အခန်း (၄၃၁)
Vol. 29 Ch. 431
လှိုဏ်ဂူကြီးသည် အတော်အတန်ကြီးမားပြီး လူတစ်ရာလောက် နေထိုင်နိုင်အောင် ကျယ်ပြောလှ၏။
၎င်းတို့၏ ရှေ့ရှိ ကျောက်နံရံကြီးများတွင် သဘာဝကျောက်တုံးကြီးများသည် ထိုးထိုးထောင်ထောင် ထွက်လျက်ရှိနေကြ၏။
ကျန့်ရာနှင့် တစ်ခြားသူများ၏ မျက်လုံးများသည် ချက်ချင်းဆိုသလိုပဲ လင်းထိန်သွားတော့သည်။
သံမဏိအရိုးဂိုဏ်းတွင် ထိုကဲ့သို့သော မိုင်းတွင်းမျိုးရှိသည်ဆိုသော်လည်း အနည်းငယ်တော့ တူးထုတ်ပြီးသား ဖြစ်သည်။ လက်ရှိတွင် ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံးမိုင်းသည် သန့်စင်သော စိတ်ဝိညာဉ်ကျောက်တုံးများ ထွက်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ဤအရာများကို ရယူရန် မည်သူကမှ ငြင်းပယ်လိမ့်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်ပြီး ကျောက်နံရံမှာရှိသည့် အရေးအကြောင်းများကို လက်ညိုးထားကာ ပြောလိုက်သည်။ "ဒါ ခင်ဗျားတို လုပ်ထားခဲ့တဲ့ အရာတွေလား။"
"မဟုတ်ဘူး"
ရမ်ရှန် သည် ကြောင်အအ မျက်နှာဖြင့် ပြောလိုက်သည်။ "ကျုပ်တို့ ထွက်ခွာသွားတဲ့ အချိန်မှာ ဒီကျောက်နံရံကြီးက ပြောင်ချောကြီးပဲ။အခုလိုမျိုး အရေးအကြောင်းတွေနဲ့ ရှိနေတာ မဟုတ်ဘူး။ပြီးတော့ …."
သူသည် တည်နေရာကို ပတ်ပတ်လည်ကြည့်ပြီး ပို၍ ဇဝေဇဝါဖြစ်လာသည်။ "နောက်ဆုံးအကြိမ်လာခဲ့တုန်းကထက် လှိုဏ်ဂူက ပိုပြီး ကြီးမားနေတယ်လို့ ခံစားမိနေတယ်။"
ဪ။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "စိတ်ဝိညာဉ်ကျောက်တုံးမိုင်းရှိတယ်ဆိုတာကို တစ်ခြားသူတွေ သိသွားလို့ ဖြစ်နိုင်တယ်"
ရမ်ရှန်သည် မယုံကြည်နိုင်ပေ။
ထို့အပြင် ဤနေရာသည် အလွန်ချောင်ကျသောတည်နေရာတွင် တည်ရှိနေသည်။ အပြင်ဘက်မှာလည်း အဆင့်မြင့် သားရဲရိုင်းများ ရှိနေသေးသည်။ ထို့ကြောင့် ကံအလွန်ကောင်းသော သူများသာလျှင် ဤနေရာသို့ ရောက်ရှိလာနိုင်သည်။
ကျွင်းချောင်ရှောင်းမှာတော့ တစ်ခြားသူများ သိရှိသည်ဖြစ်စေ မသိရှိသည်ဖြစ်စေ ဂရုမစိုက်ပေ။
သူတွေးနေသည်မှာ စိတ်ဝိညာဉ်ကျောက်တုံးများအား တစ်တုံးမှမကျန်အောင် မည်သို့ တူးထုတ်ရမည်ဆိုသည်ကို တွေးနေခြင်းပင် ဖြစ်သည်။
ရယူရမည့် အကြွေးသည် စိတ်ဝိညာဉ်ကျောက်တုံး ၉၉၉ တုံး ဖြစ်သည် ဆိုသော်လည်း စိတ်ဝိညာဉ်ကျောက်တုံးမိုင်းကို သူ ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့် သူသည် ဤအရာများကို ကျိန်းသေပေါက် ယူဆောင်သွားရပေမည်။
ရမ်ရှန် အား အလုပ်သမားခအဖြစ် စိတ်ဝိညာဉ်ကျောက်တုံး ရာဂဏာန်းလောက် ပေးရန် စဉ်းစားလိုက်မိသည်။
စနစ်မှ သုံးသပ်လိုက်၏။ “လက်ခံသူ သူရဲကောင်းဆိုတဲ့ ဘွဲ့ကို ရရှိထားတာ အဓိပ္ပာယ်မရှိသလိုတောင် ခံစားမိတယ်။”
ကျွင်းချောင်းရှောင်းသည် ၎င်းအား ဘာမှ ပြန်မပြောပေ။ လက်ဖျောက်တီးကာ ပြောလိုက်သည်။ "ရတနာတွေကို စပြီး တူးကြမယ်"
လီချင်းယန်နှင့် တစ်ခြားသော သူများသည် အမိန့်ကို လက်ခံရရှိပြီးနောက် အအေးဓားကို ထုတ်ယူကာ နံရံပေါ်ရှိ စိတ်ဝိညာဉ်ကျောက်တုံးများကို တူးထုတ်တော့သည်။
ရမ်ရှန်သည်လည်း ဆွံ့အသွားသည်။
သူနှင့် သူအပေါင်းများသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ပထမဦးဆုံး စတင်တူးဆွသည့် အချိန်တွင် စိတ်ဝိညာဉ်ကျောက်တုံးအနည်းငယ်ကို ဖျက်ဆီးမိခဲ့၏။
သို့ပေမဲ့ ဤလူများမှာတော့ အလွန်တရာ ကျွမ်းကျင်လှသည်။ ပထမဦးဆုံးအကြိမ် တူးဖူးသည့် လူသစ်များနှင့် မတူချေ။
"ရောင်းရင်းလေး"
ရမ်ရှန်သည် စိုးရွံ့စွာဖြင့် ပြောလိုက်သည်။ "ကျုပ် ဒီနေရာအထိ ခေါ်လာခဲ့ပြီးပြီ အခုထွက်သွားလို့ ရပြီလား"
သူသည် စိတ်ဝိညာဉ်ကျောက်တုံးများ တူးထုတ်၍ ရသည်ကို ဂရုမစိုက်ပေ။ သူ၏ စိတ်ထဲတွင် ရှိသော တစ်ခုတည်းသောအရာမှာ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ခွာသွားရန်ဖြစ်သည်။ ထိုမှသာ ဤလူ၏ လက်မှ လွတ်မြောက်လိမ့်မည် မဟုတ်လား။
ကျင့်ကြံခြင်း အရင်းအမြစ်များ ရရှိရန် ဆိုသည်မှာ အလွန် ခက်ခဲလွန်းသည်။ သို့ပေမဲ့ လူတစ်ယောက်အတွက် အသက်တစ်သက် သာရှိ၏။ ထို့ကြောင့် အသက်ရှင်နိုင်ဖို့သည် ပို၍အရေးကြီးသည်။
"ခင်ဗျား ထွက်သွားလို့ မရဘူး"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ချင်းချင်း …. သူ့ကို စောင့်ကြည့်ထား။ထွက်မပြေးစေနဲ့"
လုချင်းချင်းသည် မည်သည့်စကားမှ မဆိုပေ။ သူမသည် ထွက်ပေါက်၏ အဝင်ဝတည့်တည့်တွင် မတ်တပ်ရပ်ကာ နေလိုက်၏။
ရမ်ရှန်သည် ကြောက်လန့်သွားရ၏။
…….....
တောင်နံရံသည် အလွန်တရာ မာကျောလှ၏။
သို့ပေမဲ့ ထက်ရှလွန်းလှသော အအေးဓား၏ ရှေ့တွင်တော့ တို့ဖူးကဲ့သို့ လှီးဖြတ်ခြင်း ခံနေရသည်။
ကျွင်းချောင်ရှောင်း၊ လီချင်းယန်နှင့် တစ်ခြားသူများသည် စတင်၍ တူးဆွလိုက်ကြသည်။ နှစ်နာရီလောက်ကြာပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်ကျောက်တုံး ခြောက်ရာမှ ခုနစ်ရာအထိ သူတို့ တူးထုတ်ပြီးဖြစ်၏။
"ဂိုဏ်းချုပ်"
ကျန့်ရာသည် အသံပို့ လွှတ်လိုက်၏။ "ဒီမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိသေးတယ်။ကျုပ်တို့ တူးထုတ်လိုက်မယ်ဆိုရင် အချိန်အတော်ကြာမယ်ထင်တယ်။"
ကျွင်းချောင်ရှောင်းသည် ရပ်တန့်ကာ ပြောလိုက်သည်။
"ဂိုဏ်းနဲ့ ဆက်သွယ်လို့ ရနိုင်လား"
ကျန့်ရာ ပြောလိုက်သည်။ "လက်ရှိကျုပ်ရဲ့ အသံပို့လွှတ်ခြင်း နည်းစနစ် အပေါ်နားလည်မှု အရဆိုရင် မိုင်တစ်ထောင် ပတ်လည်အတွင်းကိုပဲ ပို့လွှတ်လို့ရတယ်။ဒီတော့ ဟာရီကိန်းဝံပုလွေကို စီးပြီးတော့ အသံပို့လွှတ်လို့ ရတဲ့ နေရာအထိ သွားမှဖြစ်မယ်။"
"ဒီလူ့ကို ခေါ်သွား"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ပြီးရင် ဂိုဏ်းနဲ့ အမြန်ဆုံးရအောင် ဆက်သွယ်လိုက်။သံချပ်ကာ ဝံပုလွေတပ်က အဖွဲ့တွေကို ခေါ်လာဖို့ ခန်းမသခင်ကို ပြောလိုက်"
ဤနေရာတွင် အရေးကြီးသည်မှာ လူအရေအတွက်ပင်ဖြစ်သည်။ လူအရေအတွက် များများသာ ရောက်ရှိလာမည်ဆိုလျှင် အားလုံးကို မြန်မြန်ဆန်ဆန် တူးထုတ်၍ ရနိုင်သည်။
"ကောင်းပြီ"
ကျန့်ရာသည် ရမ်ရှန်အား လက်တစ်ဖက်နှင့် ဆွဲယူ၍ ဂူအတွင်းမှ ထွက်ခွာသွားသည်။
လီချင်းယန်နှင့် တစ်ခြားသောသူများသည် ဆက်လက်၍ တူးဆွလျက်ရှိသည်။ သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများသည် တစ်ခုပြီးတစ်ခု သိုလှောင်လက်စွပ်ထဲသို့ ရောက်ရှိနေ၏။
သို့ပေမဲ့ နောက်ထပ်တစ်နာရီလောက် တူးပြီးသည့်နောက်မှာတော့ လုချင်းချင်းသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ် လှိုဏ်ခေါင်းထဲကနေပြီးတော့ လှုပ်ရှားမှုတစ်ခု အာရုံခံမိတယ်။"
ဟမ်
ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသော သူများသည် ရပ်တန့်လိုက်၏။
ရွှီ …. ကျွီ။
ငြိမ်သက်နေသော လှိုဏ်ဂူကြီးတွင် မြေကြီးနှင့် ပွတ်တိုက်သည့် အသံထွက်ပေါ်လာသည်။
အသံအားနားထောင်ကြည့်လိုက်သည့် အချိန်မှာတော့ တစ်စုံတစ်ခုသည် တွားသွား၍ ရောက်ရှိလာသည်ဟု ခန့်မှန်းမိလိုက်၏။
လုချင်းချင်းသည် မျက်မှောင်ကုတ်လိုက်၏။ "ဂိုဏ်းချုပ် စပါးကြီးမြွေနဲ့ အဲ့လိုပုံစံတူတဲ့ သားရဲတွေ ရှိနေတာ ဖြစ်လိမ့်မယ်"
"ဖြစ်နိုင်တယ်"
ကျွင်းချောင်ရှောင်းသည်လည်း မြေပြင်၌ တွားသွားသည့် အသံကို ကြားရှိပြီးသည့်နောက် သုံးသပ်လိုက်သည်။ ပြီးနောက် အားလုံးကို သတိပေးလိုက်သည်။ "သတိထား"
လီချင်းယန်နှင့် ရှောင်ကျီတို့သည် လက်ထဲတွင် အအေးဓားများကို ကိုင်ပြီး ၎င်းတို့၏ မျက်လုံးများမှာတော့ တိုက်ခိုက်လိုသည့် အရိပ်အယောင်များနှင့် ပြည့်နက်သွားသည်။
ရီရှင်းချန်၏ မျက်နှာသည် ထူးမခြားနားသလိုဖြစ်နေသည်။
မည်မျှကြမ်းတမ်းသည့် သားရဲဖြစ်ဖြစ် ထွက်လာသည်ဆိုသည်နှင့် သေဆုံးရပေလိမ့်မည်။
ရွှီ … ရွှီ
ကျယ်လောင်လှသော အသံကြီးသည် တစ်ဖြည်းဖြည်းနှင့် ပိုမို၍ ကျယ်လောင်လာသည်။ အသံကို ကြည့်လိုက်သည်နှင့် သားရဲများမှာ အရေအတွက် အတော်များကြောင်း သိရှိနိုင်၏။ မြွေသားရဲများသည် တွားသွား၍ ရောက်ရှိလာသည်လား။
သာမန်လူများသည်သာ ထိုအသံကို ကြားပါက ချက်ချင်းပဲ ထိတ်လန့်ကြောက်ရွံ့သွားကြမှာ သေချာသည်။ အထူးသဖြင့် မြွေနှင့် ပိုးမွှားများကို ကြောက်တတ်သော မိန်းကလေးများပင်ဖြစ်သည်။ ထိတ်လန့်တကြားဖြင့် ထ၍ပင် အော်မိနိုင်သည်။
လုချင်းချင်းမှာတော့ မိန်းကလေးတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ သူမသည် မကြောက်ရွံ့ပေ။
ကြည့်ရသည်မှာ သူမသည် မြွေများကို မကြောက်ရွံ့ဘဲ ပိုးဟပ်များကို ကြောက်ရွံ့တတ်သည့် မိန်းကလေး အမျိုးအစား ဖြစ်မည်။
ဟူး ဟူး။
ရုတ်တရက်ဆိုသလိုပဲ လှိုဏ်ခေါင်း၏ အပြင်ဘက်ဆီမှ အေးစက်သည့် လေများ တိုက်ခတ်လာပြီး ညှီစို့စို့ အနံ့များ ရောက်ရှိလာသည်။ အားလုံးသည် ထ၍ အန်ချင်စိတ်ပင် ပေါ်လာ၏။
ဝှီ။
ထူးဆန်းလှသည့်အသံများ ထွက်ပေါ်လာပြီးနောက်မှာတော့ မြွေသားရဲများသည် လှိုဏ်ဂူ၏ အပြင်ဘက်ဆီမှ ဝင်ပေါက်ဆီသို့ရောက်ရှိလာသည်။
မြွေများ၏ အရွယ်အစားသည် သာမာန်မြွေများ၏ အရွယ်အစားနှင့် မခြားနားပေ။ တစ်မီတာလောက်သာရှိသည်။ သို့ပေမဲ့ ကွာခြားချက်မှာ ခေါင်းတစ်ခုလုံးသည် မျက်လုံးများ ပြည့်လျက်ရှိနေခြင်းပင်။
မျက်လုံးများအား ကြောက်လန့်တတ်သော လူများဆိုလျှင် ကျိန်းသေပေါက် ကျောချမ်းသွားပေလိမ့်မည်။
"မျက်လုံးများမြွေ။"
လီချင်းယန် ပြောလိုက်သည်။
ဝှစ်။
လုချင်းချင်းသည် သူမ၏ အအေးဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်၏။
အအေးအလင်းတန်းများသည် ဖြတ်ပြေးသွားပြီး ရှေ့သို့ တွားသွားကာ တက်လာသော မျက်လုံးများမြွေ နှစ်ဆယ်ကျော်တို့သည် နှစ်ပိုင်း ပြတ်သွားတော့သည်။
သို့ပေမဲ့ အနောက်ဘက်တွင် လိုက်ပါလာကြသော မြွေများမှာ အများအပြား ကျန်ရှိနေကြသေး၏။ ၎င်းတို့၏ မျက်လုံးများသည်လည်း ခပ်ဖျော့ဖျော့အလင်းတန်းများဖြင့် ရှိနေ၏။
ထိုအရာကို မြင်တော့ အားလုံးသည် ကြက်သီးမွှေးညှင်းတွေပင် ထမိကြသည်။
"ဝင်ပေါက်ကို စောင့်ရှောက်ထား … အထဲကို မဝင်လာစေနဲ့" ကျွင်းချောင်ရှောင်း အော်လိုက်၏။
ဆွစ် ဆွစ်။
လီချင်းယန်၊ ရှောင်ကျီတို့သည် ၎င်းတို့၏ ဓားများကို ကိုင်၍ အရှေ့သို့ သွားလိုက်၏။
ဓားအလင်းများ ဖြတ်ပြေးသွားပြီးသည့်နောက် အတွင်းသို့ ဝင်ရောက်လာကြသော မြွေသားရဲများကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။
၎င်းတို့သည် ဝင်ပေါက်တည့်တည့်ကို မတ်တပ်ရပ်လျက်ရှိသည်။ နှစ်ယောက်သားသည် လှိုဏ်ခေါင်း၏ အတွင်းဘက်သို့ ကြည့်ပြီး ရုတ်တရက်သက်မချလိုက်မိကြ၏။
သူတို့ မြင်နိုင်သည့် အတိုင်းအတာတွင် မြွေသားရဲများသည် အလွန်တရာများပြားစွာတည်ရှိနေသည်ကို တွေ့လိုက်ကြရ၏။ မြွေများသည် လှိုဏ်ခေါင်းကြီးတစ်ခုလုံး ပြည့်လုမတတ်ဖြစ်နေတော့သည်။
ဤအရာသည် မြွေတစ်ထောင်လောက် မဟုတ်ပေ။ ရှစ်ထောင် ၊ ကိုးထောင်လောက် ရှိနိုင်သည်။
"ဂိုဏ်းချုပ်"
လီချင်းယန်၏ အသံသည် တုန်ရင်နေ၏။ "ဒီမှာ မျက်လုံးများမြွေတွေ အများကြီး ရှိနေတာပဲ။"
"ရှေ့ကဖယ်" ကျွင်းချောင်ရှောင်း အော်လိုက်၏။
ဆွစ် ဆွစ်။
လီချင်းယန်နှင့် ရှောင်ကျီတို့သည် မြန်မြနိဆန်ဆန်ဆိုသလိုပဲ ရှောင်ရှား၍ သတ်ဖြတ်လိုက်ကြသည်။
လှိုဏ်ဂူ၏ ဝင်ပေါက်ဝသည် ပေါ်လာခဲ့၏။
ကျွင်းချောင်းရှောင်းသည် ရှေ့သို့ လှမ်းတက်ပြီး အင်ပါယာမီးနည်းစနစ်ကို သုံးလိုက်တော့သည်။
သူ၏ လက်ဝါးအား လှိုဏ်ခေါင်း၏ အဝင်ဝဆီသို့ တွန်းထုတ်လိုက်ချိန်မှာတော့ ရုတ်တရက်ပူလောင်လှသော မီးတောက်များ ထွက်ပေါ်လာတော့၏။
ဝူး ဝူး။
သပ်ရပ်မီးသည် မီးတောက်လွှာတစ်ခုအဖြစ် ဖြစ်တည်သွားပြီး လှိုဏ်ခေါင်းကြီးတစ်ခုလုံးကို ကျွမ်းလောင်နေစေသည်။
အရှေ့သို့ တိုးဝင်လာကြသော မျက်လုံးများမြွေများသည် မီး၏ လောင်ကျွမ်းမှုကို မည်သို့မှ မခံနိုင်တော့ဘဲ အကုန်လုံးပြာကျကုန်ကြ၏။
မြေပေါ်မှာတော့ ဥအရွယ်အစား သလင်းအမြုတေများနှင့် ပြန့်ကျဲလျက်ရှိနေကြတော့သည်။
မွန်းစတားများကို သတ်ဖြတ်ရခြင်းမှာ အလွန်ကောင်းမွန်လှသည်။ သို့သော်လည်း လီချင်းယန်သည် ပျော်ရွင်ဖို့ အချိန်ပင် မရလိုက်ချေ။
အဘယ့်ကြောင့်ဆိုသော် လှိုဏ်ဂူ၏ နံရံအတွင်းဆက်ဆီမှ မျက်လုံးများမြွေများ ရုတ်တရက် ထွက်လာသောကြောင့်ဖြစ်သည်။
"ချီးတဲ့မှ … ဒီကောင်တွေက တွင်းလည်း တူးနိုင်တာပဲလား။"
ဝုန်း။
ထိုအချိန်မှာပဲ တစ်ဖက်ခြမ်းရှိ နံရံကြီးသည် ရုတ်တရက်ပြိုကျသွားတော့သည်။
အလွန်တရာ ကြီးမားပြီးတော့ ရှည်လျားလှသည့် မျက်လုံးများမြွေတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်း၏ခန္ဓာကိုယ် အရွယ်အစားသည် စပါးကြီးမြွေအရွယ်အစားခန့်ရှိ၏။
"မျက်လုံးများမြွေဘုရင်" လီချင်းယန်၏ မျက်နှာ အမူအရာသည် တည်ငြိမ်သွားသည်။
ဝုန်း … ဝုန်း
တစ်ခြားတည်နေရာများမှ နံရံများသည်လည်း ပြိုကျသွားပြီး အလွန်တရာကြီးမားပြီးတော့ ရှည်လျားလှသည့် မျက်လုံးများမြွေများသည် တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာသည်။ သူတို့၏ နောက်မှတော့ ရေတွက်၍ မရအောင် များပြားသည့် မျက်လုံးများမြွေတွေရှိနေ၏။
တစ်ချက်ကြည့်လိုက်သည်နှင့် မျက်လုံးများမြွေများသည် နှစ်ထောင်မှ သုံးထောင် နည်းပါးခန့်ရှိသည်။
ဤမျှများပြားသော မြွေများနှင့် မျက်လုံးများ မြွေဘုရင်များကို တွေ့ရချိန်မှာတော့ ကျွင်းချောင်ရှောင်းနှင့် တစ်ခြားသော သူများသည် လှိုဏ်ဂူ၏ အတွင်းဘက်တွင် လှိုဏ်ခေါင်းအများအပြား အဘယ့်ကြောင့် ဖြစ်နေခြင်း အကြောင်းကို နားလည်လိုက်မိကြသည်။ ဤလှိုဏ်ခေါင်းများသည် မြွေများ တူးထားခြင်းများပင် ဖြစ်ရမည်။
ဒီနေရာသည် စိတ်ဝိညာဉ် မှိုင်းတွင်းရှိသည့် တည်နေရာ တစ်ခုတင် မကဘဲ ကြီးမားလှသည့် မြွေအသိုက်လည်း ဖြစ်လို့နေ၏။