောင်”
“ကောင်းပါပြီ”
တပည့်များသည် အမိန့်ကို လက်ခံရရှိပြီးသည့်နောက်တွင် ရှေ့သို့လှမ်းတက်လိုက်ကြ၏။ သူတို့အားလုံးသည် ပျံသန်းနေသကဲ့သို့ပင် ခံစားနေမိကြ၏။
အတွင်းစည်းတပည့်များကို မဆိုနှင့် လီထျန်းထျန်း၊ စီမာကျုံးတနှင့် တခြား သူများအားလုံးသည်ပင် တောင်ပေါ်သို့ လွယ်လွယ်ကူကူနှင့် တက်ရောက်နေကြသည်။
ထို့အပြင် သူတို့သည် စမ်းသပ်မှုမျှော်စင်၏ ပထမထပ်တွင် တစ်နေ့လျှင် အချိန်နှစ်နာရီမှာ ငါးနာရီကြာ လေ့ကျင့်ခဲ့ကြသူများဖြစ်သည် မဟုတ်လော။
၎င်းတို့၏ ကိုယ်ရေးကိုယ်သွေးအရ လီချင်းယန်နှင့်ရှောင်ကျီတို့သည် တောင်ပေါ်သို့ သက်တောင့်သက်သာဖြင့် တက်လျက်ရှိသည်။ စုရှောင်မိုနှင့်လီဖေးတို့သည်သာ ပါလာမည်ဆိုပါက တောင်ပေါ်သို့အစောကြီးထဲက ပြေးတက် နှင့်မည်ဖြစ်ပေသည်။
ကျွင်းချောင်ရှောင်းသည် ဟွာတောင်တန်းတစ်ဝိုက်တွင် လှည့်ပတ်လျက်ရှိသော တိမ်များကို ကြည့်၍ အလွန်တရာ လှပသည့် မြင်ကွင်းအဖြစ် ကြည့်ရှုလျက်ရှိသည်။ ဤကမ္ဘာကြီးသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပေါကြွယ်လျက် ရှိသည်။ ထို့ကြောင့် သူနေထိုင်ခဲ့ရာ ကမ္ဘာမြေထက် ပိုမို၍ လှပ၏။
ဝှစ် ဝှစ်
ရှေ့တစ်လှမ်း လှမ်းတက်လိုက်သည်နှင့် မြေဆွဲအားမှာ ပိုမို၍ တိုးတက်လာသည်။ ကျွင်းချောင်ရှောင်းနှင့် ကျန့်ရာ တို့၏ အမူအရာသည် မပြောင်းလဲခဲ့ချေ။ သူတို့သည် ခြေတစ်လှမ်း လှမ်းတက်ချိန်တိုင်း အလွန်တရာ တည်ငြိမ်နေ ကြ၏။ အမြန်နှုန်းအရ ပြောမည်ဆိုလျှင် သိုင်းကျင့်ကြံသူများ ဆယ်မိနစ်လောက်သွားရမည့်ခရီးကို သူတို့ ခြေတစ်လှမ်းနှင့် သွားနေကြခြင်းပင်ဖြစ်တော့သည်။
ဤနေရာသည် သိုင်းတာအိုဆွေးနွေးပွဲသို့ ရောက်ရှိလာကြသော လူများမှာ အလွန်ပင်များပြားပြီး ဂိုဏ်းအသီးသီးမှ ဖြစ်နေကြ၏။ လက်ရှိအချိန်တွင် ထိုသူတို့အားလုံးသည် တောင်၏တစ်ဝက်လောက်ကို တက်နှင့်ပြီးဖြစ်သည် ဆိုသော်လည်း မျက်နှာများသည် နီရဲလျက်ရှိပြီး အသက်ရှူသံများသည် မြန်ဆန်လျက်ရှိ၏။
ကျွမ်းကျင်သူ ဆရာကြီးများ၏ ပုံစံမှာ အလွန်တရာ တည်ငြိမ်နေပုံရှိသော်လည်း ၎င်းတို့၏ ကိုယ်တွင်းသက်လုံများ မှာတော့ ထိခိုက်လျက်ရှိနေသည်။ ဤလှေကားထစ်များသည် မြေဆွဲအား ငါးဆ ပိုမိုအားကောင်းစေသည် ဖြစ်သည့်အပြင် လက်ရှိအဆင့်နှင့် နှိုင်းယှဉ်၍ ပိုမိုအားကောင်းအောင် ဖန်တီးထားခြင်းလည်းဖြစ်တော့သည်။
“ခန်းမသခင်”
လီအာပြောလိုက်သည်။ “အဆင်ပြေရဲ့လား”
သူမသည် ခန်းမသခင်အား ဖေးမရင်း တက်နေရသည်ဖြစ်သောကြောင့် ချွေးများ တစ်ပေါက်ပေါက် ကျလျက် ရှိသည်။
ရှစ်ကျန်းရွမ်ပြောလိုက်သည်။ “ငါအဆင်ပြေပါတယ်”
သူမသည် အမှန်တကယ် အဆင်ပြေလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အသက်ရှူသံများသည် တည်ငြိမ်နေ၏။ မျက်နှာတွင်လည်း တစ်ချက်ကလေးမှ မူပျက်သွားခြင်းမျိုး မရှိချေ။
လီအာမှာတော့ မနေနိုင်ဘဲ ကျိတ်ကာပြောလိုက်သည်။ ခန်းမသခင်၊ ခန်းမသခင်က မျက်စိရောဂါရှိနေတယ်ဆိုပေမဲ့ အရမ်းကို လှပတယ်၊ ပြီးတော့ အလွန်တရာ အားကောင်းတဲ့ စိတ်နှလုံးကိုလည်း ပိုင်ဆိုင်သေးတယ်၊ ဒီလောက်အားအင်ကတော့ သူမကို ဘာမှ သက်ရောက်စေနိုင်မှာ မဟုတ်ဘူး။
မြောင်ဟွာခန်းမသည် အရင်အချိန် သိုင်းတာအိုဆွေးနွေးပွဲဆီသို့ တက်ရောက်ခဲ့သည်။ ထိုအချိန်တုန်းက ရှစ်ကျန်းရွမ်သည် မြေဆွဲအားကို အလုံးစုံ လျစ်လှူရှုထားသည်။ ကံဆိုးစွာဖြင့် တပည့်များမှာ အလွန်တရာ မောပန်းခဲ့ကြသည်။
လီအာနှင့် တခြားသောတပည့်များသည် အတွေ့အကြုံရှိပြီးသားဖြစ်သော်လည်း အရင်အချိန်ထက် အနည်းငယ်သာ ပို၍ သာလွန်ကောင်းမွန်လာကြသည်။ သူတို့အနေနှင့် တောင်ထိပ်ဆီသို့ တစ်ထိုင်တည်း တက်သွားဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။
“ဟင်း”
ရှစ်ကျန်းရွမ် သက်ပြင်းချကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းမလာဘူး၊ ဒါဆိုရင်တော့ ပျင်းစရာကြီးပဲ”
“ခန်းမသခင်”
လီအာပြောလိုက်သည်။ “အဲလူမလာတာ ကံကောင်းတယ်၊ မဟုတ်ရင် လှေကားထစ် မှာ မှောက်နေလောက်ပြီ”
သူမသည် ကျွင်းချောင်ရှောင်းနှင့် သံမဏိအရိုးဂိုဏ်းတပည့်များ၏ အားအင်အဆင့်ကို အသိအမှတ်ပြုသည် ဆိုသော်လည်း ဤတောင်ပေါ်သို့ တက်ရောက်ရသည့် ပထမဦးဆုံးအကြိမ် တက်ရောက်ရသည့် ခက်ခဲမှုသည် အလွန်တရာ ခက်ခဲသည့်အရာတစ်ခုဖြစ်မှန်း သိရှိပြီးဖြစ်၏။
ရှစ်ကျန်းရွမ်သည် ခေါင်းခါယမ်းကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက သာမန်ထက်ပိုတယ်၊ ဒီတောင်တက်ဖို့အတွက်ဆိုတာ သူ့အတွက် ခက်ခဲမှာ မဟုတ်ဘူး”
“...” လီအာသည် အလုံးစုံ ဆွံ့အလျက်ရှိသည်။ သူတို့သည့် အကြိမ်အနည်းငယ်လောက်သာ ထိတွေ့ ပြောဆိုခဲ့ကြ ဖူးသည်ဆိုသော်လည်း ခန်းမသခင်သည် ဂိုဏ်းချုပ်ကျွင်းပေါ်တွင် အလွန်တရာကောင်းမွန်သော မှတ်ချက်များ ပေးနေသည်။
ဘုန်း
ထိုအချိန်မှာပဲ အရှေ့မှ လှမ်းလျောက်လျက်ရှိသော သိုင်းကျင့်ကြံသူတစ်ယောက်သည် လှေကားထစ်များပေါ်တွင် ထိုင်ချလိုက်ပြီး မောပန်းကြီးစွာဖြင့် ပြောလိုက်၏။ “ကျုပ်ဆက်မတတ်နိုင်တော့ဘူး၊ ဒီနေရာမှာပဲ နားတော့မယ်”
“ဘာမှ မဟုတ်တဲ့ကောင်”
ဂိုဏ်းချုပ် တစ်ယောက် သည် ဒေါသတကြီးဖြင့် သူ၏မုတ်ဆိတ်မွှေးများကို ပွတ်သပ်ကာ အားအင်ကုန်ခမ်းလျက် ရှိသော သူ၏တပည့်အား စူးစိုက်ကြည့်လိုက်သည်။ သို့ပေမဲ့ သူသည် သူ၏တပည့်အား အပြင်းအထန်မဆူရဲချေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်သည်လည်း မြေဆွဲအား၏ ဖိအားကို ခံစားနေရသောကြောင့် ဖြစ်သည်။
မြေဆွဲအားငါးဆကို ခုခံရသည်မှာ အကန့်အသတ်ဆိုတာ ရှိနေ၏။ အချိန်အနည်းငယ်အတွင်းမှာပင် များပြားလှ သော ကျင့်ကြံသူများသည် မြေပေါ်တွင် ထိုင်ချလိုက်ကြ၏။ သူတို့သည် ဖိအားကို မခံစားနိုင်ကြတော့ချေ။
အဆင့်မြင့်ဂိုဏ်းများ တပည့်အချို့သည် အံကိုကြိတ်ကာ ခုခံ၍နေကြ၏။ သို့ပေမဲ့ သူတို့၏ ခြေလှမ်းတစ်လှမ်းခြင်း စီတိုင်းသည် အလွန်တရာ ခက်ခဲနေကြ၏။ လက်ရှိအခြေအနေမှာတော့ တောင်ထိပ်သို့ရောက်ရှိခြင်းသည် ဂိုဏ်းတစ်ခု၏ ဂုဏ်သိက္ခာဖြစ်သည်သာမက သူတို့၏ ဂုဏ်သိက္ခာအတွက်လည်း ဖြစ်လို့နေပြီ။
“ဂိုဏ်းချုပ်စွန်း”
ဂိုဏ်းချုပ်သည် ခြေလှမ်းနှစ်လှမ်းစာ ရှေ့ကတက်ရင်းမှ ရယ်ကာပြောလိုက်သည်။ “နောက်မှာကျန်ခဲ့တဲ့ ခင်ဗျားတို့ဂိုဏ်းက တပည့်တွေ တော်တော်များနေတာပဲ၊ ကြည့်ရတာ အရင်တစ်ခေါက် တုန်းကလောက် အရည်အချင်းမပြည့်ကြတော့ပုံပဲ”
ဂိုဏ်းချုပ်စွန်းသည် စိတ်ထဲမှ အလွန်တရာဒေါသထွက်သွား၏။ သို့ပေမဲ့ သူပြောလိုက်၏။ “ဂိုဏ်းချုပ်ဝမ်ဆီက တပည့်တွေလည်း နောက်မှာတော်တော်ပြတ်ကျန်ခဲ့တာပဲလေ၊ ကျုပ်တို့က တူတူပဲ”
ဂိုဏ်းချုပ်ဝမ်ပြောလိုက်သည်။ “ကျုပ်အထင်ရဆိုလည်း ဒီတစ်ကြိမ် ကျုပ်တို့ဂိုဏ်းက ခင်ဗျားတို့ဂိုဏ်းထက် ခြေတစ်လှမ်းသာမှာပဲ၊ ကျုပ်တို့က အရင်ဆုံးတောင်ထိပ်ကို ရောက်လိမ့်မယ်”
“အခုက လမ်းတစ်ဝက်မှာပဲ ရှိသေးတယ်လေ၊ ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့ခက်ခဲလိမ့်မယ်”
ဂိုဏ်းချုပ်စွန်းသည် ဘာတစ်ခုမှ ဆက်၍ မပြောတော့ချေ။ သူသည် သူ၏အတွေးများအားလုံးအား တောင်ပေါ်သို့ တက်ခြင်းပေါ်တွင်သာ ပုံအပ်ထားလိုက်၏။
ဂိုဏ်းချုပ်ဝမ်သည်လည်း ထိုနည်းလည်းကောင်းပင်။ သူသည် ဤသို့ လှေကားထစ်များတက်ခြင်းကို ပြိုင်ပွဲတစ်ခုအသွင် ကြိုးစားမှ ဖြစ်ပေလိမ့်မည်။ အဆင့်တူဂိုဏ်းခြင်းဖြစ်သည်မို့ မည်သူက ပို၍အားကောင်းသည်ဆိုခြင်းကို ထိုအရာနှင့် သက်သေပြမှ ဖြစ်ပေလိမ့်မည်။
ဟုတ်ပေသည်။ အလွန်တရာရှည်လျားလှသော ကျောက်လှေကားထစ်များတွင် ရှေ့ဆုံးမှ ဦးဆောင်နေသူမှာ အဆင့်လေးဂိုဏ်းတစ်ခုမှဖြစ်သည်။ ဂိုဏ်းချုပ်မှ တပည့်များအထိ အားလုံးတို့သည် ဒုတိယမှ လိုက်ပါနေသော ဂိုဏ်းထက် ခြေလှမ်းငါးဆယ်မှ ခြောက်ဆယ်နီးပါးလောက် ရှေ့ကို ရောက်လျက်ရှိသည်။ ထိုအကွာအဝေးကို အထင်သေးရန် မသင့်ပေ။ သူတို့အချိန်အတော်ကြာ နားနေမည်ဆိုလျှင်တောင်မှ နောက်မှလိုက်ပါလာသော ကျင့်ကြံသူများသည် လိုက်၍မီ နိုင်လိမ့်မည်မဟုတ်ချေ။
မြောင်ဟွာခန်းမသည်လည်း အခြားသောဂိုဏ်းများကဲ့သို့ပင် အလွန်တရာအားနည်းလှသော တပည့်များကြောင့် နောက်မှာကျန်ရစ်ခဲ့လေသည်။ မည်သို့မျှ မတတ်နိုင်ချေ။ အမျိုးသမီးဂိုဏ်း၏ တပည့်များသည် အမျိုးသားဂိုဏ်း များနှင့်ယှဉ်လျှင် သက်လုံပိုင်းဆိုင်ရာ ကွာခြားကြ၏။
“ဂိုဏ်းချုပ်”
အရှေ့မှဦးဆောင်သွားလျက်ရှိသော အဆင့်လေး ဟိုက်ချင်ဂိုဏ်း၏ တပည့်တစ်ယောက်သည် အနောက်ကို လှည့်ကြည့်ကာ ခက်ခက်ခဲခဲပြောလိုက်၏။ “နောက်ဆုံးတော့ ထိပ်ဆုံးနေရာကနေ ရောက်တော့မှာပဲ”
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “တခြာအဖွဲ့တစ်ဖွဲ့ ထပ်ပြီးမရောက်လာဘူးဆိုရင် ငါတို့ ကိုးဆယ်ရာခိုင်နှုန်းသေချာပေါက် ဗိုလ်ဆွဲပြီပဲ”
သူသည် တပည့်များကို ခေါ်ဆောင်၍ ဤ ဟွာတောင်တန်း၏ သိုင်းတာအိုဆွေးနွေးပွဲဆီသို့ အကြိမ်ပေါင်းများစွာ လာရောက်ခဲ့၏။ သို့ပေမဲ့ ဒုတိယနေရာ၌သာ အမြဲတမ်း ပန်းဝင်ခဲ့၏။ ဤတစ်ကြိမ်မှာတော့ ကျိန်းသေပေါက် ပထမ နေရာကို ရမည်ဟု သူစိတ်ဆုံးဖြတ်ထားသည်။
ဟိုက်ချင်ဂိုဏ်းသည် ရှေ့ဆုံးမှ ဦးဆောင်နေလျက်ပင် ရှိသေး၏။ သူတို့သည်လည်း မြေဆွဲအား၏ သက်ရောက်မှုကို ခံစားနေရသည်။ အပေါ်သို့တက်လေ သူတို့၏ အမြန်နှုန်းတွေသည် ပိုမို၍ ကျဆင်းလာလေဖြစ်သည်။
…....
“ငါမခံစားနိုင်တော့ဘူး၊ ငါထပ်ပြီး မခံစားနိုင်တော့ဘူး၊ ဒါက သုံးရက် သုံးညတိတိ သားရဲတွေ တိုက်ခိုက်တာ ထက်တောင် ပိုပြီးတော့ ပင်ပန်းသေးတယ်၊ ဒီ ဟွာတောင်တန်းရဲ့ ကျောက်လှေကားထစ်အစီအရင်က ဂုဏ်သတင်း ကျော်စောမှုနဲ့ ထိုက်တန်တာပဲ”
များပြားလှသော ကျင့်ကြံသူများသည် မောပန်းလွန်းလှသောကြောင့် ကျောက်လှေကားထစ်တွင် လဲကျနေကြပြီး ဖြစ်သည်။ သူတို့သည် အသက်ကိုပင် မနည်းရှူနေရပြီး ခြေထောက်များအားလုံးသည် ခဲဆွဲထားသကဲ့သို့ လေးလံ၍ ဆွဲမရန်ပင် ခက်ခဲနေကြသည်။ အနားမယူဘဲ နှင့် မည်သူမှ ဆက်၍ တက်နိုင်မည့် အခြေအနေ မရှိကြတော့ချေ။
“အမ်”
ထိုအချိန်မှာပဲ အောက်ဘက်ဆီမှ ခြေသံများကို ကြားလိုက်ရ၏။ သူတို့အားလုံးသည် ခက်ခက်ခဲခဲဖြင့် အောက်ဆီသို့ ကြည့်လိုက်ကြတော့သည်။
“တစ်၊ နှစ်၊ သုံး၊ လေး၊
ငါး၊ ခြောက်၊ ခုနှစ်၊ ရှစ်၊
ရှစ်၊ ခုနှစ် တစ်မျိုးပြောင်း”
“ကောင်းကင်ဘုံ”
ကျောက်လှေကားထစ်ပေါ်တွင် လှဲလျက်ရှိသော ကျင့်ကြံသူများသည် ခြေသံများနှင့်အတူ အားရပါးရ တက်လာ ကြသူများကို မြင်လိုက်ရချိန်မှာတော့ အလွန်အမင်း ဆွံ့အသွားတော့သည်။