ငြင်းပယ်ခြင်း
Vol. 6 Ch. 67
ကျိုးရန်မေ သည် ထိုကဲ့သို့ ချီးမွမ်းမှုကို တစ်ခါမျှ မရရှိခဲ့ဖူးပါ။
သူမသည် သူမ၏ တိုးတက်မှုမှာ မြန်ဆန်သောကြောင့် သူမသည် အရည်အချင်းရှိကြောင်းကို သတိထားမိခဲ့သော်လည်း သူမသည် သူမ၏ ဆရာထက် ပို၍ အရည်အချင်းရှိကြောင်းကို ကြားရသည်မှာ ယခုသည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
အခြားတစ်စုံတစ်ယောက်ကသာ ထိုသို့ပြောခဲ့လျှင် သူမသည် ၎င်းကို ဟာသတစ်ခုဟုသာ မြင်လိုက်လိမ့်မည်ဖြစ်သည်။
“မင်းက ငါ့သမီးရဲ့ တပည့်ဖြစ်နေတဲ့အတွက် မင်းရဲ့ အရည်အချင်းတွေကို ဒီလိုနည်းနဲ့ ဖြုန်းတီးသွားစေမှာမျိုးကို တကယ်မလိုလားဘူးကွယ် ဒါဆိုရင်ကော ဘယ်လိုလဲ မင်းက ငါ့တပည့်အဖြစ်လက်ခံမလား”
အာရန်သည် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
သူမ လုပ်ဆောင်ရန် လိုအပ်သည့်တစ်ခုတည်းသောအရာမှာ သူ့လက်ကို ဆုပ်ကိုင်ကာ သူ့ကို သူမ၏ ဆရာအဖြစ် အသိအမှတ်ပြုလိုက်ရုံသာ ဖြစ်သည်။
ဤသို့ဖြင့် သူသည် ဤရွေးချယ်မှုကို ပြီးမြောက်စေနိုင်မည်ဖြစ်သည်။
သူမကို လေ့ကျင့်ပေးခြင်းနှင့်ပတ်သက်၍မူ သူသည် ထိုကိစ္စနှင့်ပတ်သတ်၍ မည်သို့ လုပ်ဆောင်နိုင်မည်ကို မသိသေးပါ။
သို့သော် သူမကို လက်ခံပြီးနောက် သူသည် သူမကိုရုတ်တရက် စွန့်ပစ်ရန်လည်း အစီအစဉ် မရှိခဲ့ပါ။
လေ့ကျင့်ခြင်းနှင့် အရင်းအမြစ်များအတွက်မူ အာရန်သည် ရှုယင်၏ အကူအညီကို ရယူနိုင်ပေသည်။
သူသည် ဖန်းယုလို ခံစားချက်မရှိသောမိန်းမမျိုးထက် ပိုဆိုးသော ဆရာတစ်ဦးတော့ ဖြစ်လာနိုင်မည်မဟုတ်ဟု ယုံကြည်ထားမိလေသည်။
သူ့အတွက် တစ်ခုတည်းသော ပြဿနာမှာ သူ၏ အလိမ်အညာများကို ဖော်ထုတ်မခံရစေရေးသာ ဖြစ်လေသည်။
သို့သော် လက်ရှိတွင် သူသည် ဤကိစ္စများကို တွေးပူရန် အချိန် မရှိသေးပါ။
ကျိုးရန်မေ သည် အာရန်၏ ကမ်းပေးသောလက်ကို ကြည့်ကာ စိတ်ရှုပ်ထွေး နေခဲ့လေသည်။
သူမသည် ဤဘိုးဘေးအား သူမ၏ ဆရာအဖြစ် သတ်မှတ်နိုင်ခဲ့လျှင် ပို၍ မြင့်မားသော အဆင့်များသို့ အမှန်တကယ် ရောက်ရှိနိုင်ကြောင်းကို သိနေခဲ့သည်။
သူမ၏ လက်ရှိဆရာမှာ သူမကို ကိုယ့်အားကိုယ်ကိုးရန်သာပြောပြီး လွှတ်ထားခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ဤဘိုးဘေးဆိုသူပုဂ္ဂိုလ်ကြီးနှင့်ဆိုပါမူ သူမသည် အားကောင်းသော ကျင့်ကြံသူတစ်ဦးအဖြစ်အမှန်တကယ် လျှောက်လှမ်းနိုင်မည်ဖြစ်သည်။
သူသည် အရှေ့ပိုင်းမှအရှင်သခင်တစ်ဦးကိုပင် ပေါ်ထွက်လာအောင် လေ့ကျင့်ပေးနိုင်ခဲ့သည့် အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။
သူ၏ မျက်လုံးထဲတွင် အရည်အချင်း သိပ်မရှိဟုသတ်မှတ်ထားသော သူမ၏ ဆရာသည်ပင် ထိုကဲ့သို့ ကြီးမြတ်သော အဆင့်တစ်ခုသို့ တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤသို့ဆိုလျှင် သူမဆိုလျှင်ကော မည်မျကြီးမြတ်သော အမြင့်များသို့ ရောက်ရှိနိုင်မည်နည်း။
“ကျွန်မ ဆုံးဖြတ်ချက် ချပြီးပါပြီရှင်”
“ကောင်းတဲ့ ဆုံးဖြတ်……”
အာရန်သည် ခေါင်းညိတ်၍ချီးကျူးစကားပြောတော့မည်ပြုစဉ် ကျိုးရန်မေ၏ ထင်မထားသော နောက်ဆက်တွဲစကားများကို ကြားခဲ့ရလေသည်။
“ဆရာဘိုးဘိုးရဲ့ ကမ်းလှမ်းချက်ကို ကျွန်မ လက်မခံနိုင်ပါဘူးရှင် ဆရာဘိုးဘိုးရဲ့ အကူအညီနဲ့ဆို ကျွန်မက ပိုပြီး မြင့်မားတဲ့အဆင့်တွေကို ကျင့်ကြံနိုင်မှာ မှန်ပေမဲ့ ကျွန်မမှာ ဆရာတစ်ဦး ရှိပြီးသားပါ။ ကျွန်မက ကျွန်မရဲ့ ဆရာကို သစ္စာဖောက်ဖို့မဖြစ်နိုင်ပါဘူး”
သူမသည် တောင်းပန်သည့်ဟန်ဖြင့် ခေါင်းကို ညွှတ်၍ အရိုအသေပေးလိုက် လေသည်။
သူမသည် ထိုဆရာဘိုးဘိုး၏ အကြံပြုချက်ကို ငြင်းပယ်မိခဲ့လျှင်ပင် သူမသည် မရိုမသေပြုမူမိ၍ လုံး၀မဖြစ်ပါ။
အာရန်သည် ရုတ်တရက်ဘာလုပ်ရမည်ကိုပင် မသိဖြစ်သွားခဲ့လေသည်။
သူသည် အမှန်တကယ်ပင် ငြင်းပယ်ခံခဲ့ရပြီး လုံး၀အဆင်မပြေသော အခြေအနေတစ်ခုတွင် ရှိနေခဲ့လေသည်။
သူသည် ဤမိန်းကလေးကို အတင်းအကျပ် ဖိအားပေး၍မရနိုင်ပါ။
သို့သော် သူသည် သူမကိုလည်း ဒီအတိုင်းလွှတ်မပေးလိုက်ချင်ပါ။
သူသည် ဘာဆက်လုပ်ရမည်ကို မသိဘဲ လက်ကိုသာ ပြန်လည် ရုပ်သိမ်းခဲ့လေသည်။
သူသည် မိန်းကလေးကျိုးရန်မေ၏ ခိုင်မာသောဆုံးဖြတ်ချက် နှင့် သူမ၏ ဆရာအပေါ် သစ္စာစောင့်သိမှုကို အထင်ကြီးမိသွားလေသည်။
သို့သော် ထိုကဲ့သို့ သစ္စာရှိမှုမှာ ယခုအခြေအနေတွင်မူ သူ့အတွက် အတားအဆီးတစ်ခု ဖြစ်လာခဲ့လေသည်။
“အဟွတ်…..မင်း ဒီကအဘိုးကြီးကို နားလည်မှုလွဲသွားတယ်လို့ ထင်တယ်”
အာရန်သည် ဤနည်းလမ်းမှာ အလုပ်ဖြစ်ပ့ါမလားဆိုသည်ကို မသေချာတော့ သဖြင့် အခြားနည်းလမ်းတစ်ခုကို လျင်မြန်စွာ တွေးတောလိုက်ရလေသည်။
“ငါ့ကို မင်းရဲ့ ဆရာအဖြစ် လက်ခံဖို့ မင်းက ငါ့သမီးကို စွန့်ခွာရလိမ့်မယ်လို့ ငါ ဘယ်တုံးကမှ မပြောခဲ့ပါဘူး”
“ကျွန်မ မလုပ်…”
ကျိုးရန်မေသည် ရုတ်တရက် အံ့အားသင့်စွာ ခေါင်းကို မော့ကြည့်လိုက်သည်။
“ဟုတ်တယ်လေ ငါ့ချစ်သမီးလေး လက်ခံထားတဲ့ တစ်ဦးတည်းသော တပည့်လေးကို ငါက ဘယ်လိုလုပ် လုယူရက်မှာလဲ မင်းက သူမရဲ့ တပည့်အဖြစ် ပဲဆက်လက်ရှိနေဦးမှာပဲဖြစ်တယ် ဒါပေမယ့် မင်းမှာ ဒုတိယဆရာတစ်ဦး ထပ်ထားလို့ မရဘူးလို့ဘယ်သူကပြောလဲ”
“ဒီကမ္ဘာမှာ ဆရာတစ်ဦးထက်ပိုတဲ့ လူတွေမှ အများကြီး ရှိတယ် မင်းက အဲ့ဒီအထဲက တစ်ယောက် ဖြစ်လာနိုင်တယ် ပြီးတော့ ငါ့သမီးရဲ့ ခံစားချက်တွေကို ထိခိုက်စေမှာ နဲ့ပတ်သက်ပြီး ဖြေရှင်းရမဲ့နည်းလမ်းကလဲ ရိုးရိုးလေးပါပဲ မဟုတ်ဘူးလား”
“မင်းက မင်းဆရာ င့ါသမီးကို ငါ့အကြောင်းကို လုံးဝ မပြောပြရုံလေးပဲလေ ငါကလည်း သူ့ကို ဘာကိုမှ ပြန်ပြောမှာ မဟုတ်ဘူး ငါက မင်းကို သင်ကြားပေးနေတယ်ဆိုတဲ့ အချက်ကိုတော့ သူမကကြိုက်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ သူမက အလွန်ပြိုင်ဆိုင်ရတာ ဝါသနာကြီးလို့ပဲ သူမ သိသွားရင် လည်း ဒေါသလောက်တော့ ထွက်သွားနိုင်တာပေ့ါ”
“ဒါပေမယ့် ငါတို့က ခုကိစ္စကို လျှို့ဝှက်ထားနိုင်သရွေ့ ဘယ်သူက သိမှာလဲ မဟုတ်ဘူးလား”
အာရန်သည် သူ၏ စနစ်မှ ဆုလာဒ်အသစ်များကို ထာဝရ ဆုံးရှုံးသွားရန် မလိုလားခဲ့ပါ။
သူသည် ဤရွေးချယ်မှုကို မည်သည့် ရင်းနှီးမှုနှင့်မဆို ပြီးမြောက်အောင် လုပ်ကိုလုပ်ရမည်ဖြစ်သည်။
ကံကောင်းစွာဖြင့် စနစ်၏ စည်းမျဉ်းများတွင် သူမ၏ အရင်ဆရာကို စွန့်ပစ်ခြင်း ကိစ္စနှင့်ပတ်သတ်၍ ဘာတစ်ခုမှ ဖော်ပြမထားခဲ့ချေ။
သူသည် သူမ၏ တစ်ဦးတည်းသော ဆရာ ဖြစ်ရမည်ဟုလည်း မဖော်ပြထားခဲ့ပါ။
သူမသည်လည်း ဆရာနှစ်ယောက်စလုံး၏ အကောင်းဆုံးသော အရာများကို ရရှိနိုင်သလို သူသည်လည်း ဖော်ထုတ်ခံရခြင်း၏ အန္တရာယ်အများစုကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်။
“ဒါက တကယ် ဖြစ်နိုင်ပါ့မလား”
“မင်းက ဒီအဘိုးကြီးရဲ့ စကားတွေကို သံသယဝင်နေတာလား ငါ့သမီးတောင် ငါ့ကို ဘယ်တုံးကမှ သံသယမဝင်ခဲ့ဘူးဘူး”
“ကျွန်….ကျွန်မ ဆရာဘိုးဘိုးကို သံသယမဝင်ရဲပါဘူး”
“ဒါဆို မင်းက ဘာကို စောင့်နေတာလဲ မင်းက ဒီအဘိုးကြီးကို မင်းရဲ့ ဆရာအဖြစ် လက်ခံဖို့ကို တကယ် မကြိုက်တာလား”
အာရန်သည် သက်ပြင်းချကာ လှည့်ကြည့်ရင်း စိတ်ပျက်ပုံပေါက်နေခဲ့သည်။
“အဲဒီလိုဆိုရင်လည်း ငါပြောခဲ့တာတွေကို မေ့လိုက်ပါ ငါ ထွက်သွားတော့မယ် မင်း ဆက်သွားနိုင်ပါပြီ ပြီးတော့ နောက်တစ်ကြိမ်မှာ ဘေးကင်းပါစေ”
အာရန်သည် ထိုသို့ပြောပြီးနောက် လှမ်းထွက်သွားလိုက်သည်။
ပုံမှန်အားဖြင့် သူ၏အဆင့်ကျင့်ကြံသူတစ်ဦးသည် ပျံသန်း၍သာ ထွက်သွားလိမ့် မည်ဖြစ်သည်။
သို့သော် အာရန်သည် ယင်းကို ပို၍ ဒရာမာဆန်စေကာ သူမကို သူ့အား တားဆီးရန် အချိန်ပိုပေးလိုနေခဲ့သည်။
အာရန်သည် ထိုသို့ထွက်ခွာသွားရင်း သူ့စိတ်ထဲတွင် မူဤသို့ထပ်ခါတလဲလဲ ပြောနေခဲ့လေသည်။
‘ကျေးဇူးပြုပြီး ငါ့ကို တားဆီးပါနော် မဟုတ်ရင် မင်းကို နောက်တစ်ကြိမ် ထပ်ပြီး ဆွဲဆောင်ဖို့ ကြိုးစားရတဲ့အခါ အများကြီး ရှက်စရာပိုကောင်းသွားလိမ့်မယ်’
သူသည် ပခုံးများ အနည်းငယ်ဖြေလျော့လိုက်ဟန်ဖြင့် လှမ်းထွက်သွားခဲ့သည်။
ကျိုးရန်မေသည် အာရန် ထွက်ခွာသွားသည်ကို ငေးကြည့်နေခဲ့လေသည်။
ထိုဆရာဘိုးဘိုး၏ ခန္ဓာကိုယ်အမူအရာ အရ သူသည် ဒေါသထွက်ပုံ မပေါ်ခဲ့ပါ။
ထို့အစား သူသည် ဝမ်းနည်းနေပုံသာ ပေါ်ခဲ့လေသည်။
သူမသည် သူ့အတွက် စိတ်မကောင်းဖြစ်မိနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူသည် သူမကို ကူညီရန်သာ ကြိုးစားခဲ့ခြင်းဖြစ်လေသည်။
သူ့ကို သူမ၏ ဒုတိယဆရာအဖြစ် လက်ခံခြင်းက သူမအတွက် ပို၍ အထောက်အကူဖြစ်စေမည်ဖြစ်သည်။
ထိုကဲ့သို့ အင်အားမျိုးရှိသော ပုဂ္ဂိုလ်မျိုးသည် အလိုရှိပါက မည်သည့်အရာများလုပ်ဆောင်နိုင်သနည်း။
အကယ်၍ သူလိုချင်လျှင် မိစ္ဆာဂိုဏ်းမှ အဓိက တပည့်များကိုပင် ချက်ခြင်း လက်ခံနိုင်လေသည်။
သို့သော် သူသည် သူမကိုသာ ဤအခွင့်အရေးကို ပေးခဲ့ခြင်းဖြစ်သည်။
ရိုးရှင်းစွာဖြင့်တွေးရမည်ဆိုလျှင် သူမသည် သူ့သမီး၏ တပည့်ဖြစ်နေသောကြောင့် နှင့် သူသည် သူ့သမီး၏ တပည့်တစ်ယောက်အလဟက်သတ်နစ်နာသွားမည်ကို မလိုလားသောကြောင့်သာ ဖြစ်လေသည်။
“ခဏစောင့်ပါဦး”
ကျိုးရန်မေ ၏ အသံသည် ရုတ်တရက်ပြန်လည်ထွက်ပေါ်လာလေသည်။
အာရန်သည် ယခုမှစိတ်သက်သာရာရသွားဟန်ဖြင့် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
သူမသည် အမှန်တကယ်ပင် သူ့ကို တားဆီးခဲ့သည်။
ယခု ကျန်ရှိသည်မှာ သူမက သူ့ကို လက်ခံရန်သာ ဖြစ်လေသည်။
“ ရန်မေ က ဆရာ့ ကို နှုတ်ဆက်ပါတယ်ရှင်”
အာရန် လှည့်ကြည့်လိုက်သည်နှင့် ကျိုးရန်မေမှာ ဒူးထောက်၍ တပည့်တစ်ဦး၏ ထုံးတမ်းစဉ်လာများအတိုင်း သူ့ကိုဂါရ၀ပြုလိုက်သည်ကို မြင်လိုက်ရလေသည်။
“တော်တယ် တပည့်လေး”
သူ၏အသံသည် သူ့အတွက် တကယ် အရေးမကြီးသကဲ့သို့ မည်သည့် ပြောင်းလဲမှုမျှ မရှိဘဲ ငြိမ်သက်နေခဲ့သည်။
သို့သော် အတွင်းစိတ်တွင်မူ အာရန်သည် အလွန် စိတ်လှုပ်ရှားနေခဲ့လေသည်။
သူသည် နှစ်ဖက်သွားဓားကဲ့သို့သော ရွေးချယ်မှုတစ်ခုကို လက်ခံမိလိုက်၍ သူ၏ အနာဂတ် စနစ်၏ ဆုလာဒ်များကို လုံးဝ ဆုံးရှုံးသွားရတော့မလိုပင် ဖြစ်ခဲ့သည်။
[သင်သည် ရွေးချယ်ထားသော ရွေးချယ်မှုကို ပြီးမြောက်ခဲ့ပါပြီ]
[သင်၏ ဒုတိယမြောက် တပည့်ကို လက်ခံရရှိသည့် အတွက် ဂုဏ်ယူပါသည်]
[စုစုပေါင်း လက်ခံထားသော တပည့်အရည်အတွက် : ၂ ဦး]
[သင်သည် အဆင့်သုံး အဂ္ဂိရတ်ပညာရှင်အဆင့် အသိပညာများကို ဆုအဖြစ် ချီးမြှင့်ခံလိုက်ရပါပြီ]
ရွေးချယ်မှုကို ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် ဆုလာဘ်က ရောက်ရှိလာခဲ့လေသည်။
အဂ္ဂိရတ်ပညာနှင့်ပတ်သက်သော အသိပညာများ သူ၏စိတ်ထဲသို့ စတင်ဝင်ရောက်လာခဲ့လေသည်။
ယင်းသည် အသိပညာသာမက အခြား အဂ္ဂိရတ်ပညာရှင်တို့၏ အတွေ့အကြုံများကိုပင် စုပ်ယူနေရသကဲ့သို့ ခံစားလိုက်ရသည်။
ယင်းသည် အမှန်တကယ်ပင် ကမ္ဘာတစ်ဝှမ်းရှိ လူများမှ မနာလိုဖြစ်စေနိုင်သည့် ဆုလာဘ်တစ်ခုပင်ဖြစ်လေသည်။
သို့သော် သူသည် ပျော်ရွှင်မှုကို အမှန်တကယ်မခံစားနိုင်သေးခင်မှာပင် ရင်းနှီးသော အသံတစ်ခုက သူ့စိတ်ထဲတွင် ဆက်လက်၍ ထွက်ပေါ်လာခဲ့လေသည်။
[ဒင်း]
[သင်သည် ရွေးချယ်မှုအသစ်များကို ထပ်မံလက်ခံရရှိပြီးပါပြီ]
#Catfoot