အခန်း (၄၃၀)
Vol. 29 Ch. 430
ရမ်ရှန်သည် ရိုးသားသည့်လူတစ်ယောက် မဟုတ်ကြောင်း ကျွင်းချောင်ရှောင်း ကောင်းကောင်းသိ၏။ ထို့ကြောင့် လမ်းတစ်လျှောက်လုံး သတိထားခဲ့ခြင်း ဖြစ်သည်။
သို့ပေမဲ့ သူမထင်မှတ်ထားခဲ့သည်မှာ လှိုဏ်ဂူထဲတွင် လှိုဏ်ခေါင်းတစ်ခုတည်း ရှိသည် မဟုတ်ဘဲ များပြားလှသည့် လှိုဏ်ခေါင်းများ တည်ရှိနေခြင်းပင်။
လူတစ်ယောက်သည် ဝင်ရောက်သွားသည် ဆိုသည်နှင့် များပြားလှသော လှိုဏ်ခေါင်းများမှ တစ်ဆင့် လွယ်လွယ်ကူကူ ပျောက်ကွယ်သွားနိုင်သည်။
"ဒီတော့လည်း ပြေးပါလေ့စေလေ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါကလည်း ကိစ္စကြီး မဟုတ်ပါဘူး"
သူသည် ရမ်ရှန်အား ဂရုမစိုက်ပေ။ သူဂရုစိုက်သည်မှာ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းပင်ဖြစ်သည်။
စိတ်ဝိညာဉ်ကျောက်တုံးမိုင်းကို ရှာဖွေတွေ့ရှိမည်ဆိုလျှင် အကြွေးကျန်နေသော စိတ်ဝိညာဉ်ကျောက်တုံး ၉၉၉တုံးကို ပြန်လည်ရရှိပေလိမ့်မည်။
ရမ်ရှန်သည် သူ့အား ထိခိုက်အောင် လုပ်မည်ကို စိတ်လက်ပူပန်မည်ကို ကျွင်းချောင်ရှောင်း တွေးမိပြီဖြစ်သည်။ ထို့အပြင် သူ့အား ဓားမြှောင်ဖြင့် နှစ်ကြိမ်တိုင်တိုင် ထိုးခဲ့သော လူတစ်ယောက်နှင့် အဘယ့်ကြောင့် အလုပ်တူတူ တွဲလုပ်မည်နည်း။
ဤသို့ ကြမ်းတမ်းရိုင်းစိုင်းခဲ့သည့်အတွက်လည်း ကျွင်းချောင်ရှောင်းအားလည်း အပြစ်တင်၍ မဖြစ်ပေ။ ထိုကဲ့သို့သာ မပြုလုပ်ပါက စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း တည်ရှိသည်ကိုပင် သိရှိလိမ့်မည် မဟုတ်ချေ။
"ချီးတဲ့မှ"
ကျန့်ရာသည် မပျော်မရွှင်ဖြင့် ပြောလိုက်သည်။ "စိတ်ဝိညာဉ်အာရုံခံနိုင်မှုကို ကန့်သတ်ထားတာ မဟုတ်ဘူးဆိုရင် ဒီကောင်လေးကို လွယ်လွယ်ကူကူနဲ့ ဖမ်းနိုင်တယ်။"
လီချင်းယန်ပြောလိုက်သည် "ဂိုဏ်းချုပ် ကျွန်တော်တို့ရဲ့ အရှေ့မှာ လှိုဏ်ခေါင်းကိုးခု ချိတ်ထားတဲ့ နေရာရှိတယ်။တူတူသွားကြမလား။ လူခွဲပြီး သွားကြမလား"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"အတူတူ သွားကြစို့"
သူသည် လှိုဏ်ခေါင်းများ၏ အထဲတွင် ရှိနေနိုင်သော အန္တရာယ်များနှင့် ပတ်သက်၍ စိတ်ပူမိ၏။ ထို့ကြောင့် အတူတူသွားခြင်းကသာ ပိုမို အဆင်ပြေလိမ့်မည်။
သူသည် ရှေ့ညာဘက်ခြမ်းတွင်ရှိသော လှိုဏ်ခေါင်းတစ်ခုထဲသို့ ဝင်ရောက်သွားရန် ဆုံးဖြတ်လိုက်မိ၏။
ကျန်းရှာသည် ဆွံ့အစွာဖြင့် ပြောလိုက်မိသည်။ "ဂိုဏ်းချုပ် ဒီလိုနေရာမျိုးကို ဝင်ရောက်တယ်ဆိုတာ ဂရုမစိုက်ဘဲ ကြုံရာ လျှောက်ဝင်လို့ မဖြစ်ဘူး။
သူသည် အသက်အရွယ်ကြီးမားလွန်းသော လူတစ်ယောက် မဟုတ်သော်လည်း နှစ်အနည်းငယ်လောက် သိုင်းလောကထဲတွင် လှည့်ပတ်သွားလာခဲ့သူ ဖြစ်သည်။
ထို့ကြောင့် ဤကဲ့သို့သောနေရာမျိုးသည် ဆန်းကြယ်လွန်းပြီး အန္တရာယ်များပြားကြောင်း သိရှိပြီးဖြစ်သည်။ ကြုံသလို ရွေးချယ်၍ ဝင်ရောက်သွားမည်ဆိုလျှင် အဆုံးသတ်၌ သေဆုံးခြင်းတွေပင် ဖြစ်ပေါ်သွားရနိုင်၏။
လွန်ခဲ့သည့် သုံးနှစ်တုန်းက ကျန့်ရာသည် ဤကဲ့သို့သော လှိုဏ်ဂူတစ်ခုထဲသို့ ဝင်ရောက်ခဲ့ဖူး၏။ နောက်ဆုံးတွင် အသက်ဘေးမှ ကပ်သီးလေးလွတ်၍ ပြန်လည်ထွက်ခွာလာနိုင်ခဲ့သည်။ သူသာ ဆုံးဖြတ်ချက်လွဲမှားသွားပါက တစ်ခါတည်း အသက်ပါ သေသွားခဲ့ပေလိမ့်မည်။ ထို့ကြောင့် စိုးရိမ်နေခဲ့ခြင်းပင် ဖြစ်တော့သည်။
ယခု ဂိုဏ်းချုပ်ကျွင်းသည် မည်ကဲ့သို့မှ တွေးတော စဉ်းစားခြင်း မရှိဘဲ တစ်ခါတည်း လမ်းအား ကြုံသလို ရွေးချယ်၍ သွားသည်ကို မြင်တော့ သူ သတိတရနှင့် ပြန်လည်ကာ တားဆီးလိုက်၏။
"ရှေ့မှာ ကောင်းချီးရှိနေတယ်ဆိုရင် ကျိန်စာ ရှိနေမှာ မဟုတ်ဘူး။တကယ်လို့ ကျိန်စာရှိနေတယ်ဆိုရင်လည်း ရှောင်လို့ ရမှာ မဟုတ်ဘူး။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ဟုတ်တယ်"
စနစ်က ပြောလိုက်သည်။ "အဲကောင်က ဒီလှိုဏ်ခေါင်းထဲကို ဝင်သွားခဲ့တာလေ။"
ကျွင်းချောင်ရှောင်း၏ အမူအရာများသည် အေးခဲသွား၏။ ပြီးနောက် အံ့အားတသင့်ဖြင့် မေးလိုက်၏။ "ဘယ်လိုလုပ် သိတုန်း"
စနစ်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "ငါက လေထဲကလာတဲ့ သူ့ရဲ့ အနံ့အသက်ကို ခံစားလို့ရတယ်လေ။ဒါကြောင့် တစ်ဖက်လူက အဲမှာရှိနေတာကို သိနိုင်တယ်။"
"ငါသိပြီ"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်းက အနံ့ခံကောင်းတဲ့ ခွေးတစ်ကောင်ပဲ"
"မင်းကမှ ခွေး ….”
“မင်းက ခွေး … မင်းကမှခွေး"
သူတို့နှစ်ယောက်သည် ခဏတာ စကားများလျက်ရှိနေသည်။
အရှေ့သို့ အနည်းငယ် လှမ်းပြီးသည့်နောက်မှာတော့ မတူညီသည့် တည်နေရာတစ်ခုကို ခွဲခြားသွားနိုင်သော လမ်းတစ်ခု ပေါ်ပေါက်လာသည်။
"ဂိုဏ်းချုပ်…”
“ညာဘက်ကို သွားမယ်"
ကျွင်းချောင်ရှောင်းသည် ဖြတ်ပြောလိုက်သည်။
ကျန့်ရာ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။ အတွေ့အကြုံ ရင့်ကျက်လှသော လူတစ်ယောက်မို့ သူသည် လေးလေးနက်နက် ရှင်းပြခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် အမှန်တကယ်ပင် နားမထောင်ခဲ့ပေ။ ကြုံရာကို ထပ်မံ၍ ရွေးချယ်ကာ သွားနေပြန်သည်။ မည်သို့ ဆက်လုပ်ရမည်နည်း။
ကျန့်ရာသည် သက်ပြင်းချလိုက်ပြီး အနောက်မှသာ လိုက်ခဲ့သည်။
မကြာခင်မှာပဲ သူတို့သည် နောက်ထပ် လမ်းဆုံတစ်ခုသို့ ရောက်ရှိသွားခဲ့၏။ လမ်းနှစ်လမ်းလုံးသည် တူညီသည့် ပုံပန်းသွင်ပြင်များ ရှိနေ၏။
ကျန့်ရာသည် သေသေချာချာ ခန့်မှန်းလိုက်၏။
"ဒီနေရာကို တစ်စုံတစ်ယောက်က အမှတ်အသားတွေ သက်သက်ချန်ထားခဲ့တာပဲ ဖြစ်မယ်။ဒါကြောင့် နောက်တစ်ခါလာရင် ဒီလမ်းကို သိနိုင်မှာလေ။ကျုပ်မမှားဘူးဆိုရင် ရမ်ရှန်ထားခဲ့တဲ့ အမှတ်အသားပဲ ဖြစ်ရမယ်။ဒီ အမှတ်အသားရဲ့ သဘောဘဘာဝကို အဖြေရှာနိုင်ပြီဆိုရင် ဒီကောင့်ကို ကျုပ်တို့ ရှာတွေ့နိုင်ပြီ။
သူ၏ စဉ်းစားချက်သည် ယုတ္တိတန်လှ၏။
ရုတ်တရက် သူပြောပြောပြီးချင်းမှာပဲ ဂိုဏ်းချုပ်သည် တပည့်များကို ဦးဆောင်၍ အရှေ့ဘက်သို့ ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။ သူ ပြောသည့်စကားများကို တစ်လုံးမှ ကြားသည့်ဟန်ပင် မပေါ်ချေ။
ကျန့်ရာ သည် အလုံးစုံ ဆွံ့အနေမိသည်။
...
သူတို့ ဆက်လက်လျှောက်ပြီးသည့်နောက်မှာတော့ လမ်းဆုံတော်တော်များများဆီသို့ ရောက်ရှိလာသည်။
ကျွင်းချောင်ရှောင်းသည် တစ်ချက်လေးမှ တွန့်ဆုတ်မနေပေ။ ဘယ်ကိုကွေ့လိုက်၊ ညာကိုကွေ့လိုက်နှင့် သွားလျက်ရှိသည်။
တပည့်များသည်လည်း ဇဝေဇဝါ ဖြစ်မိလာ၏။
ကျန့်ရာသည် အနောက်ဘက်မှလိုက်ရင်း ကြိတ်မနိုင်ခဲမရ ဖြစ်နေသည်။ သူသည် ဂိုဏ်းချုပ်အား အထပ်ထပ် စကား ပြောခဲ့သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် ဦးခေါင်းမပါသောယင်ကောင်ကဲ့သို့ ကြုံရာလမ်းကို လျှောက်၍ သွားလျက်ရှိနေတော့သည်။
မဖြစ်ဘူး မဖြစ်ဘူး ဒီအတိုင်းဆိုရင် မနှေးနဲ့ မမြန်ဆိုသလို လမ်းပျောက်သွားလိမ့်မယ်။
"ဂိုဏ်းချုပ်"
ကျန့်ရာ ပြောလိုက်သည်။ "ဒီလို မဟုတ် …..”
“အရှေ့မှာ တစ်ယောက်ရှိတယ်"
ချင်းယန်သည် တိမ်ခြေလှမ်းကို အသုံးပြူ၍ အရှေ့သို့ လှမ်းတက်သွားတော့သည်။
ပြီးနောက် သူသည် အခြားလမ်းဆုံတစ်ခုသို့ ထွက်ပြေးသွားရန် ပြင်နေသော ရမ်ရှန် အား ဆွဲယူ၍ ပြန်ခေါ်လာ၏။
ကျန့်ရာ ဆွံ့အသွားမိသည်။
ဤနေရာသည် ရှုပ်ထွေးလှသော လှိုဏ်ခေါင်းများနှင့် များပြားလှသော လမ်းဆုံတို့ တည်ရှိရာနေရာဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူအား သူတို့ ရှာဖွေတွေ့ရှိခဲ့၏။ ကံကောင်းလွန်းသည်လား။
ကံတရား ဟုတ်လား။ ကျန့်ရာ မှားယွင်းခဲ့သည်။ ဤအရာသည် လေထဲမှ ရရှိခဲ့သော တစ်ဖက်လူ၏ အော်ရာကြောင့် ဖြစ်သည်။
ဘုတ်
အိုက်ရား …
ရမ်ရှန်သည် မြေပေါ်သို့ပြုတ်ကျသွားသည်။
သူသည်ဒဏ်ရာကို ထိခိုက်မိသွား သောကြောင့် နာကျင်သွား၏။ "ဘယ်လိုဖြစ်ပြီးတော့ ကျုပ်ကို ရှာတွေ့သွားတာလဲ"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"တူတူပုန်းတန်း ကစားရတာ ပျော်ရဲ့လား..."
ရမ်ရှန်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ကျွင်းချောင်ရှောင်းသည် ရှေ့ရှိ လမ်းဆုံတည်နေရာတစ်ခုဆီသို့ လက်ညိုးညွှန်ကာ ပြောလိုက်သည်။ "ကျုပ် ခင်ဗျားကို နောက်ထပ် အခွင့်အရေးတစ်ခုပေးမယ်။မြန်မြန်သွားပြီး ပုန်းလိုက်။ထပ်ပြီး မတွေ့စေနဲ့။"
ဟမ်
ရမ်ရှန် သည် အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။
ကျန့်ရာနှင့် တစ်ခြားသူများသည်လည်း ဇဝေဇဝါဖြစ်မိနေ၏။ အလွန်ရှုပ်ထွေးလှသော လှိုဏ်ဂူထဲတွင် ဤလူအား ရှာဖွေတွေ့ရှိခဲ့သည်ဆိုသည်မှာ အလွန်ကံကောင်းသောကြောင့် ဖြစ်မည်။
သို့ပေမဲ့ ဂိုဏ်းချုပ်သည် တစ်ဖက်လူအား ဆက်လက်ပုန်းအောင်းရန် အခွင့်အရေးပေးနေပြန်သည်။ ဟာသလုပ်နေသည်လား။
"မြန်မြန်"
ကျွင်းချောင်ရှောင်းသည် အော်လိုက်၏။
ရမ်ရှန်သည် မနည်းကြိုးစား၍ မတ်တပ်ရပ်ကာ သူ၏ဒဏ်ရာသော ခန္ဓာကိုယ်ကို ထိန်းကျောင်းရင်း နောက်သို့ပင် လှည့်မကြည့်ပဲ တစ်ခြားဝင်ပေါက်တစ်ခုဆီသို့ သွားတော့သည်.။
……....
အားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
ကျန့်ရာသည် ပြိုလဲတော့မလိုပြောလိုက်သည်။
"ဂိုဏ်းချုပ် ဒီလူကို ရှုပ်ထွေးလှတဲ့ တည်နေရာထဲမှာတွေ့ဖို့ဆိုတာ ခက်ခက်ခဲခဲ တွေ့ရတာပဲ။ဘာကြောင့် ထွက်ပြေးခိုင်းရတာလဲ။"
ဘုတ် …
လမ်းဆုံတည်နေရာထဲသို့ သွေားလာပြီးနောက်မှာတော့ ရမ်ရှန်သည် ရီရှင်းချန်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။ ပြီးနောက် အားလုံး၏ ရှေ့သို့ ဘုတ်ကနဲ့ ပြုတ်ကျလာသည်။
ကျန့်ရာ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ရင်သွား၏။
ပထမဖမ်းဆီးခြင်းသည် ကံကောင်းခြင်းဟု သတ်မှတ်နိုင်သည်။ သို့ပေမဲ့ သူ ဒုတိယအကြိမ်ရှာဖွေတွေ့ရှိခြင်းက တိုက်ဆိုင်ခြင်း မဟုတ်တော့ပေ။
ဂိုဏ်းချုပ် ကျုပ်ကို တမင်သက်သက်ပင် ရွဲပြီးတော့ လုပ်ပြနေတာလား။
သူသည် သံမဏိအရိုးဂိုဏ်း၏ တစ်ဦးတည်းသော အကြီးအကဲတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သူ့အား နည်းနည်းလေးမှ မျက်နှာသာ မပေးချေ။
ကျွင်းချောင်ရှောင်းသည် ဆောင့်ကြောင့်ထိုင်ကာ ပြောလိုက်သည်။ "ကျုပ်အခွင့်အရေးတစ်ခု ထပ်ပေးမယ်။မြန်မြန်ထ ပြီးတော့ ပြေးနိုင်သမျှ အမြန်ဆုံးပြေးတော့"
ရမ်ရှန်သည် ငိုချင်သွား၏။ သို့ပေမဲ့ မျက်ရည်ကျမလာပေ။
"ရောင်းရင်းလေး ကျုပ်ဆီမှာ ဂရုစိုက်စောင့်ရှောင်ရမယ့် ကလေးတွေနဲ့ အကြီးအကဲတွေ ရှိသေးတယ်။ရောင်းရင်းလေးက စိတ်နှလုံးသား ကြင်နာတတ်တဲ့ လူတစ်ယောက်ပဲ။ဒါကြောင့် ကျုပ်ကို အသက်ချမ်းသာပေးပါ"
သူသည် ပြေးလွှားခြင်းကို အဆုံးသတ်ခဲ့ပြီဖြစ်သည်။
တိတိကျကျပြောရမည်ဆိုလျှင် နှစ်ကြိမ်တိုင်တိုင် ဖမ်းဆီးခံရပြီးသည့်နောက်မှာ တစ်ဖက်လူသည် သူ့အား လွယ်လွယ်ကူကူနှင့် ပြန်လည်ရှာဖွေနိုင်မည့် အထူးစွမ်းရည်ရှိမည်ဆိုသည်ကို နားလည်ခဲ့ပြီးဖြစ်သည်။
ထိုသို့ဆိုလျှင် အဘယ့်ကြောင့် ထွက်ပြေးနေရမည်နည်း။ အရှုံးပေးရန်သာ ရှိတော့သည် မဟုတ်လား။
"ခင်ဗျားလိုချင်ရင်တော့ အသက်ရှင်ခွင့်ပေးနိုင်တယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "စိတ်ဝိညာဉ်ကျောက်တုံးမိုင်း ဘယ်နေရာရှိလဲဆိုတာပြော။ပြီးရင် ခေါ်သွားပေး။ ဒီတစ်ခါ ထပ်ပြီးတော့ လှည့်စားမှုတွေ ထပ်လုပ်မယ်ဆိုရင် ခင်ဗျားအသက်ကို ချမ်းသာပေးမှာ မဟုတ်တော့ဘူး"
"ကောင်းပါပြီ ကောင်းပါပြီ။ခေါ်သွားပေးပါ့မယ်"
ဤတစ်ကြိမ်မှာတော့ ရမ်ရှန်သည် လှည့်စားမှုများကို မပြုလုပ်တော့ပေ။
သူနှင့် သူ၏ အပေါင်းအဖော်များကို ချန်ထားသော အမှတ်အသားများကို ရှာလိုက်၏။ မကြာခင်မှာပဲ အလွန်တရာ ကျယ်ဝန်းလှသော ဂူပေါက်၏ အဝင်ဝဆီသို့ ရောက်ရှိလာကြတော့သည်။
အဆုံးသတ်တွင် ရှိသော ကျောက်နံရံပေါ်မှာတော့ များပြားလှသော သလင်းကျောက်ရိုင်းများ ရှိနေသည်။
"ရောင်းရင်းလေး"
ရမ်ရှန်သည် အားရပါးရ ပြောလိုက်တော့သည်။ "ဒီနေရာပါပဲ"