အခန်း (၄၁၉)
Vol. 29 Ch. 419
"အသုံးမဝင်တဲ့ သိုင်းတာအို ဆွေးနွေးပွဲ ဟုတ်လား"
ကျွင်းချောင်ရှောင်း၏ စကားလုံးသည် များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများအား ဒေါသထွက်သွားစေ၏။
လီချင်းယန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွား၏။ "ဂိုဏ်းချုပ်ကတော့ ပြဿနာရှာပြီ"
"တောင်းပန်ပါတယ်"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အားလုံးကို ပစ်မှတ်ထားပြီး ပြောတာတော့ မဟုတ်ပါဘူး။ မြောင်ဟွာခန်းမက လွဲရင် ဒီမှာရှိတဲ့လူတွေအကုန်လုံးက အမှိုက်လို့ဆိုလိုတာပါ"
တစ်ခြားသောလူများသည် မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်သွားတော့သည်။
"ငါ့ရဲ့ဂိုဏ်းချုပ်က နည်းနည်း မမောက်မာလွန်းဘူးလား"
"မောက်မာလွန်းတဲ့ကောင်"
"နတ်ဆိုးမိစ္ဆာဂိုဏ်းက အကြီးအကဲတွေကို ထွက်ခွာသွားအောင် လုပ်နိုင်တယ်ဆိုပြီး ငါတို့ဆီမှာလာပြီး ဟိတ်ဟန်ပြနိုင်တယ်လို့ ထင်နေတာလား။ငါကသာ ခန်းမသခင်ရှစ်နဲ့ ရင်းနီးနေတဲ့ အကြောင်းသာ မဟုတ်ရင် မင်းလို ပေါက်တရကပြောတတ်တဲ့ သံမဏိအရိုးဂိုဏ်းဆိုတဲ့ ဂိုဏ်းသေးသေးလေးရဲ့ ဂိုဏ်းချုပ်ကို မျက်စိထဲမှာ ထည့်ထားမှာ မဟုတ်ဘူး"
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် ဒေါသ အချောင်းချောင်း ထွက်နေကြ၏။
ကျန့်ရာ၏ သိုင်းဘုရင်အော်ရာများ ရှိနေသည်သာ မဟုတ်လျှင် သူတို့သည် အစောကြီးကတည်းက ထွက်၍တိုက်ခိုက်ပြီး ဖြစ်နေသည်။
ဖျောက် …
ကျွင်းချောင်ရှောင်းသည် လက်ဖြောက်တီးလိုက်၏။
ရှောင်ကျီသည် ထိုင်ခုံတစ်ခုကို ယူဆောင်လာပြီး သူ၏ နောက်သို့ ချလိုက်သည်။
သူသည် ကြည့်ကောင်းလှစွာဖြင့် အသာထိုင်ချလိုက်၏။ ခြေထောက်ကို ချိတ်ကာ ပြောလိုက်၏။ “ဟွာတောင်တန်းက ပိုင်ရှင်မဲ့တဲ့ နေရာတစ်ခု မဟုတ်လား။ ခင်ဗျားတို့ တွေ ဒီကိုလာပြီး သိုင်းတာအိုဆွေနွေးပွဲကို လုပ်ကြတယ်။ကျုပ်ကတော့ ရှုခင်းကြည့်တယ်။တစ်ယောက်နဲ့တစ်ယောက် မနှောက်ယှက်ပဲ နေကြရအောင်...."
လီချင်းယန်သည် မူးနောက်နောက်ပင် ခံစားသွားမိ၏။
ချစ်လှစွာသောဂိုဏ်းချုပ် …. အားလုံးကို အမှိုက်လိုလည်း ပြောတယ်။ ဒီအမှိုက်တွေနားမှာနေပြီး ရှုခင်းကြည့်မယ်လည်း ဆိုနေပြန်တယ်။
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလိုမကျသလို ပြောလိုက်၏။ "မင်းထိုင်နေတဲ့နေရာက ငါတို့ သိုင်းတာအိုဆွေးနွေးပွဲ လုပ်မယ့်နေရာလေ။ရှုခင်းကြည့်ချင်တယ်ဆိုရင် တစ်ခြားနေရာကိုသွား။"
သူသည် ထ၍ ရိုက်နှက်လုမတတ် ဒေါသထွက်နေပြီဖြစ်၏။ သူ၏ တောင်ထိပ်ပေါ်သို့ ပထမဦးဆုံး ရောက်ရှိရန် ရည်ရွယ်ချက်ကိုလည်း ဖျက်ဆီးခဲ့သော သူ မဟုတ်လား။
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်းသည် ပုခုံးတွန့်ကာ မတ်တပ်ထရပ်လိုက်သည်။
“သိုင်းတာအိုနဲ့ ပတ်သက်ပြီး အနည်းငယ်သာ သိတဲ့ လူတစ်စုက အရှက်တရားမဲ့စွာနဲ့ ဟွာတောင်ပေါ်ကို လာပြီး သိုင်းပညာဆွေးနွေးအုံးမယ်တဲ့။ကြောင်တောင်တောင်နိုင်တဲ့ လူတွေပဲ"
ကျွင်းချောင်ရှောင်းသည် ယမ်းမှုန့်များ စားထားရလောက်ကို ထင်မှတ်ထားရအောင် ပါးစပ်ထဲမှ ထွက်လာသော စကားလုံးများသည် ကျည်ဆံများလို ဖြစ်နေတော့၏။
ဟမ့်။
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အေးစက်စက် ပြောလိုက်၏။ "ဒီတော့ ဂိုဏ်းချုပ်ကျွင်းကို ကြည့်ရတာ သိုင်းပညာနဲ့ ပတ်သက်ပြီးတော့ နက်နက်နဲနဲ နားလည်နေပုံပေါ်တယ်။"
"သိပ်ဟုတ်တာပေါ့။ခင်ဗျားတို့ထက်စာရင်တော့ အများကြီး သာတယ်လေ" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများအားလုံးသည် အထင်အမြင်သေးသလို လှမ်းကြည့်လိုက်ကြသည်။
"တကယ်လား"
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် လက်နှစ်ဖက်ကို အသာနောက်ပစ်ကာ ဂုဏ်ယူစွာနှင့် ပြောလိုက်သည်။ "ကျုပ်တို့က ဂိုဏ်းချုပ်ကျွင်းရဲ့ သိုင်းတာအိုနဲ့ ပတ်သက်ပြီး နည်းနည်းလောက် အတွေ့အကြုံ ယူချင်တယ်။"
"ထားလိုက်ပါ … ထားလိုက်ပါ"
ကျွင်းချောင်ရှောင်းသည် အသာထိုင်ကာ ပြောလိုက်သည်။ "ဘာမှ လုပ်စရာမရှိမှတော့ ဒီနေ့ ခင်ဗျားတို့လို ဆရာကြီးဆိုတဲ့လူတွေနဲ့ သိုင်းတာအိုအကြောင်း ဆွေးနွေးကြတာပေါ့။"
ဤစကား ၊ ဤအမူအရာ အမှန်တကယ်ပင် ထရိုက်ချင်စရာ ကောင်းလှသည်။
ကျွင်းချောင်ရှောင်းသည် ဤမျှမောက်မာပြီး လူအမြင်ကတ်လောက်စရာကောင်းအောင် ပြောဆိုနေရသည့် အကြောင်းအရင်းမှာ သီးခြားတာဝန်ကြောင့် ဖြစ်သည်။ သီးခြားတာဝန်သည် ဟွာတောင်တန်း၏ သိုင်းတာဝန်ဆွေးနွေးပွဲတွင် ပါဝင်ရန် ဖြစ်နေ၏။
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများ၏ အမူအရာနှင့် မျက်နှာသွင်ပြင်များကို ကြည့်လိုက်သည် ဆိုလျှင် သူ့အား သိုင်းတာအို ဆွေးနွေးပွဲသို့ ပါဝင်ခွင့်ပြုလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူသည် ဒေါသထွက်အောင် ရန်စနေခြင်းသာ ဖြစ်တော့သည်။
"မောက်မာလိုက်တဲ့ ဂျူနီယာလေး။ဒီလောက်ငယ်ရွယ်တဲ့ အသက်အရွယ်မှာ ဘယ်လောက် အားကောင်းတဲ့ သိုင်းတာအို ရှိနေမှာလဲ။"
"ဂိုဏ်းချုပ်လင်း … သူ့ကို မေးခွန်းတွေ မေးလိုက်စမ်းပါ။ဘာမှ မပြောနိုင်အောင် ပါးစပ် အဟောင်းသား ဖြစ်သွားအောင်သာ မေးလိုက်။"
များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများ အားလုံးသည် မနေနိုင်တော့ဘဲ ကျွင်းချောင်ရှောင်းအား အရူးတစ်ယောက်ကဲ့သို့ဖြစ်သွားအောင် မေးခွန်းတွေ တစ်ခုပြီးတစ်ခု ပစ်လွှတ်တိုက်ခိုက်ချင်စိတ် ပေါ်နေကြသည်။
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဤကဲ့သို့ မောက်မာလှသော လူငယ်လေးကို ကျိန်းသေပေါက် လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူသည် အေးစက်စက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျုပ်ဆီမှာ သိုင်းတာအိုနဲ့ ပတ်သက်ပြီး မေးခွန်းတွေ တော်တော်များတယ်။ဒီနေ့မှာ ကျုပ်ကို လမ်းညွှန်ပေးနိုင်မလား သိချင်မိတယ်"
"ပြသနာမရှိဘူး"
ကျွင်းချောင်ရှောင်းသည် သူ၏ ခြေထောက်ကို ချိတ်ထိုင်ပြီး ဟန်ပါပါဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဒါပေမဲ့ လူတစ်ယောက်ရဲ့ အရည်အသွေးဆိုတာ အကန့်အသတ်ရှိတယ် ။ ကျုပ်က ကျင့်ကြံခြင်း နည်းစနစ်တွေအပေါ်မှာပဲ အားကောင်းတာ။"
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် နှာခေါင်းရှုံ့လိုက်၏။
သိုင်းတာအိုဆွေးနွေးပွဲတွင် မေးမြန်းကြသည့် မေးခွန်းတော်တော်များများမှာ ကျင့်ကြံခြင်း နည်းစနစ်နှင့် ပတ်သက်သည့် မေးခွန်းများသာ ဖြစ်နေသည်။
အမွေးပင် စုံအောင်ပဲ မပေါက်သေးသော ဤလူငယ်လေးသည် ဘာတွေများ နားလည်နေလိမ့်မည်နည်း။
"ဒါဆိုလည်း ကျင့်ကြံခြင်း နည်းစနစ်အကြောင်းကို သင်ယူရတာပေါ့"
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အသစ်စက်စက် လျို့ဝှက်နည်းစနစ်ကျမ်းအား ထုတ်ယူကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "ဒီအတောအတွင်းမှာ ကျုပ်က လက်ဝါးနည်းစနစ်တစ်ခုကို လေ့လာထားတယ်။ဒါကို တွက်ချက်လိုက်မယ်ဆိုရင် ဒါတွေကို တိုက်ကွက်ကိုးကွက်ရှိနေတယ်။ဒါပေမဲ့ ပထမငါးကွက်ကိုပဲ ကျုပ် နားလည်နိုင်တယ်။ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ဒါကို ကူညီပြီး ထပ်တိုးလေးကွက်ကို ဆက်ပေးနိုင်မလား သိချင်မိတယ်"
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် ချီးကျူးသလို ကြည့်မိလိုက်ကြသည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် လက်ဝါးနည်းစနစ်ကို ဖန်တီးနိုင်သည်ဆိုသည်မှာ အလွန်အားကောင်းသော သိုင်းတာအိုကို ပိုင်ဆိုင်မှသာ ဖြစ်လိမ့်မည်။
ထို့အပြင် လူတိုင်းသည် သိုင်းနည်းစနစ်များကို ဖန်တီးနိုင်သူ မဟုတ်ပေ။
ဤကဲ့သို့သော ကျင့်ကြံခြင်းအဆင့်နှင့် သိုင်းနည်းစနစ်တစ်ခုကို ဖန်တီးနိုင်သည် ဆိုသည်မှာ ပါရမီရှင်ဟုပင် သတ်မှတ်နိုင်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါဆိုလည်း ကျုပ်က အားနာနာနဲ့ပဲ ညွှန်ပြမှု တစ်ချို့တစ်လေကို လုပ်ပေးရမှာပေါ့"
သူသည် အမှန်တကယ်ပင် မောက်မာနေသေး၏။
တစ်ဖက်လူများ၏ မခံချင်စိတ်ကို နှိုးဆွရာတွင် အမုန်းတရားများစွာ ပါလာမည်ကို သူ အစောကတည်းက မျှော်လင့်ထားပြီးဖြစ်၏။ များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် သူ့ကို ဝိုင်းပတ်ကာ မေးခွန်းများ ဆက်တိုက်မေးမြန်းရန်အတွက် စောင့်နေသလို ဖြစ်နေသည်ကိုလည်း သူ သေချာသိရှိပြီးဖြစ်သည်။
"ဂိုဏ်းချုပ်ကျွင်း"
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ၏ လျိုဝှက်နည်းစနစ်အား အသာပစ်ပေးကာ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး လုပ်ပါ"
ကျွင်းချောင်ရှောင်းသည် ကျမ်းစာအား ဖမ်းယူလိုက်၏။ ပြီးနောက် စာမျက်နှာကို လှန်ကြည့်လိုက်သည်။
သိုလှောင်လက်စွပ်ထဲတွင် ရှိသော အလယ်အလတ်အဆင့် အသိအမြင်မှာတော့ ကျိုးကြေသွားခဲ့ပြီဖြစ်သည်။ အလွန်တရာ နက်နဲလှသော သိုင်းအသိအမြင်များသည် သူ၏ သိစိတ်ထဲတွင် ပြည့်နက်သွားခဲ့၏။
စာမျက်နှာ အနည်းငယ်ကို လှန်လှောပြီးနောက်မှာတော့ သူ ပြောလိုက်၏။ "ဒီလိုမျိုး စာဦးအလယ်အဆင့် လက်ဝါးနည်းစနစ်ကို ဖန်တီးနိုင်ဖို့ သိုင်းတာအိုနဲ့ ပတ်သက်တဲ့ အသိပညာက မဆိုးဘူးလို့ ပြောရမယ်။"
"ဘာ … စဦးအလယ်အဆင့်ဟုတ်လား"
"ဂိုဏ်းချုပ်လင်းရဲ့ သိုင်းတာအိုက တော်တော်ကို မြင့်မားနေပြီပဲ" များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် ချီးကျူးလိုက်မိကြသည်။
အလယ်အဆင့် သိုင်းနည်းစနစ်တစ်ခုဆိုသည်မှာ သာမန် သိုင်းပညာရှင်များ နားလည်နိုင်သော အရာ မဟုတ်ချေ။
ဂိုဏ်းချုပ်လင်းသည် သိုင်းတာအို ဆွေးနွေးပွဲသို့ တက်ရောက်သည်မှာ သူ၏ ဖန်တီး၍ မပြီးဆုံးသေးသော သိုင်းပညာအား ထုတ်ဖော်ပြသ ကြွားဝါးရန်ပင်ဖြစ်သည်။
အရာအားလုံးသည် သူ ထင်မှတ်ထားသည့် အတိုင်းပင် ဤလက်ဝါးနည်းစနစ် အကြောင်းကို ကြားသိလိုက်ရချိန်မှာတော့ အကြီးအကဲများ၏ မျက်လုံးများသည် သူ့အား ချီးကျူးသည့် အရိပ်အယောင်များနှင့် ပြည့်နက်နေသည်ကို ကြည့်ရှုလိုက်မိ၏။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ထိုကဲ့သို့ ကြွားဝါရသည့်နေရာတွင် စိတ်ကျေနပ်မှု မရသေးချေ။ အံ့အားတသင့်ဖြင့် တွေးလိုက်မိသည်။ "ဒီကလေးက စာမျက်နှာ အနည်းငယ်ကို လှန်ကြည့်ရုံနဲ့ သိုင်းနည်းစနစ်ရဲ့ အဆင့်ကို တန်းပြောနိုင်တယ်။သူ့ဆီမှာ အရည်အချင်း ရှိနေတာ ဖြစ်မယ်"
"ဂိုဏ်းချုပ်လင်း ဟုတ်လား"
ကျွင်းချောင်းရှောင်းသည် ပထမဦးဆုံး စာမျက်နှာဆီသို့ လှန်ကာ ပြောလိုက်၏။
“ဒီလက်ဝါးနည်းစနစ်က စဦးအလယ်အဆင့် လက်ဝါးနည်းစနစ် ဆိုပေမဲ့ ပထမတိုက်ကွက်မှာ ကြီးမားတဲ့ ပြစ်ချက်ကြီးတစ်ခုရှိနေတယ်။ဒီတော့ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပြည့်စုံအောင် နားလည်နိုင်တယ်ဆိုရင်တောင်မှ ထုတ်ဖော်နိုင်တဲ့ စွမ်းအားက သာမန်အဆင့်ပဲ ရှိတယ်။"
"မဖြစ်နိုင်တာ"
ဂိုဏ်းချုပ်လင်းက ပြောလိုက်သည်။ "ကျူပ် ပထမသိုင်းကွက်ကို နှစ်ဝက်ကျော်အထိ လေ့လာခဲ့တာ ဘာပြစ်ချက်မှ မရှိနိုင်ဘူး။"
"ဂိုဏ်းချုပ်ကျွင်း … နားမလည်ဘူးဆိုရင်လည်း ပေါက်ကရတွေ လျှောက်မပြောပါနဲ့။" ဂိုဏ်းတစ်ခု၏ အကြီးအကဲသည် ခပ်တည်တည်ဖြင့် ဝင်၍ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျွင်း …. ဂိုဏ်းချုပ်လင်းက အစောကြီးကတည်းက သာမန်အဆင့် သိုင်းနည်းစနစ်တစ်ခုကို ဖန်တီးပြီးထားပြီပဲ။ဒီတော့ ပြသနာတစ်ခုခုရှိမယ်ဆိုရင် သူ မသိဘဲနေမှာ မဟုတ်ဘူး"
အားလုံးသည် ကျွင်းချောင်ရှောင်းအား အထင်အမြင်သေးသလို ကြည့်လိုက်ကြ၏။
ဂိုဏ်းချုပ်လင်း၏ လက်ဝါးနည်းစနစ်တွင် ပြစ်ချက်ကြီးတစ်ခု ရှိနေမည်ဟု သူတို့ လုံးဝ မထင်ကြချေ။
ကျွင်းချောင်ရှောင်းသည် အားလုံး၏ ရှုံ့ချမှုများကို လှစ်လှူရှူပြီး စာရွက်ပေါ်ရှိ မရီဒန်သွားရာ လမ်းကြောင်းအား လက်ညိုးညွှန်ပြလိုက်၏။ "မရီဒန်နှစ်ခုကို ချိန်ညှိလိုက်မယ်ဆိုရင် ပြစ်ချက်ကြီးကို လွယ်လွယ်ကူကူနဲ့ ချိန်ညှိပြီးသား ဖြစ်သွားမယ်။"
"မရီဒန်တွေကို ပြောင်းပြီးတော့ စွမ်းအင်လှုပ်ရှားစေမှာ ဟုတ်လား။ဒါက ကျင့်ကြံသူတစ်ယောက်ကို ရူးသွပ်သွားစေနိုင်တယ်။မင်းဆီမှာလည်း ပြစ်ချက်ကြီးနဲ့ ပတ်သက်ပြီး ထုတ်ဖော်နိုင်ဖို့ အရည်အချင်း မရှိဘူးဆိုရင်လည်း ဆက်ပြီး ပေါက်ကရတွေ လျှောက်မပြောပါနဲ့တော့။ဂိုဏ်းချုပ်လင်းရဲ့ သိုင်းတာအိုအရဆိုရင် ဒါက လုံးဝကို အဓိပ္ပါယ်မရှိဘူး။"
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် ကျွင်းချောင်ရှောင်းအား မှုန်ကုတ်ကုတ်ဖြင့် ကြည့်ကာ ပြောဆိုနေကြ၏။
သို့ပေမဲ့ ဂိုဏ်းချုပ်လင်းသည် ရှေ့သို့ ရောက်ရှိလာပြီး ကျွင်းချောင်ရှောင်း ပြသော တည်နေရာနှစ်ခုကို စိုက်ကြည့်လိုက်၏။ ပထမတော့ ကြောင်သွား၏။ ပြီးနောက် ငြိမ်သက်သွားသည်။
ခဏလောက်ကြာပြီးသည့် နောက်မှာတော့ သူ၏ မျက်လုံးထဲတွက် နားလည်သွားသည့် အရိပ်လက္ခဏာများ ပေါ်ပေါက်လာသည်။
သူ၏ သိုင်းတာအိုသည် မဆိုးလှချေ။
သူသည် လုပ်စရာ တစ်ခုတစ်လေမှ မရှိသည်ဆိုသည်နှင့် သိုင်းတာအိုနည်းစနစ်များကို လေ့လာရခြင်းအား နှစ်သက်သည်။ ပုံမှန်အားဖြင့် သူသည် ဤအချက်နှစ်ချက်၏ ပြောင်းလဲမှုနှင့် ပတ်သက်သည်များကို တစ်ချက်ကြည့်လိုက်သည်နှင့် နားလည်ပြီဖြစ်၏။
"ကျုပ် သိပြီ။"
ဂိုဏ်းချုပ်လင်း၏ လက်များသည် အလျင်အမြန်ဆိုသလိုပဲ လှုပ်ရှားနေ၏။ ရုတ်တရက်ဆိုသလိုပဲ သူ နားလည်သွားမိ၏။ "ကျုပ်တကယ်သိပြီ။ဒါက …"
များပြားလှသော ဂိုဏ်းများမှ ကျင့်ကြံသူများသည် အိမ်မက်မှ နိုးထလာသော လူတစ်ယောက်လို ဖြစ်နေသော ဂိုဏ်းချုပ်လင်းအား ကြည့်ပြီး အံ့အားသင့်နေကြသည်။
"ဒါဆိုရင် ဒီ …. ဒီကောင်လေးက သိုင်းနည်းစနစ်ရဲ့ ပြစ်ချက်ကြီးကို ထုတ်ဖော်ပြသနိုင်တာလား"
ကျွင်းချောင်ရှောင်းသည် ဒုတိယစာမျက်နှာက်ု လှန်၍ ပစ်ချက်နှစ်ချက်ကို ညွှန်ပြလိုက်၏။ "ဂိုဏ်းချုပ်လင်း ဒါတွေကိုလည်း နည်းနည်းလေး ချိန်ညှိလိုက်မယ်ဆိုရင် ကျုပ်တို့ ဒုတိယတိုက်ကွက်မှာ ပိုပြီးတော့ အားအင်တွေ တိုးလာလိမ့်မယ်...."
ဂိုဏ်းချုပ်လင်းသည် ငြိမ်သက်သွား၏။
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ သူ၏မျက်နှာပေါ်တွင် နားလည်မှု အရိပ်အယောင်များ ပေါ်လာပြန်သည်။ သူသည် ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။ "ဒါ ဟုတ်တယ်။ဒါ တကယ်ဟုတ်တာပဲ"
ကျွင်းချောင်ရှောင်းသည် နောက်ထပ် စာမျက်နှာ အနည်းငယ်ကို လှန်ပြီး လက်ဝါးနည်းစနစ်တွင် ရှိသော ပြစ်ချက်များကို တစ်ချက်ပြီးတစ်ချက် ညွှန်ပြနေ၏။
သိုင်းတာအိုကို ပြင်းပြင်းထန်ထန် ယုံကြည်ချက်ရှိနေသော ဂိုဏ်းချုပ်လင်းသည် တစ်ခါတစ်ရံတွင် ငြိမ်သက်သွား၏။တစ်ရံတစ်ရံတွင် ဉာဏ်အလင်းရသလို ဖြစ်သွားခဲ့ပြီး သိုင်းတာအို၏ လောကသစ်တစ်ခုကို ရောက်ရှိရန် တံခါးသစ်တစ်ချပ် ပွင့်သွားသလိုပင် ခံစားနေမိ၏။
"ဂိုဏ်းချုပ်ကျွင်း"
နောက်ဆုံးမှာတော့ သူသည် နားလည်သွားမိ၏။ သူသည် လေးလေး စားစားဖြင့် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "ခင်ဗျားက တကယ့်ကို သိုင်းတာအိုနဲ့ ပတ်သက်တဲ့ ဆရာကြီးတစ်ယောက်ပဲ။"