← Chapters

အခန်း (၄၄၄)

Vol. 30 Ch. 444

အခန်း (၄၄၄)

Vol. 30 Ch. 444

"ဒါပေမဲ့"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အခုက အပြင်ကို ထွက်ပြီး လေ့ကျင့်ဖို့အတွက် အချိန်ကောင်းမဟုတ်ဘူး။ စစ်ပွဲကြီး ပြီးသွားတဲ့အထိ ခဏစောင့်လိုက်အုံး"

"ကောင်းပါပြီ"

လုချင်းချင်းလည်း ထိုသို့တွေးမိ၏။

သူမသည် ဂိုဏ်းချုပ်၏ အမြင်ကို မေးကြည့်ရုံသာရှိသည်။ သဘောတူခဲ့သည်ဆိုလျှင် သင့်တင့်သော အချိန်တစ်ခုကို ရွေးချယ်၍ ထွက်ခွာသွားမည်ဟု စဉ်းစားထားသည်။

ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်း သဘောမတူပါက လုချင်းချင်းသည် အပြင်ဘက်သို့ ထွက်၍ လေ့ကျင့်ဦးမည်လား။ ဤမေးခွန်းအား မဖြေဆိုနိုင်ချေ။

အားလုံးအနေနှင့် မိမိစိတ်ကူးထဲ တွေးတောမိရာကို သတ်မှတ်၍ ကောက်ချက်ချနိုင်သည်။

တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များအား ဂိုဏ်းနှင့် ချုပ်နှောင်ထားမည့် အလုပ်မျိုးကို လုပ်လိမ့်မည် မဟုတ်ချေ။

အပြင်ဘက်သို့ ထွက်၍ လေ့ကျင့်ခြင်းကလည်း ၎င်းတို့၏ အားအင်များ တိုးပွားလာစေဖို့ သင့်တော်သည့် အရာမျိုးပင် ဖြစ်တော့သည်။ ထို့ကြောင့် သူ့အနေနှင့် ကျိန်းသေပေါက် ငြင်းပယ်လိမ့်မည်မဟုတ်ပေ။

ဂိုဏ်းမှအပြီးထွက်သွားမည်ဆိုသည်ကိုလည်း သူ လုံးဝ စိတ်မပူချေ။

အဘယ့်ကြောင့်ဆိုသော် တပည့်တစ်ယောက်သည် ထိုကဲ့သို့အတွေးမျိုးကို တွေးမိပြီဆိုပါက ၎င်း၏မှတ်ဉာဏ်များသည် ဖျက်ဆီးခံရပါလိမ့်မည်။

ထိုကဲ့သို့သော ကန့်သတ်ချက်ရှိနေသောကြောင့် ကျွင်းချောင်ရှောင်းသည် တပည့်များအား မည်သို့မှ စိတ်ပူပန်မှုမရှိဘဲ ဂိုဏ်းသားအဖြစ် ခန့်အပ်နိုင်၏။

မဟုတ်ပါက သူသည်တစ်ယောက်ချင်းစီတိုင်းအား သေသေချာချာစစ်ဆေး၍ နောက်ကြောင်းများပါ လိုက်နေရမည် မဟုတ်လား။

လက်ရှိ အခြေအနေမှာတော့ ဂိုဏ်းတွင် တပည့်နှစ်ထောင်ကျော်ရှိ၏။ အားလုံးသည် မှတ်ဉာဏ်မပျောက်ပေးပေ။

ဆိုလိုသည်မှာ အားလုံးသည် သံမဏိအရိုးဂိုဏ်းကို အသိအမှတ်ပြုပြီး သံမဏိအရိုးဂိုဏ်းအတွင်းလာ၍ သူလျှို လုပ်သည့် လူများ မရှိဟု ဆိုခြင်း‌ပင်။

ဟုတ်ပေသည်။ ဂိုဏ်း၏ ဂုဏ်သိက္ခာနှင့်ကျော်ကြားမှုသည် ကြီးထွားလာသည်နှင့်အမျှ တစ်ခြားသောဂိုဏ်းများမှာ ထိုကဲ့သို့သော အတွေးမျိုး ပြုလုပ်လာနိုင်သည်။

ဂိုဏ်းချုပ်ကျွင်းသည် မည်သူ၏ မှတ်ဉာဏ်းများ ပျောက်ဆုံးသွားမည်ဆိုသည်ကို မျှော်လင့်တကြီးနှင့် စောင့်မျှော်နေ၏။

စနစ်က ဆွံ့အသွား၏။ "လက်ခံသူရဲ့ အကြံဉာဏ်က တော့်တော့်ကို ဆိုးတာပဲ..."

သံမဏိအရိုးဂိုဏ်း၏ တပည့်များသည် အဆင့်ချိုးဖြတ်နေကြ၏။

အပြင်ဘက်ရှိစစ်ပွဲမှာတော့ ဆက်လက်၍ ဖြစ်တည်နေတုန်းပင် ဖြစ်သည်။

ဟွာယန်နိုင်ငံ၏ အုပ်ချုပ်သူသည် အညံ့ခံလိုက်သည် ဆိုသော်လည်း ရဲရင့်သော မြို့တော်ဝန် နှင့် ခေါင်းဆောင်တစ်ချို့သည် ခေါင်းမာမာဖြင့် သူတို့၏ မြို့အတွက် ခုခံလျက်ရှိနေသည်။

ဟီယန် နိုင်ငံမှာတော့ ၎င်းတို့၏ မြို့များတစ်မြို့ပြီးတစ်မြို့ ကျရှုံးသွားခဲ့သည်ဆိုသော်လည်း ရန်သူကို နှောင့်နှေးသွားအောင် ပြုလုပ်နိုင်နေကြ၏။

ဤအချိန်ကို အသုံးပြုပြီး ကျွင်းချောင်ရှောင်းသည် တပည့်များအား ဆက်လက်ကျင့်ကြံရန် အမိန့်ပေးလိုက်သည်။ ဖြစ်နိုင်သမျှ အမြန်ဆုံး ပိုမိုမြင့်မားသည့် အဆင့်ကို ရောက်ရှိရန် လိုအပ်နေသည်။

"ဂိုဏ်းချုပ်"

ရွှဲ့ရမ်ကွေ့ပြောလိုက်သည်။ "ကျုပ်တို အရင်ဆုံး ကျန်းယန်နိုင်ငံရဲ့ စစ်တပ်ကို အလစ်ငိုက်ဖမ်းပြီး စတိုက်ရင် မကောင်းဘူးလား။"

သံချပ်ကာ ဝံပုလွေတပ်မှ အဖွဲ့ဝင်များအားလုံးသည် သိုင်းဆရာများဖြစ်ကုန်ကြသည်။ ထို့ကြောင့် သူတို့အနေနှင့် ယုံကြည်ချက် ပိုတိုးလာကြ၏။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ယမ်းခါကာ ပြောလိုက်သည်။ "ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တိုက်ခိုက်မယ်ဆိုရင် စစ်ပွဲမှာ ဝင်ရောက်ပတ်သက်တာနဲ့ အတူတူပဲ။ဒါဆိုရင် တစ်ခြားနိုင်ငံနှစ်ခုကို လက်လျော့ပြီးတော့ ချင်းယန်နိုင်ငံတစ်ခုတည်းကို တိုက်ခိုက်သွားနိုင်တယ်"

"ဒါက အဓိပ္ပာယ်ရှိတယ်" ရွှဲ့ရမ်ကွေ့ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ ရှေ့တွင်ရှိသော သဲမြေပုံကို ကြည့်ကာ ပြောလိုက်သည်။ "ကျုပ်တို့ ဒီနေရာမှာ စောင့်နေမှဖြစ်မယ်။ သူတို့ တိုက်ခိုက်လာတဲ့အထိ စောင့်နေမှ ဖြစ်မယ်။ပြီးတော့မှ ခုခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ခါတည်း အပြတ်ရှင်းပစ်ရမယ်။"

သူ၏တာဝန်သည် ချင်းယန်မြို့ကို ကာကွယ်ရန်သာ ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူများအား သွား၍ တိုက်ခိုက်ပြီး သတ်ဖြတ်လိုက်မည်ဆိုလျှင် မည်ကဲ့သို့ တာဝန် ပြည့်စုံလိမ့်မည်နည်း။

"ဂိုဏ်းချုပ်"

ထိုအချိန်မှာတော့ လီလိုရှုသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ လျှောက်ဝင်လာပြီး ပြောလိုက်သည်။ "ရှေ့တန်းဆီက ရလာတဲ့ သတင်းတစ်ချို့ ရှိတယ်။ကျန်းယန်နိုင်ငံက မြို့အချို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာတော့ သူတို့က စစ်သား သုံးသောင်းကျော် စုစည်းပြီး ချင်းယန်မြို့ဆီကို ဦးတည်လာခဲ့ပြီတဲ့..."

ကျွင်းချောင်ရှောင်း ဆွံ့အသွား၏။

"သူတို့ တစ်နိုင်ငံချင်းစီ တိုက်လို့ မရဘူးလား"

ဟီယန်မြို့နှင့် ဟွာယန်မြို့နှစ်ခုလုံးကို မဖျက်ဆီးနိုင်စေဘဲနှင့် အဘယ့်ကြောင့် ချင်းယန်နိုင်ငံကို လာ၍ ထိ‌ပါးနေလေသနည်း။

ရွှဲ့ရမ်ကွေ့သည် ရှင်းပြလိုက်သည်။ "ကျန်းယန်နိုင်ငံက ချင်းယန်နိုင်ငံကို အရင်ဆုံးကျအောင် တိုက်ခိုက်ချင်ပုံရတယ်။ ပြီးတော့မှ တစ်ခြားနိုင်ငံနှစ်ခုကို မတူညီတဲ့ လမ်းကြောင်းနှစ်ခုကနေ ဖြတ်ပြီးတော့ တိုက်ခိုက်နိုင်တယ်။"

"ဟုတ်တယ်"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "လာချင်လည်း လာပါလေ့စေ။ဘယ်လောက်များများ ကျုပ်တို့ ဒီကိစ္စကို ရှောင်လို့မှ မရတာ"

လီလိုရှု ဆက်ပြောလိုက်သည်။ "သတင်းအရဆိုရင် ကျူးကျော်လာမယ့်ခေါင်းဆောင်က တောက်ယွမ်လို့ ခေါ်တယ်။သူက စစ်သူကြီး ပိုင်ယွေ့ကွေရဲ့ အမိန့်အောက်မှာရှိတဲ့ ထက်မြက်တဲ့ တပ်မှုးတစ်ယောက်ပဲလေ။"

"တောက်ယွမ်အကြောင်းကို ကျုပ်ကြားဖူးတယ်"

ရွှဲ့ရမ်ကွေ့ ပြောလိုက်သည်။ "သူက စစ်သူကြီးမျိုးရိုးကနေ လာတာ။ငယ်ငယ်ကတည်းက စစ်တပ်နဲ့ ပတ်သက်တဲ့ ဥပဒေတွေကို လေ့လာခဲ့တာလေ။ပြီးတော့ အရမ်း တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်တဲ့ ဂျူနီယာလို့ ပြောရမယ်။သူ လေ့ကျင့်ပေးထားတဲ့ စစ်တပ်က ကျားဆိုးတပ်လို့ ခေါ်တယ်။ရန်ကျူးထဲမှာ အကောင်းဆုံး စစ်တပ်တွေထဲက တစ်ခုပေါ့။"

သူသည် စစ်သားအဖြစ်မှ နှုတ်ထွက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော်ငြား စစ်တပ်နှင့် ပတ်သက်သော အကြောင်းအရာများကို သေချာ ဂရုစိုက် နားထောင်ခဲ့၏။

ထိုအရာသည် သူ၏ အကျင့်တစ်ခုဖြစ်ပြီး ဖျောက်ဖျက်ရခက်သည့် အရာတစ်ခုလည်း ဖြစ်တော့သည်။

"ဒီတော့ သံချပ်ကာ မြင်း စစ်သည်သုံးသောင်းပါတဲ့ စစ်တပ်ကို ဦးဆောင်လာမှာပေါ့" ကျွင်းချောင်ရှောင်း မေးလိုက်သည်။

ရွှဲ့ရမ်ကွေ့ပြောလိုက်၏။ "တောက်ယွမ် ဦးဆောင်တဲ့ ကျားဆိုးတပ်က စည်းမျဉ်းစည်းကမ်းကောင်းပြီး ရဲရင့်ကြတယ်။ မြောင်ဟွေ့ဦးဆောင်တဲ့ စစ်တပ်တစ်ခုနဲ့ နှိုင်းယှဉ်လို့ ဘယ်ရပါမလဲ။"

"သံချပ်ကာဝံပုလွေတပ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်ရော" ကျွင်းချောင်ရှောင်း မေးလိုက်၏။

ရွဲ့ရမ်ကွေ့ပြောလိုက်သည်။ "ဘယ်ရမလဲ။ ကျုပ်တို့က အားကောင်းတာပေါ့"

သူသည် ကြယ်ငါးပွင့်အဆင့် စစ်သူကြီးတစ်ယောက်ဖြစ်သည်မို့ ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက တောက်ယွမ်အား အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။

ဟုတ်ပေသည်။ထိုကဲ့သို့သော ယုံကြည်မှုသည် သံချပ်ကာ ဝံပုလွေတပ် အလွန်အားကောင်းသည်ဟူသော အခြေခံ အချက်မှ ရရှိလာခြင်း ဖြစ်သည်။

သူ့အနေနှင့် သံချပ်ကာဝံပုလွေတပ်သားများနှစ်ထောင်မှသုံးထောင်အထိသာ ရမည်ဆိုပါက နတ်ဘုရားတစ်ယောက်လိုပင် တကယ့်တော်ဝင်တပ်တော်များနှင့် တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။

"သွားကြစို့"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ချင်းယန်မြို့ကိုသွားမယ်။"

"ကောင်းပါပြီ"

သံချပ်ကာ ဝံပုလွေ တပ်သားများသည် ဂိုဏ်းမှထွက်၍ ဟာရီကိန်းဝံပြလွေကိုစီးကာ ထွက်ခွာလာခဲ့ကြတော့သည်။

ဂိုဏ်းချုပ်ကျွင်းသည် လီချင်းယန်၊ ရှောင်ကျီတင်မက တစ်ခြားသော အတွင်းစည်းတပည့်များကိုလည်း ခေါ်ဆောင်လာခဲ့တော့သည်။

တစ်ခါတည်း ဂိုဏ်းသား နှစ်ထောင်ကျော်ကို ခေါ်ဆောင်သွားခြင်းမှာ အားလုံးကို ခေါ်ဆောင်သွားသည်ဟုပင် သတ်မှတ်ရမည်ဖြစ်သည်။

အထူးတာဝန်မှာ ချင်းယန်နိုင်ငံကို ကာကွယ်ရန်ပင်ဖြစ်သည်။

ကျွင်းချောင်ရှောင်းအနေနှင့် မကျရှုံးအောင် ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။ ကျရှုံးမည်ဆိုပါက သူသည် အချိန်အတော်ကြာ သိုင်းစစ်သူကြီးအဆင့်၌ ပိတ်မိနေပေလိမ့်မည်။

"ချီးတဲ့မှ"

လမ်းပေါ်မှာတော့ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်မိသည်။ “တာဝန်က ဆုလာဒ်တွေအများကြီး ပေးတယ်ဆိုပေမဲ့ မပြည့်စုံရင် ပြန်ပြီးခံရမယ့် အကျိုးဆက်က တော်တော်ကြီး ဆိုးရွားတာပဲ...။”

ချင်းယန်နိုင်ငံ၏ မြို့တော်ဝန်ရှဲ့သည် အိုးပူထဲတွင် ရှိနေသော ပုရွက်ဆိတ်‌တစ်ကောင်ကဲ့သို့ပင် ဂဏာမငြိမ် ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နှင့် ပြုမူလျက်ရှိသည်။

ကျွင်းချောင်ရှောင်း သတင်းကို ရရှိပြီးသည့် အချိန်မှာတော့ သူလည်း ထိုသတင်းကို ရရှိပြီး ဖြစ်သည်။

ကျန်းယန် နိုင်ငံသည် စည်းမျဉ်းစည်းကမ်းအတိုင်း မပြုလုပ်ဘဲ ဟီယန်နိုင်ငံအား တိုက်ခိုက်လျက်ရှိသော စစ်သားသုံးသောင်းအား ချင်းယန်နိုင်ငံဆီသို့ ပို့လွှတ်ခဲ့၏။ ဤအရာသည် သူထင်မှတ်ထားသည့် အရာမျိုး မဟုတ်ချေ။

သို့ပေမဲ့ ကျုပ်တို့၏ ချစ်လှစွာသော မြို့တော်ဝန်ရှဲ့သည် ထိုသတင်းကို ကြားကချိန်မှာတော့ အမှန်ပင် ပြိုလဲလုမတတ်စိတ်ပူလျက်ရှိနေတော့သည်။

ဤကျားဆိုးတပ်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်က စစ်တပ်ပေါင်းစုံပြိုင်ပွဲတွင် တတိယဆုကို ရရှိခဲ့‌သော လက်ရွေးစင်တပ်လည်း ဖြစ်၏။ ထို့ကြောင့် ဝင်ရောက်တိုက်ခိုက်မည်ဆိုလျှင် သူတို့ ကျိန်းသေပေါက် သေဆုံးမှာ သေချာ၏။

"မြို့တော်ဝန်"

စစ်သူကြီးတစ်ယောက်သည် အံကြိတ်ကာ ပြောလိုက်၏။ "ကျန်းယန်နိုင်ငံက ဘယ်လိုစစ်တပ်ပဲလွတ်လွတ် ကျုပ်တို့က မြို့ကို သေတဲ့အထိ ကာကွယ်သွားရမယ်။"

ထိုလူအား စုန့်ဟယ်ဟု ခေါ်၏။ သူသည် ချင်းယန်မြို့၏ စစ်သူကြီးတစ်ယောက်လည်း ဖြစ်သည်။

သူ့တွင် စစ်တပ်အား ဦးဆောင်သည့် အတွေ့အကြုံ တော်တော်များများ ရှိသည်ဆိုသော်လည်း တောက်ယွမ်ကဲ့သို့သော စစ်သူကြီးနှင့် နှိုင်းယှဉ်လျှင်တော့ အလွန်အားနည်းနေသေး၏။

သူ့အား တူညီသည့် အားအင်ရှိသော စစ်တပ်တစ်ခုကို ပေးစွမ်းမည်ဆိုလျှင်ပင် တိုက်ပွဲစစ်မျက်နှာ၌ မည်သို့ပင် တိုက်တိုက် ရှုံးနိမ့်ပေလိမ့်မည်။

တစ်ချို့သော လူများသည် စစ်ဗျူဟာများကို ခင်းကျင်းသည့် ပါရမီများကို ပိုင်ဆိုင်စွာဖြင့် မွေးဖွားလာကြသူများ ဖြစ်သည်။ ထိုသို့သော လူများထဲမှ တစ်ဦးသည် တောက်ယွမ်ပင် ဖြစ်တော့သည်။

သူသည် စစ်တပ်ဗျူဟာများကို လေ့လာရသည်ကို နှစ်သက်ပြီး များပြားလှသော စစ်သူကြီးများအားလုံးကို အနိုင်ယူနိုင်စွမ်း ရှိသူတစ်ယောက်လည်း ဖြစ်သည်။

ဟုတ်ပေသည်။ ရွှဲ့ရမ်ကွေ့အား တူညီသည့် အင်အားနှင့် အားအင်အဆင့်ကိုသာ ပေးမည်ဆိုလျှင် တောက်ယွမ်အား ကျိန်းသေပေါက် အနိုင်ပြန်ယူနိုင်၏။

ထို့အပြင် ကြယ်ငါးပွင့်အဆင့် စစ်သူကြီးတစ်ယောက်သည် အသက်အရွယ်ကြောင့် ဖြစ်လာခဲ့ခြင်း မဟုတ်ပေ။ အတွေ့အကြုံကို အခြေခံ၍ တစ်ဆင့်ချင်းဖြစ်တည်လာကြခြင်းသာ ဖြစ်သည်။

"မြို့တော်ဝန်"

ထိုအချိန်မှာတော့ စစ်သည် တစ်ယောက်က သတင်းပို့လာသည်။ "ဂိုဏ်းချုပ်ကျွင်း လာလည်ပါတယ်"

ဘာလုပ်ရမှန်း မသိဖြစ်နေသော မြို့တော်ဝန်ရှဲ့သည် မြန်မြန်ဆန်ဆန်ပဲ ပြောလိုက်၏။ "သူတို့ကို မြန်မြန်ဖိတ်ခေါ်လိုက် …. မြန်မြန်ဖိတ်ခေါ်လိုက်...."

ဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အသာထိုင်ချလိုက်သည်။

မြို့တော်ဝန်ရှဲသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း ကျန်းယန်နိုင်ငံ ရဲ့ စစ်သားသုံးသောင်းကျော်က လာနေပြီ။ ချင်းယန်မြို့ကတော့ အန္တရာယ်ကျရောက်နေပြီလို့ ထင်တယ်။"

ထိုရန်သူများသည် တောက်ယွမ်ဦးဆောင်သော ကျားဆိုးတပ်မှ လူများ ဖြစ်သည်။ သူ့အနေနှင့် မျှော်လင့်ချက်ဟူ၍ မရှိတော့ပေ။

"ကောင်းပါတယ်"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီသတင်းကို ကျုပ်လည်း ရထားတယ်လေ။ဒါကြောင့် တပည့်တွေကို ခေါ်ပြီး လာကူညီတာပဲ"

မြို့တော်ဝန်ရှဲသည် စိတ်လှုပ်ရှားသွားသည်။ ပြီးနောက် သူ၏ နှလုံးသားထဲတွင် ယုံကြည်မှုများနှင့် ပြည့်နက်လျက်ရှိသည်။ "ရန်သူက ကျော်ကြားလှတဲ့ ကျားဆိုးတပ်လေ။"

"အရှေ့တောင်ရန်ကျုးရဲ့ ကျော်ကြားလှတဲ့ ကျားဆိုးတပ်ရဲ့ လက်ကနေ ချင်းယန်နိုင်ငံက မလွတ်မြောက်နိုင်ဘူးနဲ့ တူတယ်"

ကျွင်းချောင်ရှောင်းသည် သူ၏ နောက်ဘက်တွင် ရှိသော ရွဲ့ရမ်ကွေ့အား လက်ညိုးထိုးပြကာ ပြောလိုက်သည်။ "မြို့တော်ဝန်ရှဲ့ … ကျုပ်က စစ်ချီ စစ်တိုက်နဲ့ ပတ်သက်တဲ့ ကျွမ်းကျင်လှတဲ့ စစ်သူကြီးတစ်ယောက်ကို ခေါ်လာခဲ့တယ်။သူက ချင်းယန်နိုင်ငံကို လွတ်မြောက်အောင် ကူညီပေးလိမ့်မယ်။"

မြို့တော်ဝန်ရှဲ့ သည် မနေနိုင်ဘဲ ခပ်ဝဝရှိနေသောလူအား ကြည့်လိုက်သည်။ ပြီးနောက် စိတ်ထဲမှ ရေရွတ်လိုက်သည်။ "ဒီလူက တပ်သားတစ်ယောက်ပုံစံမျိုးတောင်မရှိဘူး။ဘယ်လိုဖြစ်ပြီး စစ်ချီ စစ်တိုက် ကို လုပ်မှာလဲ"

မြောင်ဟွေ့တစ်ယောက် ရ့ွှဲ့ရမ်ကွေ့အား မှတ်မိပြီးသည့်နောက်မှာ ရွဲ့ရမ်ကွေ့သည် အပြင်ဘက်သို့ ထွက်၍ လှုပ်ရှားသည့် အချိန်တွင် ရုပ်ဖျက်ထားခဲ့ပြီး သူ၏ တပ်ဗိုလ်တစ်ယောက်၏ အော်ရာမျိုးကိုလည်း ဖုံးကွယ်ထားတော့သည်။

ပထမတုန်းက ကျွင်းချောင်ရှောင်းသည် နားမလည်ပဲ မေးခဲ့၏။ "ဟောခန်းသခင်ရွှဲ့ …. ဘာလို့ ရုပ်ဖျက်ထားရတာလဲ"

ရွှဲ့ရမ်ကွေ့ ပြောလိုက်သည်။ "ကျူပ်က တပ်ပြေးတစ်ယောက်လေ။တကယ်လို့ ဒီသတင်းက ကျုန့်ကျွမ်းနိုင်ငံကို ပျံ့နှံ့သွားပြီဆိုရင် မလိုအပ်တဲ့ ဒုက္ခတွေ ဖြစ်လာနိုင်တယ်"

"ဟောခန်းသခင်ရွဲ့က ဂိုဏ်းကို ဒုက္ခရောက်မှာ စိုးရိမ်နေတာလား" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ရွဲ့ရမ်ကွေ့ကလည်း ခေါင်းညိတ်လိုက်၏။

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရုပ်ဖျက်ထားသော ကျန့်ရာအား ကြည့်လိုက်သည်။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းက အန္တရာယ်အားလုံးကို ဖြေရှင်းနိုင်တဲ့ အားအင်တွေ ရှိလာပြီဆိုရင် ခင်ဗျားတို့ ဖုံးကွယ်ထားစရာ မလိုတော့ဘူး"

All Chapters