← Chapters

စာလုံးထောင်ချီ မှော်စာလိပ်

Vol. 013 Ch. 1280

စာလုံးထောင်ချီ မှော်စာလိပ်

Vol. 013 Ch. 1280

နတ်ဆိုးအသံသည် အော်မြည်နေပြီး သူ့အနားတွင် ရစ်ဝဲနေကာ ရီဖူရှင်း၏ အသိအတွင်းသို့ ဆက်လက် ကျူးကျော်လာနေသည်။ ကြောက်မက်ဖွယ် နတ်ဆိုး အရောင်အဝါများက သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် စီးဆင်းနေသည်။ သူ၏ ဖြစ်တည်မှု တစ်ခုလုံးသည် ထိုနတ်ဆိုး စွမ်းအင်များနှင့် ထိန်းချုပ်ခံထားရ သကဲ့သို့ ထင်မှတ်ရပေ၏။

သူ၏ ခပ်ချောချော မျက်နှာပေါ်တွင် နက်မှောင်နေသည့် နတ်ဆိုး အရောင်အဝါများ ထင်ဟပ်နေသည်။ သူသည် ထိုသို့ ပြောင်းလဲသွားတော့မလို မဟူရာအလင်းများသည် သူ၏ မျက်လုံးများတွင် တောက်ပနေ၏။

သူ့ဝတ်ရုံက လေထဲဝဲလွင့်နေကာ အနက်ရောင် မက်မွန်ပွင့်များက တဖြုတ်ဖြုတ် ကြွေကျနေ၏။ သူ၏ ဆံပင်များကတော့ ငွေဖြူရောင်အဖြစ် ကျန်ရစ်ပေသည်။

သူ၏ ထိုချောမောလှသော မျက်နှာသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ အရိုင်းဆန်သော တင့်တယ်မှုများနှင့် တောက်ပနေကာ သူသည် သူမဟုတ်တော့ သကဲ့သို့ ထင်မှတ်ရသည်။ တောင်ပေါ်မှ မရေမတွက်နိုင်သော မျက်လုံးအစုံတို့သည် ရီဖူရှင်းထံတွင် မြဲမြံစွာ တည်ရှိနေကြသည်။ လူတိုင်းသည် တစ်စုံတစ်ရာကို ခံစားနေကြရ ပုံပေါ်သည်။

“အဲဒါက မှော်ကု့ချင်းရဲ့ အသိကို သူ့ကိုယ်ပိုင်အဖြစ် ခံစားနေတာလား။ သူက နတ်ဆိုး စွမ်းအင်တွေက သူ့ကို ဝါးမျိုသွားမှာ မကြောက်ဘူးလား”

သူ၏ ပြောင်းလဲမှုကို မြင်ပြီး အင်ပါယာတုန်း နန်းတော်မှ သွမ့်ဝူကျီက ခပ်တိုးတိုး မေးသည်။

သူက တစ်ချက် ရယ်လိုက်ပြီး အင်ပါယာခွာ၏ အပျက်အစီး နယ်မြေအတွင်းတွင် ရီဖူရှင်းက အဘယ်ကြောင့် အမွေအနှစ်ကို ရရှိနိုင်ခဲ့သည်ကို နားလည်သလိုလို ရှိလာသည်။

ရီဖူရှင်းကား မည်သူမှ မလုပ်ရဲသည့်အလုပ်ကို လုပ်ရဲသူဖြစ်ပေ၏။ သူ၏ရဲရင့်မှုက တခြားလူများနှင့်မတူ။

ကြောက်မက်ဖွယ် နတ်ဆိုးအသိ စွမ်းအားများက မှော်ကု့ချင်းအတွင်း ပြည့်ဝနေပြီး အခြားသူ၏ အသိများဆီသို့ ကျူးကျော်ဝင်ရောက်ကာ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ အလွန်အစွမ်းထက်သည့် ရှန့်ထိုပင်လျှင် သူတို့၏ အသိများကို သက်ရောက် ထိန်းချုပ်ခံရခြင်းမှ ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူတို့၏ နဂိုဗီဇအရ မှော်ကု့ချင်းနှင့် ရင်ဆိုင်သည့်အခါတွင် ပြန်လည်တိုက်ခိုက်ကာ သူတို့ပေါ် လွှမ်းမိုးရန် ကြိုးစားနေသည့် နတ်ဆိုးအသိများကို ဖယ်ရှားရန် ကြိုးစားကြ၏။

ထိုသည်က အများလုပ်ဆောင်ကြသည့် နည်းလမ်းဖြစ်သည်။ သူတို့က တခြားနည်းလမ်းဖြင့် စမ်းကြည့်လိုလျှင်ပင် ထိုအတွေးကို တွေးရုံမျှသာ ဖြစ်ပြီး လုပ်ဆောင်ရန်တော့ ရဲတင်းလိမ့်မည် မဟုတ်ပေ။

ထိုသို့ လုပ်ဆောင်ခြင်း၏ ရလဒ်က သူတို့ အမှန်တကယ် နတ်ဆိုး၏ထိန်းချုပ်ခံ ဖြစ်သွားနိုင်သောကြောင့် ဖြစ်ပေသည်။

အကယ်၍ လူတစ်ဦး၏ အသိစိတ်သည် ဆိုးဆိုးဝါးဝါး ကျူးကျော်လွှမ်းမိုးခြင်း ခံရလျှင် ထိုသူ၏ စိတ်ထဲတွင် ကုစားမရနိုင်သော တစ်သက်တာ စိတ်ဒဏ်ရာများ ဖြစ်ကျန်ရစ်ပေလိမ့်မည်။

နတ်ဆိုးစွမ်းအားများမှ မကောင်းသော လွှမ်းမိုးမှုများကလည်း သူတို့ကို သက်ရောက်လာလိမ့်မည်။

ထိုနည်းလမ်းမျိုးသည် ရေဆန်ကို ခက်ခဲစွာ တက်ရသကဲ့သို့ဖြစ်ကာ လူသားများ၏ ပင်ကိုအသိကို လုံးဝဆန့်ကျင်နေပြီး အလွန် အန္တရာယ်များလှပေသည်။

သို့သော်လည်း ရီဖူရှင်းသည် ထိုသို့ လုပ်ဆောင်ခဲ့၏။

လက်ရှိ မက်မုံပွဲတော်ကို တက်ရောက်ခဲ့သော လူတို့သည် သူတို့ကိုယ်တိုင် ထိုသို့ မလုပ်ဆောင်ရဲသော်လည်း ရီဖူရှင်းက ထိုသို့ တွေး၍ လုပ်ဆောင်သည်ကို မြင်သည့်အခါ သူက မှန်ကန်သည့်အရာ တစ်ခုခုကို လုပ်ဆောင်သည်ဟု မရေမရာ ခံစားလိုက်ကြရသည်။ သို့သော်လည်း သူတို့သည် နတ်ဆိုးအင်ပါယာ၏ အသိကို ရီဖူရှင်း အမှန်တကယ် တောင့်ခံနိုင်မလား ဝေခွဲမရဖြစ်နေဆဲ။

“စိတ်ဝင်စားစရာပဲ”

ရှဲ့ချင်းရှန်းက ပြောသည်။ ရီဖူရှင်းက နတ်ဆိုးအသိကို တိုက်ရိုက်ဖိနှိပ်ကာ ကြိုးများကို မတီးခတ်သော်လည်း သူ၏ အတွေးများသည် နက်နဲကာ ပိုပြီး ရဲတင်းပေသည်။

ရီဖူရှင်းက အဘယ်ကြောင့် သွေးနဂါးဘုံ၏ လူငယ်များအကြားတွင် အတောက်ပဆုံး ဖြစ်လာသည်ဆိုခြင်းက အံ့သြစရာမရှိတော့ပေ။

ရီဖူရှင်းက သူတို့နည်းတူ လုပ်ဆောင်ပါက အောင်မြင်လိမ့်မည် မဟုတ်သည်ကို လူတိုင်း သိရှိကြသလို ရီဖူရှင်းသည်လည်း နားလည်ပေသည်။ ထို့ကြောင့်ပင် သူသည် သူ့နည်းသူ့ဟန်အတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း တခြားလူများ မသိသည်က သူ ထိုသို့ လုပ်ဆောင်ရဲခြင်းမှာ တော်ဝင်အသိစိတ်ကြောင့် ဖြစ်ပေသည်။ မတော်တဆ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင်ပင် နတ်ဆိုးအသိ၏ အပြီးတိုင်လွှမ်းမိုးခြင်း ခံရမှုမှ ရုန်းထွက်နိုင်လိမ့်မည်ဟု ရီဖူရှင်း ယုံကြည်ချက် ရှိပေသည်။

နတ်ဆိုးစွမ်းအားများသည် ကျယ်ပြောသည့် နတ်တောင်တွင် ကျင်းပသည့် မက်မွန်ပွဲတော် အလယ်တွင် ရှိနေသည့် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။ သူ့ကို ကြည့်ရသည်မှာ နတ်ဆိုးတစ်ကောင် အသွင်သို့ ပြောင်းလဲသွားသလိုပင် ဖြစ်၏။

နတ်ဆိုးအလင်းများက ပို၍ ပြင်းထန်လာပြီး ရီဖူရှင်းသည် နတ်ဆိုးအသိများဖြင့် ဖုံးလွှမ်းခံရလုမတတ် ဖြစ်နေသည်ဟု ခံစားရပေသည်။ သူသည် နတ်ဆိုးကမ္ဘာမှ ရှေးဟောင်းဂီတ သံစဉ်များကို ကြားနေရသည်ဟု ထင်မှတ်မိပြီး အသံများက ဝေးလာလိုက် နီးသွားလိုက်နှင့် ဖြစ်နေပေသည်။

ထိုကခုန်နေသည့် သံစဉ်များသည် သူ၏ အသိစိတ်များကို အပြီးတိုင် လွင့်ပါးသွားစေတော့မည့်ပုံ ပေါ်ပေသည်။ ရီဖူရှင်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းစွာ တိုးမြင့် ထွက်ပေါ်လာနေသည့် နတ်ဆိုး စွမ်းအားများသည် သူ့အပေါ် လွှမ်းခြုံလာသည်ဟု ထင်မှတ်ရသော်လည်း သူ့ပင်ကို အသိစိတ်ကတော့ ကျန်ရှိနေသေးပေသည်။

ရီဖူရှင်းသည် နတ်ဆိုးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသလား ထင်မှတ်ရသည်။ သူ၏ မည်းနက်နေသည့် နတ်ဆိုးမျက်လုံးများတွင် နားလည်သဘောပေါက်မှု အရိပ်အယောင်များနှင့်အတူ လင်းလက်နေသည်။ သူသည် သူ့လက်ကို မ လိုက်ပြီး မှော်ကု့ချင်းနှင့် ထိကပ်လိုက်၏။ ထို့နောက်တွင် သူ့လက်ချောင်းများကို ဖြည်းညင်းစွာ ကွေးညွှတ်သည်။

ထိုအချိန်၌ လူတိုင်းက ကြောက်မက်ဖွယ် ကောင်းလှသည့် ဖိအားကြီးကို သူ၏ အနီးပတ်ဝန်းကျင်တွင် ခံစားမိကြသည်။

“သတိထား”

တောင်၏ အချိုးအကွေ့ အဝေးတစ်နေရာမှ ပုဂ္ဂိုလ်တစ်ဦးက မြင်သည်။ လူတိုင်းသည်လည်း တစ်ခုခုကို ခံစားမိလိုက်ပြီး အားလုံးသည် ခုခံရန် သူတို့၏ စွမ်းအားများကို စုစည်းသည်။

ထို့နောက်တွင် ရီဖူရှင်း၏ လက်ချောင်းများသည် တူရိယာပေါ်မှ ကြိုးများကို ရိုက်ခတ်သည်။

နတ်ဆိုးဆန်သည့် သံစဉ်အချို့ကို ကြားလိုက်ရပြီး သဏ္ဌာန်မဲ့ နတ်ဆိုးအလင်းများက နေရာတစ်ခုလုံးကို လွှမ်းခြုံသွား၏။ ဖျက်ဆီးခြင်း နတ်ဆိုးစွမ်းအင်များက နေရာအားလုံးသို့ ပျံ့နှံ့သွားလေသည်။

ဘုန်း...

တန်ခိုးရှင်များသည် သူတို့၏ ပြင်းထန်သည့် အရှိန်အဝါများကို ထုတ်ကာ ခုခံလိုက်ကြသည်။ နတ်ဆိုးစွမ်းအားများက နေရာတစ်ခုလုံးကို လွှမ်းခြုံနေသည်။ လေပြင်းများက တိုက်ခတ်နေပြီး မက်မွန်တောက ခဏချင်းအတွင်း ညှိုးနွမ်းကုန်ကာ နက်မှောင်နေသည့် နတ်ဆိုးကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။

လူအများသည် ခြေလှမ်းပေါင်းများစွာ နောက်သို့ ဆုတ်ခွာသွားရ၏။ ကျယ်လောင်သည့် ဆူညံသံများကို ကြားလိုက်ရပြီး ခုခံနိုင်ရန်အတွက် သူတို့၏ ကိုယ်ပိုင် စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်ကြသည်။

သို့သော်လည်း ထိုအရာအားလုံးက တစ်ခဏအတွင်း ပြီးဆုံးသွားခဲ့သည်။ ထို့နောက်တွင် လူတိုင်းသည် ရီဖူရှင်းထံသို့ သူတို့ အကြည့်များကို ပို့ဆောင်လိုက်ကြသည်။

သူ့လက်ချောင်းများက မှော်ကု့ချင်းကို တီးခတ်နေရာမှ ဖယ်ခွာသည်။ သူသည် နောက်သို့ ဆုတ်ခွာလိုက်ပြီး သူ့ကိုယ်ပေါ်မှ နတ်ဆိုးစွမ်းအားများသည် တဖြည်းဖြည်း ဘာမှမဖြစ်ခဲ့သလို လျော့ပါးသွားသည်။

ထိုအနည်းငယ်သော နတ်ဆိုးတေးသွားက ယခင်က ကြိုးများကို ရိုက်ခတ်ပြီး လူတိုင်း တီးခတ်ခဲ့သလို လူများ တီးခတ်ခဲ့ရာမှ ထွက်ပေါ်လာသည့် ရိုးရှင်းသည့် အသံနှင့် လုံးဝ ကွာခြားလေသည်။

သံစဉ်မှာ အစစ်အမှန် နတ်ဆိုးတေးသွားပင် ဖြစ်၏။

ကြည့်ရသည်မှာ သူလုပ်ဆောင်နိုင်ခဲ့ပုံ ပေါ်သည်။

တစ်ခဏမျှသော အချိန်သာ ဖြစ်သော်လည်း သူသည် မှော်ကု့ချင်းကို အမှန်တကယ် တီးခတ်နိုင်ခဲ့သည်။

ထို့အပြင် သူသည် တစ်ကြိမ် ကြိုးစားရုံမျှဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

လူတိုင်းသည် ရီဖူရှင်းကို လှည့်ကြည့် လိုက်ကြသည်။ ချီရှန်းနှင့် ရီဖူရှင်း ဆွေးနွေးခဲ့သည့် စကားများအရဆိုလျှင် မက်မွန်ပွဲတော် ပေါင်းများစွာတွင် ပါဝင်ခဲ့သော ဤမှော်ကု့ချင်းသည် ဆက်လက် တည်ရှိနေမည် မဟုတ်တော့ပေ။

၎င်းသည် နောက်ဆုံးတွင် သခင်ကို ရှာတွေ့ခဲ့ပြီ ဖြစ်၏။

“မှော်ကု့ချင်းက တော်ဝင်နန်းတော်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တယ်။ ဘယ်သူကမှ သူ့ရဲ့ အလုပ်လုပ်ပုံကို နားလည်နိုင်စွမ်း မရှိခဲ့ကြသလို အဲဒီလိုမျိုးလည်း ကြိုးစားခဲ့ဖူးတာမျိုး မရှိခဲ့ကြဘူး။ အခု မြို့စားရီက ဒီတူရိယာရဲ့ လျှို့ဝှက်ချက်ကို အောင်မြင်စွာ ဖော်ထုတ်ပြီး တီးခတ်နိုင်ခဲ့တယ်။ ကျုပ် အရင်က ပြောခဲ့သလိုပဲ၊ ဒီ ကု့ချင်းက မြို့စားရီအပိုင် ဖြစ်သွားပါပြီ”

ချီရှန်းက ပြုံးကာ ပြောသည်။

ရီဖူရှင်းသည် တွေဝေမနေပေ။ နတ်ဆိုးအင်ပါယာ၏ ကု့ချင်းသည် ရန်ဟောင်အဆင့် ရတနာဖြစ်ပြီး ဤကဲ့သို့ အဖိုးတန်သောအရာကို သူ့တွင် ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။ ထို့အပြင် မှော်ကု့ချင်းကို သူ့ဆီက ယူဆောင်ရန် လိုက်လံဖမ်းဆီးမည့် သူများလည်း မရှိပေ။

“ကျေးဇူးတင်ပါတယ် အရှင်မင်းသား”

ရီဖူရှင်းသည် သူ၏ လက်များကို စုဆုပ်ကာ ပြောသည်။ ကောင်းကင်မှ ပြန်လည်မွေးဖွားခြင်း အဆင့်တစ်ယောက် ဆင်းသက်လာသည်။ ကု့ချင်းထည့်သည့် သေတ္တာတစ်လုံး ပေါ်ပေါက်လာကာ  တောက်ပသော အလင်းများ ထုတ်လွှတ်နေပြီး ကု့ချင်းကို လွှမ်းခြုံသွားကာ ထိုအတွင်းသို့ သိမ်းဆည်းသည်။

ထိုသေတ္တာသည် ၎င်းကိုယ်တိုင်၌ပင် မှော့်ကုချင်း၏ စွမ်းအားများ ပါဝင်နေသည်မှာ ထင်ရှားလှပေသည်။

သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး သေတ္တာက ရီဖူရှင်းထံသို့ ပျံသန်းလာသည်။

ရီဖူရှင်းသည် ထိုအရာကို ယူဆောင်လိုက်ကာ သူ ယခင်ရပ်နေရာသို့ ပြန်လှည့်မသွားခင်မှာ သူ၏ သိုလှောင်လက်စွပ် အတွင်းသို့ အရင် ထည့်သိမ်းသည်။

မှော်ကု့ချင်းသည် နောက်ဆုံး၌ သူ့အပိုင် ဖြစ်လာခဲ့ပြီ ဖြစ်၏။

“မှော်ကု့ချင်းက မက်မွန်ပွဲတော်များစွာမှာ ပါဝင်ခဲ့ပြီး နောက်ဆုံးတော့ သခင်ရှာတွေ့ခဲ့ပြီ”

ချီရှန်းက ပြုံးကာ ပြောသည်။ သူ့အတွက်ကတော့ အဖိုးတန်လှသည့် ရန်ဟောင်အဆင့် ရတနာတစ်ခုကို လက်ဆောင် ပေးလိုက်ရခြင်းမှာ ပေါ့ပေါ့ပါးပါးပင် ဖြစ်သည်။

“ကျုပ်တို့ အရင်ရက်တွေက ပြင်ဆင်ထားခဲ့တဲ့ ဒုတိယလက်ဆောင် ရှိပါသေးတယ်။ စာလုံးထောင်ချီ ကျောက်စာချပ်”

ချီရှန်းက ပြောသည်။ ထို့နောက် သူက အဝေးသို့ ကြည့်ကာ အမိန့်ပေးသည်။

“ကျေးဇူးပြုပြီး ယူလာခဲ့ပါ”

သူ ပြောသည့်အသံ ဆုံးသွားသည်နှင့် ဆူညံသံများကို ကောင်းကင်ထဲမှ ကြားလိုက်ရသည်။

ပစ္စည်းတစ်ခုက တောင်ပေါ်မှနေ၍ လူတိုင်း၏ ခေါင်းပေါ်ကို ဖြတ်၍ ပျံသန်းလာကာ ပွဲတော်၏ အလယ်သို့ ရောက်ရှိလာသည်။

ဘုန်း...

ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရပြီး လူတိုင်းက သူတို့၏ ရှေ့တွင် ကြီးမားလှသည့် စာလိပ်ကြီးတစ်ခု ပေါ်ပေါက်လာသည်အား မြင်လိုက်ရသည်။ ကျောက်စာချပ်ကို ကြည့်ရသည်မှာ စစ်တုရင်ခုံနှင့် တူလှပြီး ထိုအရာ၏ အပေါ်တွင် ရှေးဟောင်းစာလုံး သင်္ကေတများစွာ ပါရှိသည်။ အပိုင်းအစကို ကြည့်ရသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး ပြင်းထန်လှသည့် စွမ်းအားများ ပါဝင်နေသည်အား သိရှိနိုင်ပေသည်။

“ဒါက စာလုံးထောင်ချီ မှော်စာလိပ်ပါ။ သူ့ရဲ့ နာမည်အတိုင်းပဲ ဒီအပေါ်မှာ ထောင်ချီတဲ့ သင်္ကေတစာလုံးတွေကို ရေးထွင်းထားတယ်။ အဲဒါက တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းကို တိုးမြှင့်ပေးနိုင်ပြီး အဲဒီအထဲမှာ မဟာလမ်းစဉ် စွမ်းအားတွေကို သိုလှောင်နိုင်တယ်။ ရန်ဟောင်တစ်ပါးက ဒါကို ဖန်တီးခဲ့တာ ဖြစ်တယ်”

ချီရှန်း၏ အသံကို ကြားလိုက်ရသည့် လူများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြန်သည်။

“ဒီမှာ ရှိနေတဲ့ လူတိုင်းက ဒီသင်္ကေတ စာလုံးတွေကို နားလည်ဆင်ခြင်ပြီး ကိုယ်ပိုင်ကျင့်စဉ်နဲ့ ပေါင်းစပ်ဖို့ အချိန်နှစ်နာရီရမယ်။ ပြီးရင် ကျုပ်တို့က ကိုယ်ပိုင်နားလည် သိမြင်မှုတွေကို အချင်းချင်း ယှဉ်ပြိုင်ကြည့်ကြမယ်။ ဒီအထဲမှာ အကောင်းဆုံး ထိုးထွင်းနားလည် နိုင်တဲ့သူက ဒီကျောက်စာချပ်ကို ပိုင်ဆိုင်နိုင်မှာပါ”

ကိစ္စရပ်များက ယခင် မှော်ကု့ချင်းနှင့် ကွဲပြားလေသည်။ ကု့ချင်းသည် ကုန်လွန်ခဲ့သည့် ပွဲတော်များတွင် မည်သည့်အခါကမှ ပိုင်ရှင်ရှာမတွေ့ခဲ့သည့် ပစ္စည်းဖြစ်ကာ နောက်ဆုံး၌ ရီဖူရှင်းက ယူဆောင်သွားခဲ့သည်။

ဤကျောက်စာချပ်သည် သူ့အတိုင်းဆိုလျှင် အဖိုးမတန်သော်လည်း သူ့အပေါ်တွင် ရေးထွင်းထားသည့် စာလုံးများမှာ ရန်ဟောင်အဆင့်က ဖန်တီးထားခဲ့ခြင်းဖြစ်၍ အလွန်အဖိုးတန်လှသည်။ ထို့အပြင် သူတို့ထဲမှ တစ်ယောက်ယောက်က ကျောက်စာချပ်အား ယူဆောင်သွားနိုင်မည် ဖြစ်၏။

သို့သော်လည်း ကျောက်စာချပ်ကို ယူဆောင်သွားနိုင်ရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။ ယနေ့တွင် မက်မွန်ပွဲတော်သို့ တက်ရောက်လာသူ အားလုံးမှာ ကျော်ကြားလှသည့် ထူးချွန်သူများ ဖြစ်ကြသည်။

သူတို့ အားလုံးသည် သွေးနဂါးဘုံ၏ ထိပ်တန်း ပါရမီရှင်များပင် ဖြစ်သည်။ ဤအရာကို ယူဆောင်သွားရန် ရည်ရွယ်သည့် မည်သူမဆို သူတို့၏ နားလည်သဘော ပေါက်နိုင်စွမ်းသည် အခြားသူထက် သာလွန်နေမှသာ ဖြစ်နိုင်ပေလိမ့်မည်။

ထိုသို့ မသိမသာယှဉ်ပြိုင် စေခြင်းမျိုးသည် မက်မွန်ပွဲတော်၏ ရည်ရွယ်ချက် အစစ်အမှန်ပင် ဖြစ်တော့သည်။

ဤသည်က ထိုက်တန်သည့်သူကို လက်ဆောင်ပေးခြင်းထက် ပိုကာ တက်ရောက်လာကြသည့် ဘုံတခွင်မှ ထိပ်တန်းပါရမီရှင်များက မည်မျှ ထူးချွန်သည်ကို မြင်နိုင်သည့် အခွင့်အရေးလည်း ဖြစ်ပေသည်။

ထို့ကြောင့်ပင် ထိပ်တန်းအင်အားစုများမှ ပါရမီရှင်များသည် ဤပွဲတော်သို့ တက်ရောက်ခွင့်ရရန် လိုလားကြခြင်း ဖြစ်သည်။

အတိတ်ကာလက ကျင်းပခဲ့သည့် မက်မွန်ပွဲတော်တွင် လက်တစ်ဆုပ်စာမျှသော ဖိတ်ကြားခံရသူများသာ တက်ရောက်ရန် ငြင်းဆန်ဖူးသည်။ ထိုမျှ ကျော်ကြားသည့် ပွဲတော်ဖြစ်သည့်အတွက် ဖိတ်ကြားမှု မရရှိသူများပင်လျှင် တက်ရောက်နိုင်ရန် ရှန်းကျယ်ကဲ့သို့ တိုက်ခိုက်ရင်း တက်ရောက်ရန် ကြိုးစားပေသည်။

“ကျေးဇူးပြုပြီး ကြိုးစားကြည့်ကြပါ”

ချီရှန်းက ပြုံးကာ ပြောသည်။

ကျောက်စာချပ်သည် သူတို့၏ ရှေ့တွင် ရှိနေပြီး တစ်ယောက်ပြီး တစ်ယောက်က လေထဲသို့ တက်သွားခဲ့ကာ ကြီးမားသည့် ကျောက်စာချပ်ဆီသို့ ဦးတည်လိုက်ကြသည်။

ရီဖူရှင်းသည်လည်း တူညီစွာပင် လုပ်ဆောင်၏။ သူက ရှေ့မှ ကျောက်စာချပ်ဆီသို့ သွားလိုက်ပြီး သူ့နောက်မှ လူများသည်လည်း လိုက်ပါလာကြသည်။ ဤကား သူတို့အတွက် အခွင့်အရေးတစ်ရပ် ဖြစ်ပေသည်။

ရီဖူရှင်းအတွက် သည်ကျောက်စာချပ်ကို ရယူနိုင်ခြင်းကလည်း ကောင်းသော ကိစ္စဖြစ်ပေသည်။ ကျောက်စာချပ် အကူအညီဖြင့် သူ၏ထိုးထွင်းသိမြင်မှုကို တိုးမြှင့်နိုင်၏။

သို့သော်လည်း အချိန်အားဖြင့် နှစ်နာရီသာ ရပေသည်။

ရီဖူရှင်းသည် သူ့ရှေ့မှ ကြီးမားသော ကျောက်စာချပ်ကြီးကို ကြည့်သည်။ ရှေးဟောင်းသင်္ကေတ စာလုံးများသည် ကျောက်စာချပ်တွင် ရစ်ဝဲနေကာ အချိန်မရွေး ခုန်ထွက်လာတော့မယောင် ထင်မှတ်ရသည်။

တောက်ပသည့် အလင်းများက သူ့မျက်လုံးများမှ ထွက်ပေါ်လာပြီး လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်ကာ သူ၏ စိတ်ဝိညာဉ်စွမ်းအားက ထိုကျောက်စာချပ်အတွင်း ထိုးဖောက် ဝင်ရောက်သွားသည်။

သူသည် တစ်ခဏချင်းအတွင်းပင် ကျောက်စာချပ် ကမ္ဘာအတွင်းသို့ နစ်မြုပ်သွားပုံပေါ်သည်။

သူသည် ထိုကမ္ဘာထဲတွင် မတ်တတ်ရပ်နေပြီး မရေတွက်နိုင်သည့် သင်္ကေတစာလုံးများမှာ လေထဲတွင် ကခုန်နေသည်။ သင်္ကေတစာလုံး တစ်လုံးချင်းစီတိုင်းတွင် မဟာလမ်းစဉ် စွမ်းအားများ ပေါင်းစပ်ပျော်ဝင် နေသည်ဟု ထင်မှတ်ရပြီး သူတို့အတွင်းမှ မဟာလမ်းစဉ် စွမ်းအားများတော့ ထုတ်လွှတ်မပေးပေ။

ထိုသည်မှာ စွမ်းအားများသည် သူတို့ကို လေ့လာသည့် တစ်စုံတစ်ယောက်ကို ၎င်း၏ စွမ်းအားများအတွင်း နစ်မြုပ်သွားစေရန် ရည်ရွယ်ပုံရလေသည်။ သင်္ကေတ စာလုံးများသည် တစ်စုံတစ်ယောက်ကို ဉာဏ်အလင်းပွင့်စေရန် ထောက်ပံ့ပေးနိုင်သည်ဟု ဆိုလိုသည်။

“ဓား”

ရီဖူရှင်းက အော်လိုက်ပြီး သူသည် ထိုစာလုံးသင်္ကေတများကို ဓားများအဖြစ် မြင်ကြည့်သည်။

ထိုခဏချင်းမှာပင် ထိုသင်္ကေတ စာလုံးများ၏ ပုံစံမှာ ရပ်တန့်သွားသည်ဟု ထင်မှတ်ရကာ ရှေးဟောင်း သင်္ကေတများ၏ ပုံစံသည် ဓားတစ်လက်နှင့် အသွင်တူလာပေသည်။

ရှေးဟောင်းသင်္ကေတ စာလုံးမှ ပေါ်ပေါက်လာသော ထောင်ချီသည့် ဓားအရိပ်များက လေထဲတွင် လှည့်ပတ်နေပြီး ကြောက်မက်ဖွယ် ဓားစွမ်းအားများနှင့် ရောပြွမ်းနေကာ အလွန်ထက်ရှနေသကဲ့သို့ ထင်မှတ်ရသည်။ ၎င်းတို့သည် ပြင်းထန်၍ ကြောက်မက်ဖွယ် ကောင်းသည့် ဓားဝင်္ကပါတစ်ခုအသွင် ခံစားရပြီး တစ်ချိန်တည်းမှာပင် ဓားရေတံခွန်ကဲ့သို့ ခံစားရကာ သူ၏ အသိစိတ်ဆီသို့ တိုးဝင်လာသည်။

“သေစမ်း”

ရီဖူရှင်းသည် ချက်ချင်းပင် နက်ရှိုင်းသည် အန္တရာယ် အရိပ်အငွေ့များကို ခံစားမိသည်။ ဓားများ၏ မှော်သင်္ကေတ စာလုံးများသည် တည့်တည့် ကျဆင်းလာကာ ကျောက်စာချပ်အတွင်း ဝင်ရောက်နေသည့် သူ့စွမ်းအားအသိစိတ်ကို တိုက်ခိုက်နေပြီး ချက်ချင်းပင် ပျက်စီးသွားစေရန် ရည်ရွယ်နေသည်။

သူတို့သာ ကျောက်စာချပ်ကို ဖြတ်ထွက်နိုင်မည်ဆိုလျှင် သူ၏ ခေါင်းအတွင်းသို့ တဟုန်ထိုး ပြေးဝင်လာမည် ဖြစ်သည်။

ရီဖူရှင်းသည် သူ့မျက်လုံးများကို ချက်ချင်း မှိတ်လိုက်ပြီး တိုက်ခိုက်မှုမှ တိမ်းရှောင်ရန် ရည်ရွယ်သည်။ သို့သော်လည်း ထိုမြင်ကွင်းသည် သူ၏ စိတ်အတွင်းသို့ ရောက်ရှိလာပုံရကာ သူသည် ညည်းညူကာ ချက်ချင်း ပြန်ဆုတ်လိုက်ပြီး သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။

သူ့အနီးမှ လူတိုင်းက တုန်လှုပ်သွားကြသည်။ ရှားရှင်းယွန်နှင့် အခြားလူများသည် သူ့အနီးသို့ ချက်ချင်း ရောက်ရှလာကာ မေးသည်။

“ဘာဖြစ်တာလဲ”

သူတို့သည်သာ ထိုသို့ ဖြစ်သွားခဲ့သည် မဟုတ်ပေ။ ကျောက်စာချပ်ရှေ့မှ လူအများတို့သည် ရီဖူရှင်းကို လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ အမူအရာက ရှုပ်ထွေးနေသကဲ့သို့ ပုံပေါ်သည်။

တောင်ရှိ အဝေးမှာ ရပ်နေကြသည့် တန်ခိုးရှင်များမှာ ဝေခွဲမရ ဖြစ်သွားကြသည်။ အစတွင် လူအများက ပြန်ဆုတ်ခွာခဲ့သော်လည်း ရီဖူရှင်း တစ်ယောက်သာ ထိုမျှ ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ကြည့်ရသည်မှာ သူက ဒဏ်ရာအများအပြား ရရှိသွားပုံပေါ်သည်။

သူ၏ ယခင်စွမ်းဆောင်မှုနှင့် ဤသည်က သိပ်မအပ်စပ်လှပေ။

သူသည် ထိုမျှအထိ အားနည်းမနေသင့်ပေ။

သို့သော်လည်း မည်သူကမှ ရီဖူရှင်း၏ ထိုကြီးမားသော တုံ့ပြန်မှုသည် ပို၍ အဆင့်မြင့်သော ရလဒ်ကို ရရှိနိုင်မည့် လမ်းစဟု မတွေးမိခဲ့ကြချေ။

ထိုသည်မှာ အခြားသူများထက် သာလွန်သည့် သူ၏ အားသာချက် ဖြစ်သော်လည်း ထိုအားသာချက်က သူ့ကို မြောက်မြားလှစွာသော ဒဏ်ရာများ ရရှိစေခဲ့ပေသည်။

***

All Chapters