← Chapters

ကျင့်ကြံခြင်း စနစ်အသစ်

Vol. 5 Ch. 89

ကျင့်ကြံခြင်း စနစ်အသစ်

Vol. 5 Ch. 89

တောင်ထိပ်ငါးခု စစ်မြေပြင်တွင် အဖြူအနက်မီးပြင်းဖိုက ပျောက်ကွယ်သွားခဲ့သည်။ ထိုကိစ္စက အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့သည်။ မီးပြင်းဖိုက ကောင်းကင်တွင် နှစ်နှစ်ဆယ်တိုင်အောင် ရှိနေခဲ့သည်။ ၎င်းက ကောင်းကင်အောက်ရှိ လူသားတိုင်း၏ ယုံကြည်မှုမဏ္ဍိုင်တစ်ခုဖြစ်လာသည်မှာ ကြာပြီဖြစ်သည်။

၎င်းက လူသားမျိုးနွယ်ကို နှစ်တစ်သောင်းတိုင်အောင် အုပ်ချုပ်ခဲ့သော နတ်လက်နက်များကို နှိမ်နှင်းနိုင်ခဲ့သည့် အောင်ပွဲသင်္ကေတတစ်ခုပင် ဖြစ်သည်။

မဟာယန်မြို့တော်။

စစ်ခုန်လွန်က နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းကို ဦးဆောင်ပြီး နိုင်ငံ ၃၅ နိုင်ငံကို အနိုင်ယူပြီးသောအခါ သူက မဟာယန်နိုင်ငံသို့ ပြန်လာပြီး ဝန်ကြီးချုပ်ရာထူးကို ရယူခဲ့သည်။

စစ်ခုန်လွန်က လင်းယွမ်မှာ မဟာယန်နိုင်ငံ၏ ဧကရာဇ်ဖြစ်သည်ကို သိသောကြောင့် နိုင်ငံ ၃၅ နိုင်ငံကို အနိုင်ယူပြီးသည်နှင့် သူက တုန့်ဆိုင်းမနေဘဲ မဟာယန်နိုင်ငံကို ကူညီပေးခဲ့လေသည်။

နှစ်နှစ်ဆယ်အတွင်း မဟာယန်နိုင်ငံက အလယ်ပိုင်းလွင်ပြင်ကို စုစည်းခဲ့နိုင်ခြင်းမှာ လင်းယွမ်၏ စွမ်းအားအပြင် စစ်ခုန်လွန်၏ ဆောင်ရွက်မှုများစွာ ပါဝင်နေသည်။

ယနေ့တွင် စစ်ခုန်လွန်က သူ၏ လက်ထဲမှ အစီရင်ခံစာကို ဖတ်ပြီးနောက် ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

" မီးပြင်းဖိုက ပျောက်ကွယ်သွားပြီလား။ " စစ်ခုန်လွန်က စာကို နောက်တစ်ကြိမ် ပြန်ဖတ်လိုက်သည်။

" အရှင်မင်းကြီးလည်း ပျောက်ကွယ်သွားတာလား။" စိုးရိမ်သော အမူအရာက သူ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။

" ရှုချုံး " စစ်ခုန်လွန်က ပြောလိုက်သည်။

ရှုချုံးက အပြင်မှ ချက်ချင်း ဝင်လာခဲ့သည်။ " ဘာကိစ္စလဲ။ "

" ငါ မင်းကို တောင်ထိပ်ငါးခု စစ်မြေပြင်ကို သွားပြီး...."

စစ်ခုန်လွန်၏ စကားမဆုံးမီ သူ၏ နားထဲတွင် ညင်သာသော အသံတစ်သံကို ကြားလိုက်ရသည်။

" ငါ့ကို ရှာမလို့လား။ " လင်းယွမ်က အခန်းထဲတွင် ပေါ်လာသည်။

" အရှင်မင်းကြီး...." ရင်းနှီးသော အသံကို ကြားလိုက်ရသောအခါ စစ်ခုန်လွန်က ချက်ချင်း ဝမ်းသာသွားသည်။

" ယန်ဧကရာဇ်..." လင်းယွမ်ကို မြင်သောအခါ ရှုချုံးက အနည်းငယ် ထိတ်လန့်သွားသည်။

လွန်ခဲ့သော နှစ်နှစ်ဆယ်က စစ်မြေပြင်တွင် သူက ယန်ဧကရာဇ်ဟု ကျယ်လောင်စွာ အော်ခဲ့လေသည်။ ထို့နောက် လင်းယွမ်က ပေါ်လာခဲ့ပြီး "ဘာတွေလောနေတာလဲ။ "ဟု မကျေမနပ်နှင့် ပြောခဲ့လေသည်။

ရှုချုံးက ထိုကိစ္စအတွက် အတော်လေး စိတ်ဒုက္ခရောက်နေခဲ့သည်။ သို့သော် လင်းယွမ်က မခုခံနိုင်သော အင်အားနှင့် ရင်ဆိုင်ရလျှင် သူ့ကို အော်ခေါ်ရန် ပြောခဲ့သောကြောင့်သာ သူက အော်ခဲ့ခြင်း ဖြစ်လေသည်။

" အရှင်မင်းကြီး မီးပြင်းဖို ပျောက်ကွယ်သွားပြီလို့ ကျွန်တော်ကြားတယ်။ " စစ်ခုန်လွန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

" ကျန်းအာ အခု ဘယ်လိုနေလဲ။ " လင်းယွမ်က ပြန်မဖြေဘဲ မေးလိုက်သည်။

ကျန်းအာက လျိုကျန်းဖြစ်ပြီး လွန်ခဲ့သော နှစ်သုံးဆယ်က ဝမ်ကျန်းဖုန်း၏ တောင်းဆိုမှုကြောင့် လင်းယွမ်က သိုင်းသူတော်စင်အဆင့် အမျိုးသမီးတစ်ယောက်နှင့် မွေးဖွားခဲ့သော သားဖြစ်လေသည်။

သိုင်းသူတော်စင်အဆင့် ဖြစ်ရသည့် အကြောင်းရင်းမှာ လင်းယွမ်၏ ခန္ဓာကိုယ်က အလွန်သန်မာလှသောကြောင့် သာမန်လူများက လင်းယွမ်၏ ကလေးမပြောနှင့် သူ၏ အဆီအနှစ်ကိုပင် ဘယ်သူမှ ခံနိုင်ရည်မရှိပေ။ သိုင်းသူတော်စင်အဆင့် အမျိုးသမီးပင် လင်းယွမ်က သူ၏ အဆီအနှစ်ကို အလွန်လျှော့ချခဲ့သောကြောင့်သာ ခံနိုင်ရည်ရှိခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သိုင်းသူတော်စင်အမျိုးသမီးက မဟာယန်နိုင်ငံ၏ အိမ်ရှေ့စံမင်းသား ဖြစ်မည့် သားတစ်ယောက် မွေးဖွားခဲ့သည်။

" မင်းသားကျန်းက အရမ်းဉာဏ်ကောင်းပါတယ်။ သူက..." စစ်ခုန်လွန်က လင်းယွမ်အောက်မနိမ့်ဘူးဟု ပြောရန်ပြင်လိုက်သော်လည်း အလွန်ချဲ့ကားပြောနေသကဲ့သို့ ခံစားလိုက်ရသောကြောင့် ရပ်တန့်လိုက်သည်။

လင်းယွမ်က ဘယ်သူလဲ။ ဤနှစ်များတွင် လူအများက လင်းယွမ်ကို နှစ်တစ်သောင်းအတွင်း အလယ်ပိုင်းလွင်ပြင်၏ ပထမဆုံး သူတော်စင်ဘုရင်အဖြစ် သတ်မှတ်ခဲ့ကြလေသည်။

လျိုကျန်းက အလွန်ဉာဏ်ကောင်းသော်လည်း လင်းယွမ်နှင့် မယှဉ်နိုင်ပေ။

လွန်ခဲ့သော နှစ်တစ်သောင်းအတွင်း သို့မဟုတ် လာမည့် နှစ်တစ်သောင်းအတွင်း လင်းယွမ်က တစ်ယောက်တည်းသာ ရှိပြီး သူနှင့်ယှဉ်နိုင်သော ဒုတိယလူ မရှိနိုင်ပေ။

" အဲ့ဒါကောင်းတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

သူက လျိုကျန်းကို အများကြီး မမျှော်လင့်ထားသော်လည်း မဟာယန်နိုင်ငံ၏ အုတ်မြစ်ကို ထိန်းသိမ်းရန် လုံလောက်ပေသည်။

" အရှင်မင်းကြီး နတ်လက်နက်တွေကရော..." စစ်ခုန်လွန်က နောက်တစ်ကြိမ် လေးနက်စွာ မေးလိုက်ပြန်သည်။ ထိုမေးခွန်းက အလွန်အရေးကြီး၏။

" ငါ နတ်လက်နက်တွေကို အပိုင်းအစတွေ ဖြစ်အောင် လုပ်လိုက်ပြီ။ " လင်းယွမ်က သာမန်အတိုင်း ပြန်ဖြေလိုက်သည်။

" အပိုင်းအစတွေ " စစ်ခုန်လွန်က ထိတ်လန့်သွား၏။

" သူတို့ကို လုံးဝ ဖျက်ဆီးပစ်လို့မရဘူးလား။ " စစ်ခုန်လွန်က မနေနိုင်ဘဲ မေးလိုက်သည်။

နတ်လက်နက်များက အပိုင်းအစများ ဖြစ်သွားလျှင်တောင် စိတ်အသိများ နိုးထလာပြီး မိစ္ဆာစစ်သည်များ ဖြစ်လာနိုင်လေသည်။

" နတ်လက်နက်တွေက ကောင်းကင်နဲ့မြေကြီးက မွေးဖွားလာတာ ဖျက်ဆီးပစ်လို့မရဘူး။ " လင်းယွမ်က အမှန်တိုင်း ပြောလိုက်သည်။

၎င်းက လွန်ခဲ့သော နှစ်တစ်သောင်းမှ ရှေးဟောင်းနတ်ဘုရားလည်း မလုပ်နိုင်သလို လင်းယွမ်လည်း မလုပ်နိုင်ပေ။

" မင်းက ငါထွက်သွားရင် နတ်လက်နက်တွေက စိတ်အသိတွေ မွေးဖွားလာပြီး ကမ္ဘာကြီးကို နောက်တစ်ကြိမ် အုပ်စိုးမှာ စိုးရိမ်လို့လား။ "လင်းယွမ်က စစ်ခုန်လွန်၏ စိုးရိမ်မှုကို ခန့်မှန်းနိုင်လေသည်။

ပြည့်စုံသော နတ်လက်နက်များထက် လွန်စွာ အားနည်းကြသော မိစ္ဆာစစ်သည်များပင် သွေးသန့်စင်ခြင်း သိုင်းသူတော်စင်အဆင့်ကို အလွယ်တကူ ဖိနှိပ်နိုင်ကြလေသည်။ ထို့ကြောင့် လင်းယွမ်ထွက်သွားပြီးလျှင် နတ်လက်နက်အပိုင်းအစများ နိုးထလာပါက ကမ္ဘာပေါ်တွင် သူတို့ကို ဘယ်သူမှတားနိုင်မည်မဟုတ်ပေ။

" အရှင်မင်းကြီးပြောတာ မှန်ပါတယ်။ " စစ်ခုန်လွန်က ခါးသက်စွာ ပြုံးလိုက်သည်။

" မစိုးရိမ်နဲ့ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး စစ်ခုန်လွန်နှင့် ရှုချုံးတို့၏ မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်သည်။

များစွာသော အချက်အလက်များက သူတို့နှစ်ယောက်၏ စိတ်ထဲသို့ စီးဝင်လာသည်။ ၎င်းမှာ လင်းယွမ်က ဤကမ္ဘာကြီး၏ ကျင့်ကြံခြင်းစနစ်ကို အခြေခံပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးရုံသာမက စိတ်ဝိညာဉ်ကိုလည်း တိုးတက်စေနိုင်သော ကျင့်ကြံခြင်းစနစ်တစ်ခု ​ဖြစ်လေသည်။

ထိုကျင့်ကြံခြင်းစနစ်ထဲတွင် လင်းယွမ်က သိုင်းသူတော်စင်အဆင့်အထက်တွင် သိုင်းနတ်ဘုရားအဆင့်၊ သိုင်းနတ်ဘုရားအဆင့်အထက်တွင် ကောင်းကင်ဖြစ်တည်မှုအဆင့်တို့ကိုပါ ထည့်ပေါင်းထားခဲ့သည်။

သိုင်းနတ်ဘုရားအဆင့်သို့ ရောက်သည်နှင့် နတ်လက်နက်အပိုင်းအစများကို ဖိနှိပ်နိုင်ပေလိမ့်မည်။ လင်းယွမ်က ထိုကျင့်စဉ်စနစ်ဖြင့် လူသားမျိုးနွယ်၏ အနာဂတ်မျိုးဆက်များကို မျှော်လင့်ချက် ပေးခဲ့လေသည်။

ပြည့်စုံသော ကျင့်ကြံခြင်းစနစ်ဖြင့် သိုင်းသူတော်စင်အဆင့်ထက် ကျော်လွန်ရန် ခက်ခဲသော်လည်း ဆယ်စုနှစ်အချို့ကြာတိုင်း သိုင်းနတ်ဘုရားအဆင့်သို့ ရောက်နိုင်သော ပါရမီရှင်များ ထွက်ပေါ်လာပေလိမ့်မည်။

" ဒါကဘာလဲ။ " စစ်ခုန်လွန်က သူ၏ စိတ်ထဲမှ အချက်အလက်များကို ကြည့်ပြီး အံ့ဩသွားသည်။ လင်းယွမ်က သူ့ကို ကြောက်စရာကောင်းသော ကျင့်ကြံခြင်းစနစ် လွှဲပြောင်းပေးခဲ့သည်ကို ချက်ချင်း နားလည်လိုက်သည်။

သာမန်အားဖြင့် ခန္ဓာသန့်စင်ခြင်း သိုင်းသမားအဆင့်၊ အရွတ်သန့်စင်ခြင်း သိုင်းတပည့်အဆင့်၊ အရေပြားသန့်စင်ခြင်း သိုင်းသခင်အဆင့်၊ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း သိုင်းဘုရင်အဆင့်၊ ခြင်ဆီသန့်စင်ခြင်း သိုင်းဧကရာဇ်အဆင့်၊ သွေးသန့်စင်ခြင်း သိုင်းသူတော်စင်အဆင့်တို့ ဖြစ်ကြသည်။

လင်းယွမ်က အဆင့်တိုင်းတွင် စိတ်ဝိညာဉ်ကို သန့်စင်နိုင်မည့် နည်းလမ်းကို ထည့်ပေါင်းခဲ့ပြီး ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အသွင်ပြောင်းလဲနိုင်လေသည်။ ထို့အပြင် သိုင်းသူတော်စင်အဆင့်က အဆုံးသတ်မဟုတ်ဘဲ ပို၍ စွမ်းအားကောင်းသော သိုင်းနတ်ဘုရားအဆင့်နှင့် ကောင်းကင်ဖြစ်တည်မှုအဆင့်တို့ ရှိနေလေသည်။

အဆင့်များမှ ဖော်ပြချက်များအရ သိုင်းနတ်ဘုရားအဆင့်က မိစ္ဆာစစ်သည်များကို ဖိနှိပ်ရန် လုံလောက်လေသည်။

" ဒီကျင့်ကြံခြင်းစနစ်က...." ရှုချုံးက နတ်လက်နက်စစ်သည်တစ်ယောက်ဖြစ်ပြီး ကောင်းကင်ခွဲခြမ်းခြင်း ပုဆိန်ကလည်း ပြည့်စုံသော နတ်လက်နက်တစ်လက် ဖြစ်နေခဲ့သည်။ ဤကမ္ဘာတွင် နတ်လက်နက်အနည်းငယ်သာ ရှိသောကြောင့် သူက နတ်လက်နက်ကို မှီခိုပြီး အလွန်ယုံကြည်မှုရှိခဲ့လေသည်။

သို့သော် လင်းယွမ်ပေးသော ကျင့်ကြံခြင်းစနစ်နှင့် နှိုင်ယှဉ်မရပေ။ ပို၍ အဆင့်မြင့်လာသည်နှင့် မိစ္ဆာစစ်သည်များကို ဖိနှိပ်နိုင်ရုံသာမက ထာဝရအသက်ရှည်ခြင်းကိုပင် ရရှိနိုင်လေသည်။

" စစ်ခုန်လွန်က ကမ္ဘာပေါ်က သက်ရှိအားလုံးကိုယ်စား အရှင်မင်းကြီးရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်။ " စစ်ခုန်လွန်က ဒူးထောက်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

လင်းယွမ်က တောင်ထိပ်ငါးခုစစ်မြေပြင်တွင် နတ်လက်နက်အားလုံးကို နှိမ်နှင်းလိုက်ခြင်းက ယခင်မျိုးဆက်များကို လွှမ်းမိုးနိုင်သော လုပ်ဆောင်မှုတစ်ခုဖြစ်လျှင် ထိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေခြင်းက နောက်မျိုးဆက်အားလုံးကို လွှမ်းမိုးနိုင်မည့် လုပ်ဆောင်မှုတစ်ခု ဖြစ်လေသည်။

ယနေ့မှစ၍ ကျင့်ကြံသူတိုင်းက လင်းယွမ်၏ ကျေးဇူးကို အမြဲတမ်း အောင့်မေ့ပြီး တစ်သက်လုံး မေ့နိုင်ကြမည်မဟုတ်ပေ။

" ကောင်းပြီ ထပါ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။

သူ့အတွက် ထိုကျင့်ကြံခြင်းစနစ်က ဘာမှမဟုတ်ပေ။ သူက အနာဂတ်မျိုးဆက်များကို မိစ္ဆာစစ်သည်များ၏ အစာမဖြစ်စေချင်သောကြောင့်သာ ၎င်းကို လက်ဆင့်ကမ်းပေးခဲ့ခြင်းဖြစ်သည်။

လင်းယွမ်ကလည်း လူသားမျိုးနွယ်သာဖြစ်ပြီး မဟာယန်နိုင်ငံကလည်း သူ၏ နိုင်ငံဖြစ်သောကြောင့် သူ၏ မျိုးနွယ်များကို ကူညီပေးခြင်းမှာ မထူးဆန်းလှပေ။

" ငါဒီကိုလာတာ နောက်ထပ်ကိစ္စတစ်ခုလည်း ရှိသေးတယ်။ " လင်းယွမ်က တစ်စုံတစ်ခုကို တွေးမိပြီး ရှုချုံးကို ကြည့်လိုက်သည်။

" ဟမ် " ရှုချုံးက ဘာလုပ်ရမှန်း မသိပေ။

" ထွက်လာခဲ့။ " လင်းယွမ်၏ စကားဆုံးသည်နှင့် ရှုချုံး၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ခွဲခြမ်းခြင်း ပုဆိန်က ပျံသန်းထွက်လာသည်။

" ငါဒီကို မလာခင် နတ်လက်နက်တွေနဲ့ မိစ္ဆာစစ်သည်တွေအားလုံးကို ဖျက်ဆီးပြီး သူတို့စိတ်အသိတွေလည်း ပျောက်ကွယ်သွားပြီ။ မင်းလည်း ခြွင်းချက်မရှိဘူး။ " လင်းယွမ်က ကောင်းကင်ခွဲခြမ်းခြင်း ပုဆိန်ကို သူ၏ လက်ထဲတွင် ကိုင်ထားသည်။

အနည်းငယ်ဖိလိုက်သည်နှင့် အပိုင်းအစများစွာ ကွဲထွက်သွားပြီး ၎င်း၏ စိတ်အသိကလည်း ပျောက်ကွယ်သွားသည်။

ကောင်းကင်ခွဲခြမ်းခြင်း ပုဆိန်က လင်းယွမ်သန့်စင်ထားပြီး သစ္စာစောင့်သိသော်လည်း လင်းယွမ် ဤကမ္ဘာမှ ထွက်သွားသည်နှင့် ထိုအရာက မပြောင်းလဲသွားဟု မသေချာပေ။ ဘေးကင်းရန်အတွက် နတ်လက်နက်တစ်ခုမှ ချန်မထားနိုင်ပေ။

" ကောင်းပြီ။ " လင်းယွမ်က အမူအရာပျက်နေသော ရှုချုံးကို ကြည့်လိုက်သည်။

" မင်းရဲ့ အရည်အချင်းနဲ့ ငါပေးတဲ့ ကျင့်ကြံခြင်းစနစ်ကို လေ့ကျင့်ရင် သိုင်းနတ်ဘုရားအဆင့်ကို ရောက်နိုင်ချေများတယ်။ "

လင်းယွမ်က ထိုကျင့်ကြံခြင်းစနစ်ကို ပြောင်းလဲပြီး စိတ်ဝိညာဉ်သန့်စင်ခြင်းကို ထည့်သွင်းထားခဲ့သည်။

ရှုချုံးက အစကတည်းက သန်မာသော ဝိညာဉ်ရှိသောကြောင့် ကောင်းကင်ခွဲခြမ်းခြင်း ပုဆိန်ကို ကိုင်ဆောင်ထားနိုင်ခြင်း ဖြစ်လေသည်။

" ထွက်သွားဖို့ အချိန်ကျပြီ " လင်းယွမ်က စစ်ခုန်လွန်နှင့် ရှုချုံးတို့ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

" အရှင်မင်းကြီး.... " စစ်ခုန်လွန်က တစ်စုံတစ်ခု ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

" မဟုတ်ဘူး။ ဒီကျင့်ကြံခြင်းစနစ်ကို ချက်ချင်း မှတ်တမ်းတင်ရမယ်။ " စစ်ခုန်လွန်က သူ၏ စိတ်များကို စုစည်းပြီး စက္ကူပေါ်တွင် အချက်အလက်များကို အလျင်အမြန် မှတ်တမ်းတင်လိုက်သည်။

" ဝန်ကြီးချုပ်စစ်ခုန် မင်းက အသက်ကြီးနေပြီ အဲ့ဒါကို ငါရေးပေးရမလား။ " ရှုချုံးက လင်းယွမ်၏ စကားကြောင့် စိတ်အားထက်သန်လာခဲ့သည်။

" မရဘူး။ ဒီကျင့်ကြံခြင်းစနစ်က အရမ်းအရေးကြီးတယ်။ ငါရေးရင်းနဲ့ အနားယူလို့ရတယ်။ " စစ်ခုန်လွန်၏ မျက်လုံးများက နီရဲနေပြီး ဆက်လက်ရေးသားနေသည်။

နှစ်နာရီကြာပြီးနောက် ပြည့်စုံသော ကျင့်ကြံခြင်းစနစ်ကို ကြည့်ပြီး စစ်ခုန်လွန်က စိတ်လှုပ်ရှားနေသည်။ ထိုကျင့်ကြံခြင်းစနစ်ဖြင့် အနာဂတ်တွင် ပြည့်စုံသော နတ်လက်နက်တစ်ခု ပေါ်လာလျှင်တောင် လူသားမျိုးနွယ်များက ခုခံနိုင်ပေလိမ့်မည်။ ထိုကျင့်ကြံခြင်းစနစ်ကြောင့် အရှက်ရမှုနှင့် နာကြည်းမှုများ ပျောက်ကွယ်သွားပြီး လူသားမျိုးနွယ်က ခန့်မှန်းမရအောင် တိုးတက်လာပေလိမ့်မည်။

" အရှင်မင်းကြီး...." စစ်ခုန်လွန်က လင်းယွမ်ကို ပြန်တွေးမိပြီး မျက်လုံးများ နီရဲလာသည်။ မှောင်မဲနေသော အခန်းထဲတွင် မီးအိမ်တစ်ခုက အလင်းရောင်များ ပေးစွမ်းခဲ့လေသည်။

All Chapters