အခန်း (၄၂၆)
Vol. 29 Ch. 426
တောနက်ထဲတွင် ရောက်ရှိနေသည်ဆိုသော်လည်း လူမြင်ကွင်းကို ဖိနပ်ကိုချွတ်၊ ခြေအိတ်ကို ချွတ်သည့် လုပ်ရပ်မျိုးသည် အလွန်တရာ မသင့်လျော်သောကိစ္စဖြစ်၏။
သူ … ရီရှင်းချန်သာဆိုလျှင် ထိုသို့သော လုပ်ရပ်မျိုးကို သေဆုံးရမည် ဆိုလျှင်တောင်မှ မည်သို့မှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။
အဘယ့်ကြောင့်ဆိုသော် လူများတွင် လိုက်နာရမည့် အခြေခံစည်းကမ်း စည်းမျဉ်းနှင့် ကျင့်ဝတ်ဆိုသည်က ရှိနေသေးသည် မဟုတ်လား။
ကျွင်းချောင်ရှောင်းမှာတော့ အများကြီးမတွေးချေ။
သူသည် ဖိနပ်ကို ချွတ်၊ ခြေအိတ်ကို ချွတ်သည့် လုပ်ရပ်မျိုးကို သာမာန်ကိစ္စတစ်ခုကဲ့သို့ ပြုမူ လုပ်ဆောင်လျက်ရှိသည်။
ထို့အပြင် သူ၏ခြေထောက်ကို မြှောက်၍ အနံ့ပင်ရှူလိုက်သေးသည်။ "အင်း အရမ်း မနံဘူးပဲ"
ဝေါ့ …
ညအင်ပါယာသည် အလုံးစုံ ဆွံ့အသွားမိ၏။
ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်သည် ထိုကဲ့သို့မျိုးသော မပြုလုပ်သင့်သည့် လုပ်ရပ်မျိုးကို တကယ်ပင် ပြုလုပ်လျက်ရှိသည်။
စောနကလေးတွေ ထိုလူ့ဆီမှ လျှို့ဝှက်သိုင်းကျမ်းကို လက်ခံရယူထားသေးကြောင်း စဉ်းစားမိတော့ သန့်ရှင်းမှုကို အလွန်တရာ နှစ်သက်သော ရီရှင်းချန်သည် စမ်းချောင်းဆီသို့ အမြန်ထပြေး၍ လက်ကို ဆေးကြောတော့၏။
ရွှီ
ကျွင်းချောင်းရှောင်းသည် လက်ကို ဝှေ့ယမ်း၍ အသစ်ဖန်တီးထားသော တိမ်ခြေလှမ်း ဖိနပ်အား ထုတ်ယူလိုက်၏။
ဖြည့်စွက်ပစ္စည်းများသည် သားရဲအမွှေးများ ဖြစ်သောကြောင့် လည်သာဖိနပ်ကဲ့သို့ပင် ဖြစ်နေသည်။ အရောင်မှာ အဖြူရောင်ဖြစ်ပြီး ပုံပန်းသွင်ပြင်မှာ အနည်းငယ် ကြီးမားပုံပေါ်သည်။
တိမ်ခြေလှမ်းဖိနပ်အား စွပ်လိုက်ချိန်မှာတော့ အလိုလို ကျုံ့ဝင်သွားပြီး ခြေထောက်နှင့် တစ်သားတည်း ဖြစ်တည်သွားသည်။ ဖိနပ်သည် ဝတ်ဆင်ရချိန်တွင် သက်တောင့်သက်သာ ဖြစ်မှုကို ခံစားရ၏။
ဂိုဏ်းချုပ်သည် ဖိနပ်လဲစီးခြင်းဖြစ်ကြောင်း ရီရှင်းချန် နားလည်သွားသည်။ သို့ပေမဲ့ အဘယ့်ကြောင့် ခြေထောက်ကို မြှောက်၍ နှာခေါင်းနားကပ်ကာ တစ်ရှုံ့ရှုံ့ အနံ့ရှုနေရသနည်း။
တိမ်ခြေလှမ်းဖိနပ်ကို ဝတ်ဆင်ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ "အရင်ကထက်စာရင် နည်းနည်း ပေါ့ပါးသွားသလို ခံစားရတယ်"
ပြောနေတုန်းမှာပဲ သူသည် သူ၏ ခြေထောက်များကို လှုပ်ရှားကာ စတင်၍ လှမ်းလိုက်တော့သည်။ အမြန်နှုန်းသည် အရင်ကထက်ပိုမို၍ မြန်ဆန်နေ၏။ သို့ပေမဲ့ ဆယ်ရာခိုင်နှုန်းသာ တိုးတက်ခဲ့ခြင်းဖြစ်သည်။
မပြေးပါက ဤတိုးတက်မှုနှုန်းမျိုးကို တိတိကျကျခံစားနိုင်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းအား သတိထားစောင့်ကြည့်နေသော ရီရှင်းချန်သည် ဖိနပ်ဆီမှ ခပ်ဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်နေသည်ကို သတိထားမိလိုက်၏။ သူ ကြိတ်ကာ ခန့်မှန်းလိုက်၏ "ဒါက တစ်စုံတစ်ယောက်ရဲ့ အမြန်နှုန်းကို တိုးတက်နိုင်စေတဲ့ ရတနာဖြစ်နိုင်တယ်။"
သို့ပေမဲ့ သေချာကပ်သပ်၍ ပြောမည်ဆိုလျှင် အလယ်အလတ်အဆင့် တိမ်ခြေလှမ်းဖိနပ်သည် ရတနာတစ်ပါးဟု သုံးသပ်၍ မရချေ။ အသုံးအဆောင် ပစ္စည်းဟုသာ သတ်မှတ်ရပေလိမ့်မည်။
သာမန်ပြေးလွှားခြင်းကို စမ်းသပ်ပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းကွက်အား အသုံးပြု၍ ထပ်မံစမ်းသပ်ကြည့်လိုက်သည်။
တိမ်ခြေလှမ်းကွက်နှင့် တိမ်ခြေလှမ်း ဖိနပ်တို့၏ ပေါင်းစပ်မှုအောက်မှာတော့ အမြန်နှုန်းသည် ၂၀ရာခိုင်နှုန်းသို့ တိုးတက်သွားတော့၏။
တိမ်ခြေလှမ်း ဖိနပ်ဆီမှ အလင်းရောင်တန်းများသည် ပိုမို၍ ကျယ်ပြန့်လာတော့သည်။ သို့ပေမဲ့ အမြန်နှုန်းတိုးတက်လာချိန်မှာတော့ အလင်းများသည် ပြန်လည်လျှော့ကျသွားတော့သည်။
ပိုမိုအံ့အားသင့်စရာကောင်းသည်မှာ ခုန်လွှားနိုင်မှုကို ပိုမို၍ တိုးတက်စေခြင်းပင် ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ခုန်လိုက်ချိန်မှာတော့ နှစ်ဆယ်ပေကနေ နှစ်ဆယ့်လေးပေအထိ တိုးတက်သွားသည်။ မြေပေါ်သို့ ကျပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးကာ ပြုံး၍ ပြောလိုက်သည် "ဝတ်လို့ ကောင်းရုံတင်မကဘူး အမြန်နှုန်းကိုလည်း တိုးတက်စေတယ်။ဒါက တကယ်ကောင်းတဲ့ အရာပဲ"
"အမြန်နှုန်းကို တိုးစေတယ်ဟုတ်လား"
ထင်မှတ်ထားသည့် အတိုင်းပင် သူ ခန့်မှန်းခဲ့သည်မှာ မှန်နေလေသည်။
ဤဖိနပ်သည် တစ်စုံတစ်ယောက်၏ အမြန်နှုန်းကို တိုးစေနိုင်သော ရတနာတစ်ပါးပင်ဖြစ်တော့သည်။
ညအင်ပါယာသည် သူ၏ အရင်ဘဝတုန်းက ခုခံမှု ရတနာနှင့် တိုက်ခိုက်မှုရတနာများကို မြင်ဖူးခဲ့ပြီးဖြစ်သည်။ ထို့အပြင် တော်တော်များများကိုလည်း သူ ပိုင်ဆိုင်ခဲ့ဖူး၏။
သို့ပေမဲ့ အမြန်နှုန်း အမျိုးအစား ရတနာများမှာတော့ အလွန်ရှားပါးလွန်းလှသည်။
"ဒီဂိုဏ်းချုပ်က တစ်ခုခုတော့ တစ်ခုခုပဲ။ မဟုတ်သေးဘူး … မဟုတ်သေးဘူး ငါအကောင်းဆုံး စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသပြီး ရှားပါးလှတဲ့ ရတနာကို ရအောင်ယူရမယ်။"
သိုင်းနည်းစနစ်၏ အရေးပါပုံကို အားလုံးထက် ရီရှင်းချန်သည် ကောင်းကောင်းသိသည်။ ထို့အပြင် အသုံးအဆောင်ပစ္စည်းများနှင့် ရတနာများမှာလည်း ကျင့်ကြံသူများအတွက် အသက်ဖြစ်ကြောင်း သူ နားလည်မိ၏။
တိမ်ခြေလှမ်းဖိနပ်အား စမ်းသပ်ပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ခြေချိတ်ထိုင်ကာ မြေကွဲလက်သီးနည်းစနစ်အား စတင်၍ ကြိုးစားတော့၏။
သူ၏ ပန်းပဲ ခန်းမဆောင်ထဲမှာတော့ ပစ္စည်းများအား ဆက်တိုက် သန့်စင်လျက်ရှိနေသည်။ နှစ်နာရီ ကြာမြင့်ပြီးသည့် နောက်မှာတော့ ဖိနပ်များ ပိုမို၍ ရရှိလာခဲ့သည်။
ဘုန်း။
ထိုအချိန်မှာပဲ အဝေးတစ်နေရာဆီမှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ပေါ်ထွက်လာ၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ ရီရှင်းချန်သည် ရှောင်ကျီ သေနတ်နှင့် ပစ်ခတ်လိုက်သော တောင်နေရာအား လက်သီးဖြင့် ထိုးနေကြောင်း မြင်လိုက်ရသည်။
တောင်နံရံပေါ်မှာတော့ များပြားလှသော အက်ကွဲကြောင်းများ ချက်ချင်းပင် ဖြစ်ပေါ်လာ၏။
လီချင်းယန်သည် အသာလျှောက်လှမ်းလာပြီး အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ဂျူနီယာညီလေးရီ မင်း မြေကွဲလက်သီးကို နားလည်သွားပြီ ဟုတ်လား"
"ဟုတ်တယ်" ရီရှင်းချန်ပြောလိုက်၏။
သူသည် ယခုမှစတင်၍ နားလည်အောင် ကြိုးစားနေတုန်းပင်ဖြစ်သည်။ အလုံးစုံကို နားလည်သဘောပေါက်ရန် အဝေးကြီးလိုအပ်နေသေး၏။ သို့ပေမဲ့ သူ ထုတ်ဖော်လိုက်သော လက်သီးချက်မှာတော့ အားအင်အဆင့်ကို အများကြီး ပိုမို တိုးတက်သွားစေနိုင်သော လက်သီးချက်ဖြစ်နေသည်။
ရီရှင်းချန်၏ ပေါက်ကွဲလက်သီးအပေါ် နားလည်မှုသည် အရင်ကတည်းက ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ယခု မြေကွဲလက်သီးကို အနည်းငယ် နားလည်လိုက်ချိန်မှာတော့ တကယ့်ကို အလွန်ကောင်းမွန်သည့် လက်သီး နည်းစနစ် တစ်ခု ဖြစ်ကြောင်း နားလည်လိုက်မိ၏။
ထို့ကြောင့် ထုတ်ဖော်အသုံးပြုသည့် နေရာတွင် သေချာ အားစိုက် ဂရုစိုက်၍ အသုံးပြုနေခြင်းပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဒီကလေးက သိုင်းကျင့်ကြံခြင်း နည်းစနစ်တွေကို နားလည်တဲ့နေရာမှာ အလွန်မြန်တာပဲ။"
"လာအုံး … လာအုံး"
သူသည် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "မင်းတို့အားလုံးကို ငါ ပြောစရာရှိသေးတယ်"
ရီရှင်းချန်နှင့်တစ်ခြားသောသူများသည် ရှေ့သို့ လျှောက်လှမ်းလာကြသည်။
ကျွင်းချောင်ရှောင်းသည် လက်ကို ဝှေ့ယမ်းပြီးနောက်မှာတော့ ယခုလေးတင် သန့်စင်ထားသော တိမ်ခြေလှမ်းဖိနပ်တစ်စုံအား လှမ်းယူလိုက်၏။
"ဟွာတောင်တန်းရဲ့ ထိပ်မှာ မင်း သံမဏိအရိုးဂိုဏ်းရဲ့ အားအင်ကို ပြသခဲ့တယ်။ဒါက မင်းအတွက် ဆုလာဘ်ပဲ"
ရီရှင်းချန်သည် ပျော်သွားသည်။
ယခုလေးတင် သူသည် ထိုသို့သော ရတနားများကို ရရှိရန် သူ၏ စွမ်းဆောင်ရည်ကို အစွမ်းကုန် ထုတ်ဖော်ပြသမည်ဟု စဉ်းစားခဲ့သေးသည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သူ့ကို တစ်ခါတည်း ပေးနေ၏။
"ကျေးဇူးပါ ဂိုဏ်းချုပ်"
လီချင်းယန်နှင့် ရှောင်ကျီတို့ကလည်း ဖိနပ်ကို ယူလိုက်ကြ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီဖိနပ်က တစ်စုံတစ်ယောက်ရဲ့ အမြန်နှုန်းကို တိုးတက်စေနိုင်တယ်။မင်းတို့ စမ်းကြည့်"
"အဲလိုလား"
လီချင်းယန်နှင့် ရှောင်ကျီတို့၏ မျက်လုံးများသည် လင်းလက်သွား၏။
ပြီးနောက် သူတို့သည် ကျောက်တုံးပေါ်တွင် ထိုင်၍ သူတို့၏ ဖိနပ်များကို လဲလှယ်လျက်ရှိသည်။
လုချင်းချင်းသည်လည်း ဖိနပ်တစ်ရံကို လက်ခံရရှိသည်။
သို့ပေမဲ့ သူမသည် မိန်းကလေးတစ်ယောက်ဖြစ်သောကြောင့် လူမြင်ကွင်းတွင် သူမ၏ ဖိနပ်ကို မချွတ်ချေ။
ကျုပ်တို့၏ ဂုဏ်သိက္ခာကြီးမားပြီး ဘဝင်လေဟပ်လျက်ရှိသော ညအင်ပါယာသည် တိမ်ခြေလှမ်းဖိနပ်ကို လက်ထဲတွင် ကိုင်ပြီး ယခုလဲရမလား၊ နောင်မှ လဲရမလား ဝေခွဲရခက်သည့် အမူအရာမျိုးနှင့် ဖြစ်နေတော့သည်။
"ဂိုဏ်းချုပ်"
ပထမဦးဆုံး လဲလှယ်ပြီးသော ရှောင်ကျီသည် ခုန်ကာ ပျော်ရွှင်စွာပြောလိုက်၏။ "ဒီဖိနပ်ကို စီးထားတဲ့ အချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံးက ပေါ့ပါးသွားတယ်လို့ ခံစားရတယ်။"
"ငါလည်းတူတူပဲ" လီချင်းယန်သည်လည်း ဖိနပ်လဲလိုက်၏။
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။
"သာမန်ပြေးနေတဲ့ အချိန်မှာ မင်းတို့ရဲ့ အမြန်နှုန်းက ၁၀ ရာခိုင်နှုန်းပဲ တိုးတက်လိမ့်မယ်။ဒါပေမဲ့ လှုပ်ရှားမှု နည်းစနစ်တွေနဲ့ တွဲဖက်ပြီးသုံးမယ်ဆိုရင် ၂၀ရာခိုင်နှုန်းတိုးတက်သွားမယ်"
"အဲလို အားကောင်းတာလား" လီချင်းယန်နှင့် ရှောင်ကျီတို့သည် ချက်ချင်းပဲ မျက်လုံးပြူးသွားမိ၏။
သာမန်သာ ပြေးမည်ဆိုလျှင် သူတို့သည် ခြေလှမ်းတစ်ရာ လှမ်းရမည့် နေရာတွင် ခြေလှမ်းကိုးဆယ်သာ လှမ်းရပေလိမ့်မည်။ သို့ပေမဲ့ သိုင်းနည်းစနစ်များကို ထုတ်ဖော်ပြီး ပြေးလွှားမည်ဆိုလျှင် ခြေလှမ်းတစ်ရာ လှမ်းရမည့် နေရာတွင် ခြေလှမ်းရှစ်ဆယ်သာ လှမ်းရတော့မည် ဖြစ်သည်။
ထိုအရာသည် အလွန်အားကောင်းလှသော အရာဖြစ်သည်ဟု သတ်မှတ်နိုင်၏။
ဝှစ် …. ဝှစ်။
ကြီးမားလှသော မြက်ခင်းပြင်ကြီးထဲမှာတော့ လီချင်းယန်နှင့် ရှောင်ကျီတို့သည် သူတို့၏ ဖိနပ်များ အား အစွမ်း စမ်းသပ်လျက်ရှိသည်။
သူတို့သည် တစ်ခါတစ်ရံပြေးလွှား၏။ တစ်ခါတစ်ရံတွင် လှုပ်ရှားမှု နည်းစနစ်များကို အသုံးပြုသည်။ နောက်ဆုံး ရပ်တန့်လိုက်ချိန်မှာတော့ သံပြိုင်ဆိုသလိုပဲ ပျော်ရွှင်စွာ ပြောလိုက်ကြသည်။ "ဒီ တိမ်ခြေလှမ်းဖိနပ်က အံ့အား သင့်စရာပဲ..."
သူတို့၏ ရှေ့တွင်ရှိသော ရီရှင်းချန်မှာ ခေါင်းကို ငုံ၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ လက်ရှိအခြေအနေမှာ သူ၏ နှလုံးသားထဲတွင် ကြီးမားလှသော အကြိတ်အခဲကြီးတစ်ခု ဖြစ်လျက်ရှိသည်။ သူသည် လူမြင်ကွင်းတွင် ဖိနပ်ကို ချွတ်၍ လဲရမည်လား၊ မလဲရဘူးလား ဆိုသည့် ကိစ္စနှင့် ဗျာများလျက်ရှိနေ၏။
"မဖြစ်ဘူး မဖြစ်ဘူး။အရင်တုန်းက ငါ သိုင်းအင်ပါယာလေ။ဒါကြောင့် လူတွေ ကြားထဲမှာ ဒီလို အပြုအမူမျိုး မလုပ်ဘူးဆိုတာ လက်ခံလို့ရတယ်။ဒါပေမဲ့ အခုက အရင်ဘဝမှ မဟုတ်တာ။ပြီးတော့ ငါက အခု သိုင်းအင်ပါယာလည်း မဟုတ်သေးဘူး။ဘာလို့ ဒီလိုကိစ္စသေးသေးလေးတွေကို စိုးရွံ့နေရမှာလဲ။လဲမယ်။"
ရီရှင်းချန်သည် မြန်မြန်ဆန်ဆန်ပဲ ကျောက်တုံးပေါ်တွင် ထိုင်ပြီး ဖိနပ်ကို ချွတ်ကာ တိမ်ခြေလှမ်းဖိနပ်အား ဝတ်ဆင်လိုက်တော့သည်။
ညအင်ပါယာ …… မင်းရဲ့ မာန်မာနတွေက ဘယ်ရောက်သွားတာလဲ။
ဝှစ် … ဝှစ်။
အကြိမ်အနည်းငယ်လောက်စမ်းသပ်ပြီးနောက်မှာတော့ ရီရှင်းချန်သည် ရပ်တန့်ကာ နှလုံးသားထဲမှ ခိုင်ခိုင်မာမာ ပြောဆိုလိုက်၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးထဲမှာ အမြန်နှုန်းကို တိုးတက်နိုင်စေတဲ့ ဖိနပ်ဆိုတာ ဘယ်လိုမျိုးအရာလဲ။ဒါက အထက်နယ်မြေက ရတာပဲ ဖြစ်မယ်။
ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေမှ လာခြင်းဖြစ်ကြောင်း ကျုပ်တို့၏ ညအင်ပါယာသည် ပိုမို၍ ခိုင်ခိုင်မာမာ သုံးသပ်မိလာသည်။
ဤအရာသည်လည်း နားလည်ပေးနိုင်လောက်သည့် အရာပင်လည်း ဖြစ်တော့သည်။
ဤမျှရှားပါးပြီး ထူးဆန်းလှသည့် သိုင်းပညာအရင်းအမြစ်များကို ထုတ်ဖော်ပေးစွမ်းနိုင်သည်ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ လူ မည်သို့မှ မဖြစ်နိုင်ချေ။
"သွားကြစို့" ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးလိုက်၏။
လမ်းမှာတော့ သူသည် မြေကွဲလက်သီးကို နားလည်အောင် ကျင့်ကြံဖို့ မမေ့လျော့ခဲ့ပေ။
သို့ပေမဲ့ ဘာမှန်းမသိစွာနှင့် သူတို့သည် တောနက်ကြီးတစ်ခုထဲသို့ ဝင်ရောက်သွားတော့သည်။
ဝှစ် ဝှစ်။
အေးစက်သည့် လေများတိုက်ခိုက်လာပြီး ကြက်သီးများပင် ထသွားကြတော့သည်။
ကျွင်းချောင်ရှောင်းသည် အနီးပတ်ဝန်းကျင်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်မိ၏။ "ငါလာတုန်းက ဒီနေရာကို ဘာလို့ မရောက်ဖူးတာလဲ"
စနစ်သည် ဆွံ့အသွား၏။
"လာတဲ့လမ်းတုန်းက ရှိရှိသမျှ ဓားမြတွေ အကုန်လုံးကို ပတ်ရှာပြီး ငွေရှာနေတာလေ။ ဘယ်လိုလုပ် ဒီလမ်းကို ရောက်မှာလဲ"
"ဂိုဏ်းချုပ်"
လီချင်းယန်သည် တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီထဲမှာ အလွန်အားကောင်းတဲ့သားရဲတွေ ရှိမယ်လို့ ထင်တယ်"
ရွှစ်
ဟာရီကိန်းဝံပုလွေဘုရင် ၏ ခန္ဓာကိုယ်သည် တန့်ခနဲ ဖြစ်သွား၏။
ဤသစ်တောထဲတွင် ရှိသော သားရဲများသည် သာမာန် မဟုတ်ဘဲ အလွန်တရာအားကောင်းသောကြောင့် ကြုံသလို မဝင်သွားရန် သူ့သခင်အား သတိပေးနေခြင်းပင် ဖြစ်တော့သည်။
သေချာစဉ်းစားကြည့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ "အထဲကို ဝင်ကြည့်ရအောင်။ ဘယ်လိုရတနာတွေ ရှာနိုင်မလဲဆိုတာ ငါတို့ ဝင်ကြည့်ကြမယ်။"
သူတို့ဝင်ခါနီးမှာပဲ သိုင်းကျင့်ကြံသူတစ်ယောက်သည် ရုတ်တရက် တောထဲမှ ခုန်ထွက်လာသည်ကို မြင်လိုက်ရသည်။
ထိုသူ၏ ခန္ဓာကိုယ်မှာတော့ များပြားလှသော ဒဏ်ရာများရှိနေပြီး သွေးတွေ အဆက်မပြတ် ကျဆင်းနေ၏။
ဘုတ်။
ပြေးလွှားလာပြီးနောက်မှာတော့ သူတို့ အဖွဲ့၏ ဆယ်မီတာလောက် အဝေးတွင် လဲကျသွားသည်။ "အားလုံး အားလုံးပဲ … ကျုပ်ကို ကယ်ပါအုံး။ ကျုပ် …."
ပြောလို့ မပြီးသေးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် ဟာရီကိန်းဝံပုလွေကို စီးနင်း၍ တပည့်များကို ဦးဆောင်ကာ ထိုသူအား တစ်ချက်ကလေးမှ မမြင်လိုက်ရသလိုမျိုး အသာကျော်ဖြတ်သွားတော့သည်။
ဒဏ်ရာတွေ ဗလပွဖြစ်နေသော ကျင့်ကြံသူ၏ မျက်နှာပေါ်ရှိ ကြွက်သားများအားလုံးသည် အေးခဲသွားတော့သည်။ သူသည် မြေပြင်ပေါ်၌ လှဲရင်း အားပျော့စွာ ပြောလိုက်မိ၏။ "လောကကြီးထဲမှာ အကြင်နာတရားဆိုတာ ဘယ်ရောက်သွားတာလဲ"