← Chapters

ဆရာ့ရဲ့လက်ဆောင်

Vol. 6 Ch. 68

ဆရာ့ရဲ့လက်ဆောင်

Vol. 6 Ch. 68

[ဒင်း]

[သင်သည် ရွေးချယ်မှုအသစ်များကို ထပ်မံရရှိခဲ့ပြီးပါပြီ]

[ရွေးချယ်မှုတစ် : သင်သည် သင့်ကို လေးစားသော ဒုတိယမြောက် တပည့်ကို လက်ခံခဲ့ပြီးဖြစ်သည်။

ကြင်နာတတ်သော ဆရာတစ်ဦးအနေဖြင့် သူမအား ဆီလက်စ်ကို လက်ဆောင်အဖြစ်ပေးလိုက်ပါ။

ဆုလာဘ်: စနစ် အဆင့်မြှင့်တင်ခြင်း A]

[ရွေးချယ်မှုနှစ်: သင်သည် သင့်ကို လေးစားသော ဒုတိယမြောက် တပည့်ကို လက်ခံခဲ့ပြီးဖြစ်သည်။

ကြင်နာတတ်သော ဆရာတစ်ဦးအနေဖြင့် သူမအားမိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန် အကာအကွယ်လည်ဆွဲ ကို လက်ဆောင်အဖြစ်ပေးလိုက်ပါ။

ဆုလာဘ်: စနစ် အဆင့်မြှင့်တင်ခြင်း B]

[ရွေးချယ်မှုသုံး : သင်သည် သင့်ကို လေးစားသော ဒုတိယမြောက် တပည့်ကို လက်ခံခဲ့ပြီးဖြစ်သည်။

ကြင်နာတတ်သော ဆရာတစ်ဦးအနေဖြင့် သူမအား အကူအညီပေးနိုင်သော ခွန်အားမြင့်လည်ဆွဲ ကိုလက်ဆောင်အဖြစ်ပေးအပ်ပါ။

ဆုလာဘ်: စနစ် အဆင့်မြှင့်တင်ခြင်း C]

[ရွေးချယ်မှုလေး : သင်သည် သင့်ကို လေးစားသော ဒုတိယမြောက် တပည့်ကို လက်ခံခဲ့ပြီးဖြစ်သည်။

ကြင်နာတတ်သော ဆရာတစ်ဦးအနေဖြင့် သူမကို သင်သည် သေခြင်းတောအုပ်မှ ယူဆောင်လာခဲ့သော အမွေအနှစ်ကို လက်ဆောင်အဖြစ်ပေးလိုက်ပါ။

ဆုလာဘ်: စနစ် အဆင့်မြှင့်တင်ခြင်း D]

‘ဒီတစ်ခါကျ မေးစရာတောင်လိုသေးလို့လားဟ ငါက သူမကို ဆီလက်စ် ဒါမှမဟုတ် လည်ဆွဲတွေကို ဘယ်လိုမှပေးနိုင်မှာ မဟုတ်ဘူး ငါက နောက်ဆုံး ရွေးချယ်မှုကို ရွေးမယ်’

အာရန်သည် စနစ် အဆင့်မြှင့်တင်ခြင်းက ဘာကို ဆိုလိုသည်ကို သိမနေခဲ့ပါ။

ရွေးချယ်မှုအားလုံးတွင် စနစ် အဆင့်မြှင့်တင်ခြင်း ဆုလာဘ်များ ပါရှိခဲ့သော်လည်း အဆုံးတွင် ကွဲပြားသော နံပါတ်များ ရှိနေလေသည်။

၎င်းတို့က မည်သို့ကွဲပြားသည်ဆိုခြင်းကိုပင် သူ မမြင်နိုင်သောကြောင့် သူသည် ယင်းအပေါ် လောင်းကြေးထပ်ရန်သာတတ်နိုင်လေသည်။

“ဒီအဘိုးကြီးက မင်းကို တပည့်အဖြစ် လက်ခံလိုက်ပြီဖြစ်တဲ့အတွက် လက်ဆောင်လေးတစ်ခု ပေးမယ်”

အာရန်သည် သေခြင်းတောအုပ်ဆီမှ သူ ယူခဲ့သော လက်စွပ်ကို ထုတ်လိုက်သည်။

ယင်းသည် အဆိပ်ဖြေဆေးတစ်ခုနှင့် လဲလှယ်ခဲ့သော ရှေ့ဟောင်းအမွေအနှစ် လက်စွပ်တစ်ခု ဖြစ်လေသည်။

သူသည် ဤလဲလှယ်မှုတွင် မည်သည့်အရာမျှ မဆုံးရှုံးခဲ့ရသဖြင့် အခြေခံအားဖြင့် အခမဲ့ ရယူနိုင်ခဲ့သည်ဟုပြော၍ရပေသည်။

ယင်းသည် ရှေ့ခေတ်မှ အင်အားကြီးမားခဲ့သော ကျင့်ကြံသူဘိုးဘေးတစ်ဦးထံမှ ကျင့်ကြံခြင်းနည်းစနစ်များစွာ ပါဝင်သော လက်စွပ်တစ်ကွင်း ဖြစ်လေသည်။

ယင်းသည် မူလပိုင်ရှင်အားအလွန်စွမ်းအားကြီးစေခဲ့သော အရေးပါသည့် အမွေအနှစ်ပစ္စည်းလေးတစ်ခုလည်း ဖြစ်လေသည်။

ကံမကောင်းစွာဖြင့် အာရန်သည် ကြိုးစားကြည့်ခဲ့သော်လည်း ထိုနည်းစနစ်များကို သင်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

ထိုသို့ဖြစ်ရခြင်းမှာ အာရန်သည် သူ၏ ကျင့်ကြံခြင်းတွင် အခြေခံ အသိပညာပင် မရှိသေးသောကြောင့်ဟုသာ လက်ခံယုံကြည်ခဲ့လေသည်။

သူသည် ဝတ္ထုတွင် ဖတ်ခဲ့ဖူးသော အရာများကိုသာ သိနေခြင်းဖြစ်လေသည်။

သူသည် အကြီးအကဲရန်၏ မှတ်ဉာဏ်အချို့ကို ပြန်ရပြီးမှသာ ယင်းလက်စွတ်ကို နောက်တစ်ကြိမ် ထပ်မံကြိုးစားကြည့်ရန် စဥ့်စားထားခဲ့လေသည်။

‘ဒီအကြောင်းကို နောင်တရနေလို့ အဓိပ္ပာယ် မရှိဘူး ငါသာ လည်ဆွဲ ဒါမှမဟုတ် ဆီလက်စ်ကိုသာ ဆုံးရှုံးခဲ့ရရင် ပိုကြီးမားတဲ့ နောင်တတစ်ခု ကြိမ်းသေရသွားလိမ့်မယ်’

လည်ဆွဲများသည် ဤကမ္ဘာတွင် သူ့အသက်ကို ကယ်တင်နိုင်သော ရတနာများ ဖြစ်လေသည်။

၎င်းတို့ကို ပိုင်ဆိုင်ခြင်းသည် ဒုတိယအသက်တစ်ချောင်းအပို ပိုင်ဆိုင်ထားခြင်းနှင့် တူညီလေသည်။

ဆီလက်စ်နှင့်ပတ်သက်၍မူ သူမသည် သူ့အတွက် ဆွေမျိုးရင်းခြာ တစ်ယောက် ကဲ့သို့ပင်ဖြစ်နေပြီဖြစ်သည်။

ထို့ပြင် သူစာရေးဆရာဟု မှားယွင်းမိခဲ့သော ထိုပုဂ္ဂိုလ်မှပင် သူ့အား ဆီလက်စ်သည် အလွန်ထူးခြားသောသူတစ်ဦးဖြစ်သည်ဟုပြောခဲ့လေသည်။

သူသည် အဘယ်ကြောင့် ထိုကဲ့သို့ ပြောခဲ့သနည်းဆိုခြင်းကို မသိခဲ့ရသော်လည်း ထိုပုဂ္ဂိုလ်၏ စကားများကို သူအထင်မသေးဝံ့ပါ။

ထို့ကြောင့် သူပေးနိုင်သော တစ်ခုတည်းသော အရာမှာ လက်စွပ်အတွင်းရှိ အမွေအနှစ်တစ်ခုသာကျန်တော့ပြီး ယင်းလက်စွပ်သည် သူ့အတွက် လက်ရှိတွင် လည်းအသုံးမဝင်သေးသော အရာတစ်ခုဖြစ်နေလေသည်။

“ဒါက...”

ကျိုးရန်မေ သည် အလွန် ရှေးကျသောပုံပေါ်သော ဤလက်စွပ်ကလေးကို ကြည့်ခဲ့သည်။

သို့သော် သူမသည် ယင်းလက်စွပ်မှာ သာမန် မဟုတ်ကြောင်းကိုတော့ ခံစားနိုင်လေသည်။

ယင်းသည် ရတနာတစ်ပါးဖြစ်ပြီး အလွန်ထူးခြားသော လက်စွပ်တစ်ကွင်းလည်း ဖြစ်လေသည်။

ဤလက်စွပ်ကို ဂိုဏ်းချုပ်၏ ဖခင်ဆိုသူမှ ပေးခဲ့ခြင်းဖြစ်သည်။ သူမသည် ယင်းလက်စွပ် ကို အထင်မသေးဝံ့ပါ။

သူမသည် လက်စွပ်ကို ရိုသေစွာဖြင့် ဂရုတစိုက်ရယူကာ သူမ၏ လက်ချောင်းများ အတွင် ဝတ်ဆင်လိုက်လေသည်။

သူမ ထိုသို့လုပ်ဆောင်လိုက်သည်နှင့် တစ်ပြိုင်နက် နွေးထွေးသောအလင်းရောင် တစ်ခုသည် လက်စွပ်ဆီမှ ထွက်ပေါ်လာကာ သူမကို သက်တောင့်သက်သာရှိ သွားစေ၍ ထိုအလင်းရောင်ဖြင့် လွှမ်းခြုံခြင်းကိုခံလိုက်ရလေသည်။

သူမသည် လက်စွပ်အတွင်းကို ဖောက်၍မြင်နိုင်ခဲ့ပြီး ထိုအထဲတွင် သူမသည် မယုံနိုင်လောက်အောင်များပြားသော ကိုယ်ခံပညာရပ်များနှင့်အခြား ကျင့်စဉ်ပေါင်းများစွာတို့ကိုလည်း မြင်လိုက်ရလေသည်။

၎င်းတို့သည် ထူးခြားသော ကျင့်စဉ်များ ဖြစ်ပြီး မိစ္ဆာဂိုဏ်း၏ အဖိုးတန်ဆုံးဟု သတ်မှတ်ထားသော ကျင့်စဉ်အချို့ထက်ပင် ပို၍ အထူးခြားနေနိုင်သေးလေသည်။

“ဒါ... ဒါက ဆရာ…. ဒါတွေကို ဆရာကိုယ်တိုင်ရေးသားပြုစုထားတာလား” ကျိုးရန်မေသည် တုန်လှုပ်စွာဖြင့် ပြန်လည်မေးလိုက်လေသည်။

အာရန်သည် သူမကို ဤလက်စွပ် ဘယ်က ရခဲ့ကြောင်းကို မပြောပြခဲ့သောကြောင့် သူမသည် ယင်းလက်စွပ်မှာ အာရန်ပြုလုပ်ခဲ့သောအရာဟုသာ မှတ်ယူသွားခဲ့ လေသည်။

အာရန်သည် ခဏတာ အံ့အားသင့်သွားပြီးနောက် သူ၏အတွေးများကို လျင်မြန်စွာ ပြန်လည်စုစည်းလိုက်ရလေသည်။

“အဟွတ်… ဟုတ်တယ် ငါ ငယ်ငယ်တုန်းက ဒါတွေကို ရေးခဲ့မိတာ ဒါတွေက အကြမ်းဖျင်းရေးခဲ့တာဆိုပေမဲ့ မင်းက အခုမှကျင့်ကြံခြင်းကို အစပျိုးတုံး မဟုတ်လား ဒီလောက်ဆို အခြေခံတစ်ခုအနေနဲ့ လုံလောက်မယ်လို့ထင်တယ်။ မင်းပိုသန်မာလာတဲ့တစ်နေ့ကျရင် မင်းအတွက် ပိုမိုကောင်းမွန်တဲ့ ကျင့်စဉ်တွေကို ငါ ဖန်တီးပေးပါ့မယ်”

“တပည့် ဒီ.. ဒီလက်ဆောင်ကို အရမ်း… သဘောကျပါတယ်”

မိန်းကလေးသည် အလွန်စိတ်လှုပ်ရှားစွာဖြင့် ကျေးဇူးတင်စကား ပြောလိုက်လေသည်။

သူမသည် သူမ၏ ဘဝတွင် ယခုဆရာအသစ်ကို ထပ်မံလက်ခံမိလိုက်ခြင်းသည် အကောင်းဆုံးသော ရွေးချယ်မှုကို ပြုလုပ်မိခဲ့ခြင်းဖြစ်ကြောင်းကို လုံး၀ယုံကြည်လိုက်ပြီ ဖြစ်လေသည်။

“ဒါပေမယ့် တစ်ခုကိုတော့ သေခြာမှတ်ထားပါ ငါ့သမီးကို ခုငါနဲ့တွေ့တဲ့အကြောင်း ဘယ်တော့မှ မသိပါစေနဲ့ အကယ်၍ မင်းသာ သူမနဲ့ ထပ်တွေ့ခဲ့ရင် ဒီလက်စွပ်ကို သူမ မမြင်အောင် ဝှက်ထားပေးပါ ဒီလိုမှမဟုတ်ရင် သူမက မင်းကို သံသယဝင် သွားနိုင်တယ်”

“တပည့် သေသေခြာခြာမှတ်ထားပါ့မယ် ဆရာဂိုဏ်းချုပ်ကို ဆရာဘိုးဘိုး အကြောင်း ဘယ်တော့မှ မသိစေရပါဘူး”

ကျိုးရန်မေ သည် အလွန် လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

သူမသည် သူမ၏ ဒုတိယဆရာက အဘယ်ကြောင့် သူမ၏ ပထမဆရာသိမည်ကို ဤမျှ စိုးရိမ်နေရသည့်အကြောင်းအရင်းကို နားလည်ခဲ့ပြီးဖြစ်သည်။

ယင်းသည် ရိုးရှင်းစွာပင် သူ့သမီး၏ ခံစားချက်များကို မထိခိုက်စေလိုသောကြောင့်ပင် ဖြစ်လေသည်။

“လိမ္မာတဲ့ တပည့်ပဲ”

အာရန်သည် စိတ်ကျေနပ်သွားဟန်ဖြင့် ကျိုးရန်မေ ၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်လေသည်။

“ကဲ မင်း အခု မင်းရဲ့ဂိုဏ်းကို ပြန်ဖို့ အချိန်တန်ပြီထင်တယ် အပြင်မှာ လျှောက်သွားနေမယ့်အစား ကြိုးကြိုးစားစားပြန်လေ့ကျင့်ဖို့ မင်းကိုငါမှာချင်တယ် ငါတို့ နောက်တစ်ကြိမ် တွေ့တဲ့အခါ မင်းရဲ့ တိုးတက်မှုကို ငါကိုယ်တိုင် စစ်ဆေးမယ်”

သူသည် သူမကို အပြင်တွင် အချိန် မဖြုန်းတီးရန် ပြောရင်း သတိပေးလိုက်သည်။

အာရန်သည် သူ၏ဒုတိယမြောက် တပည့်တော်ကို ဆုချီးမြှင့်ပြီးနောက် ထပ်မံ၍ လမ်းလွဲချော်သွားခြင်းမျိုးမရှိစေရန် အပိုစကားများထပ်မပြောမိစေရန် သတိထားလိုက်လေသည်။

နွေးထွေးသော လေစွမ်းအင်များ အာရန်၏ ပတ်ပတ်လည်တွင် ရစ်ဝဲလာပြီးနောက် သူသည် လေထဲသို့ မြင့်တက်သွားလေတော့သည်။

သူသည်အောက်ရှိ ကျိုးရန်မေ အား နောက်ဆုံးတစ်ကြိမ်အနေဖြင့် လေးနက်သော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေဟန်ရသောအကြည့်တစ်ချက်ကို ပို့လွှတ်ခဲ့လေသည်။

“ငါ မင်းကို သင်ကြားပေးခဲ့တဲ့ အရာအားလုံးကို သေသေခြာခြာ မှတ်ထားပါ မင်းက ငါ့ရဲ့ စည်းမျဉ်းတစ်ခုကိုတောင် ချိုးဖောက်ဖို့ ရဲခဲ့တယ်ဆိုရင်.....”

အာရန်သည် သူ၏စကားများကို ဆက်မပြောဘဲ ထိုသို့ တစ်ပိုင်းတစသာ ရပ်တန့်ထားခဲ့လေသည်။

ထို့နောက် အာရန် သည် မိုးတိမ်များအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပြီး ကျိုးရန်မေကို ၎င်းတို့ နောက်တစ်ကြိမ်ထပ်ဆုံတွေ့မည်ဟူသော မျှော်လင့်ချက် တစ်ခုပေးကာ ထားရစ်ခဲ့လေသည်။

မိုးတိမ်များအထက်တွင်မူ သူ၏ဖီးနစ်ငှက်သည် အာရန်အားအသင့် စောင့်ဆိုင်းကာ ကြိုဆိုနေခဲ့လေသည်။

ထို့နောက် အလွန်ပင်ပန်းနွမ်းနယ်သွားသော အာရန်သည် ထိုဖီးနစ်၏ ကျောပေါ်သို့ ဆင်းသက်ကာ သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။

နောက်ဆုံးတွင် ရှည်လျားသော တာဝန်တစ်ခုပြီးဆုံးပြီးနောက် ရွေးချယ်မှုများ အားလုံးသည်လည်း ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။

အာရန်၏ ပင်ပန်းနွမ်းနယ်မှုများသည် သူ၏ မျက်နှာပေါ်တွင်ပင် ထင်ရှားစွာမြင်တွေ့နိုင်လေသည်။

“ကျွန်မ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်နော်”

အသင့်စောင့်ဆိုင်းနေသော ရှုယင်က ဆီး၍မေးလိုက်သည်။

သူမသည် မိမိကိုယ်ကိုယ် နှိမ့်ချထားသော ကိုယ်နေဟန်ထားတစ်ခုဖြင့် အာရန်အား စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်လေသည်။

“မင်းက ကိုယ်မျှော်လင့်ထားတာထက်ကိုအများကြီးပိုကောင်းအောင် လုပ်ဆောင် နိုင်ခဲ့ပါတယ် မင်းက ဗီလိန်တစ်ယောက်အနေနဲ့ ဒီလောက် ထူးခြားတဲ့ ကျွမ်းကျင်မှုတွေ ပိုင်ဆိုင်ထားတယ်ဆိုတာကို ကိုယ်တကယ်လုံး၀မသိခဲ့ဘူး မင်းလေးဟာ ဒီနယ်ပယ်မှာ အစစ်အမှန် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့ တကယ့်ကိုအလားအလာ ရှိတယ်”

အာရန်သည် အနည်းငယ်ရယ်မောလျက် ရှုယင်အား ချီးမွမ်းပြောဆို လိုက်လေသည်။

အာရန်သည် ဖီးနစ်ငှက်၏ နောက်ကျောတွင် လှဲလျောင်းရင်း ရှုယင်၏ ပေါင်ပေါ်တွင် ခေါင်းကို မှီထားကာ သူမ၏ ပွေ့ဖက်ထားမှုဖြင့် သက်တောင့်သက်သာ ရှိစွာလိုက်ပါလာခဲ့လေသည်။

“သာမန်သရုပ်ဆောင်ခြင်းတစ်ခုက ဒီလောက် တောင်းဆိုမှုများတဲ့ အလုပ်တစ်ခု ဖြစ်နိုင်တယ်လို့ ဘယ်သူက ထင်မိမှာလဲ”

အာရန်သည် ဤစနစ်၏ ရွေးချယ်ခိုင်းမှုအတွက် သူ လုပ်ဆောင်ခဲ့ရသော လိမ်လည်မှုများအားလုံးကို ပြန်လည်သုံးသပ်ရင်း တွေးတောနေမိလေသည်။

...

“ကျွန်မတို့က တောင်ပိုင်းတိုက်ကြီးဆီကို အခု ဆက်သွားနေတာလား”

“အဲဒါက ကိုယ်တို့ ခုခရီးစဉ်ရဲ့ အဓိကအစီအစဉ်ပဲလေ ဒါပေမယ့် အဲဒီမတိုင်ခင် ကိုယ်တို့ ရပ်နားဖို့ လိုအပ်တဲ့ နေရာတစ်ခု ကျန်နေသေးတယ်”

အာရန်မှ ပြန်လည်ဖြေကြားလိုက်လေသည်။

#Catfoot

All Chapters