← Chapters

အဲ့လိုဖြစ်နေခဲ့ရင်တောင်

Vol. 6 Ch. 69

အဲ့လိုဖြစ်နေခဲ့ရင်တောင်

Vol. 6 Ch. 69

“ကျွန်မတို့က တောင်ပိုင်းတိုက်ကြီးဆီကို အခု ဆက်သွားနေတာလား”

“အဲဒါက ကိုယ်တို့ ခုခရီးစဉ်ရဲ့ အဓိကအစီအစဉ်ပဲလေ ဒါပေမယ့် အဲဒီမတိုင်ခင် ကိုယ်တို့ ရပ်နားဖို့ လိုအပ်တဲ့ နေရာတစ်ခု ကျန်နေသေးတယ်”

အာရန်မှ ပြန်လည်ဖြေကြားလိုက်လေသည်။

သိချင်စိတ်ကိုနှိုးဆွသလိုဖြစ်သွားသဖြင့် ရှုယင်လည်း ပိုမိုသိချင်လာကာ ...

“ဒါဆိုဘယ်ကိုအရင်သွားမှာလည်း” ဟု ပြန်မေးလိုက်လေသည်။

အာရန်၏ အမူအရာသည် လေးနက်သွားဟန်ရကာ...

“တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ ချစ်တပည့်လေးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လေ ဆရာတစ်ဦးအနေနဲ့ ကိုယ်က သူတို့ကိုဒီအတိုင်း လွှတ်ပေးလိုက်လို့ဘယ်ဖြစ်မလဲ” ဟု ပြန်ပြောလိုက်လေသည်။

ရှုယင်သည် နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး နောက်ထပ် မေးခွန်းများ ထပ်မံမမေးတော့ပေ။

အာရန်၏ စကားများနောက်ရှိ အဓိပ္ပာယ်မှာ သူမအတွက် အလွန် ရှင်းလင်းနေခဲ့ပြီးဖြစ်သည်။

သူတို့သည် သူတို့ အစောပိုင်းမှထွက်ခွာလာခဲ့သော မြို့သို့ ပြန်သွားနေကြခြင်းဖြစ်သည်။

ထိုဘုရင့်နိုင်ငံ၏ အိမ်ရှေ့မင်းသားနှင့် ဆွေးနွေးစရာကိစ္စလေးအနည်းငယ်ရှိနေ၍လည်းဖြစ်လေသည်။

မင်းသားသည် သူ၏ တပည့်မကို သတ်ရန်ကြံစည်ခြင်းသည် အကယ်၍ ရှုယင် ၏ ထိန်းချုပ်မှုသက်ရောက်ခဲ့ခြင်းကြောင့်သာ ပြုလုပ်ခဲ့ရခြင်းဖြစ်ပါက ယခုကဲ့သို့ ထပ်မံသွားရောက်ရန် လိုအပ်မည်မဟုတ်ပေ။

သို့သော် မင်းသားသည် ဤကိစ္စကို ရှုယင်၏ ကြိုးကိုင်ခြင်းကြောင့်မဟုတ်ဘဲ ၎င်းကို သူ၏ဆန္ဒအလျောက်သာ လုပ်ဆောင်ခဲ့ခြင်းဖြစ်လေသည်။

ဤအတွေးသည် ရုတ်တရက်သူ့ခေါင်းထဲတွင် ပေါ်ပေါက်လာသောအခါ အာရန်သည် ယင်းကိစ္စများကြောင့် အနာဂတ်တွင် သူ့တပည့်အသစ်လေး ကျိုးရန်မေအတွက် ဘယ်တော့မှ ခြိမ်းခြောက်မှုတစ်ခု ထပ်မံဖြစ်မလာစေရန် သေခြာအောင် လုပ်ဆောင်လိုနေခဲ့ခြင်းဖြစ်လေသည်။

ဖီးနစ်ငှက်သည် ကျိုးရန်မေတစ်ယောက်သွားရာဘက်နှင့် ဆန့်ကျင်ဘက် ဦးတည်ရာသို့ ပြန်လည် လှည့်လိုက်လေသည်။

မြင်ကွင်းမှ ဝေးကွာသွားပြီးနောက်မှသာ ဖီးနစ်ငှက်သည် မိုးတိမ်များ၏ အောက်ဆီသို့ ပြန်လည်နှိမ့်၍ ပျံသန်းလိုက်လေသည်။

“ငါက ငါ့ရဲ့ သရုပ်မှန်ကို ဘယ်သူ့ကိုမှ မသိစေချင်ခဲ့ဘူး ဒါပေမယ့် ဒီတစ်ခေါက်တော့ပေးသိမှရလိမ့်မယ် ငါ့ဂိုဏ်းက တပည့်တစ်ယောက်ကို လာထိမိတဲ့အကျိုးဆက်က ဘာတွေ ဖြစ်မလဲဆိုတာကို သူတို့ သိသွားစေရမယ်”

………………………………..

ကျိလင်းမြို့လေးအတွင်းရှိ မြို့သူ၊မြို့သားများသည် မိမိတို့၏ ပတ်ဝန်းကျင်မှာ ပိုမို၍ တောက်ပလာကာ ပို၍ နွေးထွေးလာသည်ကို သတိထားမိလိုက် ကြလေသည်။

၎င်းတို့သည် စိတ်ရှုပ်ထွေးစွာဖြင့် ပတ်ဝန်းကျင်ကိုလှည့်ပတ် ကြည့်ရှုလိုက် ကြသည်။

“ဘာလို့ ရုတ်တရက်ကြီး ဒီလောက် ပူလာရတာလဲ”

ကောင်းကင်မှ အားကောင်းသော အော်သံတစ်ခုကို ကြားသောအခါမှသာ ၎င်းတို့သည် အထက်သို့ မော့ကြည့်လိုက်ကြကာ ၎င်းတို့ထံသို့ ပျံသန်းလာနေသော မီးများဖြင့် လောင်ကျွမ်းနေသော သတ္တဝါတစ်ကောင်ကို မြင်ခဲ့ကြရလေသည်။

သတ္တဝါသည် ၎င်း၏ အတောင်များပတ်လည်တွင် မီးတောက်မီးလျံများ ရှိနေကာ အလွန်ကြောက်မက်ဖွယ်ကောင်း၍ တစ်ချိန်တည်းတွင်လည်း အလွန်လှပလျက် ရှိနေခဲ့လေသည်။

ကျိလင်းမြို့လေး၏ မြို့သူ၊မြို့သားများသည် ထိုမီးများတောက်လောင် နေသောသတ္တဝါကြီးသည် ကောင်းကင်မှ ဆင်းသက်လာနေသည်ကို အံ့ဩမှုများနှင့်အတူ ကြောက်ရွံ့မှုများဖြင့် ဝိုင်း၍ကြည့်နေခဲ့ကြလေသည်။

၎င်း၏ အတောင်ပံ့များမှ ထွက်ပေါ်လာသော ပြင်းထန်သော အပူချိန်သည် ၎င်းတို့၏ ပတ်ပတ်လည်ရှိ လေထုကို ပိုမို၍ တောက်ပလာစေခဲ့သည်။

အာရန်နှင့် ရှုယင်တို့သည် ဖီးနစ်ငှက်၏ နောက်ကျောဘက်တွင် ရပ်လျက်ရှိနေကာ ၎င်းတို့၏ မျက်လုံးများက အောက်ရှိ မြို့လေးကို စိုက်၍ကြည့်နေခဲ့ကြလေသည်။

ထိုအချိန်တွင် အာရန်သည် တုန်လှုပ်နေသော လူအုပ်ကြီးအား ဩဇာအာဏာ အပြည့်ရှိသော အသံမျိုးဖြင့် မွတ်ကြားလိုက်လေသည်။

“ကျုပ်က မိစ္ဆာဂိုဏ်းက အကြီးအကဲရန်ဆိုတဲ့သူပဲ ဖြစ်တယ် ဒီမှာရှိနေတဲ့သူ တစ်စုံတစ်ယောက်က ကျုပ်ဂိုဏ်းရဲ့ တပည့်တစ်ဦးကို သတ်ဖို့ ကြိုးစားခဲ့တယ် ဒါကြောင့် ဒီကိစ္စမှာ တာဝန်ရှိတဲ့သူနဲ့ သူ့ရဲ့မြို့ကိုပါ နှိမ်နင်းဖို့ ကျုပ် ရောက်ရှိလာခဲ့ ရခြင်းဖြစ်တယ်”

“ဒါကြောင့် ဒီကိစ္စနဲ့ ဘာမှ မသက်ဆိုင်တဲ့သူတွေအားလုံး အခု ချက်ချင်း ထွက်သွားပေးကြပါ ဒါဟာ ကျုပ်ပေးနိုင်တဲ့ နောက်ဆုံးသနားညှာတာမှုတစ်ခုပဲ ဖြစ်လိမ့်မယ်”

“ မိစ္ဆာဂိုဏ်းက အကြီးအကဲတစ်ဦးရောက်လာတာလား”

မြို့၏ နိုင်ငံသားများသည် ၎င်းတို့ ကြားခဲ့ဘူးသော ဇာတ်လမ်းများကို မှတ်မိနေကြဆဲ ဖြစ်သည်။

နောက်ဆုံးအကြိမ်တုံးကလည်း တစ်စုံတစ်ဦးမှ မိစ္ဆာဂိုဏ်းမှ အကြီးအကဲတစ်ဦးကို စော်ကားမိခဲ့သောကြောင့် ဤမြို့မှာ တစ်ခါဖျက်ဆီးခံခဲ့ရပြီးပြီဖြစ်လေသည်။

ယခု အသစ်တစ်ဖန် ဖန်တီးထားသော မြို့မှာကလည်း များမကြာမှီပင် ထပ်မံဖျက်ဆီးခံရတော့မည်တဲ့လား။

ယင်းက ထိုကဲ့သို့ ဖြစ်မည်ဆိုပါက ၎င်းတို့ထဲမှ မည်သူမျှ ဤနေရာတွင် ဆက်လက်မနေထိုင်လိုကြတော့ပါ။

ဤကဲ့သို့လာရောက်ပြောကြားသော အာရန်ကို အပြစ်တင်ရမည့်အစား ၎င်းတို့သည် တာဝန်ရှိသော လူကိုသာ အပြစ်တင်ခဲ့ကြလေသည်။

မည်သို့ပင်ဆိုစေ အခြားအကြီးအကဲများနှင့်စာလျှင် အာရန်၏လုပ်ရပ်မှာ အလွန် ကြင်နာတတ် လွန်းသည်ဟုပင် တွေးမိခဲ့ကြသောကြောင့်ဖြစ်လေသည်။

နောက်ဆုံးအကြိမ်တုံးကမူ အကြီးအကဲတစ်ဦးသည် ဤနေရာတွင် စော်ကားခံခဲ့ရသောအခါ သူမသည် ပြုလုပ်သူတရားခံကိုသာမက အခြားအပြစ်မဲ့ သော ဤနေရာရှိလူတိုင်းကိုပါ သတ်ပစ်ခဲ့ခြင်းဖြစ်လေသည်။

ထိုနေ့တွင် အပြစ်မဲ့သူများစွာပေါင်း မြောက်များစွာ သေဆုံးခဲ့ကြရသည်။

ယင်းနှင့် နှိုင်းယှဉ်ပါက အာရန်သည် သူတော်စင်တစ်ဦးဟုပင် ပြော၍ရနေလေ သည်။

“မင်းတို့ ထွက်လာမှာလား ဒါမှမဟုတ် ငါက ကိုယ်တိုင် ဝင်လာရမှာလား”

အာရန်သည် ဖီးနစ်ငှက်၏ အကူအညီဖြင့် ကျိလင်းမြို့စား၏ အိမ်တော်ရှေ့တွင် ဆင်းသက်လိုက်လေသည်။

အိမ်တော် အတွင်းတွင်တော့ အိမ်ရှေ့မင်းသားသည် တုန်ယင်နေခဲ့လေသည်။

သူသည် အာရန်၏ ကြေညာချက်ကို ကြားခဲ့ပြီးဖြစ်သည်။

သူသည် အစေခံများကြားတွင် သူ့ကိုယ်သူ ဝင်ရောက်ရောနှောပြီးနောက် ထွက်ပြေးရန် ပင် စီစဉ်နေခဲ့လေသည်။

သို့သော် သူ ထိုသို့ မလုပ်ဆောင်နိုင်မှီပင် ထိုပုဂ္ဂိုလ်မှာ ဤအိမ်အပြင်တွင် ရှိနေပြီဖြစ်လေသည်။

သူသည် မိစ္ဆာဂိုဏ်း၏ အကြီးအကဲတစ်ဦးက ဤနေရာတွင် ရောက်ရှိနေလိမ့်မည်ဟု လုံး၀မမျှော်လင့်ထားခဲ့ပါ။

အိမ်ရှေ့မင်းသားသည် ကြောက်လန့်နေခဲ့လေသည်။

သူ၏ နှလုံးသားက သူ၏ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည်ဟုပင် ခံစားနေရလေသည်။

‘ငါက ဘာလို့ အဲ့မိုက်မဲတဲ့ ဆရာ့သားရဲ့ စကားကို နားထောင်ခဲ့မိတာပါလိမ့်’

သူသည် သူ့ဂျူနီယာညီလေး ကို ဒေါသတကြီးဖြင့်စိုက်ကြည့် မိလိုက်သော်လည်း ယခုတွင် သူသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်တော့ပါ။

၎င်းတို့ထဲတွင် မည်သူကမျှ မိစ္ဆာဂိုဏ်းမှအကြီးအကဲတစ်ဦး ဤနေရာတွင် ရှိနေလိမ့်မည်ဟု မမျှော်လင့်မိခဲ့ကြပါ။

“အကိုတော် သူနဲ့ စကားအရင်သွားပြောထားလိုက်ပါ ကျွန်တော်က အဖေ့ကို ဆက်သွယ်ဖို့ ကြိုးစားလိုက်ဦးမယ် သူက ကျွန်တော်တို့ကို ကယ်တင်ဖို့ ဒီကို လာပါလိမ့်မယ် သူ့ကို အချိန်ခဏလောက်ဆွဲထားပေးလိုက်ပါ”

“ဆရာသာ အမြန်ရောက်လာခဲ့ရင် အကိုတို့တတွေ အသက်ရှင်နိုင်လိမ့်မယ်” အိမ်ရှေ့မင်းသားက ခေါင်းညိတ်၍ပြန်ပြောလိုက်သည်။

အသူရာဂိုဏ်း၏ ဂိုဏ်းချုပ်က စွမ်းအားကြီးသူတစ်ဦးဖြစ်သည်။

သူသည် မိစ္ဆာဂိုဏ်း ဂိုဏ်းချုပ် သို့မဟုတ် မိစ္ဆာဂိုဏ်းမှမဟာအကြီးအကဲ များလောက် အားမကောင်းလျှင်ပင် သူသည် သာမန် အကြီးအကဲတစ်ဦးနှင့်မူ သေချာပေါက် ယှဉ်၍ တိုက်ခိုက်နိုင်လေသည်။

အိမ်ရှေ့မင်းသားမှာ အကယ်၍ သူ၏ဆရာဖြစ်သူ အသူရာဂိုဏ်းချုပ်မှာ ဤနေရာသို့ အချိန်မှီရောက်ရှိလာနိုင်ခဲ့သ၍ ၎င်းတို့မှာ အဆင်ပြေနေလိမ့်မည်ဟု သေချာခဲ့သည်။

“ဆရာက ဒီတစ်ခါတော့ ဂရုစိုက်ပေးဖို့ ဆန္ဒရှိမယ်လို့ မျှော်လင့်ပါတယ်”

အိမ်ရှေ့မင်းသားသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော်လည်း သူသည် အခန်းမှ ထွက်လာသောအခါ နဂိုအတိုင်းတည်ငြိမ်သော အသွင်အပြင်သို့ ပြန်လည် ထိန်းထားနိုင်ခဲ့လေသည်။

သူသည် မြို့စားအိမ်တော်မှ လျင်မြန်စွာ ထွက်ခွာလာကာ အိမ်တော်ရှေ့တွင် ရပ်နေသော အာရန်ကို တွေ့လိုက်ရလေသည်။

သူသည် မျက်နှာဖုံးစွတ်ထားသဖြင့် အာရန်၏ မျက်နှာကို မမြင်နိုင်ခဲ့သော်လည်း ကောင်းကင်တွင်ရှိနေသော ဖီးနစ်ငှက်ကိုမူ မြင်နိုင်လေသည်။

စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦးသာ ထိုကဲ့သို့ သတ္တဝါတစ်ကောင်ကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိနိုင်မည်ဖြစ်သည်။

“အကြီးအကဲရန် ခင်ဗျာ အကြီးအကဲရဲ့ ကြေညာချက်ကို ကျွန်တော်စောစောက ကြားခဲ့ပြီးပါပြီ ဒီကိစ္စမှာနားလည်မှုတစ်ခုခုလွဲသွားတာရှိနေတယ်ထင်တယ်ဗျာ အကြီးအကဲရဲ့ ဂိုဏ်းတပည့်တစ်ယောက်ကို တိုက်ခိုက်ဖို့ဆိုရင် အတော်လေး မိုက်မဲတဲ့သူတစ်ဦးမှသာ ဒီလိုလုပ်ရဲလိမ့်မယ်လို့ထင်တယ်ဗျာ”

“ငါလည်း မင်းပြောတာကို သဘောတူပါတယ်”

အာရန်က ခေါင်းညိတ်ထောက်ခံလိုက်သည်။

“ဒီလိုကြိုးစားခဲ့တဲ့သူက သေချာပေါက် မိုက်မဲတဲ့သူတစ်ဦးပု ပြီးတော့ အဲဒီမိုက်မဲတဲ့သူကလည်း သူ့အသက်နဲ့ ပြန်ပေးဆပ်ဖို့ လိုအပ်တယ်”

သူသည် အိမ်ရှေ့မင်းသားဆီသို့ လှမ်းသွားလိုက်လေသည်။

အိမ်ရှေ့မင်းသားသည် သတိလစ်မတတ်ထိတ်လန့်သွားပြီး နောက်သို့မသိမသာ ဆုတ်လိုက်မိလေသည်။

“ကျွန်-ကျွန်တော် ဒီကိစ္စ အဖြစ်မှန်အပြည့်အစုံဖော်ထုတ်နိုင်ဖို့ အကြီးအကဲကို သေချာပေါက်အပြည့်အ၀ကူညီပေးပါ့မယ် ကျွန်တော်ရဲ့နိုင်ငံတစ်ခုလုံးကလည်း အကြီးအကဲနဲ့အတူ ရပ်တည်ပေးပါ့မယ်”

“အိမ်ရှေ့မင်းသားတစ်ယောက်အနေနဲ့ တရားခံကို လုံး၀ရှာတွေ့စေရမယ်ဆိုတာ လုံး၀ကတိပေးနိုင်ပါတယ်”

“အိုး… အဲ့ဒီအတွက် စိတ်မပူပါနဲ့တော့ ကျုပ်က အဲဒီလူကို ရှာတွေ့ပြီးသားပါ”

“အ-အကြီးအကဲ ရန် ခင်ဗျာ အကြီးအကဲက ကျွန်တော့်ကို စွတ်စွဲချင်နေတယ်လို့ ကျွန်တော်ခံစားမိနေတယ်ဗျာ ကျွန်တော်က အဲဒီလိုအလုပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး ကျွန်တော်က အသူရာဂိုဏ်းချုပ်ရဲ့ တပည့်ရင်းတစ်ဦးပါ ကျွန်တော်က ဒီလောက် ယုတ်ညံ့တဲ့ အရာကို ဘယ်တော့မှလုပ်မဲ့သူမဟုတ်ပါဘူး”

သူသည် သူ၏နောက်ခံအင်အားကို အာရန်အား သတိပေးကာ သူ၏ အပြစ်ကင်းစင်ကြောင်းကို ပြောဆိုရန် ကြိုးစားခဲ့လေသည်။

သူသည် သူ၏မိုက်မဲသော ညီတော်ကဲ့သို့ မဟုတ်ပါ။

သူသည် သာမန် အိမ်ရှေ့မင်းသားတစ်ဦးသာမက သူသည် အသူရာဂိုဏ်းချုပ်၏ အဓိကတပည့်ရင်း တစ်ဦးလည်း ဖြစ်လေသည်။

သူ့ကို ပစ်မှတ်ထားခြင်းသည် အသူရာဂိုဏ်းချုပ်ကို ပစ်မှတ်ထားခြင်းနှင့် အတူတူပင်ဖြစ်သည်။

“မင်းက ကောင်းကင်ဘုံအဆင့်ပုဂ္ဂိုလ်တစ်ဦးရဲ့ တပည့်ရင်း ဖြစ်ခဲ့မယ်ဆိုရင်တောင် မင်းက ငါ့တပည့်ကို သတ်ဖို့ ကြိုးစားခဲ့တဲ့အတွက် ဒီနေ့ သေမှရလိမ့်မယ်”

အာရန်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဖီးနစ်ငှက်၏ မီးတောက်များကို သူ၏ လက်မောင်းပတ်ပတ်လည်တွင် ရစ်ပတ်စေလိုက်သည်။

အိမ်ရှေ့မင်းသား၏ မျက်လုံးများအတွင်းမှ မျှော်လင့်ချက်အလင်းရောင် မှိန်မှိန်လေးတစ်ခုသည် ခဏတာအတွင်းမှာပင် ပြန်လည် ပျောက်ဆုံးသွားခဲ့ ရလေသည်။

သူ၏ ညီတော်သည် သူ၏ပြန်လည် အကွက်ချမှုကြောင့် နောက်ဆုံး မသေဆုံးမီ ရပ်နေခဲ့သော တူညီသော နေရာတွင်ပင် သူသည်လည်း ယခုတွင် ရပ်နေမိခဲ့ကြောင်း သတိထားလိုက်မိလေသည်။

ယင်းသည် ကံကြမ္မာက သူ့အားတစ်ပတ်ပြန်လည်စေခဲ့ခြင်းပင် ဖြစ်လေသည်။

အိမ်ရှေ့မင်းသားသည် သူ၏နောက်ဆုံးထွက်သက်အတွက် မျက်လုံးများကို ကြောက်ရွံ့စွာမှိတ်ထားလိုက်လေသည်။

ထိုစဉ်-

“မင်းက ငါ့တပည့်ကို ထိရဲတယ်ပေ့ါ”

အာရန်သည် အိမ်ရှေ့မင်းသားကို သတ်တော့မည့်အချိန်တွင် ကောင်းကင်ရှိ လေဟာနယ်သည် နှစ်ချမ်းကွဲသွားခဲ့လေသည်။

#Catfoot

All Chapters