← Chapters

အခန်း (၄၂၇)

Vol. 29 Ch. 427

အခန်း (၄၂၇)

Vol. 29 Ch. 427

ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော ကျင့်ကြံသူတစ်ယောက်သည် တောနက်ထဲမှ ထွက်ပြေးလာပြီး အားအင် ကင်းမဲ့စွာဖြင့် အကူအညီတောင်းမည်ဆိုလျှင် ကိုယ်ချင်းစာနာတတ်သော လူတစ်ယောက်သာ ဖြစ်ပါက တစ်ခါတည်း အပြေးအလွှား ကူညီပေးမှာ သေချာ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းနှင့် သူ၏ တပည့်များမှာ မျက်စိကန်းနေသူများကဲ့သို့ ထိုသူအားကျော်၍ သွားခဲ့သည်။

ဤမျှသွေးအေးပြီး အကြင်နာတရား ကင်းမဲ့လှသော စိတ်ထားများသည် လူသားတို့ကြားတွင် မည်ကဲ့သို့ ပေါက်ဖွား လာခဲ့သနည်း။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် အသံပို့လွှတ်လိုက်၏။ “တကယ်ပဲ သူ့ကို မကယ်တော့ဘူးလား”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။

“သူ့ခန္ဓာကိုယ်ပေါ်မှာ လက်နက်တွေကြောင့်ရခဲ့တဲ့ ဒဏ်ရာတွေအများကြီးပဲ၊ ကြည့်ရတာ အဖွဲ့တစ်ဖွဲ့က သူ့နောက်ကိုလိုက်နေတာဖြစ်မယ်၊ ငါတို့သူ့ကို ကယ်တင်လိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာ နိုင်တယ်”

လီချင်းယန်သည် ငြိမ်သက်တိတ်ဆိတ်နေရင်းသာ စဉ်းစားလိုက်၏။

စနစ်မှပြောလိုက်သည်။ “မင်းက လူစွမ်းကောင်းဆိုတဲ့ ဘွဲ့ထူးကို ရထားတာလေ၊ အခု သူ့ကိုတောင် မကယ်ပေးဘူး”

“ဘယ်လိုသက်ဆိုင်လို့လဲ”

ကျွင်းချောင်ရှောင်းသည် စိတ်အလိုမကျသလို ပြောလိုက်၏။ “လူစွမ်းကောင်းဆိုတာကလည်း နေ့စဉ်နေ့တိုင်း လူတိုင်းကို ကယ်တင်နေလို့ မဖြစ်ဘူးလေ၊ ပြီးတော့ သူ့ဒဏ်ရာတွေက ပြင်းထန်တာ မဟုတ်ဘူး၊ အသက်နဲ့ အဝေးကြီးပဲ”

သူ ပြောရင်း ရှေ့သို့နည်းနည်း ဆက်သွားလိုက်ချိန်မှာတော့ မြေပေါ်တွင်လဲကျနေသော ဒဏ်ရာရထားသည့် ကျင့်ကြံသူသည် ခက်ခက်ခဲခဲနှင့် ပြောလိုက်သည်။ “ကယ်၊ ကျုပ်အသက်ကို ကယ်ပါ၊ စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာ ပေးပါ့မယ်”

“ရှောင်ကျီ”

ကျွင်းရှောင်ချောင်းပြောလိုက်သည်။ “သူ့ကို မြန်မြန်ဆွဲမလိုက်အုံး၊ မြေကြီးက အရမ်းအေးတယ်၊ တော်ကြာ အအေးပတ်သွားအုံးမယ်”

“...” လီချင်းယန်နှင့် ကျိုးဟုန်တို့၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ ဂိုဏ်းချုပ်သည် စိတ်ဝိညာဉ်ကျောက်တုံး ဆိုသည့်အသံကို ကြားသည်နှင့်တစ်ပြိုင်နက် စိတ်နှလုံးသား ကောင်းမွန်သည့် လူတစ်ယောက်ကဲ့သို့ပင် တစ်ဖက် လူအား စိတ်ပူပေးလျက်ရှိနေသည်။ သောက်ကျိုးနည်းလှချေသည်တကား။

ရက်စက်လှသော ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် လူသားတို့သည် အမျိုးတော်သည်ဖြစ်စေ၊ သူငယ်ချင်း ရောင်းရင်းဖြစ်စေ တစ်ယောက်နှင့်တစ်ယောက် ကူညီကယ်ဆယ်ခြင်းကို လုပ်လေ့လုပ်ထ ရှိကြသည် မဟုတ်ချေ။

ဝိညာဉ်ကူးပြောင်းရောက်ရှိလာကာစက ကျွင်းချောင်ရှောင်းသည် လီချင်းယန်အား ကယ်တင်ပေးခဲ့၏။ ထို့ကြောင့် လက်ရှိ အလုံးစုံ မျက်နှာလွှဲခဲပစ် ထွက်သွားဖို့ ပြင်လိုက်သည်ကို ကြည့်လျှင် သူ့အနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် နေထိုင်ခဲ့သည်မှာ အချိန်ကြာလာသည်နှင့်အမျှ စိတ်နေစိတ်ထားများ ပြောင်းလဲလာခဲ့ကြောင်း သိသာလှသည်။

ဝှစ်

ရှောင်ကျီသည် ဟာရီကိန်းဝံပုလွေပေါ်မှ ခုန်ဆင်းလိုက်၏။ ပြီးနောက် ဒဏ်ရာရထားသော ကျင့်ကြံသူအား ဆွဲမရန် ပြင်ဆင်လိုက်ချိန်မှာတော့ တောနက်ထဲမှ အမဲရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ဒါဇင်ကျော်သည် အပြင် ဘက်သို့ ထွက်ပေါ်လာကြ၏။

ထိုလူများအားလုံးသည် ကျွင်းချောင်ရှောင်းနှင့် တခြားသူများအားလုံးကို အမြန်ဆုံးနှုန်းဖြင့် ဝိုင်းပတ်ထားလိုက် ကြ၏။ သူတို့၏ မျက်လုံးများသည် အလွန်တရာ အေးစက်၍ ကြမ်းတမ်းလွန်းလှသည်။ ထိုအရာကို မြင်တော့ ဒဏ်ရာရရှိထားသည့် ကျင့်ကြံသူ၏ နှလုံးသားသည် စိတ်ပျက်ခြင်း အငွေ့အသက်များနှင့် လွှမ်းခြုံသွားတော့သည်။

အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခေါင်းဆောင်သည် ကျွင်းချောင်ရှောင်းနှင့် တခြားသူများအား ကြည့်၍ ထူးမခြားနားသလို ပြောလိုက်၏။ “မင်းတို့က ဒီကောင်ရဲ့ အပေါင်းအဖော်တွေလား”

ကျွင်းချောင်ရှောင်းပြောလိုက်၏။

“ကျုပ်တို့က အခုမှ လမ်းဖြတ်သွားတာပါ”

“ဖြတ်သွားတဲ့လူတွေ ဟုတ်လား”

အမဲရောင်ဝတ်စုံနှင့် ခေါင်းဆောင်သည် အေးစက်စက်ပြုံးလိုက်၏။ ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ဒါဆိုရင် နတ်ဆိုးတောအုပ်ထဲမှာ သေရလိမ့်မယ်”

ဝှစ် …. ဝှစ်

ဝိုင်းဖွဲ့ထားကြသော သူ၏ နောက်လိုက်နောက်ပါများအားလုံးသည်လည်း ချက်ချင်းဆိုသလို သူတို့၏ လက်နက်ပုန်း များဖြင့် ပစ်လွှတ်တိုက်ခိုက် လိုက်ကြသည်။

ချလွမ် … ချလွမ်

လီချင်းယန်နှင့် ရီချင်းရှန်တို့ နှစ်ယောက်လုံးသည်လည်း ဓားများကို ဆွဲထုတ်လိုက်ကြ၏။ ပြီးနောက် သူတို့ဆီသို့ ဝင်ရောက်လာသော လက်နက်ပုန်းများကို ဓားများဖြင့်ကာ၍ ရိုက်ထုတ်လိုက်ကြသည်။

။ ရှောင်ကျီသည် သူ၏ အားကောင်းလှသော သံမဏိဒိုင်းကာအား ဆင့်ခေါ်လိုက်၏။ သူသည် သူ့ကိုယ်သူ ကာကွယ်ရန်သာ မဟုတ်၊ ဒဏ်ရာရထားသော ကျင့်ကြံသူအားလည်း ကာကွယ်ပေးလိုက်၏။

ဟမ်

အမဲရောင်ဝတ်စုံနှင့်ခေါင်းဆောင်သည် အံ့အားသင့်သွား၏။ “မင်းတို့ဆီမှာ စွမ်းရည် တစ်ချို့တော့ ရှိသေးတာပဲ”

“အစ်ကိုကြီး”

ဘေးတစ်ဖက်တွင်ရှိသော သိုင်းကျင့်ကြံသူတစ်ယောက်က တီးတိုးပြောလိုက်၏။ “ဒီလူတွေစီးထားတဲ့ ဝံပုလွေက လေပွေဝံပုလွေဖြစ်ဖို့ များတယ်”

“ဘာ”

အမဲရောင်ဝတ်စုံနှင့် ခေါင်းဆောင်သည် ထိတ်လန့်တုန်လှုပ်သွား၏။ လေပွေဝံပုလွေဆိုသည်မှာ သာမန်သားရဲမျိုး မဟုတ်ချေ။ ထိုသို့သောသတ္တဝါမျိုးကို စီးတော်ယာဉ်အဖြစ် စီးနင်းသည်ဆိုကတည်းက ထိုသူများ၏ အနေအထား သည် ရိုးရှင်းလှမည် မဟုတ်ပေ။

“မင်းတို့က ဖြတ်သွားဖြတ်လာတဲ့သူတွေ ဆိုမှတော့”

အမဲရောင်ဝတ်စုံနှင့်ခေါင်းဆောင်က မြန်မြန်ဆန်ဆန် တုံ့ပြန်ကာ ပြောလိုက်၏။ “ဒီကနေ ထွက်သွားတော့၊ နတ်ဆိုးလမ်းသွယ်ဂိုဏ်းရဲ့ တာဝန်ကို လာမရှုပ်ကြနဲ့”

ဤဝံပုလွေစီးနင်းထားသော ကျင့်ကြံသူများ၏ အားအင်အဆင့်သည် အနည်းငယ် အားကောင်းလှ၏။ ထို့ကြောင့် သူ့အနေနှင့် ပြဿနာ မရှာရဲချေ။ ထို့ကြောင့်ပဲ လေသံအား အညင်သာဆုံးဖြစ်အောင် ပြုလုပ်ပြီး ပြောဆိုလိုက်ခြင်း ပင် ဖြစ်သည်။

နတ်ဆိုးလမ်းသွယ်ဂိုဏ်း ဟု ထုတ်ဖော်ပြောဆိုလိုက်ခြင်းမှာ တစ်ဖက်လူအနေဖြင့် သူတို့သည် မည်သည့်ဂိုဏ်းမှ ဖြစ်ကြောင်း သိရှိသွားစေရန် ရည်ရွယ်၏။

ကံဆိုးစွာဖြင့် သူတို့သည် တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်သောကြောင့် ဤကဲ့သို့ ထွက်ခွာခိုင်းလိုက်မည်ဆိုလျှင် ထူးဆန်းနေပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာ ပြုံး၍ ပြောလိုက်သည်။ “အခုမှတွေ့တယ်၊ အခုချက်ချင်း လက်နက်ပုန်းတွေ ထုတ်ပြီးတော့ ပစ်လိုက်တယ်၊ အခု ဆက်သွားစေချင်ပြန်ပြီ လား၊ ခင်ဗျားရဲ့ခေါင်းက မြည်း ကန်ခံထားရတာနဲ့တူတယ်”

အမဲရောင်ဝတ်စုံ ဝတ်ဆင်ထားသော ခေါင်းဆောင်၏ မျက်နှာသည် မဲမှောင်သွား၏။ သူသည် ဒေါသတရားကို ဖိနှိပ်ထားပြီး လက်သီးဆုပ်ကာ ပြောလိုက်၏။ “ဒါက နားလည်မှုလွဲတာပါ၊ ကျေးဇူးပြုပြီး စိတ်ထဲမှာ မထားပါနဲ့”

ဟမ့် … မင်းတို့သာ လေပွေဝံပုလွေတွေကို စီးနင်းလာတာမဟုတ်ရင် ငါဓားထုတ်ပြီးတော့ သတ်ပြီးတာ ကြာပေါ့။

မှားပေသည်။ ဤအကောင်များသည် လေပွေဝံပုလွေများမဟုတ်ပေ။ ဟာရီကိန်းဝံပုလွေများသာဖြစ်၏။ ထိုအထဲတွင် ဟာရီကိန်းဝံပုလွေတောင် ပါဝင်နေသေးသည်။

ကျန့်ရာသည် အသံပို့လွှတ်လိုက်သည်။ “ခေါင်းဆောင်၊ နတ်ဆိုးလမ်းသွယ်ဂိုဏ်းဆိုတာ အဆင့်ငါးဂိုဏ်းတစ်ခုပဲ”

“အဆင့်ငါး ဟုတ်လား”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများတွင် ချက်ချင်းဆိုသလို အထင်အမြင်သေးမှုများ ဖြတ်ပြေးသွားတော့သည်။

ငါက အဆင့်သုံး မိစ္ဆာဂိုဏ်းနှစ်ခုကိုတောင် ပြဿနာရှာခဲ့ပြီးပြီ၊ အဆင့်ငါး ဂိုဏ်းတစ်ခုကို ဘာကိစ္စ မျက်စိထဲ ထည့်ထားရမှာလဲ။

ဟုတ်ပေသည်။ သူသည် အပြင်ထွက်တိုင်း မိစ္ဆာဂိုဏ်းများကို ပြဿနာရှာတတ်သူတစ်ယောက်တော့ မဟုတ်ပေ။ ထို့ပေမဲ့ သူသည် လက်ညှိုးညွှန်ကာ ပြောလိုက်၏။

“မင်းတို့က နတ်ဆိုးလမ်းသွယ်ဂိုဏ်းက ဆိုရင်တော့ မျက်နှာသာပေးလိုက်မယ်၊ အခု ဖြစ်နိုင်သမျှ အမြန်ဆုံး ပြေးတော့”

အမဲရောင်ဝတ်စုံနှင့်ခေါင်းဆောင်၏ ဒေါသတရားများသည် ချက်ချင်းဆိုသလိုပဲ မြင့်တက်သွား၏။ သို့ပေမဲ့ သူသည် ထိန်းချုပ်နိုင်သေး၏။ ဒဏ်ရာရထားသော ကျင့်ကြံသူအား ကြည့်ကာပြောလိုက်၏။ “သူက နတ်ဆိုးလမ်းသွယ်ဂိုဏ်းက လိုက်နေတဲ့သူပဲ၊ ကျုပ်တို့သူ့ကို ခေါ်သွားမယ်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “သူ့ကို လိုချင်ရင် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာပေး၊ ပြီးရင် ခေါ်သွား”

ဒဏ်ရာရထားသော ကျင့်ကြံသူမှာ ဆွံ့အသွား၏။ သူသည် စိတ်ထဲမှ ကုန်း၍ အော်လိုက်မိသည်။

လူသားတွေရဲ့ အကြင်နာတရားက ဘယ်ရောက်ကုန်တာလဲ၊ စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာကျော်နဲ့ ငါ့ကို ခွေးဆွဲ သလို ဆွဲခံရတာကို ကြည်ကြည်ဖြူဖြူနဲ့ လွှတ်ပေးရက်တယ်ပေါ့။

အမဲရောင်ဝတ်စုံနှင့်ခေါင်းဆောင်သည် နောက်ဆုံးတွင် မည်သို့မျှ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် မှုန်ကုတ်ကုတ် နှင့် ပြောလိုက်၏။ “ရောင်းရင်း၊ မင်းက နည်းနည်းလေး ကျိုးကြောင်းမဆီလျော်ဘူးလို့ထင်တယ်”

ကျန့်ရာ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ မိစ္ဆာဂိုဏ်းမှ လူတစ်ယောက်သည် ကျိုးကြောင်းမဆီလျော် ဆိုသည့်စကားကို ပြောဆိုနေ၏။ ဤအရာသည် လောကမှာ အရယ်ရဆုံးသော ဟာသတစ်ခု ဖြစ်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ပခုံးတွန့်ကာပြောလိုက်၏။

“သူက ကယ်တင်ပေးဖို့ စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာ ပေးတယ်၊ ဒီတော့ ခင်ဗျား သူ့ကို ခေါ်သွားရင် ကျုပ်ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေလည်း ပါသွားမှာပေါ့၊ ကျုပ်ကို စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာ ပေး”

“...”

လီချင်းယန်၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ရင်သွားသည်။ မည်သို့ပင် ဆိုစေကာမူ ဂိုဏ်းချုပ် သည် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာကိုသာ စိတ်ထဲတွင်ရှိနေ၏။

အမဲရောင်ဝတ်စုံနှင့် ခေါင်းဆောင်၏ အမူအရာ သည် ထပ်မံ၍ ပြောင်းလဲသွားသည်။ “ငါ့ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာမှ မရှိတာ၊ ရှိရင်လည်း မင်းကို ဘာလို့ ပေးရမှာလဲ၊ ဒီလိုလုပ်ရအောင်၊ ကျုပ်သူ့ကို ခေါ်သွားမယ်၊ ပြီးရင် စိတ်ဝိညာဉ်ကျောက်တုံးတွေကို သွားရှာပြီး ပေးမယ်လေ”

တစ်ဖက်လူ၏ ပစ်မှတ်သည် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာဖြစ်သည်မို့ သူ့အနေနှင့် နောက်မှ စိတ်ဝိညာဉ် ကျောက်တုံးတစ်ရာ ပေးရန် စဉ်းစားလိုက်၏။ အရင်ဦးဆုံး သူ၏တာဝန်ကို လုပ်ဆောင်ရန်သာ အရေးကြီးနေသည်။ ထိုသို့ဆိုလျှင် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားနိုင်၏။

“အဲလိုမဖြစ်ဘူး”

ကျွင်းရှောင်ချောင်း ပြောလိုက်သည်။ “ခင်ဗျားသူ့ကို ခေါ်ပြီးထွက်ပြေးသွားရင် ကျုပ်က သူ့ကိုကော၊ စိတ်ဝိညာဉ်ကျောက်တုံးတွေကော ဆုံးရှုံးရမှာလေ၊ ဒီတော့ အရင်ဆုံး စိတ်ဝိညာဉ်ကျောက်တုံးကိုပေး၊ ဒါဆိုရင် သူ့ကိုကာကွယ်ပေးမဲ့ ကိစ္စကို လက်လျော့လိုက်မယ်”

အမဲရောင်ဝတ်စုံနှင့်ခေါင်းဆောင်၏ အမူအရာသည် မဲမှောင်သွား၏။ သူတွေးလိုက်သည်။ ဒီကောင် ငါ့ကို လာရှုပ်နေတာလား၊ ဒါမှမဟုတ် အချိန်ဆွဲချင်နေတာလား။

“ရောင်းရင်းလေး”

ထိုအချိန်မှာတော့ ဒဏ်ရာရရှိထားသော ကျင့်ကြံသူသည် ခက်ခက်ခဲခဲ ပြောလိုက်၏။ “ကျုပ်က စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်ကို ပေးပါ့မယ်၊ ကျေးဇူးပြုပြီး အသက်ကို ကယ်တင်ပေးပါ”

တစ်ဖက်လူသည် နတ်ဆိုးလမ်းသွယ်ဂိုဏ်းကို ပြိုင်တုရဲသည် ဆိုမှတော့ အားအင်နေရာတွင် အလွန်တရာ သာလွန်သည့်လူမျိုးသာ ဖြစ်ပေလိမ့်မည်။ အသက်ရှင်သန်နိုင်ရန်အတွက် လိုလိုချင်ချင်နှင့် ဈေးတိုးမြင့်ပေးလိုက်ခြင်း ဖြစ်သည်။

“ကျုပ်သဘောတူတယ်”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။

သူ၏ ဂိုဏ်းတွင် သဘာဝစိတ်ဝိညာဉ်ကျောက်တုံးမိုင်း တည်ရှိပြီး စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်လုပ်ပေးနိုင်သည်ဆိုသော်လည်း လူတို့ဖန်တီးပြုလုပ်ထားသော စိတ်ဝိညာဉ် ကျောက်တုံးများကို ရရှိလျှင်လည်း သူစိတ်မဆိုးချေ။ ထို့ပြင် စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုသည် ငွေတေးလ် တစ်သောင်း ထိုက်တန်သည် မဟုတ်ပါလား။

ဟူး

ဒဏ်ရာရထားသော ကျင့်ကြံသူသည် စိတ်သက်သာရာ ရသလို သက်ပြင်းရှည်ကြီး ချလိုက်ပြီး သူ၏နှလုံးသားထဲ တွင်ဖြစ်တည်နေသော စိတ်ပျက်ခြင်း အမူအရာများလည်း ပျောက်ကွယ်သွားတော့သည်။

ကျွင်းချောင်ရှောင်းသည် အမဲရောင်ဝတ်စုံနှင့် ခေါင်းဆောင်အားကြည့်၍ ပခုံးတွန့်လိုက်၏။ “သူ့ကို ကာကွယ်ပေးမှုကို လက်လျော့စေချင်တယ်ဆိုရင်တော့ စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာ မဟုတ်တော့ဘူး၊ တစ်ထောင်ဖြစ်သွားပြီ”

ဝေါ့

ဒဏ်ရာရထားသော ကျင့်ကြံသူသည် သွေးတစ်လုတ် အန်ထုတ်လိုက်မိ၏။ သူ၏ စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ ဒီလူက ငွေမျက်နှာတစ်ခုတည်းသာကြည့်တဲ့ တစ်ကိုယ်ကောင်းသမားပါလား။ လေလံတောင် ပစ်အုံးမလားမ သိဘူး။

အမဲရောင်ဝတ်စုံနှင့် ခေါင်းဆောင်သည် စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာကို ထုတ်ပေးနိုင်သူမဟုတ်ချေ။ ထို့ကြောင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်ဆိုလျှင် ပိုမို၍ ဆိုးရွားနေပေ၏။ ထို့ကြောင့် မှုန်ကုတ်ကုတ်နှင့် ပြောလိုက်သည်။ “ကောင်လေး၊ မင်းငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ လာပြီးဆော့ကစားနေတာလား”

“မပေးနိုင်ဘူးလား၊ ဒါဆိုရင်လည်း ဒီကထွက်သွားတော့”

ဟမ့်

အမဲရောင်ဝတ်စုံနှင့်ခေါင်းဆောင်သည် အေးစက်စက်နှင့် ပြောလိုက်၏။ “အချိုကျွေးလို့မရဘူးဆိုမှတော့ အခါးကျွေးပြီဆိုရင် မငိုနဲ့”

ဝှစ်

ပြောပြီးသည့်နောက်မှာတော့ သူသည် ထူးဆန်းသည့်လက်အမူအရာကို ပြုလုပ်လိုက်၏။

အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူပေါင်းများစွာတို့သည် ဒူးလေးကဲ့သို့သော လက်နက်များကို ၎င်းတို့၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်၏။ ပြီးနောက် မြားများကို တပ်ဆင်လိုက်တော့သည်။ မြား၏ခေါင်းတွင် ခပ်ဖျော့ဖျော့အလင်းရောင်များ လင်းလက်လျက်ရှိပြီး ပြင်းထန်သည့် ပေါက်ကွဲမှု အားအင်များ ဖြစ်ပေါ်စေနိုင်သည့် အရာများဟု သတ်မှတ်နိုင်၏။

ကျန့်ရာသည် အသံပို့လွှတ်လိုက်၏။ “ဂိုဏ်းချုပ်၊ ဒါက မှော်ပညာနဲ့ ပြုလုပ်ထားတဲ့ ဒူးလေးတစ်ခုပဲ၊ မြားရဲ့ ထိပ်မှာ သတင်းအမြူတေရှိတယ်၊ ဒါက ပြင်ပအရာဝတ္ထုတစ်ခုခုနဲ့ ထိတွေ့သွားရင် ပေါက်ကွဲသွားလိမ့်မယ်”

“ကောင်လေး”

အမဲရောင်ဝတ်စုံနှင့် ခေါင်းဆောင်က ပြောလိုက်သည်။ “ငါအထပ်ထပ် စိတ်ရှည်ပေးခဲ့တယ်၊ မင်းမသွားဘူးဆိုရင် တစ်စစီ စုတ်ပြတ်သွားလိမ့်မယ်။

ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့ကာ အော်လိုက်၏။ “ချင်းယန်၊ ရှောင်ကျီ မင်းတို့ရဲ့လက်နက်တွေကို ထုတ်လိုက်”

ချင်းယန်နှင့် ရှောင်ကျီတို့သည် ၎င်းတို့၏ AK-47 လက်နက်ကို ထုတ်ကိုင်လိုက်ကြ၏။

ကျွင်းချောင်ရှောင်းသည် လည်း သူ၏ AK-47 လက်နက်ကို ထုတ်ယူလိုက်၏။ ပြီးနောက် ဂိုဏ်းချုပ်ကျွင်းသည် နေကာမျက်မှန်ကို ကောက်တပ်လိုက်ပြီး ပါးစပ်ထဲတွင် E - စီးကရက်ကို ကိုက်ကာ ခပ်မာမာ ပြောလိုက်သည်။ “ခင်ဗျားတို့နဲ့ ကျုပ် ဘယ်သူက ပိုမြန်လည်း ကြည့်ရအောင်”

အမဲရောင်ဝတ်စုံနှင့် လူများတို့သည် ဟာရီကိန်းဝံပုလွေကို စီးနင်းထားပြီး AK-47 လက်နက်ကို ကိုင်ဆောင်ထား သည့် ထိုသုံးယောက်နှင့် ရင်ဆိုင်တိုက်ခိုက်ရတော့မည့် အခြေအနေမျိုး ဖြစ်နေသည်။ နှစ်ဖက်သည် တင်းမာနေကြ၏။

All Chapters