အိုင်ဒေါကမ္ဘာ
Vol. 12 Ch. 1
လူစည်ကားသော လမ်းမကြီးတစ်ခု။
မြို့ကြီးပြကြီးတစ်ခု ဖြစ်တဲ့အတွက်ကြောင့် ကားတွေအများကြီး လမ်းပေါ်မှာရှိနေပေမဲ့ ကားလမ်းမှာ အလွန်ပြည့်နှက်တဲ့အတွက် အကြာကြီးနေမှ ကားတွေက ရှေ့ကို နည်းနည်းပဲတိုးနိုင်ပါတယ်။ ကားပေါ်ကလူတွေလည်း ဒါကြောင့် အတော်လေးစိတ်အနှောင့်အယှက် ဖြစ်နေတော့တာပေါ့။
“ဟေ့ကောင်၊ မင်းဘယ်တော့မှ အလုပ်ကိုလာမှာလဲ။ နောက်ကျနေတာ နာရီဝက်လောက်ရှိပြီကွ။”
လူတွေပြည့်ကျပ်နေတဲ့ ဘက်စ်ကားပေါ်မှာ တခြားသူတွေ နည်းတူ တိုးကျိတ်စီးနေရတဲ့ ရုံးဝန်ထမ်းဦးလေးကြီးဆီ သူဌေးဆီကဖုန်းဝင်လာတယ်။
“ဟုတ်ကဲ့၊ တောင်းပန်ပါတယ်ခင်ဗျာ။ ကားပိတ်နေလို့ပါ။ တောင်းပန်ပါတယ်ခင်ဗျာ။” ဦးလေးကြီးကတော့ သူ့အမှား မဟုတ်ပေမဲ့ မရအရတောင်းပန်လို့။ ဒါပေမဲ့ တစ်ဖက်က သူဌေးကတော့ လက်မခံဘဲ အော်ဟစ်ကာ ဖုံးချသွားလေရဲ့။
“နောက်ဆယ့်ငါးမိနစ်အတွင်းရုံးမလာရင် ဒဏ်ကြေးဆောင်ရပြီသာမှတ်။”
...
“မားမား... သမီးကျောင်းနောက်ကျနေပြီ။ ဘယ်တော့မှ ကျောင်းကိုရောက်မှာလဲဟင်။”
မိသားစုကားလေးတစ်စီးအတွင်းမှာလဲ ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့သမီးလေးက စိတ်ညစ်နေတဲ့ပုံစံနဲ့ ထိုင်နေပြီးတော့ အမေလုပ်သူကို ဂျီကျနေလေရဲ့။ ဒါပေမဲ့ ကားလမ်းပိတ်နေတာကို အမေလုပ်သူက ဖြေရှင်းလို့ မရတာမလို့ သက်ပြင်းကိုထပ်ခါထပ်ခါချရင်း။
“ခဏနေရင် ကားပိတ်တာရပ်သွားမှာပါသမီးလေး။”
...
“ကောင်းရော၊ ရုပ်ရှင်ရုံမှာ ဇာတ်ကားက စပြနေပြီတဲ့ ငါတို့လက်မှတ်ဖိုးတွေဆုံးပါပြီ။” ရုပ်ရှင်အတူသွားကြည့်ဖို့ စီစဥ်ထားကြတဲ့ စုံတွဲတစ်တွဲကလည်း စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။
“ဘာလို့ချိန်းထားတဲ့အချိန် ရောက်အောင်မလာတာလဲကွ။ စာချုပ်မှာ လက်မှတ်လာထိုးရုံလေးပဲကို။ ဒီလောက်တောင် နောက်ကျတာ၊ မင်းရုပ်ပြကို ငါတို့မဂ္ဂဇင်းမှာ မတင်တော့ဘူး။”
လူငယ်ရုပ်ပြရေးဆရာတစ်ယောက်လည်း ချိန်းထားတာ ပျက်သွားလို့ ကံဆိုးမိုးမှောင်ကျမှုနဲ့ ရင်ဆိုင်ရလိုက်လေရဲ့။
...
ရုတ်တရက် ကားလမ်းမပေါ်မှာ လမ်းလျှောက်နေတဲ့ ခရုတစ်ကောင်ရဲ့ပုံစံရှိတဲ့ မွန်းစတားကြီးတစ်ကောင် ပေါ်လာပါတော့တယ်။ အဲဒီမွန်းစတားကြီးက သူ့ခေါင်းပေါ်က ဦးမျှင်တွေကိုလှုပ်ရမ်းကာ တစ်ခုခုကို အာရုံခံနေပုံပေါ်ပြီး အစွယ်တွေကိုဖြဲကာ ပြုံးလိုက်ပါတယ်။
“ဟဲဟဲဟဲ... စိတ်ပျက်နေတဲ့ လူသားတွေရဲ့ခံစားချက်ကို ငါအာရုံခံမိတယ်။ အရသာရှိမယ့်ပုံပဲ။”
မွန်းစတားကြီးက ပါးစပ်ကိုဟလိုက်တယ်။ များမကြာခင်မှာပဲ အနီးအနားမှာရှိနေတဲ့ လူသားတွေရဲ့ ခန္ဓာကိုယ်ကနေ ရောင်စုံအလင်းတန်းတွေထွက်ပေါ်လာပြီး အဲဒီအလင်းတန်းတွေက မွန်းစတားကြီးရဲ့ပါးစပ်ထဲကို ဝင်ရောက်သွားတယ်။
...
“အလုပ်နောက်ကျရင်လည်း နောက်ကျပါစေတော့။ ငါက ဘယ်တုန်းကမှ အလုပ်မှာ အဆင်ပြေခဲ့တာမှမဟုတ်တာ။”
“သမီးကျောင်းမသွားချင်တော့ဘူး... အီးဟီးဟီး....”
“အဲဒါကြောင့် ရှင့်ကိုစောစောထွက်လာဖို့ပြောတာပေါ့။ အခုဘယ်လိုလုပ်မှာလဲ။”
“အစကတည်းက သူတို့ငါ့ရုပ်ပြကို တကယ်မကြိုက်ဘူးဆိုတာ သိသားပဲ။”
မွန်းစတားကြီးက ရောင်စုံအလင်းတန်းတွေကို ဝါးမျိုလေလေ။ အနားမှာရှိနေတဲ့ လူသားတွေရဲ့ မျှော်လင့်ချက်အလင်းရောင်တွေ ပျောက်ဆုံးသွားလေနဲ့ပါ။ တဖြည်းဖြည်းနဲ့ကမ္ဘာကြီးရဲ့အရောင်စုံအမြင်က မှေးမှိန်လာပြီး အဖြူအမည်းအဖြစ်ကို ပြောင်းလဲလာပါတော့တယ်။
...
အာ....
ရုတ်တရက် သံရှည်ဆွဲသံတစ်ချက်နဲ့အတူ တေးဂီတနုတ် တချို့က ပျံသန်းလာပြီး ခရုလိုအကောင်ကြီးကို ထိမှန်သွား ပါတော့တယ်။
“အိုက်ယား....” မွန်းစတားကြီး ဂီတနုတ်ကြောင့် ပက်လက်လန်သွားပြီး မူးဝေသွားတယ်။ နောက်တော့ သူက ပြန်ထလာပြီး အသံလာကိုကြည့်ကာ ပြောလိုက်လေရဲ့။
“ဘယ်ကောင် ငါ့ကိုဂီတနုတ်နဲ့ပစ်တာလဲ။”
ဒါပေမဲ့ နောက်တစ်ခဏမှာတော့ သူ့ဦးမျှင်ပေါ်က မျက်လုံးနှစ်လုံးပြူးကျယ်သွားပြီး ပြောလိုက်ပါတယ်။
“အိုက်ဒေါတွေရောက်လာတာလား။”
ပိုးကောင်ကြီးရဲ့ဆန့်ကျင်ဘက်မှာတော့ ချစ်စရာကောင်းတဲ့ အမျိုးသမီးလေးငါးယောက်က ရောင်စုံဂါဝန်လေးတွေကို ဝတ်ထားပြီး သူ့ကိုဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပါတယ်။
သူတို့ထဲက ငွေရောင်ဆံပင်အရှည်ရှိပြီး မျက်လုံးတွေက ကြယ်တွေလိုတောက်ပနေတဲ့ ကောင်မလေးက ရှေ့ကို ထွက်လာတယ်။ လက်ထဲမှာတော့ ချစ်စရာခေါက်ဖုံးလေးကို ကိုင်လို့။ သူဝတ်ထားတဲ့ အဖြူရောင်ကိုယ်ကျပ်ဂါဝန်လေးနဲ့ ဖန်ဒေါက်ဖိနပ်လေးကြောင့် ကျန်တဲ့မိန်းကလေးတွေကြား ထင်းထွက်နေတယ်။
“လူသားတွေရဲ့မျှော်လင့်ချက်ကိုစားသုံးပြီး ကမ္ဘာကြီးကို အရောင်အသွေးမဲ့အောင်လုပ်နေတဲ့ ဂျင်းနတ်ဆိုးကောင်။ ဒီနေရာမှာတင် နင့်ကိုငါတို့နှိမ်နင်းမယ်။”
“အိုက်ဒေါ မက်ဒါနာ။ Light up!”
ကောင်မလေးက ဖုန်းကိုမြှောက်ပြီး ခလုတ်တစ်ခုကို နှိပ်လိုက်တာနဲ့ သူ့အပေါ်ကို ဘယ်ကမှန်းမသိ မှော်ဆန်တဲ့ စတိတ်စင်မီးရောင်က ထိုးကျလာတယ်။ သူ့ရဲ့ညာဖက် ဘေးမှာရပ်နေတဲ့ ရွှေရောင်ဆံပင်၊ ဂါဝန်အနီနဲ့ လိုလီတာတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ ဗြိတိသျှ ကလေးမလေးကလည်း ရှေ့ကိုထွက်လာပြီး ခေါက်ဖုန်း အနီရောင်ကိုမြှောက်ကာ ခလုတ်နှိပ်လိုက်တယ်။
“အိုက်ဒေါဖရာလီတာ၊ Light up။” အလားတူပဲ အနီရောင် စတိတ်စင်မီးက ကောင်မလေးပေါ်ဖြာကျလာတယ်။
ကျန်တဲ့သုံးယောက်ထဲက အဝါရောင်ဂါဝန်ကိုဝတ်ထားတဲ့ ရင့်ကျက်တဲ့အလှပိုင်ရှင် ဆံပင်ဂုတ်ဝဲနဲ့မိန်းကလေးကလည်း ရှေ့ကိုထွက်လာပြန်ပါပြီ။
“အိုက်ဒေါ ဖလေရာ Light up!”
အိမ်စေမလေးလိုဝတ်ထားပြီး ဆံပင်နက်နက်၊ မျက်လုံးညိုညို ချောကလက်လိုအသားအရေရှိတဲ့ မိန်းကလေးကလည်း ရှေ့ကိုထွက်လာပြီး အနက်ရောင် ဖုန်းကို မြှောက်ကာနှိပ်လိုက်တယ်။
“Maidအိုက်ဒေါ အေမီ Light up!”
နောက်ဆုံးအနေနဲ့ကတော့ ဆံပင်အညိုရောင်ကို မြင်းမီးလို နောက်မှာစုချည်ထားတဲ့ သန်မာပုံရတဲ့ ဂါဝန်အပြာမိန်းကလေးထွက်လာပြီး ခေါက်ဖုန်းအပြာက ခလုတ်ကိုနှိပ်လိုက်တယ်။
“အိုက်ဒေါ လင်ဒါ Light up!”
“အိုက်ဒေါတွေလူစုံပြီ။ ဖျော်ဖြေပွဲစလိုက်ရအောင်။”
နောက်တော့ မိန်းကလေးငါးယောက်က သူတို့ခါးလေးတွေကို လှုပ်ပြီးစကတယ်။ တစ်ပြိုင်နက်တည်းဆိုသလိုပဲ လမ်းမကြီးရဲ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဒီဂျစ်တယ်ဆိုင်းဘုတ်ကြီးတွေက မိန်းကလေး တစ်ယောက်ချင်းစီရဲ့ပိုစတာတွေကို စတင်ပြသပါတယ်။ ပြီးတော့ မြူးကြွတဲ့သီချင်းသံကလည်း ပတ်ဝန်းကျင်ကို စတင်ပြန့်နှံလာပါတော့တယ်။
🎶ယခုနံနက်ခင်းအတွက် အယ်ဘီနိုရာသီဥတုအခြေအနေမှာ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။🎶
ဆံပင်ငွေရောင်နဲ့ကောင်မလေးက ပထမဆုံးအနေနဲ့ ဖုန်းကို မိုက်အဖြစ်ကိုင်ပြီး စာသားတစ်ကြောင်းကို ရွတ်လိုက်တယ်။ စိတ်ညစ်နေတဲ့ လူသားတွေလည်း သူတို့ကားတွေရဲ့ ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ကိုကြည့်လိုက်ကြပြီး ကားလမ်းပေါ်က လူကူးမြင်းကျားနားမှာရပ်ပြီး ဖျော်ဖြေဖို့ အသင့်ဖြစ်နေတဲ့ ချစ်စရာကောင်မလေးတွေကို မြင်လိုက်ရပြီး တက်ကြွလာကြပါတယ်။
“အဲဒါက Silver Bandပဲ။ သူတို့က နောက်တစ်ခါ လမ်းပေါ်မှာ ဖျော်ဖြေကြဦးမှာလား။”
အလုပ်နောက်ကျနေတဲ့ဦးလေးကြီးနဲ့နှုတ်ခမ်းထောင့်ကနေ သွားရည်တချို့ကျလာပြီး သူ့ဖုန်းကိုထုတ်လိုက်ပါတယ်။
“ဒီတစ်ခါတော့ ငါ့ရဲ့အိုက်ဒေါမလေးမက်ဒါနာရဲ့ပင်တီကို ကိုယ်တိုင်ဓာတ်ပုံရိုက်နိုင်ရမယ်ကွ။”
စိတ်ကောက်နေတဲ့သမီးလေးလည်း ကားနောက်ခန်းကနေ ကားရှေ့ခန်းကိုရောက်လာပြီး အိုက်ဒေါအုပ်စုကို စိတ်ဝင်စားနေတဲ့ အကြည့်တွေနဲ့ကြည့်လိုက်ကြပါတယ်။ “မေမေ၊ အိုက်ဒေါမလေးတွေက သီချင်းဆိုတော့မှာလား။”
ရန်ဖြစ်နေတဲ့စုံတွဲလည်း ရန်ဖြစ်တာရပ်သွားပြီး “ရုပ်ရှင် မကြည့်ရတော့ပေမဲ့ Idol Public Challenge ကြည့်ရတာလည်း မဆိုးပါဘူး။”
စာအုပ်တိုက်က အငြင်းခံလိုက်ရတဲ့ ရုပ်ပြဆရာလည်းပဲ သူ့လက်ထဲက ရုပ်ပြမူကြမ်းတွေကို ပစ်ချလိုက်ပြီး ဖုန်းကို ထုတ်ကာ ဗီဒီယိုရိုက်ဖို့စပြတယ်။
“ဒီတစ်ခါတော့ ငါ့အိုက်ဒေါမလေးဖရာလီတာဆီကနေ လက်မှတ်ရအောင်ယူရမယ်။”
ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေအားလုံးက အိုက်ဒေါတွေကို စိတ်ဝင်စားနေကြပြီး ခရုကောင်ကြီးရှိနေတာကို လုံးဝ သတိမူမိကြပုံမပေါ်ဘူး။ ကြာတော့ ခရုကောင်ကြီးလည်း ဒေါသထွက်လာပြီး အိုက်ဒေါမလေးတွေဆီကို စပြေးသွားတယ်။
“ သူတို့အာရုံစိုက်ရမယ့်သူက ငါကွ။ မင်းတို့လို နှုတ်မဆက်ဘဲ ဝင်လာတဲ့ ကလေးမတစ်သိုက်မဟုတ်ဘူး။”
ဒါပေမဲ့ အိုက်ဒေါတွေက သီချင်းစဆိုတာနဲ့ ခရုကောင်ကြီး ဒူးထောက်ကျပြီး သူ့နားကိုယ်သူပိတ်ကာ ငယ်သံပါအောင် အော်ဟစ်နေတော့တာပဲ။ ဒါပေမဲ့ သူ့အသံကို ဘယ်သူမှ မကြား။
🎵နေ့စဥ်ဘဝ အခက်အခဲတွေကြောင့် စိတ်ဓာတ်ကျနေလား🎵
🎶အားတင်းထားလိုက်🎶
🎵ဒီနေ့ပြီးသွားရင် ပိုကောင်းတဲ့မနက်ဖြန်တွေ ရှိလာမယ်။ 🎵
အိုက်ဒေါမလေးတွေ သီချင်းစဆိုတာနဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အရောင်တွေက ပိုမိုတောက်ပလာပြီး လမ်းပေါ်ကလူတွေအားလုံး သူတို့ကားတွေကို ရပ်ထားလိုက်ကြတယ်။ တချို့ဆိုရင် ကားပေါ်ကနေဆင်းလာပြီး သူတို့လက်တွေကိုဝေ့ယမ်းကာ အားပေးနေကြတယ်။ အမာခံပရိသတ်တွေကတော့ သီချင်းစာသားတွေကို လိုက်ဆိုလို့။
🎵လောကကြီး ပျော်စရာတွေပဲ ပြည့်နေတာမဟုတ်လို့ 🎵
🎶အားတင်းထားလိုက်🎶
🎵ဝမ်းနည်းစရာတွေပြီးရင် ပျော်စရာတွေရောက်လာမှာ သေချာတယ် 🎵
🎶စိတ်ညစ်စရာတွေကို မေ့ထားလိုက် 🎶
...
“ဒီကလေးတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ ကောင်းကောင်းလုပ်လာနိုင်တာပဲ။ တစ်နေ့ကျရင် ဂျင်းနတ်ဆိုးဘုရင်ကြီးကို အနိုင်ယူနိုင်မလားမသိဘူး။”
ဘီလျံနာသူဌေးကြီးလည်းဖြစ် Silver Bandရဲ့ထုတ်လုပ်သူလည်းဖြစ်တဲ့ တင်မီဂရီဂိုရီက လက်ထဲမှာ ရေခဲစိမ်ဘီယာခွက်တစ်ခွက်ကို ကိုင်ထားရင်း ပြောလိုက်ပါတယ်။ သူ့ဘေးနားမှာတော့ ခရမ်းရောင် အိုက်ဒေါဂါဝန်ကိုဝတ်ထားပေမဲ့ ဝှီးချဲပေါ်မှာရှိနေတဲ့ အိန္ဒိယသူ ညိုချောမိန်းကလေးတစ်ယောက် ရှိနေပါတယ်။ နှစ်ယောက်လုံးက ကောင်မလေးတွေဖျော်ဖြေနေတဲ့ လမ်းနေရာရဲ့ဘေးမှာရှိတဲ့ အထပ်မြင့်တိုက်တစ်လုံးပေါ်မှာ ရှိနေကြတာဖြစ်ပြီး ဖျော်ဖြေပွဲရဲ့အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
“အဲဒီကောင်လေးသာဆိုရင် သေချာပေါက်လုပ်နိုင်မယ်လို့ ကျိန်းသေပြောရဲတယ်။” ညိုချောမိန်းကလေးက ပြောလိုက်ပါတယ်။
တင်မီက ရယ်မောလိုက်ရင်း “ဆိုဖီယာက တကယ့်ကို ယုံကြည်ချက် အပြည့်နဲ့ပါလား။ မင်းက အတော်ဆုံး အိုက်ဒေါဖြစ်ခဲ့တာဆိုတော့ မင်းအမြင်တွေမှန်မှာပါ။ ဒါပေမဲ့ အိုက်ဒေါမလေးမက်ဒါနာက မိန်းကလေးလို အဝတ်တွေ ဝတ်ထားတဲ့ ကောင်လေးမင်းလွင်ဆိုတာ လူတွေသိကုန်ရင် ဘယ်လိုနေမယ်မသိဘူး။” တင်မီက ဘီယာခွက်ကို လှုပ်နေရင်း ပြောလိုက်တယ်။
“အဲဒီလိုဆိုရင်တောင် လူတွေက သူ့ကိုချစ်ကြဦးမှာ သေချာပါတယ်။” ဆိုဖီယာကတော့ မယိုင်လဲတဲ့ ယုံကြည်ချက်တွေအပြည့်နဲ့ ပြောလိုက်ပါတယ်။
“ဒါပေမဲ့ နောက်လထဲမှာ ကိုရီးယားက နာမည်ကြီး Blue Pink အဖွဲ့နဲ့ စင်ပေါ်မှာ ပြိုင်တူဖျော်ဖြေရမှာဆိုတော့ စိုးရိမ်မိသား။”
“Silver Bandက ငါကိုယ်တိုင်လေ့ကျင့်ထားတာမလို့ စိုးရိမ်စရာမရှိပါဘူး။”
...
လူသူကင်းမဲ့နေပေမဲ့ အောက်မှာဖျော်ဖြေနေတဲ့အဖွဲ့ကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့ နောက်ထပ်အထပ်မြင့်တိုက် တစ်ခုရဲ့ခေါင်မိုးပေါ်မှာတော့ အနက်ရောင်ပေါ်တယ်တစ်ခု ပွင့်လာပါတယ်။ ပေါ်တယ်အတွင်းကနေ နောက်ထပ် ချစ်စရာ ကောင်းတယ်လို့ဆိုနိုင်တဲ့ မိန်းကလေးနှစ်ယောက် ပြိုင်တူ ထွက်လာကြတယ်။
တစ်ယောက်ကတော့ သာမန်မိန်းကလေးတွေဝတ်နေကျ မီးခိုရောင်ဆွယ်တာနဲ့ဂျင်းဘောင်းဘီကို ဝတ်ထားသူပါ။ သူ့ရဲ့ဆံပင်တွေက အဖြူရောင်ဖြစ်ပြီး ခါးအထိရှည်တယ်။ သူ့မျက်နှာပုံစံက အိုက်ဒေါမက်ဒါနာနဲ့ဆင်တယ်။ ခါးမှာ ထူးဆန်းတဲ့ခါးပတ်တစ်ခုကိုပတ်ထားပြီး ခါးပတ်ခေါင်းက နည်းပညာမြင့်စက်ပစ္စည်းတစ်ခုနဲ့တူနေပါတယ်။
တခြားမိန်းကလေးတစ်ယောက်က ခေတ်ရှေ့ပြေးတဲ့ အနက်ရောင်အသားကပ်ဝတ်စုံကိုဝတ်ဆင်ထားပြီး လက်ထဲမှာ နည်းပညာမြင့်သေနတ်တစ်လက်ကို ကိုင်ထားတယ်။ သူ့ရဲ့ဆံပင်တွေက အနက်ရောင်ဖြစ်ပြီး ခပ်တိုတိုညှပ်ထားတယ်။ မျက်လုံးတွေကတော့ အနီဖြစ်ပြီး ထူးဆန်းစွာနဲ့ အိုက်ဒေါတွေထဲက အိမ်စေအိုက်ဒေါမလေး အေမီနဲ့ဆင်နေပြန်တယ်။
“ဒီကမ္ဘာက မက်ဒါနာက အိုက်ဒေါတစ်ယောက်ဖြစ်နေပြီး မွန်းစတားတွေကို သီချင်းဆိုပြနေရတာလား။ တော်တော် ကသိကအောင့်ဖြစ်စရာပဲ။”
ဆံပင်ရှည်နဲ့မိန်းကလေးက ခေါင်းကိုခါယမ်းရင်း ပြောတယ်။ ဆံပင်တိုညိုချောမလေးကတော့ ပြုံးလိုက်ပြီး အဖြူရောင်မန်မိုရီစတစ်လေးကို ကမ်းပေးလိုက်တယ်။
“ပုံစံက နည်းနည်းထူးဆန်းတယ်ဆိုပေမဲ့ အသံစွမ်းအားက မမလေးအတွက်အသုံးတည့်မှာပါ။ အဲဒါကိုယူလိုက်ရင် မမလေးရဲ့ရည်မှန်းချက်တွေပြည့်ဖို့ ခြေတစ်လှမ်း ပိုနီးသွားမှာပါ။”
“နင်ပြောတဲ့အတိုင်းပါပဲ အေမီ။” ဆံရှည်မလေးက ပြုံးလိုက်ပြီး ဆံတိုမလေးကို အေမီလို့ခေါ်ကာ မန်မိုရီစတစ်ကို ယူလိုက်တယ်။ အဲဒီနောက် သူ့ခါးပတ်က ခါးပတ်ခေါင်းမှာ ထိုးထည့်လိုက်ပြီး ခလုတ်တစ်ခုကို နှိပ်လိုက်ပါတယ်။
[Maleficent System Ready]
[Varient: Doctor]
ခါးပတ်ဆီကနေ ထူးဆန်းတဲ့စကားသံတွေ ထွက်လာပြီး နောက်မှာတော့ ခါးပတ်ကနေ ပုံရိပ်ပေါင်းများစွာ ပတ်ဝန်းကျင်ကို ဖြာထွက်သွားတယ်။ ပုံရိပ်တွေအားလုံးက ခါးပတ်ဝတ်ထားတဲ့ကောင်မလေးနဲ့တူပေမဲ့ ဆရာဝန်ကုတ်ကို ဝတ်ထားပြီး လက်ထဲမှာ ဆံပင်တိုအေမီကိုင်တဲ့ သေနတ်မျိုးကိုကိုင်ထားတယ်။ ပုံရိပ်တွေအားလုံး ပြန်လည်ပေါင်းစည်းသွားချိန်မှာတော့ ဆံပင်ရှည် မိန်းကလေးက သေနတ်ကိုင်ထားတဲ့ ဒေါက်တာအဖြစ် ပြောင်းသွားပြီ။
“ဒေါက်တာပုံစံနဲ့သခင်မလေး မက်ဒါနာက သိပ်လိုက်ဖက်တာပဲ။ ဒီနေ့လည်း နိုင်ပွဲတွေရလာဖို့ ဆုတောင်းပေးလိုက်ပါတယ်။”
“နင်ပြောစရာမလိုဘူး။ အခုအချိန်ကနေစပြီး အိုက်ဒေါမန်မိုရီကတ်က ငါ့အတွက်ပဲ။”
အဲဒီနောက်တော့ ခါးပတ်ဝတ်မက်ဒါနာက အထပ်မြင့် တိုက်ပေါ်ကနေ ဒီအတိုင်းခုန်ချသွားတယ်။ ဆံပင်တို အေမီကတော့ အဲဒီမြင်ကွင်းကို ပြုံးပြုံးကြီးကြည့်လို့ရယ်။ ခဏနေတော့ ဒေါက်တာဝတ်စုံက အတောင်ပံတစ်ခုလို ဖောင်းကားပွင့်လာပြီး ခါးပတ်ဝတ် မက်ဒါနာ ပြုတ်ကျနေတာရပ်သွားတယ်။ လေဟုန်စီးနေပြီဖြစ်တဲ့ ခါးပတ်ဝတ်မက်ဒါနာက အရှိန်ကိုထိန်းရင်း အိုက်ဒေါ မက်ဒါနာဆီပျံသန်းသွားလိုက်တယ်။ အဲဲဒီနောက်တော့ လက်ထဲက သေနတ်နဲ့ချိန်လိုက်ပြီး...
“နင့်တည်ရှိမှုကို ငါ့အတွက်ပေးစမ်း။”
ဒိုင်း... ဒိုင်း... ဒိုင်း...
အဲဲဒီနောက်တော့ သေနတ်သံတွေ ဆူညံစွာထွက်ပေါ်လာပါတော့တယ်။