အခန်း (၄၂၅)
Vol. 29 Ch. 425
ရှောင်ကျီ၏ ခန္ဓာကိုယ်သည် အလွန်တရာ အားကောင်းလှ၏။ သို့ပေမဲ့ AK-47 ၏ ပြန်ကန်အားကိုတော့ မခုခံနိုင်ခဲ့ချေ။
ထို့ကြောင့် ကျည်ဆံများသည် ပတ်ဝန်းကျင်အနှံ့သို့ ရောက်ရှိသွား၏။
ကျွင်းချောင်ရှောင်းသည် သေနတ်ကို ထုတ်ယူ၍ သူ၏ ရှေ့တည့်တည့်တွင် ရှိသော ကျောက်နံရံအား ချိန်တွယ်ကာ ပြောလိုက်သည်။ "သေနတ်ဆိုတာ ဒီလိုမျိုး ပစ်ရတာကွ"
ဒက် ဒက် ဒက် ဒက်။
သူသည် သုံးချက်တိတိ ပစ်ခတ်လိုက်၏။ ပြန်ကန်အား ရှိသည်ဆိုသော်လည်း တည်ငြိမ်နေသေးသည်။
သူသည်တကယ့်ဘဝတွင် AK-47 ဆိုသော သေနတ်ကို တစ်ခါမှ မကိုင်ဖူးသော်လည်း သေနတ်ပစ်ခတ်သော ဂိမ်းပေါင်းများစွာကိုတော့ ဆော့ကစားဖူး၏။ ထို့ကြောင့် သေနတ်ကို မည်သို့ ပစ်ရမည်ဆိုသည်ကို သိရှိနေသည်။
ထို့အပြင် AK-47 ဆိုသည်မှာ အထူးတလည် ချိန်တွယ်၍ ပစ်ခတ်ရသည့် အရာမျိုး မဟုတ်ပေ။ ပစ်မှတ်မှာ နီးကပ်နေသည်ဆိုသည်နှင့် တစ်ချက်ဆွဲမွှေ့လိုက်ရုံသာ။
အင်း။
ကျွင်းချောင်ရှောင်းသည် အချက်အနည်းငယ်လောက် ပစ်ခတ်ပြီးသည့်နောက်မှာတော့ သေနတ်က တည်ငြိမ်နေ၏။ သူတီးတိုး ရေရွတ်လိုက်သည်။ "ဒီထက်ပိုပြီး ကျည်ဆံများတဲ့ သေနတ်မျိုးရရင် ကောင်းလိမ့်မယ်"
"ဂိုဏ်းချုပ်"
ရှောင်ကျီသည် ခဏလောက် အနားယူပြီးသည့် နောက်မှာတော့ ပြောလိုက်၏ "ကျွန်တော်စမ်းကြည့်မယ်။"
ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲမှ နောက်ထပ် AK-47 သေနတ်တစ်လက်ကို ထုတ်ယူ၍ ပစ်ပေးလိုက်သည်။
"ဒီသေနတ်က အခုကစပြီး မင်း သေနတ်ဖြစ်သွားပြီ"
ရှောင်ကျီသည် ကျည်ဆံများကို ထည့်၍ ဂိုဏ်းချုပ်ပုံစံ ပြသထားသည့်အတိုင်း သေနတ်မောင်းခလုတ်ကို ဆွဲယူလိုက်တော့သည်။ ထင်ထားသည့်အတိုင်းပင် သူသည် သေနတ်အား လွယ်လွယ်ကူကူနှင့် ထိန်းချုပ်နိုင်လေ၏။ ကျည်ဆံများမှာလည်း သူပစ်ခတ်ချင်သည့် တည်နေရာသို့ ရောက်ရှိသွား၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ပစ်ခတ်တဲ့ အချိန် ဟန်ချက်ကို အဓိက ထားပြီး ထိန်း။ဒါဆိုရင် မကြာခင် ကျွမ်းကျင်သွားလိမ့်မယ်။ ပစ်တတ်သွားရင် သေနတ်ထဲမှာရှိတဲ့ ကျည်ဆံတွေကို ကုန်အောင်ပစ်ရင်တောင်မှ ပြသနာဖြစ်လာမှာ မဟုတ်ဘူး။"
"ကောင်းပါပြီ"
ရှောင်ကျီသည် အကင်ကိုပင် မစားတော့ချေ။ တောနက်ထဲမှာ ဝင်ရောက်၍ သေနတ်ကို အားရပါးရ ပစ်ခတ်လျက်ရှိသည်။
ပြောရမည်ဆိုလျှင် အကြိမ်အနည်းငယ်လောက် ပစ်ခတ်ပြီးနောက်မှာတော့ သူသည် AK-47 သေနတ်၏ ပြန်ကန်အားကို အသားကျသွားခဲ့ပြီဖြစ်သည်။ ဆယ်စက္ကန့်အတွင်း ကျည်ဆံလေးဆယ်ကို ပစ်ခတ်ရန်ဆိုသည်မှာ သူ့အတွက် ပြသနာမဟုတ်တော့ချေ။
သို့ပေမဲ့ ကျည်ဆံလေးဆယ်လုံးသည် တည်နေရာတစ်ခုထဲကို ထိမှန်ခြင်းတော့ မဟုတ်တော့ပေ။
ရှောင်ကျီသည် နောင်တစ်ကြိမ် ပစ်ခတ်ပြီးသည့်နောက်မှာတော့ ပြောလိုက်၏။ "ဂိုဏ်းချုပ် ဒီသေနတ်ရဲ့ အားအင်က စနိုက်ပါ 88 ၊ AWN စနိုက်ပါ တွေနဲ့ မယှဉ်နိုင်ဘူးဆိုပေမဲ့ ကျည်ဆံကတော့ မြန်တယ်။ရန်သူကို ပစ်ခတ်မှုအားနဲ့ အလုံးစုံ ဖိနှိပ်ထားလို့ ရတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"မင်း စက်သေနတ်ဆိုတာကို မမြင်ဖူးသေးလို့။အဲ့ဒါက ပိုပြီးကြမ်းတယ်။”
“ချင်းယန်"
သူအော်လိုက်သည်။ "မင်းလည်း လာပြီး စမ်းကြည့်လေ"
"ကောင်းပါပြီ"
လီချင်းယန်သည် အကင်ချောင်းများကို ချ၍ AK-47 သေနတ်ကို ယူလိုက်သည်။
သူသည် ရှောင်ကျီ၏ ဟန်အမူအရာကို အတုခိုး၍ သေနတ်မောင်းကို ဆွဲချလိုက်သည်။ ပစ်မှတ်ကို မထိမှန်ဘူးဆိုသော်လည်း သေနတ်ကိုတော့ ကောင်းကောင်းပစ်နိုင်သေး၏။
ဂိုဏ်းတွင် မည်သည့် လုပ်စရာမှ မရှိလျှင် သူနှင့် စုရှောင်မိုတို့ နှစ်ယောက်သည် စနိုက်ပါ 88 သေနတ်ကို ယူဆောင်၍ ဆော့ကစားလေ့ရှိသည်။
ထို့ကြောင့် သူသည် ပစ်မှတ်ကို ထိခိုက်အောင် မပစ်ခတ်နိုင်ဘူးဆိုသော်လည်း သေနတ်ပစ်ခတ်ရသည့်အတွေ့အကြုံမျိုးတော့ ရှိနေသည်ဟု ဆိုရမည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီသေနတ်က အခုက စပြီး မင်းဟာဖြစ်သွားပြီ။ အချိန်ယူပြီး လေ့ကျင့်ထား။မြန်မြန်ဆန်ဆန် ကျွမ်းကျင်လေ ကောင်းလေပဲ"
"ကောင်းပါပြီ"
အမိန့်ကို ရရှိပြီးသည့် နောက်မှာတော့ လီချင်းယန်သည် ဂျူနီယာညီလေးရှောင်အား သေနတ်နှင့် ပတ်သက်သော မေးခွန်းများကို သေချာဂရုစိုက်မေးမြန်းတော့သည်။ ထိုသို့သောအချိန်မျိုးတွင် သူသည် ပညာလိုချင်သည့် ကျောင်းသားလေးတစ်ယောက်ကဲ့သို့ပင်။
လုချင်းချင်းတည်ရှိရာ ကျောက်တုံးကြီးဆီသို ရောက်ရှိချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် AK-47 သေနတ်ကို ထုတ်ယူကာ မေးလိုက်သည်။
"မင်း လိုချင်သေးလား"
ရေခဲလို အေးစက်ပြီး လှပသော မိန်းကလေးသည် AK-47 ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ကျွင်းချောင်ရှောင်းမှာ ရင်တွေပင် ခုန်သွားမိ၏။
လုချင်းချင်းက ပြောလိုက်သည်။ "ဂိုဏ်းချုပ် ပြသနာတွေကို ဖြေရှင်းတဲ့နေရာမှာ ကျွန်မက ဓားကို သုံးရတာ ပိုပြီး နှစ်သက်တယ်။"
သူမသည် ငြင်းပယ်လိုက်သည်ဆိုသော်လည်း လေသံမှာ အရင်တုန်းကလို အေးစက်မှု အရိပ်အယောင်များ တော့ မရှိတော့ချေ။ ထိုအစား လူသားတစ်ယောက်၏ ကြင်နာမှု အရိပ်အငွေ့များနှင့် ရောထွေးလျက်ရှိသည်။
လုချင်းချင်းသည် အစဉ်အမြဲ ပြောင်းလဲနေ၏။
သို့ပေမဲ့ ငြိမ်ငြိမ်သက်သက်နှင့် အးစက်စက် နေတတ်သောကြောင့် နွေးထွေးသည့် ဘက်ခြမ်းကို မြင်ရသည်မှာ ရှားပါးလှသည်။
ဟုတ်ပေသည်။ ရေခဲတောင်ကြီးတစ်ခုလုံး အရည်ပျော်သွားဖို့ ဆိုသည်မှာ ခက်ခဲရုံသာမက လုံလောက်သည့် အပူကိုလည်း ပေးရမည် မဟုတ်လား။
"ရှင်းချန်"
ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာတွင် ခပ်မတ်မတ်ရပ်နေသော ရီရှင်းချန်အား လှမ်းကြည့်ကာ မေးလိုက်သည်။ "မင်းရော လိုချင်သေးလား"
"ဂိုဏ်းချုပ်"
ရီရှင်းချန်ပြောလိုက်သည်။ "ပြသနာအားလုံးကို ဖြေရှင်းဖို့အတွက် ကျွန်တော်က လက်သီးကို သုံးရတာ ပိုကြိုက်တယ်"
ချီးတဲ့မှ ….. ဒီကောင် စကားလုံးတောင် အတုခိုးပြီး လိုက်ပြောနေတာပဲ။
ကံဆိုးသည်မှာ စုရှောင်မိုနှင့် လီဖေးတို့ ဤနေရာတွင် မရှိခြင်းဖြစ်သည်။ မဟုတ်ပါက နှစ်ယောက်လုံးသည် ဘာမှ ပြောနေမည်မဟုတ်ဘဲ သေနတ်များကို တစ်ခါတည်း အတင်းလုယက်ကာ တောင်းဆိုကြပေလိမ့်မည်။
ရီရှင်းချန်မှာတော့ ဤထူးဆန်းသည့် သေနတ်သည် သာမန်ထက်ပိုသည့် အားအင်ရှိသည်ကို သိပြီဖြစ်၏။ သို့ပေမဲ့ သူသည် ရန်သူကို တိုက်ခိုက်အနိုင်ယူရာတွင် လက်သီး သို့မဟုတ် ဓားကို အသုံးပြုရခြင်းအား ပိုမိုနှစ်သက်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါ့ဆီမှာ လက်သီးနည်းစနစ်ရှိတယ်။မင်း လိုချင်လား"
"မလိုချင်"
ရီရှင်းချန်ကြောင်သွား၏။ ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ သူ့စကားလုံးကို ပြောင်းလိုက်၏။ "လိုချင်တာပေါ့"
ညအင်ပါယာ … မင်းရဲ့ မောက်မာမှု ဘယ်ရောက်သွားတာလဲ။
ကျွင်းချောင်ရှောင်းသည် မြေကွဲလက်သီး နည်းစနစ်အား လှမ်း၍ ပေးလိုက်၏။
ပြီးနောက် လီချင်းယန်နှင့် ရှောင်ကျီတို့အားလည်း တစ်ခုစီ လှမ်းပေးလိုက်သည်။
လုချင်းချင်းနှင့် ကျိုးဟုန်တို့ကိုတော့ မပေးပေ။
အဘယ့်ကြောင့်ဆိုသော ဤနည်းစနစ်သည် အလွန်တရာ ကြမ်းရမ်းလှသော နည်းစနစ်ဖြစ်ပြီး မိန်းကလေးများ ကျင့်ကြံရန် မသင့်တော်ပေ။
ကျိုးဟုန်မှာတော့ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်မို့ လက်သီးနည်းစနစ်ကို ကျင့်ကြံလိမ့်မည် မဟုတ်ချေ။
အရိုးသားဆုံးပြောရမည်ဆိုလျှင် သံမဏိအရိုးဂိုဏ်း၏ အကြီးဆုံး တပည့်တစ်ယောက် အနေနှင့် လုချင်းချင်းရရှိသော သိုင်းအရင်းအမြစ်များမှာ နည်းပါးလွန်းလှ၏။
ရေခဲဓာတ်စင်အမျိုးအစား သိုင်းနည်းစနစ်နှင့် ရေခဲဓာတ်သဘာဝ လက်ကောက်တစ်ခုကိုသာ ရရှိခဲ့သေးသည်။
ထိုအတွက် ကျွင်းချောင်ရှောင်းသည် အနည်းငယ်တော့ အားနာသလို ခံစားမိ၏။
လုချင်းချင်းသည် အေးစက်လှသည်ဆိုသော်လည်း တစ်နှစ်ကျော်ဂိုဏ်းတွင် နေထိုင်ပြီးသည့်နောက်မှာတော့ အေးစက်သည့် နှလုံးသားသာရှိပြီး တကယ်တမ်း အေးစက်မှု မရှိသည်ကို သူမြင်ခဲ့ရပြီး ဖြစ်သည်။
ထို့အပြင် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ သူ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာကတည်းက သူ အကူအညီမဲ့စွာဖြင့် ဆိုးဆိုးရွားရွား အခြေအနေသို့ ရောက်ရှိနေချိန်တွင် သူမသည် ဂိုဏ်းကို ပထမဦးဆုံး ဝင်ရောက်ခဲ့သူ ဖြစ်သည်။
သူမသာ ဂိုဏ်းထဲသို့ မဝင်ပါက ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းစုဆောင်းမှတ် တစ်မှတ်ကိုတောင်မှ ရရှိခဲ့မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် စတိုးအားဖွင့်၍ စဦးလက်ဆောင်တို့ကိုလည်း ရရှိလိမ့်မည်မဟုတ်ချေ။
သူမသာ မရှိလျှင် တစ်ခြားမည်သည့်အရာမှ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်သည်ကို ကျွင်းချောင်ရှောင်း နားလည်မိ၏။
မည်သို့ပင်ဆိုစေကာမူ ဤမိန်းကလေးသည် အေးစက်ပြီး စကားပြောလျှင် နင့်နေအောင် ပြောတတ်သည်ဆိုသော်လည်း သူမ၏ နှလုံးသားထဲတွင် ရှိသော စိတ်နှလုံးသားမှာတော့ အေးစက်မှု မရှိချေ။
"ချင်းချင်း"
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးပေါ်တွင် ထိုင်၍ ပြောလိုက်သည်။ "ငါ့ဆီမှာ အလယ်အလတ်အဆင့် အအေးဓားရှိတယ်။ရေခဲဓာတ်သဘာဝကို ပိုင်ဆိုင်တာမို့ မင်းသုံးဖို့ သင့်တော်လိမ့်မယ်။"
သူသည် လေသံမာမာဖြင့် ဆက်ပြောလိုက်သည်။ "မင်း ငါ့အမိန့်ကို နားထောင်ရမယ်"
ငြင်းရန်ပြင်နေသော လုချင်းချင်းသည် အအေးဓားကို ယူလိုက်ရတော့သည်။
တိုက်ဆိုင်စွာနှင့် ကျွင်းချောင်ရှောင်းသည် သူမ၏ လက်ကောက်ဝတ်တွင် ရှိသော ရေခဲလက်ကောက်ကို မြင်လိုက်ရ၏။ "မင်း ဒီလက်ကောက်ကို ဝတ်ထားတုန်းပဲလား"
လုချင်းချင်း၏ တောက်ပသောမျက်လုံးများထဲတွင် ထူးဆန်းသည့် အရိပ်အယောင်များနှင့် ပြည့်နှက်သွားသည်။ သူမသည် လက်ကောက်အား သူမ၏ အင်္ကျီလက်ဖြင့် အသာအယာဖုံး၍ ကျောက်တုံးကြီးပေါ်၌ ခုန်ချလိုက်၏။
ပြီးနောက် မည်သူမှမရှိသော တည်နေရာဆီသို့ လျှောက်လှမ်းသွားတော့သည်။
"သူမရဲ့အေးစက်တဲ့ နှလုံးသားက ဘယ်အချိန်မှ နွေးထွေးလာမှာလဲ" ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။
ပြီးနောက် မြေကွဲလက်သီးနည်းစနစ်အား ထုတ်ယူ၍ နားလည်အောင် ဖတ်ရှုလိုက်တော့သည်။
ဒင်
သတိပေးသံတစ်ခု ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ပန်းပဲခန်းမဆောင်ဆီမှ တိမ်ခြေလှမ်းဖိနပ်သည် သန့်စင်ပြီးဖြစ်ကြောင်း အသိပေးလာတော့သည်။
ကျွင်းချောင်ရှောင်းနှင့် လုချင်းချင်းတို့ ပြောဆိုဆက်ဆံနေချိန်မှာပဲ ရီရှင်းချန်သည် သိုင်းလက်သီးနည်းစနစ်အား လှန်လှော၍ ဖတ်ရှုပြီးဖြစ်သည်။
"ဒီနည်းစနစ်က အရမ်းကြမ်းတယ်။ အဆင့်နိမ့်သူတော်စင်နည်းစနစ်တွေထက် ဘယ်လိုမှ အားမနည်းနိုင်ဘူး"
ထင်ထားသည့်အတိုင်းပင် ဂိုဏ်းချုပ်သည် ပိုပို၍ တော်လာ၏။
ဤမြေကွဲလက်သီးသည် စတိုးဆီမှ ဝယ်ယူခဲ့သော ပစ္စည်းဖြစ်သောကြောင့် သင်ယူရန် လွယ်ကူလှ၏။ ရီရှင်းချန်၏ ပင်ကိုယ်စွမ်းရည်အရဆိုလျှင် ခဏလောက်လေ့ကျင့်လိုက်သည်ဆိုရုံဖြင့် အလုံးစုံ ကျွမ်းကျင်သွားပေလိမ့်မည်။
သူသည် စွမ်းအင်ကို စမ်းသပ်ရန် ပြင်နေတုန်းမှာပဲ ဂိုဏ်းချုပ်အား အမှတ်မထင် လှည့်ကြည့်လိုက်မိသည်။ သူ၏ အမူအရာတစ်ခုလုံးသည် အေးခဲသွား၏။
သူ မည်သည့်အရာကို မြင်လိုက်ရသနည်း။
ဂိုဏ်းချုပ်ကျွင်းသည် ကျောက်တုံးပေါ်တွင်ထိုင်နေပြီး သူ၏ ခြေထောက်ကို မကာ ဖိနပ်ကို ချွတ်နေ၏။ ထို့အပြင် အထဲတွင်ရှိသော ခြေအိတ်အားလည်း ထပ်မံ၍ ချွတ်ပြန်သည်။
လူမြင်ကွင်းတွင် ဖိနပ်တင်မက ခြေအိတ်ပါ ချွတ်နေသေး၏။
ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် မည်ကဲ့သို့ ဂုဏ်အရှိန်အဝါအား ထိန်းသိမ်းလေသနည်း။ ဤဂိုဏ်းချုပ်သည် အမှန်ပင် အရှက်မဲ့လှသည်။