အခန်း (၄၂၄)
Vol. 29 Ch. 424
ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များနှင့် အတူ ထွက်ခွာသွားခဲ့၏။ သူသည် အလျင်စလို ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကို ရှာဖွေ၍ စနစ်အား ဖွင့်ကာ သူရရှိထားသော ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုချင်သောကြောင့်ဖြစ်၏။
ဟင်း
ရှစ်ကျွမ်းရှန် သက်ပြင်းချကာ ပြောလိုက်၏။ "လီအာ ပြန်ကြစို့"
သူမသည် ကျွင်းချောင်ရှောင်းနှင့် ထပ်မံ၍ စကားပြောချင်သည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် အလုပ်များနေပြီး သူမအား အခွင့်အရေးမပေးခဲ့ချေ။
"ခန်းမသခင်"
လမ်းမှာတော့ လီအာက ပြောလိုက်သည်။ "ဘာလို့ သူကို အဲလောက်ကြီး ဂရုစိုက်နေရတာလဲ"
ရှစ်ကျွမ်းရှန်က ပြောလိုက်သည်။ "လီအာ မင်းသိရဲ့လား။ငါ ဂိုဏ်းချုပ်ကျွင်းနဲ့ ရှိတဲ့ အချိန်တိုင်း သူ ပြောတာတွေကို ကြားပြီး စိတ်အေးချမ်းသာမှုကို ခံစားရတယ်လေ။"
လီအာသည် အငေါ်တူးလိုက်၏။ "ခန်းမသခင် သူ့ကို မကြိုက်လို့ မရဘူးလား"
"မဟုတ်ဘူး … ဘာလို့ကြိုက်ရမှာလဲ"
ရှစ်ကျွမ်းရှန် အလောတကြီးပြောလိုက်သည်။ သူမ၏ မျက်နှာတစ်ခုလုံးသည် နီရဲသွား၏။
လီအာသည် ဆွံ့အနေမိ၏။ အခု ခန်းမသခင်ရဲ့ မျက်နှာပေါ်က အမူအရာတွေက ခန်းမသခင်ကို သစ္စာဖောက်နေပြီ။
ရှစ်ကျွမ်းရှန်သည် အလောတကြီးဖြင့် ရှင်းပြလိုက်သည်။ "သူက အရမ်းစိတ်ဝင်စားစရာ ကောင်းတယ်လို့ ငါ ခံစားမိတယ်။ဒီလောက်ပါပဲ"
ရှင်းပြလေ ဖုံးကွယ်ထားဖို့ ကြိုးစားရလေ ဖြစ်နေပြီ။ လီအာသည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်မိ၏။
ပြောရမည်ဆိုလျှင် ထိုလူသည် မည်သည့်နေရာတွင် ကောင်းမွန်နေသနည်း။
ထို့အပြင် ခန်းမသခင်နှင့် အကြိမ် အနည်းငယ်သာ ထိတွေ့ဆက်ဆံခဲ့ဖူးသည် မဟုတ်လား။ ထို့ကြောင့် သူသည် ခန်းမသခင်အား စိတ်လက်ပူပန်နေမိ၏။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းဆိုသောလူသည် အလွန်တရာ ချောမောပြီး ဟသဉာဏ်လည်းရွှင်၏။ တစ်ခါတစ်ရံ နောက်တီးနောက်တောက်နှင့် ပေါက်တတ်ကရမျိုးစုံကိုလည်း လုပ်တတ်သေးသည်။
ထို့အပြင် ပို၍ အရေးကြီးမားသည်မှာ ၎င်း၏ သိုင်းပညာတာအိုအပေါ်ကို နားလည်မှုမှာ အလွန်နက်နဲသော အဆင့်သို့ ရောက်ရှိနေ၏။
....
လှပသော တောင်တန်းလေးနှင့် ရှင်းသန့်နေသည့် စမ်းချောင်းလေးနားမှာတော့ ဟာရီကိန်းဘုရင်သည် သူ၏ ဝံပုလွေများအား ခေါ်ဆောင်၍ စမ်းချောင်းထဲမှ ရေကို သောက်သုံးကာ အေးအေးဆေးဆေး အနားယူလျက်ရှိသည်။
ဝှစ်။
လေကို ထိုးခွင်းသွားသည့် အသံတစ်ခု ထွက်ပေါ်လာတော့သည်။
အဝေးတစ်နေရာရှိ သစ်တောထဲမှာတော့ မြက်ကို စားလေ့ရှိသော ဆိတ်တစ်ကောင်သည် ရှောင်ကျီ၏ စနိုက်ပါလက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ဤအတောအတွင်းသူသည် သေနတ်ပစ်ခတ်ခြင်းအား လျစ်လျူရှုထားခဲ့သည်ဆိုသော်လည်း သူ၏ ပစ်နှုန်းမှာတော့ အလွန်တရာ တိကျနေသေး၏။
လီချင်းယန်သည် အသားကို ကျွမ်းကျင်စွာဖြင့် အရေခွံခွာကာ ကင်တော့၏။
လုချင်းချင်းနှင့် ရီရှင်းချန်တို့မှာ အေးစက်စက်နှင့် သီးခြားတည်ရှိနေကြသည်။ သူတို့သည် လှပသည့် ပတ်ဝန်းကျင်ကို ဂရုမစိုက်ကြပေ။
ကျွင်းချောင်ရှောင်းမှာတော့ သစ်ပင်တစ်ခုပေါ်တွင် ပျော်ရွှင်စွာထိုင်လျက်ရှိပြီး အလယ်အလတ်အဆင့် စတိုးအား ဖွင့်လိုက်၏။
သူ့တွင် ပိုလျှံနေသော ဂိုဏ်းစုဆောင်းမှတ် ၂၁၄၆ ခုရှိ၏။ ထို့ကြောင့် သူသည် ထိုအရာများကို သုံးဖြုန်းရပေမည်။ မဟုတ်ပါက နှစ်ဆယ့်လေးနာရီအတွင်း အလဟာသ ကုန်ဆုံးသွားပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် စတိုးအား ဂိုဏ်းစုဆောင်းမှတ် ၁၀၀ အသုံးပြု၍ ရီဖရက်စ်လုပ်လိုက်ချိန်တွင် သက်တန့်ရောင်ကျမ်းအား ရရှိခဲ့၏။ ထိုအချိန်တုန်းက သူသည် အပျော်လွန်သွားပြီး တစ်ခြား မည်သည့် ပစ္စည်းကိုမှ ဆက်လက်မကြည့်ရှုတော့ပဲ သက်တန့်ရောင်စဉ်ကျမ်းကိုသာ တစ်ခါတည်း ဝယ်ယူကာ စတိုးထဲမှ ပြန်လည်ထွက်ခွာခဲ့ရ၏။
ဟင်
သူ ဆက်ပြီးကြည့်ချိန်မှာတော့ အလယ်အလတ်အဆင့် တိမ်ခြေလှမ်းဖိနပ် ဖော်မြူလာဆိုသည်ကို မြင်လိုက်ရသည်။
မိတ်ဆက်အရဆိုလျှင် ထိုဖိနပ်သည် တစ်စုံတစ်ယောက်၏ အမြန်နှုန်းကို ပိုမိုတိုးမြှင့်စေနိုင်သည့် ဖိနပ်အမျိုးအစားဖြစ်ပြီး ဝတ်ဆင်ထားပါက သာမန် ပြေးလွှားလျှင် ဆယ်ရာခိုင်နှုန်း ပိုမို မြန်ဆန်သွားမည်ဖြစ်ပြီး လှုပ်ရှားမှု နည်းစနစ်နှင့် တွဲဖက်၍ အသုံးပြုပါက နှစ်ဆယ် ရာခိုင်နှုန်း ပိုမိုမြန်ဆန်သွားလိမ့်မည်။
အကျိုးမသက်ရောက်မှုမှာ သိုင်းဆရာအဆင့်သာလျှင် ဝတ်ဆင်၍ အသုံးပြုရနိုင်၏။ မဟုတ်ပါက ဝတ်ဆင်လို့ရလျှင်ပင် အမြန်နှုန်းမှာ တိုးတက်လိမ့်မည် မဟုတ်ချေ။
"ဒါက ပစ္စည်းကောင်းတစ်ခုပဲ" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အမြန်နှုန်း ဆိုသည်မှာ တစ်စုံတစ်ယောက်၏ အားအင်ကို ပိုမို ထောက်ပံ့ပေးနိုင်သည့် အရာဖြစ်၏။ အထူးသဖြင့် ရန်သူများနှင့် ရင်ဆိုင်သည့် အခါတွင် ဖြစ်သည်။ အလစ်ငိုက်ဖမ်း၍ တိုက်ခိုက်နိုင်သလို ရှောင်တိမ်း၍ တန်ပြန် တိုက်ခိုက်ခြင်း၌လည်း အလွန်တရာ ကောင်းမွန်ပေလိမ့်မည်။
ထို့အပြင် စုရှောင်မို ၊ လီဖေးကဲ့သို့သော အမြန်နှုန်းကို အသုံးပြုသော သိုင်းပညာရှင်တပည့်များ အသုံးပြုမည်ဆိုလျှင် ပိုမို၍ အကျိုးသက်ရောက်မှု ထူးခြားပေလိမ့်မည်။
"ဝယ်မယ်"
ဒင်
“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ အား အသုံးပြု၍ အလယ်အလတ်အဆင့် တိမ်ခြေလှမ်းဖိနပ်၏ ဖော်မြူလာအား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်လိုက်ပါပြီ။”
ဒင်။
“ဂိုဏ်းစုဆောင်းမှတ် ၆၄၆၁/၅၀၀၀”
ထိုအရာကို ဝယ်ပြီးသည့် နောက်မှာတော့ ဖော်မြူလာသည် ဂိုဏ်း၏ ပန်းပဲခန်းမဆောင်နှင့် အလိုအလျောက် လိုက်ဖက်ညီသွား၏။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို ဖွင့်ကြည့်လိုက်တော့ အဓိက လိုအပ်သည့် အရာများမှာ လေဓာတ်အမျိုးအစား သလင်းအမြုတေဖြစ်ပြီး အဓိကပစ္စည်းမှာတော့ ပင့်ကူပိုးမျှင်နှင့် သားရဲသားရေ နှင့် အမွေးအမျှင်များဖြစ်သည်။
သူသည် သားရဲတစ်ထောင် တောင်တန်းဆီသို့ ခရီးထွက်ခဲ့စဉ်က များပြားလှသော သလင်းအမြုတေမျိုးစုံကို ရရှိခဲ့၏။ ထို့ကြောင့် လေဓာတ်အမျိုးအစား သားရဲများသည်လည်း သူ့ဆီမှာ အများအပြား ရှိနေသည်။ ထို့အပြင် ပိုးမျှင်နှင့် တိရစ္ဆာန်သားရေများကလည်း သူ့ဆီမှာ ရှိနေ၏။
ထို့ကြောင့် အများဆုံး သန့်စင်နိုင်သော ပမာဏကို သန့်စင်၍ ရွေးချယ်လိုက်တော့သည်။
ပြီးနောက် သူသည် စတိုးအား ထပ်မံ၍ ကြည့်ရှုလိုက်သည်။ အလွန်လျှင်မြန်စွာဖြင့် ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မြေကွဲလက်သီးဟု ခေါ်သော လျှို့ဝှက်သိုင်းတစ်ခုအား ရှာဖွေတွေ့ရှိလိုက်၏
မိတ်ဆက်မှာ ဤလက်သီး နည်းစနစ်သည် အလွန်တရာ ကြမ်းရမ်းလှသည်။ အဆုံးစွန်ထိ နားလည်သွားမည်ဆိုလျှင် လက်သီးတစ်ချက်တည်းနှင့်ပင် တောင်တွေ၊ မြေတွေကိုပင် ထက်ပိုင်းကွဲအောင် ပြုလုပ်နိုင်စွမ်းရှိသည်။ အရည်အသွေးမှာ အထက်အဆင့်ဖြစ်သည်။
ကျွင်းချောင်ရှောင်း တည်နေရာတစ်ခု၌ ရပ်လိုက်သည်။ "ဒါက ပေါက်ကွဲလက်သီးကို အဆင့်မြှင့်ထားတဲ့ အရာပဲ"
ဒင်
“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ အား အသုံးပြု၍ မြေကွဲလက်သီးကို ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပါပြီ။”
ဒင်။
“ဂိုဏ်းစုဆောင်းမှတ် ၅၄၆၅/၅၀၀၀”
ဝယ်ယူပြီးသည့် နောက်မှာတော့ ထိုသိုင်းကျမ်းသည် ဂိုဏ်း၏ နည်းစနစ်နှင့် အလိုအလျောက် လိုက်ဖက်ညီသွား၏။
ကျွင်းချောင်ရှောင်းသည် တစ်ချက်လေးမှ တွန့်ဆုတ်မနေပေ။ မြေကွဲလက်သီးအား ဂိုဏ်းစုဆောင်းမှတ် ၅၀ အသုံးပြု၍ မိတ္ထူအဆောင် ၅၀၀ဝ ဆွဲလိုက်၏။
ပြီးနောက် သူသည် ဆက်လက်ကြည့်ရှုလိုက်၏။ အဆုံးမှာတော့ ကောင်းမွန်သော တစ်ခြားပစ္စည်းများ မရှိတော့ပေ။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်မကျပေ။
ထို့အပြင် သူသည် အရင်တစ်ခေါက် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ ကို အသုံးပြုခဲ့ပြီးသည့်နောက် အလယ်အလတ်အဆင့် အသိအမြင်အဆောင်၏ ဖော်မြူလာ ၊ သက်တန့်ရောင်စဉ်ကျမ်း၊ လက်သီးနည်းစနစ်နှင့် တိမ်ခြေလှမ်း ဖိနပ်တို့အား ရရှိခဲ့ပြီးဖြစ်၏။
ထိုအရာသည် စဦးစတိုးဆီမှ ရရှိထားတာထက် ပိုမို၍ ကောင်းမွန်သော အရာများဖြစ်သည် မဟုတ်လား။
"ငါ လူစွမ်းကောင်းဘွဲ့ကို ရရှိပြီးတဲ့နောက်မှာ ကံတရားဘွဲ့ကလည်း ၁ကနေ ၅ အထိ တိုးသွားခဲ့တယ်။ဒါကြောင့် ပစ္စည်းကောင်းတွေ ရမလားဆိုတဲ့ ငါ့ကံကို စမ်းကြည့်လို့ရတယ်"
ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်ပြီးသည့်နောက် စဦးစတိုးဆီသို့ ဝင်လိုက်သည်။
ထို့အပြင် သူ့တွင် ဂိုဏ်းစုဆောင်းမှတ်များ အများအပြား ရှိနေသည်။ သို့ပေမဲ့ အဆင်အခြင်မဲ့စွာဖြင့် အလယ်အလတ်စတိုးထဲတွင် စမ်းသပ်ရန်တော့ အစီအစဉ်မရှိပေ။
ထို့ကြောင့် စဦးစတိုးဆီသို့ ပြန်သွားရန် စဉ်းစားလိုက်ခြင်း ဖြစ်သည်။
စနစ်မှ စောဒက တက်လိုက်သည်။ "လက်ခံသူကို ကြည့်ရတာ … "
“ငါ ပျော်နေတယ်။ပါးစပ်ပိတ်ထား"
ပြောပြောပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် စတိုးအား ဖွင့်လိုက်၏။ အသစ်ဖြစ်တည်နေသော ပစ္စည်းများ ပေါ်ပေါက်လာ၏။
ပထမတန်းကို ကြည့်လိုက်သည်နှင့် သူသည် အလွန်တရာ စိတ်လှုပ်ရှားသွားမိသည်။
"သေနတ်… နောက်ထပ်သေနတ်တစ်လက်ပဲ"
ထို့အပြင် ဤအရာသည် မှော်ပညာနှင့် အဆင့်မြှင့်တင်ထားသော AK - 47 သေနတ်ဖြစ်နေ၏။
“ဟား ဟား ဟား ဟား”
AK-47 သည် စနိုက်ပါ 88 သေနတ်နှင့် မယှဉ်နိုင်ဘူးဆိုသော်လည်း ကျည်ဆံများ ပိုမိုများပြားစွာ ထည့်သွင်းပြီး တစ်ခါတည်း ဆက်တိုက်ပစ်လွှတ်နိုင်သော အစွမ်းရှိ၏။ အထူးသဖြင့် အနီးကပ် ပစ်ခတ်မှုမျိုးတွင် ဖြစ်သည်။
စနိုက်ပါဖြင့် ရန်သူ၏ ခုခံမှုကို တစ်ချက်တည်း မထိုးဖောက်နိုင်ဘူးဆိုလျှင် AK-47 သေနတ်ကို ထုတ်၍ ဆက်တိုက် ပစ်လွှတ်တိုက်ခိုက်ခြင်းဖြင့် တစ်ဖက်လူ၏ ခုခံကာကွယ်မှုသည် တစ်ခါတည်း ပျက်စီးသွားပေလိမ့်မည်။
သူ၏ တပည့်များကိုသာ AK-47 သေနတ်များ တပ်ဆင်ပေးထားမည်ဆိုလျှင် သိုင်းဘုရင်တစ်ယောက်တောင်မှ ခုခံကာကွယ်နိုင်မည် မဟုတ်ချေ။ ထို့အပြင် ဈေးလည်း မကြီးချေ။ ဂိုဏ်းစုဆောင်းမှတ် ၁၀၀ သာ ကျသင့်သည်။
ဂိုဏ်းစုဆောင်းမှတ် ၁၀၀ သာ ကျသင့်ဟု ဆိုသော စကားကို ပြောဆိုလိုက်သည် ဆိုကတည်းက ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀ကို မည်သို့မှ ဂရုမစိုက်ကြောင်း ထင်ရှားနေသည်။
သူသည် စနစ်ကို ရရှိခဲ့စဉ်က လျို့ဝှက်ကျမ်းအား မိတ္ထူဆွဲရန် ဂိုဏ်းစုဆောင်းမှတ် ၁၀ မှတ် အသုံးပြုရသည်ကိုပင် ငိုကြီးချက်မ ဖြစ်ခဲ့ဖူး၏။
ဆိုးရွားသည်မှာ တစ်ခုသာ ရှိ၏။ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော AK-47 သေနတ်ကို တစ်လလျှင် ငါးလက်သာ ဝယ်ယူနိုင်သည်။
ဒင်
“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၅၀၀ အား အသုံးပြု၍ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော AK - 47 သေနတ်အား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီးပါပြီ။”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် ၄၉၁၁/၅၀၀၀”
ကျွင်းချောင်ရှောင်းသည် သူ၏ ဂိုဏ်းစုဆောင်းမှတ်များ မပိုလျှံတော့သည်ကို မြင်ချိန်မှာတော့ စိတ်သက်သာရာရသလို ဖြစ်သွားသည်။
ပြီးနောက် သူသည် နောက်ထပ်ဂိုဏ်းစုဆောင်းမှတ် ၁၀၀ အားလည်း အသုံးပြု၍ ကျည်ကတ် ၅ခုအားလည်း ဝယ်ယူလိုက်ရ၏။
ပြီးနောက် သူသည် AK-47 လက်နက်ကို ထုတ်၍ ကျည်ကတ်ချိန်းကာ အဆင့်ငါး သလင်းအမြုတေမှဖြစ်တည်လာသော ကျည်ဆံများကို ထည့်သွင်းလိုက်သည်။
ခဏကြာတော့ ကျည်ဆံလေးဆယ်သည် ကျည်ကတ် သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ကျည်ကတ်ထဲမှာတော့ အလင်းတန်း လေးဆယ်ခု ဖြစ်တည်နေ၏။
"ရှောင်ကျီ"
ကျွင်းချောင်ရှောင်း အော်လိုက်၏။
"လာ … သေနတ်ကို စမ်းကြည့်"
"ကောင်းပါပြီ"
ရှောင်ကျီသည် အကင်ချောင်းစားနေရာကနေ ထရပ်ပြီး ရောက်ရှိလာ၏။
သူသည် AK-47 လက်နက်ကို မြင်ချိန်မှာတော့ အံ့အားတသင့်ဖြင့် ဖြစ်သွားသည်။ "ဂိုဏ်းချုပ် ဒီသေနတ်က နည်းနည်း မသေးလွန်းဘူးလား"
"အရွယ်အစားကို ကြည့်ပြီးတော့ အထင်မသေးနဲ့ ။ သူရဲ့ အားအင်က မနည်းဘူး"
ရှောင်ကျီ ယူလိုက်၏။
သူသည် နောက်ဆုံးအကြိမ်တုန်းက AWN စနိုက်ပါ၏ တန်ပြန်မှုကို ခံစားခဲ့ရပြီးဖြစ်သည်။ ဤတစ်ကြိမ်တော့ သူသည် သင်ခန်းစာကောင်းကောင်း ယူခဲ့ပြီးဖြစ်သည်။ မပစ်ခတ်ခင်မှာတော့ သူသည် မျက်ခင်းပြင်ပေါ်တွင် လဲလှောင်းလိုက်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဒါ မတ်တပ်ရပ်ပြီး ပစ်ရတာလေ"
သြော်။
ရှောင်ကျီသည် မတ်တပ်ရပ်ကာ ပစ်လိုက်၏။
သူသည် သူ့ရှေ့ မီတာတစ်ရာ အဝေးမှာရှိသော ကျောက်နံရံတစ်ခုအား ရွေးချယ်၍ မောင်းခလုတ်အား ဆွဲချလိုက်သည်။
ဒက် … ဒက်… ဒက်။
AK-47 ထဲမှ ကျည်ဆံများသည် ဆက်တိုက်ဆိုသလိုပဲ ထွက်ခွာသွား၏။
ရှောင်ကျီ၏ အမူအရာသည် ပြောင်းလဲသွားသည်။
အဘယ့်ကြောင့်ဆိုသော် ပစ်ခတ်မှု၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းပြီး ပြန်ကန်အားမှာလည်း အားကောင်းလှ၏။
သေနတ်ပြောင်းဝသည် ကောင်းကင်ပေါ်သို့ ရောက်ရှိသွားတော့သည်။
ကျည်ဆံဆယ်ခုကျော် ပစ်ခတ်ပြီးသည့် နောက်မှာတော့ သူသည် လက်ချောင်းကို ပြန်လွှတ်ပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်၏။ ပြီးနောက် စိတ်ပျက်ပျက်ဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ် တစ်ချက်တည်းပစ်တာ ဒီလောက် ကျည်ဆံ အများကြီး ထွက်တယ်လား"
စနိုက်ပါ 88 ဖြစ်ဖြစ်၊ AWN စနိုက်ပါဖြစ်ဖြစ် သူသည် တစ်ချက်တည်း ပစ်ခတ်ခြင်းကိုသာ ပြုလုပ်ခဲ့ဖူး၏။
ထိုကဲ့သို့ အလိုအလျှောက် ကျည်ဆံများ အများကြီး ထွက်သည့် သေနတ်မျိုးကို ပစ်ခတ်ရသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။
အရှေ့တွင် ရှိသော ကျောက်နံရံမှာတော့ ကျည်ဆံတစ်ခုသာ ထိမှန်သွား၏။ ကျန်သော ကျည်ဆံများမှာ ကောင်းကင်ပေါ်သို့ ရောက်ရှိသွားခြင်း ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "မင်း ဒီလိုမျိုး ပစ်ခတ်မှုမျိုးနဲ့ဆို ရန်သူကို မှန်မဲ့ပုံ မပေါ်ဘူး။"