Trap Type Idol
Vol. 12 Ch. 2
၁၉၉၁ ခုနစ်။
ဒီကာလက ကျွန်တော်တို့ကမ္ဘာအတွက် အများကြီး အဓိပ္ပါယ်ရှိတဲ့ကာလပါပဲ။
နည်းပညာဖွံဖြိုးတိုးတက်မှု အရှိန်မြင့်လာတာနဲ့အမျှ လူသားတွေရဲ့နေ့စဥ်ဘဝကလည်း ပြောင်းလဲလာခဲ့တယ်။ အင်တာနက်တွေ၊ ပေ့ဂျာစက်တွေ၊ အသံထက်မြန်တဲ့ ခရီးသည်တင်လေယာဥ်တွေ၊ ကျည်ဆန်ရထားတွေက လူသားတွေရဲ့သာမန်ဘဝထဲကို ဝင်ရောက်လာခဲ့တယ်။
ဒါတွေက ကောင်းတဲ့ဘက်ကအကြောင်းအရာတွေဆိုပေမဲ့ မကောင်းတဲ့အရာတွေလည်း ရှိနေကြဆဲပါပဲ။ ကမ္ဘာ့ကုန်စည် စျေးကွက်ကြီးက အလျင်အမြန်ပြောင်းလဲနေတာကြောင့် လုပ်ငန်းခွင်တွေအပေါ် ဖိအားတိုးလာခဲ့ပါတယ်။ ဒါကြောင့် သာမန်လခစားဝန်ထမ်းတွေရဲ့အလုပ်ဖိအားက များပြားပြီး နေ့စဥ်လိုလိုစိတ်ဖိစီးကုန်ကြပါတယ်။
အင်တာနက်လိုမျိုးအဝေးရောက် ဆက်သွယ်ရေးစနစ်တွေ ထွန်းကားလာတဲ့အတွက် လူသားတွေဟာ အရင်ကလိုမျိုး တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင်ပြီး နွေးနွေးထွေးထွေး ဆက်ဆံတာမျိုးမရှိတော့သလိုပါပဲ။
အလုပ်ဖိအားတွေ၊ နည်းပညာအပြောင်းအလဲတွေကြောင့် လူသားတွေ စိတ်ဖိစီးလာပြီး လူတစ်ယောက်နဲ့တစ်ယောက် နားလည်ပေးနိုင်စွမ်း ကင်းမဲ့လာချိန်မှာတော့ ဒဏ္ဍာရီထဲက မကောင်းဆိုးဝါးမျိုးနွယ်တစ်ခုဖြစ်တဲ့ ဂျင်းနတ်ဆိုးတွေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာပါတော့တယ်။
သူတို့တွေဟာ လူသားတွေမှာနောက်ဆုံးကျန်ရှိနေတဲ့ မျှော်လင့်ချက်ရောင်စဥ်တွေကိုစုပ်ယူပြီး ကမ္ဘာကြီးကို အရောင်အဆင်းကင်းမဲ့တဲ့ အဖြူအမည်းကမ္ဘာကြီးအဖြစ် ပြောင်းလဲဖို့ ကြိုးစားကြပါတယ်။
မျှော်လင့်ချက်တွေစုပ်ယူခံလိုက်ရတဲ့လူသားတွေဟာ လူသားတစ်ယောက်မှာရှိသင့်တဲ့ အကောင်းမြင်စိတ်တွေ ပျောက်ဆုံးသွားပြီး မကောင်းမြင်စိတ်တွေ ကြီးစိုး ကျန်ရစ်ခဲ့တယ်။ ကမ္ဘာပေါ်မှာရှိနေတဲ့ လူတွေအားလုံးသာ မျှော်လင့်ချက်ကင်းမဲ့သွားခဲ့ရင် ကမ္ဘာကြီးက ဒစ်စတိုပီးယား ဆန်ဆန်ခေတ်ပျက်ကြီးဖြစ်သွားမှာ။
ဒါပေမဲ့ ဂျင်းနတ်ဆိုးတွေလုပ်ချင်တိုင်းလုပ်လို့မရစေဖို့ လူသားတွေကိုကာကွယ်ပေးနေတဲ့ လူနည်းစုတွေတော့ ရှိနေပါသေးတယ်။
သူတို့တွေက သာမန်လူသားတွေရဲ့စံပြအဖြစ်နေထိုင်ပြီး သူတို့ရဲ့ချိုသာတဲ့အသံ၊ လှပတဲ့ ရုပ်သွင်တွေနဲ့ လူသားတွေရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေကို ပြန်တိုးမြင့်လာအောင် လုပ်နိုင်စွမ်းရှိတဲ့သူတွေ။
အမြဲတမ်း စင်မြင့်ထက်မှာ ပြီးပြည့်စုံစွာရပ်နေနိုင်တဲ့ အိုက်ဒေါတွေပေါ့။
အရင်တုန်းကတော့ ရုပ်မြင်သံကြားရှိုးတွေနဲ့စင်မြင့်ပေါ်မှာပဲ သူတို့ရဲ့ ဖျော်ဖြေမှုတွေကိုမြင်တွေ့ရပေမဲ့ အင်တာနက်ကြောင့် သူတို့ဖန်တီးထားတဲ့အနုပညာတွေကို လူသားတိုင်းလိုလို မြင်တွေ့နိုင်နေပြီ။
“အရမ်းမိုက်တာပဲ...” ပထမဆုံးအကြိမ် အိုက်ဒေါအဖွဲ့တစ်ခု တီဗီမှာဖျော်ဖြေနေတာကို ကျွန်တော်မြင်မိတော့ အခုလို တွေးမိတာပဲ။
အဲဒီနောက်တော့ ကျွန်တော့်ရဲ့အသိစိတ်အလုံးစုံကို အိုက်ဒေါတွေနဲ့ပတ်သက်တဲ့ အရာအားလုံးက ဖုံးလွှမ်း သွားတော့တာပါပဲ။
...
ဒေါက်... ဒေါက်.. ဒေါက်...
“မင်းလွင်... ကျောင်းနောက်ကျတော့မယ်နော်။”
ပြင်းထန်တဲ့ တံခါးခေါက်သံနဲ့အတူ ကျယ်လောင်လှတဲ့ အမေ့ရဲ့နှိုးစက်အသံကြောင့် ကျွန်တော်မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်မိတယ်။ အသိစိတ်က ဝေဝါးနေဆဲ ဖြစ်ပြီးတော့ အိပ်ရာကနေ မထချင်သေးဘူး။ နာရီကို ကြည့်လိုက်တော့ နံနက်ရှစ်နာရီခွဲနေပြီ။ ကိုးနာရီဆိုရင် ကျောင်းတက်ခေါင်းလောင်းထိုးတော့မှာမလို့ အိပ်ရာကနေ ခုန်ထလိုက်တယ်။
ကျွန်တော့်အိပ်ခန်းကျဥ်းလေးက နံရံမျက်နှာပြင်တွေမှာ အိုက်ဒေါအဖွဲ့အမျိုးမျိုးရဲ့ပိုစတာတွေနဲ့ ပြည့်နှက်လို့ရယ်။ နိုင်ငံပေါင်းစုံက အိုက်ဒေါအဖွဲ့မျိုးစုံရဲ့ပုံတွေပါဝင်ပြီး ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ အမေရိကန်၊ ဥရောပနဲ့ လက်တင်အမေရိကက အဖွဲ့တွေတောင်ပါသေးတယ်။
ဟုတ်ပါတယ်၊ ကျွန်တော်မင်းလွင်က အိုက်ဒေါတွေကို အလွန်အမင်း စွဲလမ်းရူးသွပ်နေတဲ့ အိုက်ဒေါ အိုတာခုတစ်ယောက်ပါ။ အိုက်ဒေါတွေရဲ့နာမည်တွေကို သိရုံတင်မကဘဲ သူတို့ရဲ့ကကွက်တွေ သီချင်းတွေကိုပါ ကျွန်တော်ရင်းနှီးပြီး အလွတ်ရနေတယ်။
အိပ်ရာသေချာနိုးတဲ့အချိန်မှာတော့ ညအိပ်ဝတ်ထားတဲ့ အဝတ်အစားတွေကိုဆွဲချွတ်လိုက်ပြီး ကိုယ့်ပုံကိုယ် မှန်ထဲ ပြန်ကြည့်လိုက်တယ်။
ကျွန်တော့်ခန္ဓာကိုယ်က ရွယ်တူအထက်တန်းကျောင်းသား အများစုနဲ့ယှဥ်လိုက်ရင် သိပ်ကိုပိန်ပါးတယ်။ ခါးနေရာက မိန်းကလေးတစ်ယောက်လိုသွယ်နေပြီး အသားအရေက နူးညံ့ချောမွတ်နေတယ်။ ဆံပင်က နည်းနည်းရှည်နေပြီး ဂုတ်ဝဲ မဖြစ်စလောက်လေးပဲရှိတာ။ မိန်းကလေးဆန်လွန်းလို့ ကျောင်းကသူငယ်ချင်းတွေက စနောက်နေကျဆိုပေမဲ့ ကျွန်တော်တော့ စိတ်မဆိုးမိပါဘူး။
...
ငါးမိနစ်အတွင်းအပြီး ရေမိုးချိုး ကျောင်းယူနီဖောင်း ဝတ်စုံလဲပြီးတဲ့နောက်မှာတော့ မနက်စာအမြန်စားဖို့ အောက်ထပ်ကို ပြေးဆင်းခဲ့တယ်။
“အမေရေ၊ မနက်စာအသင့်ဖြစ်ပြီလား။”
“ဖြစ်လို့ပဲ ဟင်းတွေအေးတောင်ကုန်တော့မယ်။ ဒီကောင်မလေးနဲ့တော့လေ၊ ညမအိပ်ဘဲ ဘာတွေ လုပ်နေတယ်မသိဘူး။”
“ဥစာကီ-ချန်ရဲ့သီချင်းအယ်ဘမ်အသစ်ထွက်လို့ နားထောင်နေတာလေ။”
ကျွန်တော်လည်း လိမ်မနေဘဲ အမှန်အတိုင်းဖြေလိုက်တယ်။ ကျွန်တော့်အမေက ကျွန်တော်နဲ့အတော်လေးဆင်တူပြီး သူ့အသက်အရွယ်နဲ့ဆိုရင် ကြည့်လို့ကောင်းတဲ့အမျိုးသမီး လို့ဆိုနိုင်ပါတယ်။ အဖေနဲ့လက်မထပ်ခင်တုန်းက အိုက်ဒေါ ဖြစ်ချင်လို့ဆိုပြီး အပြင်းအထန်လေ့ကျင့်ခံပေမဲ့ အိုက်ဒေါ ဖြစ်ရမယ့်အစား အဖေနဲ့တွေ့ပြီး ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျသွားတာ။ နှစ်ယောက်အိမ်ထောင်ရေးခရီးက အဆင်ပြေနေခဲ့ပြီး ပျော်ခဲ့ရတယ်ဆိုပေမဲ့ အမေကတော့ သူ့ဝါသနာကို စွန့်လွှတ်လိုက်ရတာပေါ့။
အင်း၊ ဒါပေမဲ့ နောက်မျိုးဆက်အပေါ်ကို အများကြီး မျှော်လင့်ထားခဲ့တာလေ။
‘သမီးလေးမွေးရင် အိုက်ဒေါဖြစ်အောင် ပျိုးထောင်ပေးမယ်။’ဆိုပြီး သူတို့နှစ်ယောက်ကြိုးစားခဲ့ပေမဲ့ မွေးလာတဲ့သူက သားလေးဖြစ်တဲ့ကျွန်တော်ပါ။ နောက်ပိုင်း အဖေက အလုပ်မှာရာထူးတက်သွားပြီး အမြဲနိုင်ငံခြားမှာ နေနေရတော့ နောက်ကလေးလည်းမယူဖြစ်တော့ဘူး။ ကျွန်တော့်အမေလည်း အတော်စိတ်ပျက်သွားတော့တာပေါ့။
“ရော့၊ ရေညှိကို ထမင်းပေါ်တင်ပြီးစား။ ငါးကြော်ပေးထားပေမဲ့ အများကြီးမစားနဲ့နော်၊ သမီး ဝိတ်တက်သွားရင် ကောင်လေးတွေမကြိုက်ဘဲ နေလိမ့်မယ်။”
“....” မနက်တိုင်းလိုလို အဲဒီလိုပါပဲ။ အမေက ကျွန်တော် ဝိတ်တက်မှာကို စိုးရိမ်နေတာ။ ပြီးတော့ ကျွန်တော့်ကို မိန်းကလေးလိုဆက်ဆံနေတာလဲ သတိထားမိမှာပေါ့။ သားလေးတစ်ယောက်တည်းမွေးထားတဲ့ သမီးအလွန် လိုချင်နေတဲ့အမေက ကျွန်တော်နဲ့သူ အိမ်မှာနှစ်ယောက်ပဲ ရှိတယ်ဆိုရင် ကျွန်တော့်ကို သမီးလိုဆက်ဆံတော့တာပဲ။ အဝတ်တွေ ဝယ်ပေးလိုက်ရင်လည်း နည်းနည်းမိန်းကလေး ဆန်တဲ့ အပြာနုရောင်ဆွယ်တာလေးတွေတို့၊ မီးခိုးရောင် ဆွယ်တာလေးတွေတို့။
“ဆယ့်ငါးမိနစ်ပဲလိုတော့တယ်။ အမေရေ၊ ကျောင်းကို အမြန်ပြေးသွားမှဖြစ်မယ်။”
ကျွန်တော်လည်း မနက်စာစားဖို့ကြံလိုက်ပေမဲ့ နာရီကို ကြည့်လိုက်တော့ နောက်ကျနေပြီ။
“အနည်းဆုံးတော့ ပေါင်မုန့်မီးကင်လေးစားသွားပါဦး။” အမေက ကျွန်တော့်ကို စတော်ဘယ်ရီယိုသုတ်ထားတဲ့ ပေါင်မုန့်မီးကင်တစ်ချပ် ကမ်းပေးတယ်။ ကျွန်တော်လည်း အချိန်မရတာနဲ့ ပေါင်မုန့်ကိုပါးစပ်မှာကိုက်ရင်း အိမ်အပြင်ကို ပြေးထွက်ခဲ့တာပေါ့။
“အောင်မလေး၊ ကျောင်းက အိမ်နဲ့နီးလို့တော်သေးတယ်။” ဒါကတော့ စိတ်ထဲကနေ တွေးမိတာ။
အိမ်ကနေ ကျောင်းကို ခြေလျင်သုတ်ပြီးအပြေးမှာ ကားကို လမ်းဘေးမှာချရပ်ပြီး ဖုန်းပြောနေတဲ့ အနောက်တိုင်းသား တစ်ယောက်ကို တွေ့ခဲ့သေးတယ်ဗျ။ ဒီလူက လူအထင်ကြီး ချင်တာလားဘာလားမသိပေမဲ့ အသံအကျယ်ကြီးနဲ့စကား ပြောနေတာ။
“ဟေ့ကောင်ရ၊ မင်းရှာပေးထားတဲ့ ကောင်မလေးတွေက အိုက်ဒေါဖြစ်ချင်တာပဲသိတာ။ အိုက်ဒေါဖြစ်လောက်တဲ့ နှလုံးသားလဲမရှိသလို လေ့ကျင့်မှုလည်းမရှိဘူး။”
နောက်တော့ အဲဲဒီလူက ကျွန်တော်ရှိနေတဲ့ဘက်ကို တိုက်ဆိုင်စွာနဲ့ လှည့်ကြည့်လိုက်တယ်။ နောက်တော့ သူ့လက်ထဲက လက်ကိုင်ဖုန်းပြုတ်ကျသွားပြီး ပါးစပ် အဟောင်းသားနဲ့ ကျွန်တော့်ကို လိုက်ကြည့်လို့။
‘ဟမ်... ငါ့ပုံစံက ထူးဆန်းနေလို့လား။' ကျွန်တော်တော့ နားကို မလည်နိုင်တော့ဘူး။ ကျောင်းနောက်ကျနေပြီမလို့ ကျွန်တော်လည်း ဂရုစိုက်မနေတော့ဘဲ အဲဒီလူကို လစ်လျူရှု ဆက်ပြေးသွားလိုက်တယ်။
...
“မင်းလွင်... နင်အချိန်လေးစားမှုမရှိဘူးလား။ နောက်နှစ်ဆိုရင် တက္ကသိုလ်ဝင်တန်းတက်ရတော့မှာနော်။ ဒီပုံစံမျိုးနဲ့ အောင်ပါလိမ့်မယ်။”
ကျောင်းကိုရောက်တော့ အတော်နောက်ကျနေပြီဖြစ်ပြီး ဆရာမဆူတာခံလိုက်ရတယ်။ အတန်းဖော်တွေအကုန်လုံး ဝိုင်းဟားကြတာပေါ့။ ဒါပေမဲ့ ဒီနေ့ကလည်း ကျွန်တော့်ဖို့ ပုံမှန်နေ့လေးပါပဲ။
ကျောင်းဆင်း အိမ်ပြန်ရောက်တော့ ယူနီဖောင်းကိုချွတ် အမေအသင့်ပြင်ထားပေးတဲ့ အဝတ်ကိုလဲဝတ်တယ်။ ခါတိုင်းလိုပဲ မိန်းကလေးဆန်တဲ့ ဆွယ်တာအဖြူရောင်လေးနဲ့ ဂျင်းဘောင်းဘီတို။ တခြား ကောင်လေးတစ်ယောက်သာဆိုရင် စိတ်အနှောင့်အယှက် ဖြစ်မိမှာဆိုပေမဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက ဒီလို နေလာတာမလို့ စိတ်ထဲဘယ်လိုမှမနေဘူးရယ်။
အဝတ်အစားလဲပြီးတဲ့နောက်တော့ အမေ့ကိုသွားရှာပြီး “အမေ၊ ကျွန်တော်လမ်းထိပ်ထွက်လိုက်ဦးမယ်နော်။” လို့ ခွင့်တောင်း အိမ်အပြင်ကိုထွက်လာခဲ့တယ်။
“ဟီးဟီး၊ ဒီနေ့က လကုန်ရက်လေ။ Silver Bandက အခွေအသစ်ထွက်မယ်လို့ကြေညာထားတဲ့နေ့မလား။”
ကျွန်တော့်ခြေထောက်တွေကတော့ လမ်းထိပ်မှာရှိတဲ့ အခွေအရောင်းဆိုင်ကိုဦးတည်လို့။ ဒါပေမဲ့ အခွေဆိုင်ကို ရောက်တဲ့အခါမှာတော့ စိတ်ပျက်စရာသတင်းကို ကြားရ တော့တာပါပဲ။
“ကောင်မလေး၊ မင်းအဲဒီသတင်းမကြားသေးဘူးလား။ Silver Bandရဲ့အဖွဲ့ခေါင်းဆောင် ဆိုဖီယာ-ချန်က ကျန်းမာရေးမကောင်းလို့ အနားယူသွားတဲ့သတင်းလေ။ တစ်လလုံးလျှို့ဝှက်ထားတာမလို့ သတင်းတက်မလာပေမဲ့ အခုတော့ အခွေမထုတ်နိုင်တော့တာနဲ့ တရားဝင်ကြေညာ လိုက်တာ။”
ကျွန်တော် အံ့ဩလွန်းလို့ ဘာပြောရမှန်းကို မသိတော့ဘူး။ ဆိုဖီယာ-ချန်က Silver Bandရဲ့အဓိကအဆိုရှင်ဖြစ်ပြီး ချစ်စရာကောင်းတဲ့ အိန္ဒိယကပြားသူလေးပါ။ ပြီးတော့ အခုထွက်လာတဲ့သတင်းကလည်း မတိကျတာတွေများပြီး ဘာမှန်းမသိရတာကြောင့် စိုးရိမ်မိတယ်။ ဂျင်းနတ်ဆိုးနဲ့ ရင်ဆိုင်ရင်း ဒဏ်ရာရသွားတာများလား။ မဟုတ်သေးဘူး၊ ဆိုဖီယာက သိပ်တော်တဲ့ A list စာရင်းဝင်အိုက်ဒေါပါ။ ဘယ်နည်းနဲ့မှ ဂျင်းနတ်ဆိုးတစ်ကောင်ကို ရှုံးမှာမဟုတ်ဘူးရယ်။
နောက်ဆုံးတော့လည်း လိုချင်တဲ့အခွေမရတာကြောင့် စိတ်ပျက်စွာနဲ့ပဲ အိမ်ပြန်လာခဲ့တယ်။
အီးဟီးဟီးဟီး...
အိမ်အပြန်လမ်း၊ ကလေးကစားကွင်းတစ်ခုကို ဖြတ်သွားတဲ့ အချိန်မှာ ကလေးတစ်ယောက်ငိုသံကြားတာနဲ့ ကျွန်တော် လှမ်းကြည့်လိုက်မိတော့ ကြွက်တစ်ကောင်ရဲ့ခေါင်းရှိပြီး မတ်တပ်ရပ်နေတဲ့ မွန်းစတားကြီးတစ်ကောင်က ပါးစပ်ကြီး ဟပြီးတော့ ပတ်ဝန်းကျင်က အရောင်တွေကို စုပ်ယူနေတာ မြင်လိုက်ရတယ်။ သူ့ရှေ့မှာတော့ မူလတန်းအရွယ် ကောင်မလေးတစ်ယောက်က အဆက်မပြတ်ငိုယိုနေပါတယ်။
“အီးဟီးဟီး... မိနီလေးဘယ်ရောက်သွားပြီလဲ မသိဘူး... အီးဟီးဟီး...”
ကလေးမလေးက တစ်ခုခုပျောက်သွားပုံရပြီး စိတ်ညစ်နေတာ။ အဲဒါကို ဒီဂျင်းနတ်ဆိုးကောင်က အခွင့်ကောင်းယူပြီး မျှော်လင့်ချက်တွေကို စုပ်ယူနေတာ။ စကားမစပ်၊ ဂျင်းနတ်ဆိုးတွေကို သာမန်လူတွေက မမြင်ရပါဘူး။ ထူးခြားတဲ့ပါရမီရှိသူတွေပဲ မြင်ရတာ။ သူတို့တည်ရှိမှုက လျှို့ဝှက်ချက်မဟုတ်ပေမဲ့ပေါ့။
ကျွန်တော်လည်း သူတို့ကိုမြင်ရတယ်။ ဒါပေမဲ့ ယောက်ျားလေးတစ်ယောက်က မြင်ရတော့ရော ဘာလုပ်ရမှာလဲ။ ဒီကမ္ဘာမှာ ဂျင်းနတ်ဆိုးတွေကို တိုက်ခိုက်နေတဲ့ အိုက်ဒေါအားလုံးက မိန်းကလေးတွေ ဖြစ်ပြီးတော့ ယောက်ျားလေးအိုက်ဒေါဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။
ဒါပေမဲ့...
“ဒီကလေးမလေး ဒုက္ခရောက်နေတာကို ဒီအတိုင်း ကြည့်နေလို့မဖြစ်ဘူး။ နယ်ခံအိုက်ဒေါအဖွဲ့တွေ ရောက်မလာခင် အာရုံလွှဲထားမှဖြစ်မယ်။”
ဒီအတွေးနဲ့ကျွန်တော်လည်း ကောင်မလေးရှေ့မှာ ဝင်ရပ်ပြီး လက်တစ်ဖက်ကိုရှေ့ထုတ်ကာ သေနတ်နဲ့ချိန်ထားတဲ့ ပုံစံ လုပ်လိုက်တယ်။ ကောင်မလေးလည်း ငိုနေရာကနေ အံ့ဩပြီးရပ်သွားတယ်။
ဂျင်းနတ်ဆိုးတွေကို တားဆီးချင်ရင် လုပ်ရမှာတစ်ခုပဲ ရှိပါတယ်။ သူစုပ်ယူနေတဲ့ လူသားတွေ စိတ်တက်ကြွလာပြီး စိတ်ညစ်စရာတွေမေ့သွားအောင် လုပ်ဖို့ပါ။ ဒါကြောင့်လည်း အိုက်ဒေါတွေက အကောင်းဆုံးလက်နက်ဖြစ်လာကြတာ။
🎵ဟေး၊ စိတ်ညစ်တိုင်း ငေးမှိုင်ပြီးငိုယိုနေလို့ မဖြစ်ဘူးနော်။🎵
ဘန်း...
ကျွန်တော်လည်း ကျွန်တော်အကြိုက်ဆုံး Silver Band အဖွဲ့ရဲ့သီချင်းတစ်ပုဒ်ထဲက ကကွက်တစ်ခုအတိုင်း စကလိုက်တယ်။ အိုက်ဒေါအစစ်မဟုတ်လို့ ဂျင်းနတ်ဆိုးကို နိုင်ချင်မှနိုင်မှာဆိုပေမဲ့ အနည်းဆုံးတော့ အိုက်ဒေါတွေ ရောက်မလာခင် ကလေးမလေးကို ကာကွယ်ပေးနိုင်မှာပါ။
🎶ခေါင်းကိုငိုက်စိုက်ချပြီး လမ်းလျှောက်နေတာမြင်ထဲက ငါသိလိုက်တယ်🎶
🎵စိတ်ညစ်နေပြန်ပြီလား🎵
ကျွန်တော်ကနေတာမြင်တော့ ကလေးမလေး ငိုနေတာ ရပ်သွားပြီး စပြုံးလာတယ်။ တစ်ချိန်တည်းမှာပဲ ဂျင်းနတ်ဆိုး ဒေါသထွက်လာတော့တာပေါ့။
“နောက်တစ်ခါ အသိမပေးဘဲရောက်လာကြပြန်ပြီ။ အဲဒါကြောင့် အိုက်ဒေါတွေကို မုန်းတာကွ။”
သူက ထပ်ပြီးတော့ ကျွန်တော်တို့ကိုအန္တရာယ်ပေးဖို့ လုပ်ပေမဲ့ သူ့ဘက်ကိုလှည့်ပြီးတော့ လက်နဲ့သေနတ်ပစ်သလို လုပ်လိုက်တော့ တစ်ခါတည်းမျက်လုံးကြီးပြူးပြီး ကြောက်လန့် ထွက်ပြေးသွားလေရဲ့။
“ဟူး... တော်သေးတာပေါ့၊ သူက ငါ့ကိုအိုက်ဒေါအစစ်လို့ ထင်ပြီးထွက်ပြေးသွားတာပဲ။”
ကျွန်တော် သက်ပြင်းချလိုက်မိတယ်။ ဒါပေမဲ့ တစ်ပြိုင်နက်တည်းဆိုသလိုပဲ
ဖြောင်း... ဖြောင်း... ဖြောင်း...
လက်ခုပ်တီးသံကြားလိုက်ရတဲ့အတွက် နောက်ကို လှည့်ကြည့်တော့ မနက်က တွေ့ခဲ့တဲ့ ဖုန်းပြောနေတဲ့သူက ကစားကွင်းထဲကို ဖြည်းဖြည်းချင်းဝင်လာတာ တွေ့လိုက်ရတယ်။
သူက ရွှေရောင်ဆံပင်ကို သေသပ်စွာဂျယ်ထောင်ထားပြီး ရေဘင်တံဆိပ်နေကာမျက်မှန်ကိုတပ်ထားတယ်။ အနောက်တိုင်းဝတ်စုံဝတ်ထားပေမဲ့ ဝတ်စုံပြည့်မဟုတ်ဘဲ နက်ကတိုင်မပါဘူး။ ဒါပေမဲ့စတိုင်ကတော့အပြည့်ရယ်။
“အထင်ကြီးစရာပဲ... ဒီလိုနေရာမျိုးမှာ မင်းလိုရွက်ပုန်းသီး ပါရမီရှင်ကောင်မလေးနဲ့ တွေ့ရမယ်မထင်ဘူး။ သေချာ လေ့ကျင့်မထားတာတောင်မှ ဂျင်းနတ်ဆိုးတစ်ကောင်ကို နှင်ထုတ်လိုက်နိုင်တာပဲ။”
ဒီလူက ဘာလား။ ကျွန်တော့်ကို ဝတ္ထုထဲက ဒိုင်ယာလော့တွေလို ထူးထူးဆန်းဆန်းစကားတွေ လာပြောနေတယ်။ ပြီးတော့ ကျွန်တော့်ကို မိန်းကလေးလို့ အထင်မှားနေတဲ့ပုံပဲ။
“စိတ်မရှိပါနဲ့၊ ခင်ဗျားက ဘယ်သူလဲဟင်။”
ကျွန်တော်မေးလိုက်တော့ အဲဒီလူက အရှိုက်ထိသွားဟန်နဲ့ သူ့ရင်ဘတ်သူ ဆုပ်ကိုင်ထားလိုက်ပြီး “အောင်မလေး၊ ရင်ထဲကို ထိသွားတာပဲ။ ခင်ဗျားတဲ့။ ဝတ်ပုံစားပုံတွေ့ကတည်းက Tomboy typeလို့ ထင်မိသား။ သေချာပေါက်အောင်မြင်မယ့် ကလေးမပဲ။”
“....” ဘာပြောရမှန်းမသိတော့ဘူး။
“ကိုယ့်ကိုယ်ကိုယ် အသေအချာနှုတ်ဆက်ခွင့်ပေးပါ။ ဟောဒီက မင်းရှေ့ကိုရောက်နေတဲ့ကျွန်တော်က ဂရီဂိုရီ တေးထုတ်လုပ်ရေးကုမ္ပဏီရဲ့စီအီးအို တင်မီ ဂရီဂိုရီပါပဲ။”
နေပါဦး၊ ဒီလူနောက်နေတာလား။ အဲဒါက Silver Bandနဲ့ စာချုပ်ချုပ်ထားတဲ့ကုမ္ပဏီလေ။ နောက်ပိုင်းခေတ်စားနေတဲ့ ကျားဖြန်လားဘာလားပဲ။ သူက ကျွန်တော့်ကို လိပ်စာကတ်တစ်ကတ် ယဥ်ယဥ်ကျေးကျေး ကမ်းပေးပြီးနောက် စကားဆက်ပါတယ်။
“အပြန်အလှန်အနေနဲ့ ဒီက မင်းလေးရဲ့နာမည်ကို သိပါရစေ။”
ကျွန်တော်လည်း အမှန်အတိုင်းပြောလို့ အရှုံးမရှိဘူးလို့ စဥ်းစားလိုက်ပြီး အခုလိုပြောလိုက်တယ်။
“ကျွန်တော့်နာမည်က မင်းလွင်ပါ။ ပြီးတော့ Tom boy မဟုတ်ရပါဘူးဗျာ။ ကျွန်တော်က တကယ့်ယောက်ျားလေး။”
တကယ့်ယောက်ျားလေး.... တကယ့်ယောက်ျားလေး... တကယ့်ယောက်ျားလေး...
အဲဒီစကားကိုလည်းကြားရော တင်မီဆိုတဲ့ကိုယ်တော်ချော ဒူးထောက်ကျသွားပြီး သူ့နားတွေကို လက်တွေနဲ့အုပ်ထားပြီး အကျယ်ကြီးအော်ဟစ်လိုက်တယ်။ The Scream ပန်းချီကားထဲကအတိုင်းပဲ။
“မဖြစ်နိုင်တာ... Tomboy typeမဟုတ်ဘဲ Trap Typeကြီးလား။”
သူ့ကြည့်ရတာ အတော်လေးတုန်လှုပ်သွားပုံပဲ။ ဒါပေမဲ့ သူက ခေါင်းကိုခါယမ်းလိုက်ပြီး ပြန်ထလာတယ်။ ပြီးတော့ ကျွန်တော့်ပခုံးပေါ် လက်နှစ်ဖက်လုံးတင်ပြီး...
“ဘာပဲဖြစ်ဖြစ်ကွာ.. ညီ့ကို အစ်ကိုသဘောကျသွားပြီ။ အစ်ကိုနဲ့တစ်ခါတည်းလိုက်ခဲ့။ ဒီနေ့ကစပြီး တက်သစ်စ အိုက်ဒေါအဖြစ် ပျိုးထောင်ပေးမယ်။ ဒီလောက်တော်တဲ့ ပါရမီရှင်မျိုး တစ်ခါမှမမြင်ဖူးသေးဘူး။”
“.....” ဒီလူ ပြန်ပေးဆွဲဖို့ အနုနည်းနဲ့ကြိုးစားနေတာတော့ မဟုတ်လောက်ပါဘူးနော်။ သူ့နေကာမျက်မှန်နောက်က အရောင်လဲ့နေတဲ့မျက်လုံးတွေကိုကြည့်ရင်း ကျောချမ်း လာနေပြီ။
နောက်ပြီး ယောက်ျားလေးက အိုက်ဒေါလုပ်ရမယ်တဲ့ အဓိပ္ပါယ်မရှိတာကြီး။