အခန်း (၄၂၃)
Vol. 29 Ch. 423
ကျောက်စင်မြင့်ပေါ်မှ စိတ်ဝိညာဉ်စွမ်းအင်များသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လူအများ၏ အမြင်ကို ကွယ်ပျောက်သွားစေ၏။ ကျန့်ရှန်းစစ်၏ ပုံပန်းသွင်ပြင် ပြန်လည်ပေါ်ပေါက်လာချိန်မှာတော့ သူ၏ လက်နှစ်ဖက်သည် ခုခံထားသည့် အနေအထားဖြင့် ပေါင်းစည်းလျက်ရှိနေသည်။
သူ၏ အမူအရာမှာ အလွန်တရာပျက်ယွင်းလျက်ရှိနေ၏။ ရီချင်းရှန် ချက်ချင်းထုတ်ဖော်တိုက်ခိုက်လိုက်သော လခြမ်းဓားကွက်များသည် အလွန်တရာအားကောင်းလွန်းသည်သာမကဘဲ အားနည်းချက်နေရာများကို အသာစီး ရယူတိုက်ခိုက်နေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် သူ့အနေနှင့် တစ်ခုချင်းစီကို တားဆီးရန်သာ တတ်နိုင်တော့၏။
ဤကဲ့သို့ ကြမ်းရမ်းလှပြီး အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်တိုက်ခိုက်မှု နည်းစနစ်သည် သူ၏ ခန္ဓာကိုယ်ကို ထိမှန်ချိန်မှာတော့ အလွန်တရာ နာကျင်လွန်းလှ၏။ ကျန့်ရှန်းစစ်သည် အထူးပါရမီရှင်တစ်ယောက် ဖြစ်ရုံသာမက ခန္ဓာကိုယ်အားအင်ကိုလည်း အထူးကျင့်ကြံခဲ့သူဖြစ်သည်။ ထိုသို့သာမဟုတ်လျှင် သူသည် လက်ရှိအချိန်၌ လွှင့်စင်သွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်လိမ့်မည်။
မဟုတ်ဘူး၊ မဟုတ်ဘူး ဒီကောင်ရဲ့ခန္ဓာကိုယ်က အရမ်းမာလွန်းတယ်၊ ပြီးတော့ စိတ်ဝိညာဉ်စွမ်းအင် တွေကလည်း အရမ်းကြမ်းတမ်းတယ်၊ အနိုင်ရဖို့ မဖြစ်နိုင်ဘူး။
ဤနေရာတွင် လီချင်းယန် သို့မဟုတ် ရှောင်ကျီသာဖြစ်မည်ဆိုပါက ကျန့်ရှန်းစစ်သည် သူ၏ ကျင့်ကြံခြင်းနှင့် စိတ်ဝိညာဉ်အမြစ်တို့၏ အကူအညီကိုအားကိုးကာ ပြန်လည်အနိုင်ယူ တိုက်ခိုက်နိုင်စွမ်း ရှိနေလိမ့်မည်။ သို့ပေမဲ့ တိုက်ခိုက်ရေးနည်းစနစ်အတွေ့အကြုံနှင့် အားအင်အဆင့်နှစ်ခုလုံးကို ပိုင်ဆိုင်နေသော ရီချင်းရှန်ကဲ့သို့ ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့်အခြေအနေမှာတော့ သူသည် အနိုင်ရရန် အခွင့်အရေးဟူ၍ မရှိပေ။
ဤအချိန်မှာတော့ သူသည် သိုင်းဆရာထိပ်ဆုံးအဆင့်သို့ ရောက်ရှိမည်ဆိုလျှင်တောင်မှ အထက်စီးမှ ပြန်လည် တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ပေ။ သိုင်းဆရာအဆင့်ခုနှစ် ကျင့်ကြံခြင်းအဆင့်သာရှိသော ရီချင်းရှန်သည် သံမဏိ အရိုးဂိုဏ်းတွင် အချိန်အတော်ကြာ ကျင့်ကြံပြီးသည့်နောက်မှာတော့ သိုင်းဆရာအဆင့်တွင် ပြိုင်ဘက်ကင်းသည့် တည်ရှိသူတစ်ယောက်အဖြစ် ဖြစ်တည်နေပြီဖြစ်သည်။
သူ၏ ပြိုင်ဘက်သည် နတ်ဘုရားအဆင့်စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူ မဟုတ်သ၍ သူသည် မည်သူ့ကိုမဆို သိုင်းဆရာနယ်ပယ်တွင် အနိုင်ယူနိုင်စွမ်းရှိနေ၏။
ဝှစ်
ရီချင်းရှန်သည် အချိန်ကို ဖြုန်းမနေချင်ပေ။ ထပ်မံ၍ တိုက်ခိုက်လိုက်၏။ သူ၏ ခန္ဓာကိုယ်အားအင် စမ်းသပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူ၏ အဓိကတိုက်ခိုက်ခြင်းနည်းစနစ်အဖြစ် လခြမ်းဓားကွက်ကို အသုံးပြုကာ ပြောင်းလဲ တိုက်ခိုက်တော့၏။ ဤစိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်သည် စွမ်းအင် ကုန်ဆုံးမှု နည်းပါးပြီး အလွန်တရာလည်း အားအင်ပြင်းထန်လှသည်။
ထို့ကြောင့် ညအင်ပါယာသည် တိုက်ခိုက်ရာတွင် ထိုနည်းစနစ်ကို အလွန်တရာ အားကိုးလွန်းလှ၏။
အစပိုင်း တုန်းက ကျန့်ရှန်းစစ်သည် သူ၏ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုကာရှောင်ရှားနေခဲ့ရ၏။ လက်ရှိ အချိန်တွင် စိတ်ဝိညာဉ်စွမ်းအင်များ၏ အဝေးရောက်တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်မှာတော့ သူ၏ အခြေအနေသည် ပို၍ ဆိုးရွားသွားခဲ့ပြီဖြစ်သည်။ လခြမ်းပုံသဏ္ဍာန် အလင်းဓားများသည် သူ့ဆီသို့ မထင်မှတ်ထားသည့် ထောင့်ချိုးများဆီမှ လှမ်းဝင်လာခဲ့သည်။
ဘုန်း …. ဘုန်း
ကျန့်ရှန်းစစ်သည် ရှောင်တိမ်းဖို့ ကြိုးစားခဲ့လိုက်၏။ သို့ပေမဲ့ များပြားလွန်းသော တိုက်ခိုက်ချက်များဖြစ်သည်မို့ သူ၏ လက်များသည် အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများကိုသာ ကာကွယ်ထားနိုင်ပြီး ကျန်သည့် အလင်း တန်းများအား ခန္ဓာကိုယ်အား ထိခိုက်စေခဲ့ရ၏။
ဖောင်း ဖောင်း
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နောက်ဘက်သို့ ယိုင်ထွက်သွားပြီး ဆက်တိုက်ဆိုသလိုပဲ နောက်သို့ဆုတ်နေရ၏။
ဝှစ်
ရီချင်းရှန်သည် ကျန့်ရှန်းစစ်၏ရှေ့၌ပေါ်လာပြီး အလွန်တရာ အားကောင်းလှသော ဟန်ပန်ဖြင့် ပြောလိုက်သည်။ “အောက်ကိုဆင်းစမ်း”
ဝှစ်
သူသည် ပေါက်ကွဲလက်သီးကို အသုံးပြုကာ ထိုးနှက်လိုက်တော့သည်။ လှိုင်းလေအဟုန်များသည် သူ၏ လက်သီးနှင့်အတူ တဝှီးဝှီးနှင့် အသံတွေ ထွက်လာ၏။
ဘုန်း
ကျန့်ရှန်းစစ်သည် ဤတစ်ကြိမ်မှာတော့ လုံးဝမရှောင်နိုင်တော့ချေ။ သူ၏ ရင်ဘတ်အား တိုက်ရိုက်ထိမှန်သွားပြီး နောက်ဘက်ဆီသို့ ယိုင်ကာ ကျောက်စင်မြင့်ပေါ်မှ အောက်သို့ ဖင်ထိုင်လျက် ပြုတ်ကျတော့သည်။
“…….”
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများ၏ နှုတ်ခမ်းထောင့်များသည် တဆက်ဆက် တုန်ရင်သွားကြ၏။ လူသားအဆင့် ရှစ်ဆယ့်ကိုးယောက်မြောက် စာရင်းဝင်သော ပါရမီရှင် သံမဏိအရိုးဂိုဏ်းတပည့်အား အလုံးစုံ ရှုံးနိမ့်ခဲ့ရပြီးဖြစ်သည်။ အလွန်တရာ အားကောင်းလွန်းလှသလို အလွန်တရာလည်း ကြောက်မက်ဖွယ်ကောင်း လှ၏။
ဟူး
ကျန့်ရှန်းစစ်သည် သက်ပြင်းရှည်ကြီးချပြီး ခက်ခက်ခဲခဲဖြင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ညှာတာခဲ့တဲ့အတွက် ကျေးဇူးပါ”
သူ၏ ပြိုင်ဘက်သည် ထုတ်ဖော်တိုက်ခိုက်လိုက်သော လက်သီးအချက်တွင် အားအင်အဆင့်များကို လျော့ချထား သည်ကို သူကောင်းကောင်းသိ၏။ မဟုတ်ပါက သူ့အနေနှင့် အရမ်းပြင်းထန်သောဒဏ်ရာကို ရရှိမည်ဖြစ်ပြီး သွေးတွေပင် အန်ထွက်လာပေလိမ့်မည်။
ရီချင်းရှန်သည် များပြားလှသော ဂိုဏ်းများမှ တပည့်များဆီသို့ အကြည့်ပို့လိုက်ပြီး ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ “သူရဲကောင်းစာရင်းကို ဝင်နေတဲ့ အခြားကျင့်ကြံသူတွေ ရှိသေးလား၊ ရှိသေးရင် ထွက်ပြီးတော့ ကျုပ်နဲ့ တိုက်ခိုက်”
ဒီစကားမှာ အလွန်ပင် မောက်မာလွန်းလှ၏။
ကံဆိုးစွာပင် များပြားသောဂိုဏ်းများမှ တပည့်များ၏ အရေ အတွက်သည် အလွန်တရာများပြားနေသည်ဆိုသော်လည်း သူရဲကောင်းစာရင်းသို့ ဝင်ရောက်သည့် သိုင်းကျင့်ကြံသူ မှာတော့ ကျန့်ရှန်းစစ်တစ်ယောက်သာ ရှိခဲ့သည်။
ကောင်းကင်စာရင်း တစ်ရာ၊ မြေကမ္ဘာစာရင်း တစ်ရာ နှင့် လူသားစာရင်း တစ်ရာသာရှိ၏။ ထို့ကြောင့် ဤစာရင်း တွင် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ပါရမီရှင် သုံးရာသာရှိသည်ဟု ဆိုရပေမည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ လူဦးရေအရ ပြောမည်ဆိုလျှင် ထိုစာရင်းသို့ ဝင်ရောက်နိုင်သည့် လူဦးရေ အရေအတွက်မှာ ခန့်မှန်း၍ မရနိုင် အောင် သေးငယ်ပေလိမ့်မည်။
သို့ပေမဲ့ သူတော်စင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော ကျန့်ရှန်းစစ်သည် လူသားစာရင်း၏ ရှစ်ဆယ့် ကိုးယောက်မြောက် စာရင်းတွင်သာ ပါဝင်ခဲ့သူဖြစ်သည်။ သူ၏ အထက်တွင်ရှိသော ပါရမီရှင်များမှာ ကျိန်းသေပေါက် ပိုမို၍ အားကောင်းပေလိမ့်မည်။
လွန်ခဲ့သည့်နှစ်တစ်ထောင် ရီချင်းရှန်တို့၏ ခေတ်တုန်းက ကောင်းကင်စာရင်း နံပါတ်တစ်တွင် ရှိနေသူမှာ နတ်ဘုရားအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ပြီး သိုင်းဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့၏။ ထို့ကြောင့် ကောင်းကင်စာရင်း၏ နံပါတ်တစ်တွင် ပါဝင်သူများမှာ သိုင်းအုပ်စိုးသူတစ်ယောက်အဆင့်နီးပါး အားကောင်းရမည်ဖြစ်ပြီး အသက်အရွယ်အားဖြင့် သုံးဆယ်ပင် မပြည့်ကြသေးချေ။ ထို့ကြောင့် အလွန် အားကောင်းသူများဟု ဆိုရပေမည်။
အကြီးအကဲကျန့်သည် အသက်နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက် လောက်သာရှိပြီး သိုင်းဘုရင်အဆင့်နှစ် စွမ်းအင်ကို ပိုင်ဆိုင်နေသူဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် တစ်နှစ်လျှင် တစ်ဆင့်သာ တိုးတက်သွားမည်ဆိုပါက အသက် သုံးဆယ်မပြည့်ခင် သိုင်းဘုရင်ထိပ်ဆုံးအဆင့် ရောက်ရှိသွားမည်ဖြစ်သည်။
“မရှိတော့ဘူးလား”
ရီချင်းရှန်သည် ကျောက်စင်မြင့်ပေါ်မှ စိတ်ပျက်လက်ပျက်ဖြင့် အောက်သို့လျှောက်ဆင်းလိုက်၏။
ဒင်
“သီးခြားတာဝန် ပြည့်စုံသွားပြီ၊ ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ ရရှိသည်”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် - ၇၄၆၁/၅၀၀၀”
ဒင်
“ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့် …”
တာဝန်ပြည့်စုံအောင် ပြုလုပ်ခဲ့၍ ရရှိခဲ့သော ဂိုဏ်းစုဆောင်းမှတ်များသည် ဟွာတောင်တန်းဆီသို့ လာသည့် တစ်ခုတည်းနှင့်ပင် ၂၅၀၀ မှတ်အထိ ရရှိခဲ့ပြီးဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် အလွန်တရာ ပျော်ရွှင်နေ၏။
“အားလုံးပဲ”
သူသည် လက်သီးကိုဆုပ်ကာပြောလိုက်၏။ “ဒီမှာ ထပ်ပြီးတော့ လက်ရည်စမ်းချင်တဲ့လူများရှိသေးလား”
“……”
ကျင့်ကြံသူများအားလုံးသည် ငြိမ်သက်သွားကြ၏။ လက်ရည်စမ်းသည်ဆိုသည်မှာ ယှဉ်ပြိုင်နိုင်လောက်သော တူညီနိုင်သည့်အားအင်ရှိမှ လက်ရည်စမ်း၍ ရပေလိမ့်မည်။ တစ်ဖက်သတ်ရိုက်နှက်ခံရမည်ကို သိသိကြီးနှင့် ဘယ်သူက လက်ရည် စမ်းချင်ပေလိမ့်မည်နည်း။ အရူးမှသာလျှင် ထိုသို့သောကိစ္စများကို ပြုလုပ်လိမ့်မည်။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းတပည့်သည် ပါရမီရှင်လူသားစာရင်းဝင် ကျန့်ရှန်းစစ်အား အနိုင်ယူပြီးသည့် နောက်မှာတော့ တခြားသောဂိုဏ်းများမှ ၎င်းတို့၏ တပည့်များအား ယှဉ်ပြိုင်တိုက်ခိုက်ရန် မစေလွှတ်တော့ပေ။
“ဘယ်သူမှ မရှိတော့ဘူးဆိုရင်”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ကျုပ်တပည့်တွေကို ခေါ်ပြီးတော့ ရှုခင်းသွားကြည့်ပါတော့မယ်”
သွား … သွား၊ မင်းဒီမှာရှိနေရင် ငါတို့ ဟန်လုပ်လို့ မရဘူး။
ဂိုဏ်းချုပ်ကျွင်းနှင့် သူ၏တပည့်များသည် ဟွာတောင်တန်းတွင် ပေါ်လာပြီး တည်နေရာတစ်ခုလုံး၏ အာရုံ စူးစိုက်မှုကို ဆွဲယူသွားသည်။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “နှုတ်ဆက်ပါတယ်”
ပြီးနောက်သူသည် လက်ကိုယမ်းခါ၍ ကျောက်စင်မြင့်ပေါ်မှ ထွက်ခွာသွားတော့သည်။
“ဂိုဏ်းချုပ်ကျွင်း”
ရှစ်ကျန်းရွှမ် အော်လိုက်၏။ “ကျွန်မကိုလည်း ရှုခင်းကြည့်ဖို့ ခေါ်သွားအုံးနော်”
“သေချာတာပေါ့” ကျွင်းချောင်ရှောင်းသည် ပြန်လည်ပြောဆိုလိုက်၏။
…………..…
သံမဏိအရိုးဂိုဏ်းမှ လူများနှင့် မြောင်ဟွာခန်းမမှလူများ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် သူတို့၏ ဦးခေါင်းကို ခါယမ်းရုံသာ တတ်နိုင်ကြတော့၏။ အားလုံးသည် စင်မြင့် ပေါ်တွင် နေရာယူ၍ ဟန်လုပ်ရန် ကြံစည်ထားကြသည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် အားလုံးထဲတွင် အထင်ပေါ်ဆုံး လူတစ်ယောက်အဖြစ် အခြေအနေက ဖန်တီးပေးခဲ့၏။
သူတို့သည် သိုင်းတာအိုဆွေးနွေးပွဲကို မည်ကဲ့သို့သောစိတ်ဖြင့် ဆက်၍ ဆွေးနွေးရမည်နည်း။ ကျွင်းချောင်ရှောင်း ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရှုပြီး ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက သိုင်းတာအိုနဲ့ပတ်သက်ပြီး နက်နက်နဲနဲ နားလည်နေတယ်၊ သံမဏိအရိုးဂိုဏ်းရဲ့ အနာဂတ် အောင်မြင်မှုက တကယ့်ကို မခန့်မှန်းနိုင်ဘူး”
“ဒါကတော့ အမှန်ပဲ”
များပြားလှသော အကြီးအကဲများသည် သဘောတူညီလိုက်ကြ၏။ ဂိုဏ်းချုပ်သာ အားကောင်းမည်ဆိုလျှင် တပည့်များသည် အားကောင်းပေလိမ့်မည်။ မနှေးနှင့် မမြန်ဆိုသလို ဂိုဏ်းသည်လည်း ပိုမိုအားကောင်းလာပေ လိမ့်မည်။
“ကျုပ်အထင်ရဆိုရင်”
ဟိုက်ချင်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်၏။ “နှစ်သုံးရာ မပြည့်ခင်မှာပင် သံမဏိအရိုးဂိုဏ်းက ကျော်ကြားတဲ့ဂိုဏ်းတစ်ခု ဖြစ်လာလိမ့်မယ်”
“ဒီလောက်အားကောင်းတဲ့ သိုင်းတာအိုကို ပိုင်ဆိုင်နေပြီဆိုမှတော့ သံမဏိအရိုးဂိုဏ်းက အဆင့်သုံး ဂိုဏ်းတစ်ခု ဖြစ်လာမှာ မလွဲမသွေပဲ”
ဟွာတောင်တန်း၏ သိုင်းတာအိုဆွေးနွေးပွဲပြီးသည့်နောက်မှာတော့ များပြားလှသော ဂိုဏ်းများမှ အကြီးအကဲ များသည် ကျွင်းချောင်ရှောင်းအား ချီးကျူးမိကြ၏။ ထို့အပြင် မြင့်မြင့်မားမားလည်း မျှော်လင့်ထားမိကြသည်။ အနာဂတ်တွင် ကျိန်းသေပေါက် အောင်မြင်မှုကို ပိုင်ဆိုင်မည့်သူအဖြစ် သူတို့ တွေးထင်မိကြသည်။ သို့ပေမဲ့ အချိန် မရောက်ခင် မသေဆုံးရန်တော့ လိုအပ်နေသည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အလွန်တရာ အားကောင်းလှသော ပါရမီရှင်များသည် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြသည်။ သို့ပေမဲ့ ထိပ်တန်းအဆင့်တွင် ရပ်တည်နိုင်ခဲ့သည့် ပါရမီရှင် အနည်းငယ် သာရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုပါရမီရှင်များသည် လမ်းတဝက်၌ သေဆုံးသွားခဲ့ကြသောကြောင့်ပင် ဖြစ်၏။
……….
“ဂိုဏ်းချုပ်ကျွင်း”
ရှစ်ကျန်းရွှမ်သည် ကြီးမားလှသော ကျောက်တုံးကြီးတစ်ခုပေါ်တွင် ငြိမ်ငြိမ်သက်သက်ဖြင့် ထိုင်ကာပြောလိုက်၏။ “ရှင့်ဆီမှာ ဒီလောက် သိုင်းတာအိုအပေါ် နက်နဲလှတဲ့ အသိပညာတွေရှိနေမယ်လို့ ကျွန်မ မထင်မိခဲ့ဘူး”
ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်လိုက်ပြီး ပြောလိုက်၏။ “သိုင်းပညာနဲ့ပတ်သက်တဲ့ အသိအမြင်တွေ ရှိနေလို့လည်း အသုံးမဝင်ပါဘူး၊ ပိုပြီးမြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့် ရှိဖို့က ပိုပြီးအရေးကြီးတယ် မဟုတ်ဘူးလား”
ရှစ်ကျန်းရွှမ်သည် ပြုံးကာပြောလိုက်၏။
“ဂိုဏ်းချုပ်ကျွင်းက သိုင်းတာအိုနဲ့ပတ်သက်ပြီး နက်နဲတဲ့ နားလည်မှုရှိတယ်၊ ဒါကြောင့် အချိန်အနည်းငယ် အတွင်းမှာပဲ မြင့်မားတဲ့ သိုင်းကျင့်ကြံခြင်းအဆင့်ကို ရောက်သွားမှာ သေချာတယ်လေ”
“အင်း”
ကျွင်းချောင်ရှောင်းသည် ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။ “ကျုပ်ထက်စောပြီး ကျင့်ကြံတာကြောင့် ကျုပ်ထက်ပိုပြီး အားကောင်းတဲ့သူတွေ အများကြီးရှိတယ်လေ၊ ဒါပေမဲ့ ကျုပ်ဆီမှာသာ အချိန်လုံလုံလောက်လောက်ရှိမယ်ဆိုရင် သူတို့တစ်ယောက်ချင်းစီကို ကျော်ဖြတ်ပြီး သိုင်း အင်ပါယာတစ်ယောက် ဖြစ်လာမယ်လို့ မျှော်လင့်မိတယ်”
“သိုင်းအင်ပါယာ ဟုတ်လား”
ရှစ်ကျန်းရွမ်သည် ကြောင်အမိသွား၏။ ဂိုဏ်းချုပ်ကျွင်းက ဒီလောက်ရည်ရွယ်ချက် ကြီးမားတာပေါ့၊ အဆင့်လေး ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်အနေနှင့် သူမ အနာဂတ်တွင် ချိုးဖြတ်နိုင်သော သိုင်းအဆင့်မှာ သိုင်းအုပ်စိုးသူ (သို့မဟုတ်) သိုင်းနယ်မြေ အဆင့်လောက်ထိသာ မျှော်မှန်းထားခဲ့၏။ သိုင်းအင်ပါယာတစ်ယောက် ဖြစ်လာဖို့တော့ မည်သို့သောအချိန်ကမှ မတွေးတောထားခဲ့ဖူးချေ။
ဤသို့သောအဆင့်ကို ရောက်ရှိဖို့အတွက် တစ်စုံတစ်ယောက်သည် အလွန်တရာ မြင့်မားလှသော သိုင်းပညာနှင့် ပင်ကိုယ်စွမ်းရည်ရှိရန် လိုအပ်သည်။ ကံကောင်းရန်လည်း လိုအပ်နေသေး၏။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
“ရည်မှန်းချက်ကြီးမားမှ တိုးတက်ချင်စိတ်ရှိပြီး ကြိုးစားမိမှာမဟုတ်လား”
“ဒါဆိုရင် ဂိုဏ်းချုပ်ကျွင်းကို အရင်ကြိုပြီး ဂုဏ်ပြုထားရမယ်၊ အနာဂတ်မှာ သိုင်းအင်ပါယာတစ်ယောက် ဖြစ်လာပြီ ဆိုရင် ကျွန်မကိုလည်း စောင့်ရှောက်ပေးပါအုံး”
ရှစ်ကျန်းရွမ် ပြုံးကာပြောလိုက်၏။
“ရတာပေါ့”
ကျွင်းချောင်ရှောင်းသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ပြောလိုက်၏။ “နောက်ကျနေပြီ၊ တပည့်တွေကို ခေါ်ပြီးတော့ ကျုပ်ပြန်ပါတော့မယ်”
“ဟွာတောင်တန်းရဲ့ ရှုခင်းက ဒီလောက်လှတာ ဂိုဏ်းချုပ်ကျွင်းက ဘာလို့ ဒီမှာ ရက်အနည်းငယ်လောက်နေပြီးမှ ပြန်မသွားတာလဲ” ရှစ်ကျန်းရွမ်သည် အနည်းငယ် စိတ်ပျက်သည့်လေသံဖြင့်ပြောလိုက်၏။
“မြင်ကွင်းတွေကတော့ အရမ်းလှတယ်လေ၊ ဒါပေမဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံးလုပ်ရမဲ့ ဂိုဏ်းကိစ္စတစ်ခုက ပေါ်လာလို့” ကျွင်းချောင်ရှောင်း ပြောလိုက်၏။
ဟုတ်ပေသည်၊ မြင်ကွင်းများသည် အချိန်မရွေး လာရောက်ကြည့်ရှု၍ရ၏။ သို့ပေမဲ့ ယခုလို ဘေးနားတွင် လှပသည့်မိန်းကလေး ရှိနေမည် ဆိုသည်ကတော့ ပြောပြရန် ခက်ပေလိမ့်မည်။
“ကောင်းပြီ”
ရှစ်ကျန်းရွမ်ပြောလိုက်၏။ “ဒါဆိုရင် အနာဂတ်မှာ ဂိုဏ်းချုပ်ကျွင်းဆီကနေ သိုင်းတာအို ဆွေးနွေးဖို့ အခွင့်အရေးရမယ်လို့ မျှော်လင့်မိတယ်”