နိုးထခြင်း
Vol. 013 Ch. 1274
လီဟန်ဓားသမားနှင့် တခြားလူများက ကျူးခုန်တို့အား အင်ပါယာရှားဘုံသို့ ပြန်ခေါ်သွားခဲ့သည်။ ကျူးခုန်နှင့် တခြားပြန်လည်မွေးဖွားခြင်း နှစ်ဦးမှာ ဒဏ်ရာများစွာ ရထား၏။ သူတို့၏တိုက်ခိုက်ရေး စွမ်းအားကို ဆုံးရှုံးထားရရာ လမ်းခရီးတွင် လှည့်ကွက်များ သုံးနိုင်စွမ်း မရှိပေ။
သူတို့က အင်ပါယာရှားဘုံသို့ ပြန်ရောက်သောအခါ သူတို့၏ မျိုးနွယ်စုများအား နန်လိမျိုးနွယ်နှင့် တခြားမျိုးနွယ်စု နှစ်ခုက အုပ်ချုပ်တော့မည်ဖြစ်ရာ သူတို့အနေဖြင့် ပိုမို၍ပင် လုပ်နိုင်စွမ်း နည်းပါးသွားပေတော့မည်။
ပိုဆိုးသည်ကား နန်လိမျိုးနွယ်၊ ပေလိမျိုးနွယ်နှင့် ကျူးချွယ့်မျိုးနွယ်တို့မှလည်း အများအပြား အင်ပါယာရှားဘုံသို့ သွားနေကြခြင်း ဖြစ်သည်။ ဘေးအန္တရာယ် ပတ်လည်ဝိုင်းနေသော အချိန်တွင် မည်သူမှ ဆိုးဝါးသော အကြံအစည်များကို ပြုလုပ်ရဲကြမည် မဟုတ်ပေ။
သည်ခရီးပြီးနောက်တွင် မျိုးနွယ်စုကိုးခုအား တာလီပြည်ထောင်နှင့် ပဋိပက္ခတွင် ပါဝင်တိုက်ခိုက်စေနိုင်ရာ အင်ပါယာရှားဘုံ၏ အင်အားကို အဆမတန် ကြီးထွားစေခဲ့ပေသည်။
သည်အရာက ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်ခြင်းပင်။
ရှားရှင်းယွန်သည် သွေးနဂါးဘုံတွင်သာ ကျန်ရစ်ခဲ့၏။
သူတို့အားလုံးသည် မျိုးနွယ်စုကိုးခု ပြဿနာပြီးနောက်တွင် ပြန်လည်နာလန်ထူရန် အချိန်တစ်ခုကြာ စောင့်ဆိုင်းရပေမည်။
ပြန်လည်မွေးဖွားခြင်း အဆင့်များကို ဆုံးရှုံးခဲ့သော မျိုးနွယ်စုများ အနေဖြင့် သူတို့ တစ်ဖန် ပြန်လည် ထောင်မတ်လာရန် နည်းလမ်းတစ်ခုသာ ရှိပေသည်။
ထိုနည်းလမ်းကား ရီဖူရှင်းထံတွင် ခစားကာ သူ၏ယုံကြည်မှုကို ရယူပြီး ရီဖူရှင်းထံမှ အင်ပါယာခွာ၏ပညာရပ်များအား လက်ဆင့်ကမ်းစေခြင်းဖြစ်၏။
သည်နည်းလမ်းဖြင့်သာ သူတို့မျိုးနွယ်မှ ပြန်လည်မွေးဖွားခြင်း အဆင့်များ ပြန်လည်ထွက်ပေါ် လာနိုင်ပေသည်။
အကယ်၍ သူတို့သာ ဆက်လက်၍ အငြိုးအတေးများ ထားနေမည်ဆိုပါက သူတို့မျိုးနွယ်စုများမှာ မည်သည့်အခါမှ ပြန်လည်ထောင်မတ် နိုင်တော့မည် မဟုတ်တော့ပေ။
သူတို့ကား နှစ်ပေါင်းပရိစ္ဆေဒ ကြာသည်အထိ အချင်းချင်း ယှဉ်ပြိုင်လာခဲ့ကြသည်။ သူတို့အားလုံးတွင် မျိုးနွယ်စုကိုးခုကို ပေါင်းစည်းရန် ရည်မှန်းချက်ရှိကြ၏။ ထိုသို့ အခွင့်အရေး ရခဲ့ပါကလည်း ထိုသူသည် တခြားမျိုးနွယ်စုများ အပေါ် သက်ညှာနေမည် မဟုတ်ပေ။
“ပေလိမျိုးနွယ်၊ နန်လိမျိုးနွယ်နဲ့ ကျူးချွယ့်မျိုးနွယ်တို့က အခု မျိုးနွယ်စု ကိုးခုကို အုပ်ချုပ်မယ်။ ခင်ဗျားတို့အားလုံးက အမိန့်ထုတ်ပြန်ခြင်း တာဝန်ကို ယူပြီးတော့ အဖွဲ့ဝင်တွေက အင်ပါယာခွာ ခန်းမကို ပြန်လည်တည်ထောင်ပြီး တိုက်ရိုက် ဝင်ထွက်ခွင့်ရှိတယ်။ မျိုးနွယ်စုကိုးခုက ခန်းမရဲ့ အမိန့်အာဏာတွေကို လိုက်နာရမယ်”
ရှားရှင်းယွန်က မျိုးနွယ်စုသုံးခု ခေါင်းဆောင်နှင့် စကားပြောပြီးနောက် သူတို့အား အင်ပါယာရှားဘုံသို့ ပြန်လည်စေလွှတ်ခဲ့သည်။
“ဟုတ်ကဲပါ မင်းသမီး” အားလုံးက ငြင်းဆိုခြင်း မပြုဘဲ ခေါင်းညိတ်ကြသည်။ သူတို့အားလုံးက ရီဖူရှင်းထံတွင် အညံ့ခံပြီးဖြစ်ရာ အင်ပါယာခွာ ခန်းမတော်အား ပြန်လည်တည်ဆောက်ပြီးနောက် ရီဖူရှင်းကို ခန်းမသခင်အဖြစ် သတ်မှတ်ခြင်းမှာ သဘာဝကျပေသည်။
မျိုးနွယ်စုကိုးခုမှာ တစ်နည်းပြောရလျှင် ပြန်လည်စုစည်းခဲ့ပြီဟု ဆိုနိုင်သည်။ သို့သော်လည်း ထိုပုံစံမှာ မျိုးနွယ်စုတစ်ခုတည်းက တခြားမျိုးနွယ်စုများကို ဝါးမျိုသွားခြင်း မဟုတ်ပေ။ လူတစ်ယောက်တည်းက အင်ပါယာခွာ၏ အမွေအနှစ်ကို ဆက်ခံကာ မျိုးနွယ်စုကိုးခုကို အုပ်ချုပ်သည့် ပုံစံသာဖြစ်၏။
အရာအားလုံးမှာ ကံကြမ္မာက စီမံထားသည့်အတိုင်း ဖြစ်လာခဲ့သည်။
“ရှင်တို့သုံးယောက်က အင်ပါယာခွာ ခန်းမရဲ့ ပထမဆုံးမျိုးဆက် အကြီးအကဲတွေ ဖြစ်မယ်။ မျိုးနွယ်စုတွေထဲ သစ္စာဖောက်တွေ ရှိခဲ့ရင် ရှင်တို့က သူတို့ကို အပြစ်ပေးပိုင်ခွင့် ရှိတယ်” ရှားရှင်းယွန်က ပြောသည်။ မျိုးနွယ်စုများ အကြား တော်လှန်ပုန်ကန်သည့် ဖြစ်ရပ်များ ရှိလာခဲ့ပါက ထိုအကြီးအကဲများက အပြစ်ပေး စီရင်စေသည်။
ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင်သုံးဦးက နားလည် သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။ သူတို့သည်လည်း လူအများ အပေါ်တွင် ညှာတာ ထောက်ထားတတ်သူများ မဟုတ်ပေ။ သူတို့ဘက်က အရေးနိမ့်နေခြင်း မဟုတ်ပါက ရီဖူရှင်းထံ၌ အညံ့ခံမည် မဟုတ်ပေ။
သူတို့အားလုံးသည် အလွန်တရာ ဉာဏ်များကာ ဆုံးဖြတ်ချက် ပြတ်သားကြ၏။
“ဝူကလန်က ပုန်ကန်ခဲ့တဲ့လူတွေကို သေသေချာချာ စောင့်ကြည့်ပါ။ သူတို့ကို သူတို့ခေါင်းဆောင်နဲ့ ဖြေရှင်းခိုင်းပါ” ရှားရှင်းယွန်က ပြောသည်။
ကျူးခုန်နောက်ကို လိုက်၍ တော်လှန်ပုန်ကန်သူများမှာ သူမ၏စကားကို ကြားပြီး မျက်နှာများ ပျက်သွားကြသည်။
ဝူယုံးသည် ရီဖူရှင်း၏အတွင်းလူ ဖြစ်လာခဲ့သည်။
သူတို့လို သစ္စာဖောက်များနှင့် ခေါင်းဆောင်က မည်သို့ စီမံမည်ကို စိုးရိမ်ပူပန်ကြ၏။
ဝူယုံးက သူတို့ကို အလွတ်ပေးလျှင်ပင် မျိုးနွယ်စု၌ အရေးပါသော နေရာများ၌ ရှိတော့မည် မဟုတ်ဘဲ ခေါင်းဆောင်မဲ့သော ကပ်ပါးများ သဖွယ်သာ ဖြစ်ပေတော့မည်။
မျိုးနွယ်စုထဲတွင် သူတို့၏ အဆင့်အတန်းမှာ အနိမ့်ဆုံးသို့ ရောက်ရှိပေတော့မည်။
ရှားရှင်းယွန်က ကိစ္စရပ်များအား စီမံခန့်ခွဲပြီးနောက် ချန်ယဲ့မြို့သို့ ပြန်သွားခဲ့သည်။
ပြန်လည်မွေးဖွားခြင်းအဆင့် တန်ခိုးရှင်သုံးဦးသည် အခြေအနေများအား ထိန်းချုပ်နိုင်မည်ဟု သူမက ယုံကြည်သည်။
မျိုးနွယ်စုကိုးခု ပြန်လည်ပေါင်းစည်း သွားပြီးနောက်တွင် နောက်ထပ် အန္တရာယ် ပေးစရာ အကြောင်းမရှိတော့။
သူတို့အပေါ် ဆန့်ကျင့်ခဲ့သူများ ထဲတွင် အချို့မှာ သေဆုံးခဲ့ကာ တခြားလူများမှာ ဘက်ပြောင်းခဲ့ကြသည်။ တစ်ခုတည်းသော ပြဿနာကား ရှေးဟောင်းအင်ပါယာမြို့ဖြစ်သည်။
ရှေးဟောင်း အင်ပါယာမြို့၏မြို့စား နဝမမြောက် အစေခံသည် ပြန်လည်မွေးဖွားခြင်း အဆင့်၌ အမြင့်ဆုံးသော စွမ်းရည်ကို ပိုင်ဆိုင်ထားရာ သူနှင့် လတ်တလောရင်ဆိုင်ရန်မှာ မလွယ်ကူပေ။ ရှားရှင်းယွန်က ရှေးဟောင်းအင်ပါယာမြို့နှင့် ရင်ဆိုင်ရန် စိတ်ကူး မရှိသေးပေ။
မျိုးနွယ်စုကိုးခုနှင့် ပတ်သက်သော သတင်းများ သွေးနဂါးဘုံသို့ ပျံ့နှံ့သွားသောအခါ လူတိုင်းမှာ ထိတ်လန့် အံ့အားသင့်ကြရ၏။
အင်ပါယာရှားဘုံမှ မင်းသမီးလေးကား သံသယဖြစ်စရာ မလိုအောင် ကြောက်စရာ ကောင်းသူလေးဖြစ်၏။ သူမက မျိုးနွယ်စုကိုးခုကို အထိအခိုက် မရှိဘဲ ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့သည်။
ရီဖူရှင်းသည် အင်ပါယာရှား၏ သမက်တော်များလားဟုပင် လူအများက စတင်တွေးတော လာခဲ့ကြသည်။
ရှားရှင်းယွန်သည် သူမ၏ချစ်သူ ထိခိုက်ခဲ့သည့်အတွက် ဒေါသထွက်သွားခြင်းများ ပေလောဟုလည်း လူအများက တွေးမိကြသည်။
ချန်ယဲ့မြို့စား အိမ်တော်၏ ပြန်လည်တည်ဆောက်ခြင်းများမှာ စတင်နေပြီဖြစ်သည်။ အဆောက်အဦများကား ယခင်ကထက် အဆများစွာ ကြီးကျယ် ခမ်းနားလာခဲ့ကာ မဟာဝင်္ကပါ တစ်ခုကိုလည်း ခင်းကျင်းထားခဲ့သည်။
အင်ပါယာရှားဘုံမှ အင်အားစုများ မပါဝင်ဘဲ ယခင်က သည်နေရာကို စောင့်ကြပ်သည့် ပြန်လည်မွေးဖွားခြင်း အဆင့်မှာ ဆန်းထျန်ကျန့် တစ်ဦးတည်းသာ ရှိပေသည်။
လက်ရှိတွင် ဆန်းထျန်ကျန့်အပြင် ဝူယုံးလည်း ရှိပေသည်။
ထို့အပြင် ချန်ယဲ့မြို့မှ အုပ်ချုပ်ပိုင်ခွင့် ရထားသော မျိုးနွယ်စု ကိုးခုတွင်လည်း ပြန်လည်မွေးဖွားခြင်း အဆင့် ၃ဦးနှင့် သံသယကင်းစင်ခြင်း အဆင့်များစွာ ရှိပေသည်။
ထို့အပြင် ရန်ယွင်သည်လည်း မြို့စားအိမ်တော်တွင် ဖြစ်ကာ ကြယ်ခူးဆွတ်လက်လည်း နောက်ကွယ်မှ ကူညီနေပေသည်။
ချန်ယဲ့မြို့သည် သွေးနဂါးဘုံ၌ ဒုတိယမြောက် အင်အားအကြီးဆုံးမြို့ ဖြစ်လာခဲ့၏။
ရှေးဟောင်း အင်ပါယာမြို့သည် နံပါတ်၁မြို့ ဖြစ်သည်။
***
ယနေ့တွင် ရီဖူရှင်း သတိလစ်နေရာမှ ပြန်လည် သတိရလာခဲ့သည်။ သူ၏ ဒဏ်ရာများအားလုံးမှာ ပြန်လည်သက်သာ လာနေခဲ့ပြီဖြစ်၏။
လို့လန်ရွှီ၊ လိပ်ပြာလေးနှင့် ကျူးကော့မင်းယွီတို့သည် တစ်ချိန်လုံး သူ့ကို စောင့်ကြည့်နေခဲ့ကြသည်။ လောင်လင်းအာသည်ပင် ရီဖူရှင်းဘေး၌ အဖော်ပြု ပေးနေခဲ့သည်။
ရီဖူရှင်း သက်သာလာသော အခါမှ လူတိုင်းက ပြုံးပျော်နိုင်တော့သည်။ ရီဖူရှင်း သက်သာလာမည်ဟု စုချီဟန်က ပြောခဲ့သော်လည်း မည်သူမှ စိတ်မချခဲ့ကြပေ။
“အားလုံးက ဘာလို့ ဒီလို ကြည့်နေရတာလဲ” ရီဖူရှင်းက သူ့အား အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြသူများအား ပြုံးလျက်ပြောသည်။
“မင်း ကောင်းကောင်း အိပ်ခဲ့တာပဲ” ကျူးကော့မင်းယွီက ပြုံးလျက်ပြောသည်။
“ဟုတ်တယ် အစ်မ ၂၊ ကျွန်တော် အိပ်တာ တော်တော်လေး ကြာသွားတယ် ထင်တယ်” ရီဖူရှင်းကလည်း ခပ်ရှက်ရှက်ရယ်ကာ ပြောသည်။
“ဒီလောက် လူအများကြီး ဝိုင်းစောင့်ကြည့်နေတာ မင်းက ကောင်းကောင်း မအိပ်ရင် ထူးဆန်းနေမှာပေါ့” ကျူးကော့မင်းယွီက ရယ်မောကာ ပြောသည်။
ရီဖူရှင်းက နွေးထွေးသော ခံစားချက်နှင့်အတူ ဘာမှ မပြောတော့။ သည်လူများမှာ သူ့မိသားစုနှင့် မခြားပေ။
နွေးထွေးမှုနှင့်အတူ သူက ရင်ထဲ၌ သူယူရမည့် တာဝန်နှင့် ဝတ္တရားများကိုလည်း ကောင်းကောင်း ခံစားသိရှိမိသည်။
သူသည် လူတိုင်း စိတ်ပူရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်ကြောင်း ရီဖူရှင်းသိသည်။ သူက လူတိုင်း၏ ကံကြမ္မာအား ထမ်းပိုးထားသည်။
သည်လောကတွင် သူကာကွယ်ရမည့် လူများစွာ ရှိနေသေး၏။
သူတို့အားလုံးက အချင်းချင်း ကူညီရိုင်းပင်း ရပေမည်။
“ကျွန်တော် လေကောင်းလေသန့် သွားရှူလိုက်ဦးမယ်” ရီဖူရှင်း ထရပ်ကာ အပြင်သို့ လျှောက်လာခဲ့သည်။
သူက အခန်းအပြင်ဘက်ကို လျှောက်လာခဲ့၏။ ကောင်းကင်ထက်တွင် ထွန်းလင်းနေသော နေမင်းကို ကြည့်ကာ အချို့ကိစ္စများကို ပြန်လည် ချိန်ညှိရန် လိုသည်ဟု ခံစားမိသည်။
“လက်ရှိ အခြေအနေတွေ ဘယ်လိုရှိလဲ” ရီဖူရှင်းက မေးသည်။
ရှားရှင်းယွန် သူ့ဘေးကို ရောက်လာခဲ့ကာ ဖြစ်ပျက်ခဲ့သမျှအား သူ့ကို ရှင်းပြသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည် ... “ကျေးဇူး အများကြီးပဲ”
ရှားရှင်းယွန်က ဘာမှ မပြောပေ။ သူက အတန်ကြာလျှင် မေးသည် ... “ချီကလန်ကို တစ်ခုခု လုပ်သင့်တယ်လို့ ထင်လား”
ကျိုယန်ရှန့်ထိုသည်လည်း ရီဖူရှင်းကို တိုက်ခိုက်ရန် ကြံစည်ခဲ့ကာ အခြေအနေ မဟန်တော့မှ တောင်းပန်ကာ နောက်ဆုတ်သွားခဲ့ခြင်း ဖြစ်သည်။
သူက ချီကလန်အပေါ် တစ်ခုခု လုပ်လိုသလားဟု ရှားရှင်းယွန်က မေးခြင်းဖြစ်သည်။
“ငါတို့ နောက်မှ ပြောကြတာပေါ့” ရီဖူရှင်းက ဖြေသည်။ သူက လူအုပ်ထဲမှ ထွက်သွားရန် ပြင်နေသည့် လူတစ်ယောက်အား မြင်သည်။
“အစ်ကိုရန်” ရီဖူရှင်းက ခေါ်သည်။
ရန်ယွင်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး နောက်လှည့်ကာ ပြောသည် ... “မင်း နိုးလာပြီဆိုတော့ ငါပြန်သွားဖို့ လိုတယ်။ ဖေးရွှီတို့က ဒီကာလမှာ ငါ့သတင်းတွေကို စောင့်နေကြလိမ့်မယ်”
“အစ်ကိုတို့က သွေးနဂါးဘုံကို ရောက်နေပြီပဲ။ ဘာလို့ ချန်ယဲ့မြို့မှာ မနေတာလဲ” ရီဖူရှင်းက မေးသည်။
“အစ်ကိုတို့က ဆရာရဲ့ ဂုဏ်သိက္ခာကို စိတ်ပူတယ်ဆိုရင် မြို့စားအိမ်တော်မှာ နေစရာ မလိုဘူးလေ။ ကျွန်တော်က မြို့ထဲမှာ ဘေးကင်းတဲ့ တစ်နေရာ စီစဉ်ပေးပါ့မယ်။ ဘယ်လိုပြောပြော တာလီပြည်ထောင်ရဲ့ အန္တရာယ်လည်း ရှိသေးတယ်မလား။ တစ်ခုခုဆိုရင် ကျွန်တော်တို့ အချင်းချင်း ကူညီလို့ရတယ်” ရီဖူရှင်းက ပြောသည်။
ရန်ယွင်ကား အမှန်တကယ် စိတ်ပူ၏။ တာလီ၏အန္တရာယ်မှာ အချိန်မရွေး ရောက်လာနိုင်သည်။
“ကျွန်တော်က မြို့မှာ ချန်ယဲ့ကျောင်းတော် တည်ထောင်မလို့။ အစ်ကိုက အဲဒီမှာ ကျင့်ကြံနိုင်တယ်။ တကယ်လို့ အစ်ကို သဘောကျရင် တပည့်တွေကို သင်ပေးလို့လည်း ရတယ်။ အစ်ကိုက ဆရာရဲ့ ဆန္ဒကို လိုက်နာရာလည်း ရောက်တာပေါ့” ရီဖူရှင်းက ပြောသည်။
ရန်ယွင်က တွေးတောပြီးမှ ပြောသည် ... “ငါ ပြန်သွားပြီး ဖေးရွှီနဲ့ တိုင်ပင်လိုက်မယ်”
“ကောင်းပါပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ ရန်ယွင် မြို့စားအိမ်တော်မှ ထွက်ခွာသွား၏။
ရီဖူရှင်း ပြန်လည် သတိရလာသည့် သတင်းများ အပြင်သို့ ပျံ့နှံ့သွားခဲ့သည်။ ထို့နောက် ထိပ်သီး အင်အားစုများက သူ့ထံသို့ လာရောက် လည်ပတ်ကြသည်။ ချီကလန်မှ သမီးတော်သည်လည်း ချန်ယဲ့မြို့သို့ ကိုယ်တိုင်ရောက်လာကာ တောင်းပန်၏။ ရီဖူရှင်းကလည်း တစ်ဖက်လူ၏ ကောင်းသော သဘောထားကို ငြင်းဆန်ခြင်း မပြုခဲ့။
သူက ထိုကိစ္စအား သေသေချာချာ တွေးတောပြီးနောက် အဆုံးသတ်လိုက်ရန် ဆုံးဖြတ်လိုက်၏။
***