နားထောင်ခြင်း
Vol. 013 Ch. 1279
ဖေမင်းက မှော်ကု့ချင်းထံသို့ ပြင်းထန်သော ဓားအသိများ ရစ်ပတ်လျက် လျှောက်လှမ်းသွားသည်။
ချက်ချင်းပင် ဓားအရောင်အဝါများနှင့် ကု့ချင်း အရှိန်အဝါတို့ ရင်ဆိုင်တွေ့မိသည်။
သူက လက်ကို ဆန့်တန်းလိုက်လျှင် ဓားအသိများ မြည်တွန်ကြသည်။ ကြောက်မက်ဖွယ်ဓား အသိများ ဖွဲ့စည်းခြင်းမှ သူ၏လက်ထဲတွင် တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။
သူက လက်ကို တစ်ချက်ယမ်းလိုက်ကာ ရှေ့သို့ လက်ညှိုးဖြင့် ထိုးလိုက်သည်။ ဓားသည် လေထုကို ခွင်းသွားပြီး ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများကို ဖြတ်သန်းကာ ကု့ချင်းထံသို့ ဦးတည်သွား၏။ သူက ကြိုးများကို ထိခတ်ရန် မကြိုးစားခဲ့ပေ။ တစ်နည်းအားဖြင့် သူက ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။
ထန် ...
ဓားသည် ကြိုးပေါ်သို့ ကျဆင်းသွား၏။ ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါများ ကပ်ငြိနေသော သံစဉ်သည် လေထုကို ခွင်းကာ ဖေမင်ထံသို့ တိုးဝင်လာခဲ့သည်။
ဖေမင်က ရှေ့သို့ တိုးသွားလိုက်၏။ သူ့ရှေ့တွင် ဓားအသိတစ်ခု စုဖွဲ့လာပြန်သည်။ လက်ကို ယမ်းလိုက်လျှင် နောက်ထပ် ဓားတစ်လက် ထွက်သွားသည်။ ဓားသည် မူလပထမက ဓားထက် ပိုမိုအားကောင်းကာ ဖြန်သန်းသွားရာ လမ်းတစ်လျှောက် ပြင်းထန်သော အသံအား ဖြစ်ပေါ်စေသည်။
ဓားသည် ဒုတိယကြိုးကို ထိမိကာ အသံမြည်သည်။ ဤတွင် ကြိုးများပေါ်၌ ဓားနှစ်လက် ရှိနေပြီဟု ဆိုနိုင်၏။
ကြိုးများက ဆက်လက် တုန်ခါကာ ပြင်းထန်သော နတ်ဆိုးစွမ်းအားများ ဆက်လက်၍ အော်မြည်သည်။ ကြိုးများပေါ်မှ ဓားများသည်လည်း ဆက်လက်၍ တုန်ခါကာ ကြောက်မက်ဖွယ်ဓား အသိများ မိုးစက်များပမာ ကျဆင်းလာပြီး ဓားများနှင့် ပေါင်းစပ်ပျော်ဝင်ကာ ဆက်လက် တည်တံ့စေ၏။
တတိယဓား ထွက်ပေါ်လာသည်။
ထို့နောက် စတုတ္ထဓား၊ ပဉ္စမဓား။
ဓားတစ်လက်စီသည် ရှေ့မှ ထုတ်လွှတ်သော ဓားထက် ပိုအားကောင်း၏။
လေထုတစ်ခုလုံးသည် နတ်ဆိုးစွမ်းအားများဖြင့် ပြည့်လျှံနေခဲ့ကာ ဖေမင်သည် ၎င်းအတွင်း၌ ပိတ်မိနေသည်ဟု ထင်မှတ်ရ၏။ သို့သော်လည်း သူကား ချိုးဖျက်မရသော ဓားအလား ထိုအထဲတွင် မားမားမတ်မတ် ရပ်နေခဲ့သည်။
ကြောက်မက်ဖွယ် နတ်ဆိုးပုံရိပ်များ ဖြစ်ပေါ်လာကာ ဓားများကို တိုက်စားသွားပြီး အနက်ရောင်အဖြစ် ပြောင်းလဲသွားစေ၏။
သို့သော်လည်း ဖေမင်က ဆဋ္ဌမဓားကို ဆက်လက်၍ ထုတ်လွှတ်သည်။
သံစဉ်များ ပိုမိုပြင်းထန်လာသလို ဖေမင်၏ အရောင်အဝါသည်လည်း ပိုမိုအားကောင်းလာပြီး သူက သတ္တမဓားကို ထုတ်လွှတ်လိုက်ပြန်၏။
သူ့ခန္ဓာကိုယ်တွင် နဂါးသဏ္ဌာန် ဓားတစ်လက် ပေါ်လာပြီး အရာအားလုံးကို ထွင်းဖောက်ကာ ခုနစ်ကြိုးမြောက်ကို ထိရိုက်မိသည်။
ဤတွင် မှော်ကု့ချင်းမှ ကြိုးခုနစ်ပင်လုံး စတင်၍ လှုပ်ခတ်ကာ မြည်သံပေးကြ၏။ အဆုံးအစမဲ့သော သံစဉ်များ ထွက်ပေါ်လာခြင်းမှာ နတ်ဆိုးတစ်ကောင် မြည်သံပေးနေသည်နှင့်တူ၏။
ဓားခုနစ်လက်က တုန်ခါလျှင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတစ်ခု ဖြစ်ပေါ်လာပြီး ကု့ချင်းအား ရစ်ပတ်ကာ အတွင်းမှ နတ်ဆိုးအသိအား ချိုးဖျက်ရန် ကြိုးစားသည်။
ဖေမင်က ရှေ့သို့ တက်သွားကာ သူ့ကိုယ်တိုင်အား အဋ္ဌမဓားအဖြစ်ဖြင့် ပစ်လွှတ်လိုက်သည်။
ပတ်ဝန်းကျင် တစ်ခုလုံး ဆူညံနေခဲ့ကာ အရာအားလုံးမှာ နက်မှောင်သွားသည်။ ပတ်ဝန်းကျင်မှ မက်မန်ပန်းများမှာလည်း မြန်ဆန်စွာ ခြောက်သွေ့သွားပြီး အရာအားလုံးမှာ သေဆုံးသွားဟန်ရသည်။
ဖေမင်သည် ကု့ချင်းကို တီးခတ်သော ကြောက်မက်ဖွယ် ပုဂ္ဂိုလ်တစ်ဦးအား မြင်သည်။ ကြိုးခုနစ်ချောင်းမှ ထွက်သောအသံမှာ ထိုပုဂ္ဂိုလ် တီးခတ်နေခြင်းဟု ထင်မှတ်ရ၏။
အက်ကွဲသံ တစ်ခုနှင့်အတူ ဓားခုနစ်လက်လုံး ပြိုပျက်သွားတော့သည်။ ဖိနှိပ်ထားသော နတ်ဆိုးအသိမှာလည်း ပေါက်ကွဲထွက်လာကာ ဖေမင်ထံသို့ ရိုက်ခတ်လာတော့သည်။
ဝုန်း ...
ပေါက်ကွဲသံ တစ်ခုနှင့်အတူ ဖေမင်ထံမှ ညည်းသံတစ်ချက် ကြားရသည်။ ဓားတစ်လက် အဝေးသို့ လွင့်သွားသည့်အလား စူးရှသော အသံနှင့်အတူ မြေပြင်နှင့် ထိရိုက်သံတစ်ခု ထပ်ထွက်လာသည်။
ဖူး ...
ဖေမင် သွေးတစ်ပွက် အန်ထုတ်၏။ သို့သော်လည်း သူ့မျက်လုံးများထဲတွင် လေးစားသော အငွေ့အသက်များ ရှိနေသည်။
တီးလုံး ခုနစ်ခုကိုသာ တီးခတ်နိုင်သော်လည်း သူ၏ ကြိုးစားအားထုတ်မှုမှာ အသိအမှတ် ပြုစရာဖြစ်သည်။
သူက တီးလုံးခုနစ်ခု အကန့်အသတ်ကို ချိုးဖျက်လိုကာ နတ်ဆိုးအသိအား သူ၏ဓားဖြင့် ချိုးနှိမ်လိုခဲ့သည်။
သူ မအောင်မြင်ခဲ့သော်လည်း သူ၏ကြိုးစားမှုက သိသာ၏။
သူက ရှဲ့ချင်းရှန်း ကိုပြောခဲ့သလိုပင် သူ၏ အခွင့်အရေးက နည်းပါးသော်လည်း သူကြိုးစားခဲ့၏။
ဖေမင် နောက်ကို လွင့်သွားသည်နှင့် နောက်တစ်ဦးက မှော်ကု့ချင်းထံသို့ ဦးတည်လိုက်သည်။
ထိုသူကား အလွန်မြန်သည်။ သူက လက်ကို ဆန့်ထုတ်ကာ လေဟာနယ်ဓာတ်များအား ထုတ်လွှတ်သည်။ သူက လက်ဝှေ့ယမ်းကာ ကု့ချင်းနှင့် ဆက်နွှယ်ရန် ကြိုးစားသည်။
“ကျန်းထိုက်အယ်” သူ့ကို မြင်သူတိုင်းက လေးနက်သော အမူအရာများ ဖြစ်လာကြသည်။
ကျန်းထိုက်အယ် ကား သွေးနဂါးမြို့၊ ကျန်းကလန်မှ လေဟာနယ်ဓာတ်ကို ကျင့်ကြံသူဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကာ ကျန်းကလန် သည် ရန်ဟောင်မျိုးဆက်များ ဖြစ်သည်ဟု ဆိုကြသည်။
ကျန်းထိုက်အယ်ကား သွေးနဂါးမြို့တွင် အလွန်ကျော်ကြား၏။ သူနှင့်လော့ယန်တို့ နှစ်ဦးသည် သွေးနဂါးမြို့တွင် အကျော်ကြားဆုံး ပါရမီရှင်နှစ်ဦးဟု ဆိုနိုင်ပေသည်။ နှစ်ဦးလုံးသည် ဒေသဘုရင် အဆင့်ဝင်၏။
သို့သော်လည်း အဆုံးသတ်၌ ကျန်းထိုက်အယ်၏ စွမ်းအားဖြင့်ပင် သူသည် မှော်ကု့ချင်းအား တီးလုံးခုနစ်ခု အထိသာ တီးခတ်နိုင်ခဲ့သည်။ ကျန်းထိုက်အယ်လည်း မအောင်မြင်ခဲ့ပေ။
လော့ယန်၊ ယွီရှီးဖေးနှင့် ရှဲ့ချင်းရှန်း တို့ကလည်း ဆက်လက်၍ ကြိုးစားကြသည်။ သို့သော်လည်း မည်သူကမှ တီးလုံးခုနစ်ခုထက် ပိုမိုသာလွန်အောင် မလုပ်နိုင်ကြပေ။ ထိုမျှက ကု့ချင်းကို တီးခတ်နိုင်သော အကန့်အသတ်ဟု ထင်မှတ်ရသည်။
ရှင်းခိုင်လည်း ကြိုးစား၏။ သူက နတ်ဘုရားတစ်ပါး ဟန်ပန်ဖြင့် ကု့ချင်းထံသို့ လျှောက်သွားခဲ့သည်။
သူက ကု့ချင်းအား ပြင်းထန်စွာ တိုက်ခိုက်သည်။ ကု့ချင်းထံမှလည်း တူညီစွာပင် ဒေါမာန်ထနေသော အသံကြီးများ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း ခုနစ်ကြိမ်မြောက် ကြိုးစားမှုတွင် သူသည်လည်း နောက်သို့ လွင့်စဉ် သွားခဲ့သည်။
“မှော်ကု့ချင်းက ဒီနှစ်မှာလည်း အောင်နိုင်သူ ဖြစ်နေတုန်းပဲ” လူအများအပြားက သက်ပြင်းချကြသည်။
ထို့နောက်တွင် ရီဖူရှင်းမှလွဲ၍ မက်မွန်ဖိတ်ကြားလွှာ ရရှိသူတိုင်းက ကြိုးစားခဲ့ကြသည်။
ရီဖူရှင်းက ကြိုးစားကြည့်လျှင်ပင် လူတိုင်းကလည်း ယခင်လူများကဲ့သို့ ထူးခြားမည် မဟုတ်ဟု ယူဆကြ၏။
မှော်ကု့ချင်းကား ကျိန်စာဆိုး တစ်ခုလို ချိုးဖျက်ရန် လွယ်ကူမည့်ပုံ မပေါ်ပေ။
လူအများအပြားက ထရပ်ရန် စိတ်ဝင်စားဟန် မရသော ရီဖူရှင်းအား လှမ်းကြည့်ကြသည်။
“သူက တစ်ခါလေးတောင် မကြိုးစား ကြည့်တော့ဘူးလား” အချို့က တွေးကြသည်။
ရီဖူရှင်းကလည်း တီးလုံး မည်မျှ တီးခတ်နိုင်မည်ကို သူတို့ သိလိုကြသည်။
“မြို့စားရီလည်း တစ်ခါလောက် စမ်းကြည့်ပါလား” ချီရှန်းက မေးသည်။
“အရှင့်သား ... ရှဲ့ချင်းရှန်းပြောတာ ဟုတ်လောက်တယ်။ ကျုပ်တို့က ကြိုးကိုပဲ ထိခတ်ဖို့ ကြိုးစားတာဆိုရင် တီးလုံးခုနစ်ခုက အကန့်အသတ်ပဲ။ ဘယ်သူကမှ နတ်ဆိုးအင်ပါယာရဲ့ စိတ်အသိကို ရှန့်ထိုအဆင့်နဲ့ အန်တုနိုင်မှာ မဟုတ်ဘူး” ရီဖူရှင်း ပြောသည်။
ချီရှန်းကလည်း ထိုသို့ တွေးမိပေသည်။ မှော်ကု့ချင်းကား နှစ်ပေါင်းများစွာ ဖြေရှင်းမရသော ပုစ္ဆတစ်ပုဒ်ဖြစ်သည်။
“ဒါဆို မြို့စားရီ ပြောတာက မှော်ကု့ချင်းကို လွှမ်းမိုးနိုင်ဖို့ တစ်စုံတစ်ယောက်က ရန်ဟောင်ဖြစ်ဖို့ လိုတာလား” ချီရှန်းက မေးသည်။ သည်နည်းဖြင့်သာ နတ်ဆိုးအင်ပါယာ၏အသိကို ချိုးနှိမ် နိုင်လိမ့်မည်။
“တစ်စုံတစ်ယောက်က မှော်ကု့ချင်းကို သီချင်းတီးဖို့ဆိုရင် ရန်ဟောင် မဟုတ်တဲ့သူ အတွက် အရမ်းခက်ခဲလိမ့်မယ်” ရီဖူရှင်းက ဆက်ပြောသည် ... “ကျုပ်လည်း ဒီလို မစွမ်းသာပါဘူး။ တီးလုံးအချို့ကိုပဲ အများဆုံး တီးနိုင်လိမ့်မယ်။ ကု့ချင်းကို ချိုးနှိမ်ဖို့ကတော့ မဖြစ်နိုင်ဘူး”
“မြို့စားရီပြောတာ မှန်တယ်။ ရန်ဟောင်တစ်ပါးရဲ့ စိတ်အသိကို ချိုးနှိမ်ဖို့ကတော့ တကယ် မဖြစ်နိုင်တာပဲ။ ဒါပေမဲ့ သီချင်းတစ်ပုဒ် မဟုတ်ရင်တောင် သံစဉ်အချို့ တီးခတ်နိုင်တယ် ဆိုရင် မှော်ကု့ချင်းရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်တာ ဖြစ်လို့ မြို့စားရီသာ အဲလို တတ်နိုင်ခဲ့ရင် ကု့ချင်းကို ယူနိုင်တယ်”
“ကျုပ် ကြိုးစားကြည့်ပါ့မယ်” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူက မှော်ကု့ချင်း ရှိရာသို့ လျှောက်သွားလိုက်သည်။
မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်းကို ကြည့်ကြသည်။ မည်သူကမှ ရီဖူရှင်းကို ထူးထူးခြားခြား လုပ်နိုင်မည်ဟု မယုံကြည်ကြပေ။
ရီဖူရှင်းက မှော်ကု့ချင်းထံသို့ လျှောက်သွားလိုက်လျှင် ပြင်းထန်သော နတ်ဆိုး အရှိန်အဝါများ သူ့ထံကို ရိုက်ခတ်လာခဲ့ကာ သူ့စိတ်အား လွှမ်းမိုးသည်။
သူကား နတ်ဆိုးသီးသန့်နယ် တစ်ခုထံသို့ စုပ်ယူခံလိုက်ရပြီး တခြားလောက တစ်ခုသို့ ရောက်လာဟန်ရသည်။
ကောင်းကင်တွင် ဧရာမမှော်ကု့ချင်း တည်ရှိနေသည်။ ရီဖူရှင်းက သူ၏စိတ်အသိဖြင့် ချဉ်းကပ်လိုက်လျှင် နတ်ဆိုးအသိ၏တိုက်စားမှုကို ခံရသည်။
သူက လက်ကို ဆန့်တန်းကာ ကြိုးအား ထိလိုက်သည်။
လူတိုင်းက စိတ်ဝင်စားစွာ ကြည့်နေကြသည်။ ရီဖူရှင်းက လက်ကို ကြိုးပေါ်သို့ တင်လိုက်သော်လည်း သူက ကြိုးအား တီးခတ်ခြင်း မရှိသည်ကို မြင်ကြရသည်။ သူက လက်ကို တင်ရုံမျှသာ တင်ထား၏။
“သူ ဘာလုပ်နေတာလဲ” အားလုံးက ထူးဆန်းစွာ ကြည့်နေကြသည်။
သူ ဘာလုပ်ရန် ကြိုးစားနေသည်ကို သူတို့ မတွေးတတ်ပေ။
ကု့ချင်းတွင် နတ်ဆိုးအင်ပါယာ အသိရှိနေသည်ကို ရီဖူရှင်းက သိထားရာ သူ့အနေဖြင့် သူ၏စိတ်အသိဖြင့် ချိုးနှိမ်ခြင်းမှာ မဖြစ်နိုင်ကြောင်း ကောင်းကောင်း သိလောက်ပေသည်။ တန်ပြန်ထိခိုက်မှုက အလွန်ကြီးမားနိုင်၏။
သူသာလျှင် ရှေ့မှ လူများအတိုင်း ကြိုးစားပါက တူညီစွာ ရှုံးနိမ့် သွားပေလိမ့်မည်။
ထိုအရာက အဆင့်အတန်းနှင့် မဆိုင်သလို နတ်ဆိုးပညာကို လေ့ကျင့်ခြင်း မလေ့ကျင့်ခြင်းနှင့်လည်း မဆိုင်ပေ။
မှော်ကု့ချင်းတွင် ဝိညာဉ်ရှိကာ ကု့ချင်းကို ချိုးနှိမ်ရန် ကု့ချင်း၏ အသိကို နားလည်ဆင်ခြင်ရန် လိုပေသည်။
ရီဖူရှင်းက ကု့ချင်းထံမှ ရိုက်ခတ်လာသော နတ်ဆိုးအသိအား မဆန့်ကျင်ပေ။ သူ၏စိတ်အသိသည် မြန်ဆန်စွာပင် နတ်ဆိုးအသိများဖြင့် စီးဆင်း သွားတော့သည်။
သူကား နတ်ဆိုး အသိများ၏ လွှမ်းမိုးမှုကို ခံလိုက်ရဟန်ပင် တူသည်။
သူ့မျက်နှာတစ်ခုလုံး နက်မှောင်လာ၏။
နတ်ဆိုး အရောင်အဝါများသည် သူ့တစ်ကိုယ်လုံးကို စီးဆင်းလာခဲ့သည်။
ချီရှန်းက ထိုမြင်ကွင်းကို စိတ်ဝင်စားစွာ ကြည့်နေသည်။ သူနှင့် ယွီရှီးဖေးတို့ကလည်း အချင်းချင်း ကြည့်မိကြသည်။ နှစ်ဦးသား၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ရှိနေသည်။
နှစ်ဦးလုံးသည် ကု့ချင်းကို ကျွမ်းကျင်ရာ ရီဖူရှင်း ဘာလုပ်လိုသည်ကို သိကြ၏။
ရီဖူရှင်းက ကြိုးကို မတီးခတ်သေးပေ။ သူက နားထောင်နေခြင်း ဖြစ်သည်။
သူက ကု့ချင်းအသိကို နားထောင်နေခြင်း ဖြစ်၏။
အတိတ်တွင် မည်သူကမှ ထိုသို့ မကြိုးစားဖူးကြပေ။
ယခုတွင် ချီရှန်းနှင့် ယွီရှီးဖေးတို့ နားလည် သဘောပေါက်လိုက်ကြသည်။ သူတို့ နားလည်လိုက်သည်က သူတို့သည် ယခင်ကတည်းက ဤသို့ ကြိုးစားခဲ့သင့်သည် ဟူ၍ဖြစ်သည်။
***