← Chapters

မြောက်ပိုင်းတိုက်ကြီး...

Vol. 6 Ch. 74

မြောက်ပိုင်းတိုက်ကြီး...

Vol. 6 Ch. 74

နေမင်းကြီးသည် ကြည်လင်နေသော အပြာရောင်ကောင်းကင်ပြာကြီး၏ အောက်တွင် တောက်ပစွာ ထွန်းလင်းလျက်ရှိပြီး ၎င်းဆီမှ နွေးထွေး၍ သက်တောင့်သက်သာရှိသော ရောင်ချည်များသည် မိုးကုတ်စက်၀ိုင်း တစ်လျှောက်ဖြန့်ကျက်လျက်ရှိသည်။

ဒဏ္ဍာရီလာသားရဲတစ်ကောင်သည် မိုးကောင်းကင်တွင် ဖြတ်၍ ပျံသန်းလျက်ရှိပြီး ၎င်း၏ အတောင်ပံ့များသည် နွေးထွေးသည့်နေရောင်ခြည်အောက်တွင် အလွန်တောက်ပလျက်ရှိကာ နူးညံ့သော အဖြူရောင်တိမ်စိုင်များကြားတွင် လှပကျော့ရှင်းစွာ အလိုက်သင့်ယိမ်းနွဲ့လျက် ကူးလူးပျံသန်းနေလေသည်။

ဤမြင်ကွင်းသည် အလွန်မျက်စိပဒေသာဖြစ်လွန်းပြီး ခရီးသွားအဖွဲ့များမှ လူအနည်းငယ်သည် ကောင်းကင်ရှိ ထိုမီးလျှံများ တောက်လောင်နေသည့် သားရဲတစ်ကောင်အား တစ်ခါတစ်ရံတွင် သတိပြုမိတတ်ကြလေသည်။

သို့သော် ထို ဖီးနစ်ငှက်၏ နောက်ကျောဘက်တွင်မည်သည့်အရာများ ဖြစ်ပျက်နေမည်ကိုမူ ၎င်းတို့ထဲမှ မည်သူကမျှ သိရှိနိုင်ခြင်းမရှိကြပါ။

အာရန်သည် မျက်လုံးများကို ဖွင့်လိုက်သောအခါ နေ့လည်ခင်းအချိန်သို့ ရောက်နေပြီ ဖြစ်ပြီး ရှုယင်မှာ သူ၏ လက်မောင်းများကြားတွင်ပင် ရှိနေသေးကြောင်းကို တွေ့လိုက်ရလေသည်။

အမျိုးသမီးသည် နောက်ကျမှ အိပ်လေ့ရှိသော်လည်း မကြာခဏပင် အာရန်ထက် စောစီးစွာ နိုးနေခဲ့သည်ကများလေသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူမသည် ငြိမ်းချမ်းစွာ အိပ်ပျော်နေဆဲ ဖြစ်လေသည်။

“မင်းက ဘယ်လောက်ကြာကြာထပ်ပြီး ဟန်ဆောင်အိပ်နေဦးမှာလဲ”

အာရန်သည် သူမ၏ နူးညံ့လွန်းသောမျက်နှာလေးကို ညင်သာစွာ ထိလိုက်ပြီး သူမ၏ ဆံနွယ်စများ ကို နားရွက်နောက်သို့ ဖြေးညှင်းစွာ သပ်တင်ပေးရင်း မေးလိုက်သည်။

“ရှင်က ကျွန်မနိုးနေတာ ဘယ်လိုလုပ်ပြီး သိသွားတာလဲ”

ရှုယင်သည် သူမ၏ မျက်လုံးများကို ဖြေးဖြေးလေးဖွင့်လိုက်ပြီး ယခုသူမ၏ ပုံစံသည် ပို၍ပင်စွဲမက်ဖွယ် ကောင်းနေခဲ့လေသည်။

ရှုယင်သည် ညကအဖြစ်အပျက်များကို တဖန်ပြန်တွေး မိလိုက်သဖြင့် သူမ၏ မျက်နှာတွင် ပန်းရောင်သန်းသော အပြုံးတစ်ပွင့် ထပ်မံပေါ်ပေါက်လာလေသည်။

သူမသည် အချိန်အတော်ကြာကတည်းက နိုးနေမိခဲ့သော်လည်း အာရန်၏ ရင်ခွင်မှ ထွက်မသွားချင်သေးပါ။

“ကိုယ် မသိပါဘူး ကိုယ်က မင်းနိုးနေတာဟုတ်မဟုတ်သိရအောင်သာ ဒီမေးခွန်းကို မေးကြည့်လိုက်တာပါ” အာရန်သည် ရယ်မောရင်းဖြင့် စနောက်လိုက်သည်။

သူမက အမှန်တကယ် ဟန်ဆောင်အိပ်နေခြင်းဖြစ်လိမ့်မည်ဟု သူ တကယ် မမျှော်လင့်ခဲ့မိပါ။

ရှုယင်သည် နှုတ်ခမ်းဆူလိုက်ပြီး

“ဒါဆို ရှင်က ကျွန်မကို လှည့်စားခဲ့တာပေါ့”

“ကိုယ့်ရဲ့ ဒီလောက်လှတဲ့ချစ်သူလေးကို ကိုယ် ဘယ်လို လှည့်စားနိုင်မှာတုံးကွယ်”

အာရန်သည် ပခုံးတွန့်ရင်းပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် မင်း ဗိုက်ဆာနေပြီမလား”

အာရန်သည် ယခုအချိန်တွင် တစ်ခုခု စားချင်နေပြီးဖြစ်သည်။

သို့သော် ရှုယင်သည် သူ့လက်မောင်းပေါ်တွင် သူမ၏ ခေါင်းကို ဆက်လက်မှီထားတုံးဖြစ်သည်။ သူသည် သူမကို တွန်းထုတ်ရန် မလိုလားခဲ့ပါ။

ရှုယင်သည် အာရန်၏ ဆိုလိုရင်းကို နားလည်လိုက်သည်။

သူသည် သူမအားအတင်းဆွဲ၍ မနှိုးလိုခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရှုယင်သည် ထထိုင်လိုက်ကာ အာရန်၏ လက်မောင်းအား လွတ်မြောက်ခွင့် ပေးလိုက်လေသည်။

အချိန်အတော်ကြာအောင် အာရန်သည် သူ့လက်မောင်းဆီမှ ထုံထိုင်းနေသဖြင့် တစ်စုံတစ်ရာကိုပင် မခံစားနိုင်ဖြစ်သွားရလေသည်။

ကံကောင်းစွာဖြင့် ထိုသို့ ထုံထိုင်းနေမှုသည် အချိန်အနည်းငယ်ကြာပြီးနောက် ပြန်လည် ကောင်းမွန် သွားခဲ့လေသည်။

ထို့နောက် အာရန်သည်လည်း ထထိုင်လိုက်ကာ သူ၏ စနစ်သိုလှောင်ခန်းအတွင်းမှ အစားအစာ အချို့ကို ထုတ်ယူလိုက်လေသည်။

သူသည် ယခင်မြို့မှ ယူဆောင်လာခဲ့သော ကိတ်မုန့်အသေးလေးတစ်ခုကိုလည်း အနည်းငယ် ဖဲ့ကာ ဆီလက်စ်အတွက် ဘေးတွင် တင်ထားလိုက်လေသည်။

ဆီလက်စ်သည် ရေကူးကန်တစ်ခုထဲသို့ ခုန်ဆင်းသွားသကဲ့သို့ ကိတ်မုန့်ထဲသို့ စိတ်လှုပ်ရှားစွာဖြင့်ပစ်ဝင်လိုက်လေသည်။

ယင်းမှာ အာရန်သည် ညကဆီလက်စ်ကလေးကို ဘာမှမရှိသော မိုးကုတ်စက်၀ိုင်း သို့သာထိုင်ကြည့်နေစေ၍ ထူးဆန်းသော ဆူညံသံများကို အချိန်အတော်ကြာ ကြားနေရရန် ပြုလုပ်မိခဲ့သည့်အတွက် တောင်းပန်ခြင်းလည်း ဖြစ်လေသည်။

ထို့နောက် အာရန်နှင့် ရှုယင်တို့သည် စတင်စားသောက်လိုက်ကြသည်။

သူမက သူ့ကို တစ်ချက်တစ်ချက် ခိုးခိုးကြည့်နေကြောင်းကို သူ မြင်မိလိုက်သည်။

သူလည်း သူမထံမှ အကြည့်များကို မဖယ်ရှားနိုင်ခဲ့ပါ။

ယခုကဲ့သို့ လှပလွန်းသော အမျိုးသမီးတစ်ဦးသည် သူ၏အပိုင်ဖြစ်နေပြီ ဆိုသည့်အသိကို သူကိုယ်တိုင်ပင် ယခုထိ မယုံကြည်နိုင်ဖြစ်နေရသည်။

အာရန်သည် သူ၏ ယခင်ကမ္ဘာမြေတွင် နေထိုင်ခဲ့စဉ်က သူသည် ဉာဏ်အလွန်ကောင်းသောသူတစ်ဦးဖြစ်သဖြင့် အလွန် ရေပန်းစားခဲ့လေသည်။

သို့သော် သူသည် လူမှုဆက်ဆံရေးပိုင်းတွင် အားနည်းခဲ့လေသည်။

ထို့ကြောင့် သူသည် အကယ်၍ မူလကမ္ဘာမြေသို့ ပြန်သွားနိုင်သည်ဆိုလျှင်ပင် ရှုယင်ကဲ့သို့ မိန်းမလှလေးတစ်ဦးအား ရရှိနိုင်ရန်မှာ လုံး၀မဖြစ်နိုင်သလောက် ပင်ဖြစ်ကြောင်းကို သူ သေချာသိနေခဲ့လေသည်။

သူမသည် အမှန်တကယ်ပင် သူမ၏ ကိုယ်ပိုင်သီးခြားအဆင့်အတန်းတစ်ခုတွင် တည်ရှိနေသော အမျိုးသမီးတစ်ဦးလည်း ဖြစ်လေသည်။

“ကျွန်မ မျက်နှာမှာ တစ်ခုခုများ ရှိနေလို့လား”

အာရန်၏ အကြည့်ကို သတိပြုမိလိုက်သောကြောင့် ရှုယင်က မေးလိုက်လေသည်။

“မင်းက အရမ်း လှတာပဲ”

ရှုယင်သည်အာရန်၏ ရုတ်တရက် ချီးကျူးမှုကြောင့် ရှက်ရွံ့စွာ ခေါင်းကို အောက်သို့ နှိမ့်ချထားလိုက်မိလေသည်။

သူမသည် ဤကဲ့သို့သော ချီးကျူးမှုများကို အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့ သော်လည်း ၎င်းတို့သည် သူမ၏ အစစ်အမှန်ပုံစံကိုပင် မမြင်ဘူးသော လူများထံမှ ဖြစ်လေသည်။

ထို့အပြင် သူမ၏ အစစ်အမှန်မျက်နှာပုံစံကို မြင်ဘူးပြီးသော လူများမှာလည်း သူမ၏ ဆွဲဆောင်မှုအစွမ်းဖြင့် ဆွဲဆောင်ခြင်းကို ခံခဲ့ရသောကြောင့် ၎င်းတို့၏ ချီးကျူးမှုများသည် သူမအတွက် မည်သို့မျှအရေးမပါခဲ့ပါ။

အာရန်သည် သူမ၏ အစစ်အမှန်ရုပ်ရည်ကို မြင်ပြီးနောက်တွင်ပင် မည်သည့် သက်ရောက်မှုမှမရှိဘဲ နေနိုင်ခဲ့သော ပထမဆုံးဆုံးသောယောင်္ကျားတစ်ယောက်လဲ ဖြစ်လေသည်။

ဤအချက်များကြောင့် ပေလောမသိ အာရန်၏ ချီးကျူးမှုများမှာ သူမအတွက် အရေးအပါဆုံး ဖြစ်နေခဲ့လေသည်။

အာရန်သည် သူမ၏ ဆွဲဆောင်မှုစွမ်းရည်မှာ သူမအပေါ်သို့ တန်ပြန်သက်ရောက်မှု ကြောင့်သာ သူမသည် သူ့ကိုထိုသို့ အရူးအမူး ချစ်နေခဲ့ခြင်းဖြစ်သည်ဟုသာ ထင်ထားခဲ့လေသည်။

သို့သော် ယင်းသည် တစ်စိတ်တစ်ပိုင်းမျှသာ မှန်ကန်ကြောင်းကိုတော့ သူမသာအသိဆုံးဖြစ်သည်။

ရှုယင်သည် သူမ၏ ဆွဲဆောင်မှုအစွမ်းကို အာရန်မှ တွန်းလှန်ချေဖျက်ကာ ထွက်သွားနိုင်ခဲ့သောအခါ သူ့အတွက် အမှန်တကယ် ခံစားချက်တစ်ခုကို စတင်ဖြစ်ပေါ်ခဲ့မိလေသည်။

ထို့အပြင် အာရန်သည် သူမ၏ သူ့အား ကိုယ့်ကိုကိုယ်သတ်သေခိုင်းရန် တွန်းအားပေးခဲ့မိမှု အပေါ် လက်စားချေရန် ကြိုးစားရမည့်အစား သူသည် သူမအပေါ် ယခုအချိန်အထိ ကောင်းမွန်စွာဆက်ဆံနေဆဲ ဖြစ်လေသည်။

ဆွဲဆောင်မှုစွမ်းရည်၏ တန်ပြန်သက်ရောက်မှုဖြစ်စဉ်မှာ အမှန်တကယ်တွင်မူ ရက်အနည်းငယ်အတွင်း၌ပင် အလိုလိုပျက်ပျယ်သွားခဲ့ပြီးဖြစ်လေသည်။

သို့သော် သူမသည် အာရန်အား ဆက်လက် ချစ်နေရသည့် အဓိက အကြောင်းအရင်းမှာ သူမသည် ဤခံစားမှုကို မမုန်းနိုင်သည့်အပြင် နှစ်သက်မိသွားသောကြောင့်ပင် ဖြစ်လေသည်။

မည်သို့ဖြစ်ပွားခဲ့သည်ဆိုစေကာမူ သူမသည် ဤခံစားချက်ကို သဘောကျ ခဲ့လေသည်။

ရှုယင်သည် သူမ၏ အစစ်အမှန်ကို လက်ခံနိုင်သော လူတစ်ယောက် ကမ္ဘာပေါ်တွင် ရှိနေသည်ဟူသော အချက်ကို ကြည်နူးမိခဲ့လေသည်။

သူ၏ အကြည့်များတွင် သူမအပေါ် ရွံရှာကြောက်ရွံ့မှုများ မပါရှိနေပါ။

ထိုတင်မကသေး အာရန်၏ လုပ်ဆောင်မှုအရာအားလုံးတိုင်းသည် သူမအားပို၍ပင် သဘောကျချစ်မြတ်နိုးစေမိခဲ့လေသည်။

သူမသည် သူ၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရကြောင်း ခံစားမိခဲ့လေသည်။

သူမသည် သူ၏ အကြည့်များကို ချစ်မြတ်နိုးသည်။ သူ၏ ထိတွေ့မှုလေးတိုင်း ကိုလည်း ချစ်မြတ်နိုးသည်။

သူမသည် သူ၏ရင်ခွင်အတွင်းပွေ့ဖက်ထားမှုကိုလည်း ချစ်မြတ်နိုးသည်။

သူသည် သူမ၏ ပြုမူမှုများကြောင့် ရှက်ရွံ့နေဟန်ဖြစ်သွားသော အခိုက်အတန့်လေးများကိုပင် ချစ်မြတ်နိုး နေမိခဲ့လေသည်။

ဤအရာများအားလုံး သည် သူမအား သူ့အပေါ်တွင် ထပ်ခါထပ်ခါ အရူးအမူးချစ်မိသွားစေခဲ့ရသည့် အကြောင်းအရင်းများပင်ဖြစ်လေသည်။

သူမအတွက်မူ ဤကမ္ဘာတွင် အာရန်သည် သူမအတွက် သီးသန့် ဖန်တီးပေးထားသည့် တစ်ဦးတည်းသောလူသားတစ်ဦးပင် ဖြစ်လေသည်။

“ကျေးဇူးတင်ပါတယ်”

သူမသည် တိုးတိုးလေးရေရွတ်လိုက်လေသည်။

“မင်း တစ်ခုခု ပြောခဲ့တာလား”

အာရန်သည် သူမ၏ တီးတိုးရေရွတ်မှုလေးကို မကြားလိုက်ရသဖြင့် ထိုသို့မေးလိုက်လေသည်။

“ဘာမှ မဟုတ်ဘူး ကျွန်မတို့က မကြာခင်မှာ တောင်ပိုင်းတိုက်ကြီးထဲကို ဝင်ရောက်လိမ့်မယ်လို့ ပြောလိုက်တာပါ”

“အဲဒါက အမှန်ပဲ ဒါပေမဲ့ ဒီဖီးနစ်ငှက်နဲ့တော့ တောင်ပိုင်းတိုက်ကြီးကို ဖြတ်သန်းသွားဖို့ဆိုရင် အခက်တွေ့ရလိမ့်မယ်”

အရှေ့ပိုင်းတိုက်ကြီးတွင် သူသည် ဤဒဏ္ဍာရီလာသားရဲတစ်ကောင် ပေါ်တွင် စီးလျက်အချိန်တိုင်း လျောက်သွားနေခဲ့လျှင်ပင် အလွန်ဆုံးရှိလှ ၎င်းကို တစ်စုံတစ်ယောက်က မြင်ပြီး သူ၏နာမည်ကိုထုတ်ဖော်မိရုံသာရှိပေလိမ့်မည်။

ဤတောင်ပိုင်းတိုက်ကြီးတွင် အခြေအနေများက လုံး၀ ကွဲပြားခြားနားလေသည်။

ထိုတိုက်ကြီးတွင် ပျံသန်းနိုင်သောအစွမ်းရှိသည့် သူရဲကောင်းများစွာ ရှိလေသည်။

သူ့ကို ဖမ်းမိနိုင်သော အခြားထူးခြားသောစွမ်းရည်များရှိသည့် သူရဲကောင်းများစွာ လည်း ရှိနေခဲ့သေးသည်။

ဖီးနစ်ငှက်ပေါ်တွင်ထိုင်လျက်လိုက်ပါခြင်းက သူသည် အရှေ့ပိုင်းတိုက်ကြီးမှ လူဖြစ်ကြောင်းကို ထုတ်ပြောနေသကဲ့သို့ဖြစ်ပြီး သူ၏ ခေါင်းပေါ်တွင် ကြီးမားသော နဖူးစည်းတစ်ခုနှင့်အတူ ပျံသန်းနေခြင်းနှင့် တူညီနေပေလိမ့်မည်။

အခြားလူများက ဤကိစ္စကို ဂရုမစိုက်လျှင် အဆင်ပြေမည်ဖြစ်သည်။

သို့သော် ဤ တောင်ပိုင်းတိုက်ကြီးအတွက်မူ ၎င်းတို့သည် အရှေ့ပိုင်းတိုက်မှ ရန်သူများပင် ဖြစ်နေလေသည်။

“ရှင့်ရဲ့ ဖီးနစ်ငှက်ကို ဒီနေရာမှာ ထားခဲ့ရလိမ့်မယ်”

ရှုယင်က အာရန်အား သတိပေးလိုက်သည်။

အာရန်သည် ပြန်လည် ခေါင်းညိတ်ပြခဲ့သည်။ သူသည် ဖီးနစ်ငှက်ကို သူ့နှင့်အတူ ယူဆောင်၍ မရကြောင်းကို ယခင်ကတည်းကပင် ကြိုတင်သိထားခဲ့ပြီးဖြစ်သည်။

ထို့ကြောင့်ပင် အာရန်သည် သူ၏လုံခြုံရေးအတွက် ရှုယင်ကို အတူတကွ ရအောင် ခေါ်ဆောင်လာခဲ့ခြင်းလည်း ဖြစ်သည်။

.....

ရက်အနည်းငယ်ကြာပြီးနောက် ဖီးနစ်ငှက်သည် နောက်ဆုံးတွင် မြောက်ပိုင်းတိုက်ကြီး၏ စတင်ရာနယ်နိမိတ်ဆီသို့ ရောက်ရှိလာခဲ့လေသည်။

ယင်းသည် မြောက်ပိုင်းတိုက်ကြီးပေါ်သို့ မဆင်းသက်မီ တိုက်ကြီးနှစ်ခုကြားရှိ ပိုင်းခြားထားသော ကြီးမားသည့် မြစ်ကြီး၏ အထက်တွင်ဖြစ်လေသည်။

ဤနေရာမှစ၍ အာရန်သည် သူ၏ဖီးနစ်နှင့်လမ်းခွဲကာ တစ်ကိုယ်တော်ခရီးနှင် ရတော့မည်လည်းဖြစ်လေသည်။

“ငါတို့ နောက်မှပြန်တွေ့ကြမယ် ကလေးလေးရေ”

ထို့နောက် အာရန်သည် သူ၏ ဖီးနစ်ငှက်ကို စနစ်သိုလှောင်ခန်းအတွင်းသို့ ထည့် ထားခဲ့လေတော့သည်။

ပထမတွင် အာရန်သည် ဖီးနစ်ငှက်အား ထိုနေရာတွင် ထားနိုင်ကြောင်းကိုပင် မသိခဲ့ပါ။

စမ်းသပ်မှုအချို့ပြုလုပ်ပြီးသောအခါမှသာ သူသည် သက်ရှိသားရဲများကို ထိုစနစ်သိုလှောင်ခန်းတွင် ထည့်ထားနိုင်ကြောင်းကို သဘောပေါက်ခဲ့သည်။

သို့သော် သူသည် လူသားများကိုမူ ထိုနေရာတွင် မထည့်ထားနိုင်ပါ။

“ငါတို့ သွားကြမလား”

အာရန်သည် သူ့ရှေ့ရှိ မြင်ကွင်းအသစ်တစ်ခုအားစိုက်ကြည့်နေရင်း ရှုယင်အား မေးလိုက်လေသည်။

#Catfoot

All Chapters