← Chapters

ဖမ်းမိသွားသောသူခိုးမလေး

Vol. 6 Ch. 61

ဖမ်းမိသွားသောသူခိုးမလေး

Vol. 6 Ch. 61

“ စနောက်နေတာတွေ တော်သင့်ပြီ ခုချက်ချင်းထတော့”

အာရန်သည် ယခုအချိန်တွင်တော့ တင်းမာစွာ ပြောလိုက်သည်။

သူရွေးချယ်ထားသော ရွေးချယ်မှုသာ ကျရှုံးခဲ့လျှင် မည်သည့် အကျိုးဆက်များ ခံရမည်ကို သူမသိနိုင်ပါ။

ထိုမိန်းကလေးသည် မြို့မှ မထွက်ခွာသွားသေးလျှင်ပင် ၎င်းတို့သည် များစွာ ပြင်ဆင်ထားရဦးမည်ဖြစ်သည်။

သူသည် ထိုကဲ့သို့ ဆန္ဒများနောက်သို့ လိုက်လျောပေးရန် အချိန်မရှိသေးပါ။

ရှုယင်သည် အနည်းငယ်ထပ်မံ စိုက်ကြည့်နေခဲ့သေးသော်လည်း ခဏအကြာတွင် သူမသည် အာရန်၏ စကားကို နားထောင်ခဲ့လေသည်။

ကြိုတင်စီစဉ်ထားချက်များ အရ သူမ အလုပ်လုပ်ရမည့်အပိုင်းများ ရှိနေသေးလေသည်။

သူမသည် မြို့ထဲရှိ အင်အားကြီးပုဂ္ဂိုလ် အချို့အား လိုအပ်သည့်အရာများကို လုပ်ဆောင်စေနိုင်ရန် ဆွဲဆောင်မှုအစွမ်းအချို့ကို သုံးဖို့လိုဦးမည်ဖြစ်သည်။

သူရဲကောင်းတစ်ဦးပေါ်ပေါက်လာဖို့ရန်အတွက်မှာ လူဆိုးများ၏ အခန်းကဏ္ဍ မှာလည်း မဖြစ်မနေ လိုအပ်လေသည်။

သူမသည် အာရန်၏ လက်ကို ပြန်လွှတ်ပေးလိုက်လေသည်။

“ကျွန်မတို့ အောင်မြင်ပြီးရင် ကျွန်မအတွက် ဆုလာဒ်တစ်ခုခုရနိုင်မှာလား”

အာရန်သည် တပည့်တစ်ဦးလက်ခံနိုင်ရန် အတွက် အဘယ့်ကြောင့် ဤမျှ အပင်ပမ်းခံချင်နေရသည့် အကြောင်းအရင်းကို သူမ နားမလည်နိုင်ပါ။

သူက ထိုသို့ဆော့ကစားရခြင်းကို ကြိုက်နှစ်သက်၍လား…။

သူမ မသိနိုင်သော်လည်း သူမသည် သူ့အလိုအတိုင်း ကူညီပေးရန် ဆန္ဒရှိနေခဲ့လေသည်။

သူမသည် မည်သည့် ဆုလာဒ်ကိုမျှ အာရန်ဆီမှ မမျှော်လင့်ထားသော်လည်း တစ်ခုခုကို မျှော်လင့်နေသည့်ဟန်ဖြင့် မေးမြန်းလိုက်လေသည်။

“ကိုယ်တို့ အောင်မြင်ရင် ကိုယ်မင်းကို သေချာပေါက် ဆုချီးမြှင့်မယ်”

အာရန်သည် သူမ၏ ခန္ဓာကိုယ်မှ သူ၏လက်များကို ဖယ်ရှားကာ မတ်တပ်ရပ်ရင်း ပြောလိုက်လေသည်။

အာရန်သည် သူ့လက်အတွင်းမှ ထိုနွေးထွေးသော ခံစားချက်ကို အမှတ်ရနေဆဲဖြစ်ကာ သူ့အဝတ်အစားများတွင် ကပ်ပါနေသော ထိုကိုယ်သင်းနံ့ သင်းသင်းလေးကိုလည်း ခံစားမိနေဆဲဖြစ်သည်။

“အဲ့ဒီဆုလာဒ်က ဘာဖြစ်နိုင်မလဲဟင်”

“အချိန်တန်ရင် မင်း သိလာပါလိမ့်မယ် ဒါပေမယ့် အခု ကိုယ်တို့ ဒီကိစ္စတွေကို ထပ်နှောင့်နှေးလို့ မဖြစ်တော့ဘူး”

အာရန်သည် သူ့အဝတ်အစားများကို ပြန်ည်ပြုပြင်ဝတ်ဆင်နေဆဲတွင် တစ်ခုခုလိုနေသည်ကို သတိထားမိလိုက်သဖြင့် ရပ်တန့်သွားသည်။

‘ရှုယင်က ဒီမှာရောက်နေတာဆိုတော့ င့ါ ဆီလက်စ်ကလေးကကော ဘယ်မှာလဲ’

သူသည် အခန်းတစ်ဝိုက်ကို ရူးသွပ်စွာ ရှာဖွေရင်း သူ့အိတ်ကပ်များကိုပင် စစ်ဆေးခဲ့သော်လည်း သူမကို မည်သည့်နေရာမှာမှ ရှာမတွေ့ခဲ့ပါ။

သူသည် ပြတင်းပေါက်ကိုလှမ်း ကြည့်လိုက်သောအခါမှသာ ပြတင်းပေါက်မှ အထဲသို့ဝင်ရန် ကြိုးစားဖွင့်နေရှာသော နတ်သူငယ်ကဲ့သို့ သက်ရှိသေးသေးလေး တစ်ဦးအား သတိထားလိုက်မိလေသည်။

သူမ၏ နှုတ်ခမ်းတွင် မနေ့ညက စားသုံးခဲ့သော ကိတ်မုန့် အကြွင်းအကျန်အချို့ ကျန်ရှိနေဆဲပင်ဖြစ်သည်။

ရှုယင်သည် ပြတင်းပေါက်ကို ကြည့်နေကြောင်းကိုလည်း သူ သတိထားမိလိုက်သည်။

အာရန်သည် ဆီလက်စ်ကို ဤမျှ ကြာအောင် ဝှက်ထားနိုင်ခဲ့သော်လည်း ယခု အချိန်တွင် အရာအားလုံး ပေါ်ပေါက်သွားခဲ့ပြီဖြစ်သည်။

ရှုယင်သည်ဆီလက်စ်ကို ရှာဖွေတွေ့ရှိသွားပြီမဟုတ်ပါလား။

ရှုယင်သည် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။

“ကျွန်မ ကအစီအစဉ်အတိုင်း လူအချို့ကို ဆွဲဆောင်ဖို့ ခဏသွားလိုက်ဦးမယ်”

သူမသည် ပြတင်းပေါက်မှ ခုန်ထွက်ကာ မြို့စား၏ နန်းတော်ဆီသို့ ပျံသန်းသွားခဲ့လေသည်။

သူမသည် ဆီလက်စ်၏ တည်ရှိမှုကိုပင် သတိထားမိဟန်မပြခဲ့ပါ။

“ဒါက ဖြစ်နိုင်လို့လား... ဒါဆို ဆီလက်စ်ကို ငါ့တစ်ယောက်တည်း မြင်နိုင်တာများလား”

အာရန်သည် ရှုပ်ထွေးစွာဖြင့် သူ့ခေါင်းကိုသူ ပြန်ကုတ်လိုက်လေသည်။

ရှုယင်သာအမှန်တကယ် ဆီလက်စ်ကို မြင်နိုင်ခဲ့လျှင် ထိုကဲ့သို့ တည်ရှိမှုမျိုးကို သတိမထားမိရန် မဖြစ်နိုင်ပေ။ ယင်းက သူမ မမြင်နိုင်ဟု ဆိုလိုနေခြင်း မဟုတ်ပါလား။

သူသည် ဤတစ်ချိန်လုံးတွင်း ဆီလက်စ်ကို သူ့အိတ်ကပ်ထဲတွင်သာ ဝှက်ထားရန် ကြိုးစားနေခဲ့လေသည်။

သို့သော် သူမကို တခြားမည်သူမှ အမှန်တကယ် မမြင်နိုင်ပါက သူသည် ဤမျှ လွန်စွာစိုးရိမ်နေခဲ့ခြင်းအတွက် မိုက်မဲသည်ဟု ပင်တွေးမိလိုက်သည်။

“မဟာအကြီးအကဲတစ်ယောက်တောင် မင်းကို မမြင်နိုင်ဘူးဆိုတော့ မင်းက ဘယ်လိုဖြစ်တည်မှုမျိုးလဲ...”

ဆီလက်စ်သည် ဝမ်းနည်းနေသကဲ့သို့ ခေါင်းကို ငုံ့ကာ အတွင်းသို့ ပျံသန်းလာခဲ့သည်။ သူမသည် အာရန် မသိခင် ပြန်လာနိုင်မည်ဟု တွေးထားခဲ့သည်။ သို့သော် ယခုမူ သူမကို ဖမ်းမိခဲ့လေပြီဖြစ်သည်။

“မင်းက ဘာလို့ ဒီလောက် စိတ်ပျက်နေတဲ့ပုံပေါက်နေတာလဲ မင်းကို ဖမ်းမိသွားလို့လား”

ဆီလက်စ်ကလေးသည် ခေါင်းညိတ်ပြကာ သူ့ကို အပြစ်ကင်းစင်သော မျက်လုံးများဖြင့်ပြန်ကြည့်နေလိုက်သည်။

“အဲဒီအကြည့်တွေက ငါ့အပေါ် အလုပ်မဖြစ်ဘူးနော် ကလေးမ မင်းက ငါ့ကို အသိမပေးဘာမပေးပဲ ထွက်သွားရဲတယ်နော် ငါက မင်းကို အဲဒီလိုတွေလျောက်မ မလုပ်ရဘူးလို့ စည်းမျဉ်း မထုတ်ထားခဲ့ဘူးလား”

ဆီလက်စ်သည် ငိုတော့မတတ်ပုံစံလေး ဖြစ်သွားလေသည်။ သူမ ဆူပူခံရသည်မှာ ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။

သူမသည် အိပ်ရာပေါ်သို့ ဆင်းသက်လိုက် သောအခါ သူမ၏ မျက်လုံးများ စိုစွတ်နေခဲ့သည်။

“ဘယ်သူမှ မင်းကို မမြင်နိုင်တာ ကောင်းပါတယ် ဒါပေမယ့် ဒါကမင်း အန္တရာယ်ကင်းတယ်လို့ မဆိုလိုဘူးနော် ဒါက ပထမဆုံးအကြိမ်မို့ ငါက မင်းကို ခွင့်လွှတ်ပေးလိုက်မယ် ဒါပေမယ့် နောက်တစ်ကြိမ် တော့မင်းမလွယ်ဘူးမှတ်”

အာရန်သည် ဆီလက်စ်ကို ဆူပူလိုစိတ် မရှိသော်လည်း သူမကို ထိခိုက်စေလိုစိတ်လည်း မရှိခဲ့ပါ။

အကယ်၍သူမလေးသာသူ၏အနီးအနားတွင် ရှိနေပါက သူမကို သူကာကွယ်ပေးနိုင်သေးသည်။

သို့သော် သူမက သူနှင့်အတူ ရှိမနေခဲ့လျှင် မည်သည့်အရာများဖြစ်လာနိုင်သည်ကို သူကြိုမသိနိုင်ပါ။

ဆီလက်စ်သည် အမှားလုပ်မိသော ကလေးလေးတစ်ဦးကဲ့သို့ ခေါင်းကို ငုံ့ထားနေခဲ့သည်။

အာရန်သည် ဆီလက်စ်ကလေးဆီသို့ ပို၍ နီးကပ်စွာ လျှောက်သွားလိုက်ကာ ငိုနေသော နတ်သမီးလေးကို ကြည့်နေခဲ့သည်။

သူသည် ဆီလက်စ်၏ အရွယ်အစားနှင့်ကွက်တိဖြစ်သော စောင်တစ်ခုနှင့် အလားသဏန်တူသည့် လက်ကိုင်ပဝါလေးတစ်ထည်ကို ထုတ်ယူလိုက်သည်။

“ငါက နဲနဲကြမ်းသလိုဖြစ်သွားခဲ့ပေမယ့် ဒါက မင်းရဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက်ပါ”

သူသည် ဆီလက်စ်ကလေး၏ မျက်လုံးများကို မထိခိုက်စေရန်လက်ကိုင်ပဝါကို အသုံးပြုကာ အလွန်ဂရုတစိုက်ဖြင့် မျက်ရည်များကို သုတ်ပေးခဲ့လေသည်။

“ကိတ်မုန့်က ဘယ်လိုအရသာရှိလဲ”

ဆီလက်စ်သည် အာရန်က သူမ ကိတ်မုန့်စားကြောင်းကို မည်သို့သိသနည်းဟု တွေးတောမိကာ အလွန်ထိတ်လန့်စွာဖြင့် ခေါင်းကို မော့လိုက်သည်။

“မင်းက ဘာကြောင့် ဒီလောက်တောင် တုန်လှုပ်နေတာလဲ”

အာရန်သည် ဆီလက်စ်၏ တုံ့ပြန်မှုကြောင့် ရယ်မောနေခဲ့သည်။

သူမသည် တကယ်ကို ကလေးတစ်ဦးကဲ့သို့ပင် ဖြစ်သည်။

“နောက်တစ်ကြိမ် မင်းက တစ်ခုခုကို ခိုးမယ်ဆိုရင် အနည်းဆုံး သက်သေအထောက်အထား မကျန်အောင် အရင်လုပ်ပါ”

သူသည် ဆီလက်စ်၏ နှုတ်ခမ်းပေါ်မှ ကိတ်မုန့်အကြွင်းအကျန်များကို လက်ချောင်းများဖြင့် သုတ်ကာ သူမ စားခဲ့သော ဤကိတ်မုန့်ကို မြည်းစမ်းကြည့်ရန် ပါးစပ်ထဲသို့ ထည့်လိုက်သည်။

အာရန်သည် မည်သည့်ကိတ်မုန့်ကများ ဆီလက်စ်လို နတ်သူငယ်လေး တစ်ဦးကိုပင် မထိန်းချုပ်နိုင်လောက်အောင်ဆွဲဆောင်သွားနိုင်ရသနည်းဟု မြည်းစမ်းကြည့်ချင်နေခဲ့သည်။

“အမ်… ဒါက တော်တော်လေးအရသာရှိတာပဲ မင်းက ဘာလို့ ခိုးစားလာလဲဆိုတာကို အံ့ဩစရာ မရှိတော့ပါဘူး ငါဆိုလည်း အဲဒီလိုပဲ လုပ်ခဲ့မိမှာ”

ဤကိတ်မုန့်သည် ယခင်သူ၏ကမ္ဘာပေါ်ရှိ ကိတ်မုန့်များနှင့် ဆင်တူသော်လည်း ပို၍ ကောင်းသည်ဟု ခံစားရလေသည်။

ယင်းသည် အလွန်အကျွံလည်း ချိုမနေခဲ့ပါ။ ယင်းသည် ချိုမြိန်မှု၏ ပြီးပြည့်စုံသော ရောစပ်မှုတစ်ခုဟု ခေါ်လျှင်ပိုမှန်ပေလိမ့်မည်။

“ငါပြောခဲ့သလိုပဲ ငါက မင်းကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ် ဒါကြောင့် မျက်နှာငိုမဲ့မဲ့လုပ်မနေနဲ့တော့ ထွက်သွားဖို့ အသင့်ပြင်လိုက်တော့”

ထိုသို့ပြောလိုက်သည်နှင့် ဆီလက်စ်သည် ပျော်ရွှင်စွာ ပြုံးကာ အာရန်၏ အိတ်ကပ်ထဲသို့ တိုက်ရိုက်ပျံသန်းဝင်သွားပြီး သူမသည် ပြင်ဆင်ရန် မလိုအပ်ကြောင်းကို သက်သေပြလိုက်သည်။

“အိုး… မေ့နေလို့ နောက်ထပ် တစ်ခုထပ်ပြောရဦးမယ် အခုကစပြီး မင်းက ငါ့အိတ်ကပ်ထဲမှာပဲ ပုန်းနေစရာ မလိုတော့ဘူး တခြားသူတွေက မင်းကို မမြင်နိုင်ဘူးဆိုမှတော့ မင်းက ငါ့အိတ်ကပ်ထဲမှာ အမြဲပိတ်မိနေစရာ မလိုတော့ဘူး”

အာရန်သည် ဆီလက်စ်ကို သူ့အိတ်ကပ်ထဲမှ ထုတ်ကာ တည်းခိုခန်းမှ ထွက်လာလိုက်ရင်း သူမကို သူ၏ပခုံးပေါ်သို့ တင်ထားလိုက်လေသည်။

...............................

ယန်ကွမ်းသည် အိမ်ရှေ့မင်းသား၏ အစီအစဉ်အတိုင်း လိုက်ပါပြုလုပ်ပေးရန် သဘောတူခဲ့သည်။

ထိုအချိန်တွင် အမျိုးသမီးတစ်ဦးက သူတို့၏ အိမ် အမိုးပေါ်တွင် ရပ်လျက်သူတို့အား စိုက်ကြည့်နေကြောင်းကိုမူ မည်သူမျှသတိမထားမိခဲ့ကြပါ။

နန်းတော်၏ အစောင့်များပင် သူမ၏တည်ရှိမှုကို အာရုံမခံနိုင်ခဲ့ပါ။

“သူတို့က သူမကို စတင်တိုက်ခိုက်တော့မှာလား ဟမ့် ဒါဆိုငါက ဘာများထပ်လုပ်စရာ လိုတော့ဦးမှာလဲ”

မူလအစီအစဉ်မှာ သူမသည် ဤလူများအား ထိုမိန်းကလေးကို တိုက်ခိုက်စေရန် သူမ၏ ဆွဲဆောင်မှုအစွမ်းကို အသုံးပြုမည် ဖြစ်ပြီး အာရန်က ဆန်းကြယ်သော လူစွမ်းကောင်းတစ်ဦးကဲ့သို့ ရုတ်တရက်ပေါ်လာကာ သူမကို ကယ်တင်ရန် ဖြစ်လေသည်။

သို့သော် ၎င်းတို့မှာ ဤကိစ္စအာ ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်တော့မည်ဖြစ်သဖြင့် သူမက ဝင်ပါရန်ပင် မလိုအပ်ခဲ့ပါ။

သူမသည် တစ်ချက်ခန့်ထပ်မံလှမ်းကြည့်လိုက်ပြီး သူမ၏ ဆွဲဆောင်မှုအစွမ်းကို အသုံးမပြုတော့ပဲ ပြန်လည်ထွက်ခွာသွားလေသည်။

သူမ၏ ဆွဲဆောင်မှုအစွမ်းသည် အာရန်၏ အစီအစဉ်တွင် တကယ့်အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ကြောင်းကိုမူ သူမ သတိမထားမိခဲ့ပါ။

အာရန်သည် အမှန်တကယ်တွင် အားနည်းသူတစ်ဦးဖြစ်သောကြောင့် သူသည် ကယ်တင်ရှင်တစ်ဦးဟန်ဆောင်ရန် အတုအယောင်ဟန်ပြပွဲတစ်ခုကို ဖန်တီးရန် ဆွဲဆောင်မှုအစွမ်းကို အသုံးပြုလိုနေခဲ့သည်။

သို့သော် ဆွဲဆောင်မှုအစွမ်းသာ မရှိခဲ့ပါက အရာများသည် သူ့အတွက် ပိုမို၍ ရှုပ်ထွေးသွားနိုင်လေသည်။

#Catfoot

All Chapters