← Chapters

အခန်း (၄၄၅)

Vol. 30 Ch. 445

အခန်း (၄၄၅)

Vol. 30 Ch. 445

ဤအတောအတွင်း မြို့တော်ဝန်ရှဲ့သည် အလွန်တရာ သတိကြီးစွာဖြင့် ကြိုးစားလျက်ရှိနေသည်။ သူသည် ချင်းယန်မြို့၏ မြို့နံရံများအားလုံးကို ပိုမိုအားကောင်းအောင် ပြုပြင် ဖန်တီးခဲ့၏။ သို့ပေမဲ့ ထူးခြားသည့် အကာအကွယ်များတော့ ထည့်သွင်းထားခြင်း မရှိပေ။

တစ်ဖက်လူများသည် နတ်ဆိုးဒူးလေးကဲ့သို့သော သာမန်ထက်ပိုသည့် လက်နက်များကို ထုတ်ဖော် အသုံးပြုသည်ဆိုပါက သူ၏ နံရံသည် ချက်ချင်းပင် ပြိုလဲကျသွားမှာသေချာသည်။

မြို့အတွင်းမှာတော့ လေ့ကျင့်ရေး ကွင်းပြင်ကြီးတစ်ခု ရှိနေ၏။

ထိုနေရာတွင်တော့ ချင်းယန်မြို့၏ စစ်သည် ငါးသောင်းကျော်တို့သည် စုဝေးလျက်ရှိနေသည်။

အားလုံးသည် စည်းကမ်းကျစွာဖြင့် စီတန်းလျက်ရှိနေသည်ဆိုသော်လည်း သိုင်းတပည့် အဆင့်သုံးမှအဆင့်လေး ကျင့်ကြံသူများသာ ဖြစ်သောကြောင့် အလွန်တရာ အားနည်းလှ၏။

ကျားဆိုးတပ်ကို ရင်ဆိုင်ယှဉ်ပြိုင်ဖို့ မဆိုနှင့် မြောင်ဟွေ့၏ သံချပ်ကာ မြင်းတပ်ကိုပင် တိုက်ခိုက်အနိုင်ယူရန် ခက်ခဲလှသည်။

"ဂိုဏ်းချုပ်ကျွင်း"

မြို့တော်ဝန်ရှဲ့ သည် စင်မြင့်ပေါ်သို့ လှမ်းလျှောက်ကာ ပြောလိုက်၏။ "ဒါကချင်းယန်မြို့ရဲ့ တိုက်ခိုက်ရေး အင်အားစုပဲ။"

ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "မြို့တော်ဝန်ရှဲ ပိုက်ဆံတွေ တော်တော်သုံးခဲ့တာပဲ။"

မြို့တော်ဝန်ရှဲ့သည် မျက်ရည်ပင် ကျချင်လာမိ၏။

စစ်သည်ငါးသောင်းတို့အတွက် နေ့စဉ်လေ့ကျင့်စရိတ်၊ ၎င်းတို့ကို တပ်ဆင်ပေးထားရသော လက်နက်များအတွက် ကုန်ကျစရိတ်များသည် အလွန်တရာ ကြီးမားလှသော ကုန်ကျစရိတ်များပင် ဖြစ်တော့သည်။

ရွှဲ့ရမ်ကွေ့သည် အသံပို့လွှတ်လိုက်၏။ "ဂိုဏ်းချုပ် မြို့တော်ဝန်ရှဲ့ လေ့ကျင့်ပေးထားတဲ့ စစ်သားတွေက တောက်ယွမ်ရဲ့ ကျားဆိုးတပ်ကို ဘယ်လိုမှ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ မြို့ကို ကာကွယ်ဖို့ ကိစ္စကို ကျူပ်တို့ပဲ လုပ်ကြရအောင်။"

ကျွင်းချောင်ရှောင်းသည်လည်း ထိုသို့ တွေးမိ၏။

သူသည် မြို့တော်ဝန်ရှဲ့၏ စစ်သားများကို မယုံကြည်၍ မဟုတ်ပေ။

ချင်းယန်မြို့ကို စောင့်ရှောက်ကာကွယ်ခြင်းသည် သူ၏တာဝန်ပြည့်စုံစေရန် ကိစ္စလည်းဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် သတိထား‌ရမှ ဖြစ်ပေလိမ့်မည်။

"မြို့တော်ဝန်ရှဲ့"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ခင်ဗျား သံမဏိအရိုးဂိုဏ်းကို ယုံတယ်ဆိုရင် ချင်းယန်မြို့ကို ခင်ဗျားကိုယ်စား ကျုပ်တို့က ကာကွယ်ပေးမယ်"

"ဒါဆိုလည်း ဂိုဏ်းချုပ်ကျွင်းကိုပဲ ဒုက္ခပေးရတော့မှာပေါ့"

သူ လေ့ကျင့်ပေးထားသော စစ်သည်များနှင့် ဆိုလျှင် မည်သို့မှ အနိုင်ယူနိုင်စရာ အခွင့်အရေးမရှိသည်ကိုလည်း မြို့တော်ဝန်ရှဲ့ ကောင်းကောင်းသိ၏။

ထို့ကြောင့် ကျွင်းချောင်ရှောင်း အပေါ်တွင် လောင်းကြေးထပ်ခြင်းကသာ ပိုမို၍ ကောင်းပေလိမ့်မည်။

ဂိုဏ်းချူပ်ကျွင်း ဖန်တီးခဲ့သော သံမဏိအရိုးဂိုဏ်းသည် နှစ်တိုအတွင်းမှာပဲ အလွန်တရာအားကောင်းလာခဲ့၏။ ထို့ကြောင့် သူတို့ အနေနှင့် ခုခံနိုင်ပေလိမ့်မည်။

"ဒီစစ်သည်ငါးသောင်းက ဂိုဏ်းချုပ်ကျွင်းရဲ့ အမိန့်ကို နာခံပါလိမ့်မယ်"

မြို့တော်ဝန်ရှဲ့ သည် စစ်တပ်၏ အားအင်ကို ကျွင်းချောင်ရှောင်းအား အလုံးစုံ ပုံပေးလိုက်တော့သည်။

"မလိုပါဘူး"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ခင်ဗျားရဲ့ စစ်သားတွေကို မြို့ထဲမှာပဲ အေးအေးသက်သာ အနားယူခိုင်းလိုက်။ကျန်တဲ့ ကိစ္စအားလုံးကို သံမဏိအရိုးဂိုဏ်းက ဆက်လုပ်လိမ့်မယ်။"

မြို့တော်ဝန်ရှဲ့၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။

စစ်သည်ငါးသောင်းသည် ကျွမ်းကျင်လှသော ထိပ်တန်းတပ်တော်တစ်ခု မဟုတ်ဘူးဆိုသော်လည်း အရေအတွက်အားဖြင့် အင်အားစုတစ်ခုတော့ ဖြစ်၏။

ဂိုဏ်းချုပ်ကျွင်းသည် ထိုအင်အားစုကို အသုံးမပြူဘူးဆိုတော့ မိမိကိုယ်ကို ယုံကြည်ချက် ပြင်းထန်ခြင်းပင် ဖြစ်ပေလိမ့်မည်။

ဝှစ် ဝှစ် ဝှစ်။

ထိုအချိန်မှာတော့ သံမဏိအရိုးဂိုဏ်းသားတစ်ထောင်ကျော်တို့သည် မြို့ရိုးနံရံပေါ်ဆီတက်၍ တစ်ယောက်နှင့် တစ်ယောက် အကွာအဝေးအနည်းငယ်စီခြားကာ စီတန်းနေကြတော့၏။

ချင်းယန်မြို့သည် ကြီးမား၏။ ထို့ကြောင့် မြို့ရိုးနံရံသည်လည်း အလွန်တရာ ကြီးမားလွန်းလှသည်။

ထို့ကြောင့် တပည့်တစ်ထောင်ကျော်တို့သည် စီတန်းရပ်နေပြီဆိုပါက မြို့ကိုတစ်ပတ်ပတ်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် သံမဏိအရိုးဂိုဏ်းသားတပည့်များသည် တစ်ယောက်နှင့်တစ်ယောက် အကွာအဝေးတစ်ခုဆီ ခြား၍ ရင်ဘတ်ကို ကော့ကာဖြင့် မတ်တပ်ရပ်နေကြတော့သည်။

သူတို့သည် မြို့ကြီးတစ်ခုလုံးအား နောက်ကျောပေးထားလျက်ရှိပြီး ၎င်းတို့၏ ခန္ဓာကိုယ်မှ ဟိတ်ဟန်ကောင်းလှသော အမူအရာနှင့် အော်ရာများ ထွက်ပေါ်လျက်ရှိနေ၏။

မူလအားဖြင့် ကြောက်ရွံ့လျက်ရှိသော မြို့သူမြို့သားများသည် ထိုကဲ့သို့သော အော်ရာများကို ခံစားလိုက်ရချိန်မှာတော့ လုံခြုံမှုဟူသည့် ခံစားချက်များကို ခံစားလိုက်ရသည်။

အစောတုန်းက အနည်းငယ် စိတ်ပူနေသော မြို့တော်ဝန်ရှဲ့သည် သံမဏိအရိုးဂိုဏ်းသားများ၏ အပြုအမူနှင့် ဟိတ်ဟန်ကိုမြင်ရချိန်မှာတော့ အလွန်တရာ လေးစားသွား၏။

“ဂိုဏ်းချုပ်ကျွင်း”

သူ အော်လိုက်သည်။ "ချင်းယန်မြို့မှာရှိတဲ့ လူ ၃.၆ သန်းလုံးဟာ မြို့နဲ့အတူ သေမယ်၊ မြို့နဲ့အတူ ရှင်မယ်။"

"ကျုပ်တို့အားလုံးက မြို့နဲ့အတူသေမယ်၊ မြို့နဲ့ အတူရှင်မယ်။" စစ်သည်ငါးသောင်းတို့သည် သံပြိုင်အော်ဟစ်လိုက်ကြသည်။

"ကျုပ်တို့အားလုံးကလည်း မြို့နဲ့ အတူသေမယ် မြို့နဲ့အတူရှင်မယ်။" မြို့ထဲတွင် ရှိသော မြို့သူမြို့သား တိုင်းသားများကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

ဤအချိန်မှာတော့ အသံများသည် ကောင်းကင်သို့ ပျံ့နှံ့ပြီး ပဲ့တင်ထပ်လျက်ရှိနေတော့သည်။

ကောင်းကင်ပေါ်မှ ဖြစ်တည်လာသော သတ်ဖြတ်လိုခြင်း အော်ရာများသည် ရှိရှိနေသမျှသော လူများအားလုံး၏ သွေးများအား ဆူပွက်စေသည်။

ကျွင်းချောင်ရှောင်းသည် မြို့ရိုး၏ မျှော်စင်အမိုးပေါ်တွင် ထိုင်၍ မေးထောက်ကာ ရှေ့တည့်တည့်သို့ ကြည့်လိုက်၏။ "ကျုပ်နဲ့အတူ သံမဏိအရိုးဂိုဏ်း ဒီမှာရှိနေပြီဆိုမှတော့ ချင်းယန်မြို့ကို ဘယ်သူမှ ဖျက်ဆီးလို့ မရနိုင်ဘူး"

ဝှစ်။

ရှောင်ကျီသည် မြို့၏ မျှော်စင်ပေါ်သို့ ခုန်တက်လိုက်ပြီး စနိုက်ပါ 88 ၊ AWN စနိုက်ပါတို့ကို သေသေချာချာတင်ထားလိုက်သည်။ ပြီးနောက် သူသည် ကျည်ကတ် ဆယ်ကတ်ကျော်တို့အားလည်း ထုတ်ယူ၍ ကျည်ကတ်ဖြည့်သွင်းရန် အဆင်သင့် ပြင်ဆင်ထား၏။

ကျန်းယန်နိုင်ငံ မှ စစ်တပ် ရောက်လာပြီဆိုပါက သူသည် ကျိန်းသေပေါက် ပစ်ခတ်ရပေလိမ့်မည်။

သူ့အနေနှင့် ပစ်ခတ်ပြီးနောက်တွင် အချိန်ကုန်ခံ၍ ကျည်ထိုးနေခြင်းဖြင့် အချိန်ဖြုန်းသလို ဖြစ်နေမည် ကို စိုးရိမ်၏။ ထို့ကြောင့်ပင် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်သည်။

တစ်ခြားသော မြို့၏ ဟောခန်းမှာတော့ မိုးဆွေဟောခန်းမှ တပည့်များသည် နေရာယူနေလိုက်ကြ၏။

သူတို့သုံးယောက်သည် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော AWM စနိုက်ပါ ရိုင်ဖယ်တို့အား ကိုင်ဆောင်ပြီး အဆင်သင့် ပြင်ထားကြသည်။

ဤလူများ၏ အားအင်အဆင့် နှင့် ခန္ဓာကိုယ်အား သည် ရှောင်ကျီလောက် မသန်မာလှဘူးဆိုသော်လည်း AWM စနိုက်ပါ၏ ပြန်ကန်အားကိုတော့ ခုခံနိုင်စွမ်း ရှိကြ၏။

စနိုက်ပါ သုံးယောက်တို့သည် နေရာယူပြီးသည့် နောက်မှာတော့ သံမဏိအရိုးဂိုဏ်းတပည့်များသည် မြို့၏ မြို့ရိုး နံရံထိပ်တွင် မတ်တပ်ရပ်၍ သံမဏိကဲ့သို့ မာကျောလှသော စိတ်အဟုန်များကို ထုတ်လျက်လျက် ရှိနေကြသည်။

သူတို့သည် မြောင်ဟွေ့ဆီမှ ယူဆောင်လာသော နတ်ဆိုးဒူးလေးများကိုလည်း အဆင်သင့် ယူဆောင်လာကြသေး၏။ တပည့်တစ်ယောက်ချင်းစီတိုင်းတွင် နတ်ဆိုးဒူးလေးနှင့် မြှားငါးခုလောက်ရှိနေကြ၏။

မြို့ထဲတွင် ရှိသော သံချပ်ကာ ဝံပုလွေတပ်ကိုတော့ ကျုံးရီမှ ဦးဆောင်သည်။

ဟာရီကိန်းဝံပုလွေ တစ်ထောင်ကျော်တို့သည် မြေပေါ်တွင် ရပ်လျက်ရှိပြီး အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများကို ထုတ်ဖော်လျက်ရှိနေ၏။

"ငါ အခုမှပဲ ခြေဆန့် လက်ဆန့် လုပ်နိုင်‌တော့တယ်။”

“ဒီလို အချိန်ရောက်လာဖို့အတွက် အချိန်အကြာကြီး စောင့်ခဲ့ရတာလေ။"

စုရှောင်မိုနှင့် လီဖေးတို့သည် မြို့်၏ ဂိတ်တံခါးရှေ့မှာ မတ်မတ်ရပ်ရင်း တိုက်ပွဲမစခင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေကြ၏။

လုချင်းချင်း ၊ ထျန်းချီ၊ လီချင်းယန်၊ လုံကျိရန်နှင့် တစ်ခြားသော အတွင်းစည်းတပည့်များအားလုံးသည်လည်း မြို့၏ နံရံမျှော်စင်ရှိရာတွင် ရပ်လျက်ရှိနေကြသည်။

ကျန့်ရာသည် မြို့ရိုးနံရံ၏ အကွက်ကလေးတစ်ခုထဲတွင် ထိုင်၍ အုတ်နံရံအား လက်ညိုးဖြင့် တတောက်တောက် ခေါက်လျက်ရှိနေသည်။ သူ၏ မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခုသည် ထင်ဟပ်နေ၏။

လာမည့်တိုက်ပွဲအတွက် သံမဏိအရိုးဂိုဏ်းသည် သူတို့၏ အထူး လက်ရွေးစင် တပည့်များအား ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

"ဂိုဏ်းချုပ်"

ရွှဲ့ရမ်ကွေ့သည် မြို့၏ ဂိတ်မျှော်စင်ဆီသို့ လျှောက်လာပြီး ပြောလိုက်၏။ "အရာအားလုံး အဆင်သင့်ပဲ"

"ကောင်းပြီ" ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။

ဝှီ … ဝှီ။

ထိုအချိန်မှာတော့ မြောက်ဘက်ခြမ်းဆီမှ ခပ်ရေးရေး အသံတစ်ခု ထွက်ပေါ်လာတော့သည်။ လေထဲမှာတော့ ဖုန်များ တထောင်းထောင်းနှင့် ပေါ်လာသည်။

သဲမုန်တိုင်းကြီးတစ်ခု ဖြစ်တည်လာသကဲ့သို့ပင် လေထု၏ ပြောင်းလဲမှုမှာ ကြီးမားလာခဲ့၏။

နီးကပ်လာချိန်မှာတော့ အားလုံး အသံများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတော့သည်။ ဤအရာသည် မြင်းများ ကဆုန်ပေါက်ကာ ပြေးလာသည့် အသံပင် ဖြစ်တော့သည်။

"သူတို့ရောက်လာပြီပဲ"

မြို့တော်ဝန်ရှဲ့၏ နှလုံးခုန်သံများသည် ပိုမို၍ ကြမ်းတမ်းလာတော့သည်။

မြို့ထဲတွင် ရှိသော လူများသည်လည်း အနည်းငယ်တော့ ကြောက်လန့်သွားကြ၏။

ထို့အပြင် တစ်ဖက်မှ ကျူးကျော်လာသူများသည် အဆင့်ခြောက် ကျန်းယန် နိုင်ငံမှ လူများ ဖြစ်နေသည် မဟုတ်လား။

မြို့၏ နံရံပေါ်တွင် ထိုင်နေရင်းမှ ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။ "ဒီနေ့က အထူးတာဝန်ကို ပြည့်စုံစေလား မပြည့်စုံစေဘူးလားဆိုတာ အဖြေထွက်မယ့်နေ့ပဲ။ ပြည့်စုံပြီဆိုရင်တော့ ငါက သိုင်းဘုရင်နဲ့ဓားဘုရင် ဖြစ်ပြီပဲ။"

ဟူး …. ဟူး။

အချိန်ခဏလောက် ကြာပြီးသည့်နောက်မှာတော့ လေထဲတွင် ရှိသော ဖုန်များသည် ပြန်လည် ငြိမ်သက်သွားတော့သည်။

ချပ်ဝတ်အပြည့်အစုံ ဝတ်ဆင်ထားသော စစ်မြင်း နှစ်သောင်းကျော်တို့သည် ဘေးချင်းကပ်တန်းစီကာ ရပ်လျက်ရှိပြီး လည်သာ ချပ်ဝတ်ကို ဝတ်ဆင်ထား‌သော အလွန်တရာ ကြမ်းတမ်းလှ‌သည့် စစ်သားများအား ၎င်းတို့၏ ကျောပေါ်တွင် တင်ထား၏။

အနောက်ဘက်မှာတော့ ချပ်ဝတ်အပြည့်အစုံဝတ်ဆင်‌ထား‌သော ခြေလျှင်တပ်သားတစ်သောင်းကျော်တို့သည် လက်ထဲတွင် လှံများကို ကိုင်၍ စီစီရီရီဖြင့် တန်းစီလျက်ရှိနေသည်။

၎င်းတို့ထုတ်ဖော်ထားသော အော်ရာများကို ကြည့်မည်ဆိုလျှင် မြောင်ဟွေ့၏ မြင်းတပ်ထက် ကျိန်းသေပေါက် ပိုမို၍ အားကောင်းပေလိမ့်မည်။

ဝှစ် … ဝှစ်။

ရန်သူများ ပေါ်လာပြီးသည့် နောက်မှာတော့ မြို့၏ နံရံပေါ်တွင် ရှိနေသော သံမဏိအရိုးဂိုဏ်းတပည့်များသည် အသာစုစည်းလာပြီး မြို့၏ မြောက်ဘက်နံရံဆီသို့ ရောက်ရှိလာကြတော့သည်။

အပေါ်ဘက်မှ ကြည့်မည်ဆိုလျှင် မြို့၏ အပြင်ဘက်တွင်တော့ ကျန်းယန် နိုင်ငံမှ ကြမ်းရမ်းလှပါသည်ဆိုသော စစ်သည် သုံးသောင်းကျော်တို့ ရှိနေပြီး မြို့၏ မြောက်ဘက် မြို့နံရံပေါ်မှာသေံမဏိအရိုးဂိုဏ်းသား တစ်ထောင်ကျော်သာ ရှိလို့နေ၏။

ဤအရာသည် အလွန်အမင်း ကွာခြားချက် ကြီးမားနေသည်။

အနာဂတ်တစ်နေ့တွင် ချင်းယန်နိုင်ငံသို့ စစ်ပွဲမီးများ တောက်လောင်ချိန်၌ တစ်ဖက်မှ ကျူးကျော်သည့် တပ်သားသောင်းကျော်တို့သည် ချင်းယန်မြို့ ဆီသို့ ရောက်ရှိနေချိန်တွင် လူတစ်ယောက်နှင့် သူ၏ တပည့်များသည် မြို့၏ နံရံပေါ်တွင် မတ်မတ်ရပ်၍ မြို့ထဲတွင် ရှိသော ၃.၆သန်း သောလူတို့၏ အသက်ကို ကာကွယ်ပေးလိမ့်မည်ဟု ဆိုခဲ့ဖူးသည် မဟုတ်လား.

ဤအဖြစ်အပျက်သည် ယနေ့တွင်ဖြစ်သည်။

“တပ်မှုး”

ကျန်းယန်နိုင်ငံ၏ စစ်သည်သုံးသောင်းကျော်တို့သည် နေရာယူပြီးသည့်နောက်မှာတော့ ဒုတပ်မှူးသည် မြို့၏ မျှော်စင်ဆီသို့ လက်ညိုးထိုးပြကာ အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ဟိုးမှာ တစ်ယောက်ယောက် ထိုင်နေတယ်"

အသက်နှစ်ဆယ့်ငါးနှစ် နီးပါးခန့် ရှိသော တောက်ယွမ်သည် အပေါ်ဘက်သို့ မော့ကြည့်တော့ လူတစ်ယောက် ထိုင်နေသည်ကို မြင်လိုက်၏။

"ဒီတစ်ကြိမ် ကျုပ်တို့ရဲ့ တိုက်ခိုက်မှုက ပွင့်ပွင့်လင်းလင်း လာပြီးတော့ တိုက်ခိုက်တယ်လို့ဆိုရမယ်။ ချင်းယန်မြို့ကလည်း သတင်းရပြီးသားဖြစ်လိမ့်မယ်။ဘာလို့ မြို့နံရံပေါ်မှာ စစ်သည် အနည်းငယ်ပဲ ရှိရတာလဲ။" ဒုတပ်မှူးသည် ဇဝေဇဝါဖြင့် မေးလိုက်သည်။

"သူတို့က ကျုပ်တို့ကျားဆိုးတပ်ကို မယှဉ်နိုင်ဘူးဆိုတာ သိလို့ စောစောစီးစီးကတည်းက အလျှော့ပေးထားတာ ဖြစ်လိမ့်မယ်" တစ်ယောက်က ပြောလိုက်၏။

တောက်ယွမ်သည် သူ၏ မြင်းကို စီးနင်း၍ စစ်တပ်၏ အရှေ့ဆီသို့ အသာတိုးသွားလိုက်သည်။ ပြီးနောက် ချင်းယန်မြို့ဘက်သို့ လှမ်းအော်လိုက်သည်။ "ချင်းယန်မြို့ရဲ့ မျှော်စင်ပေါ်မှာ ထိုင်နေတဲ့လူက ချင်းယန်မြို့တော်ဝန်လား"

မြို့ထဲတွင်ရှိနေသော မြို့တော်ဝန်ရှဲ့သည် ထိုစကားသံကို ကြားတော့ နှုတ်ခမ်းများ တုန်ရင်သွားသည်။ "ဒီလောက် ဟန်ထုတ်နေတဲ့ ဂိုဏ်းချုပ်ကျွင်းက ငါ မဟုတ်တာ သေချာတယ်။ ငါအဲလောက်ကြီး ဟန်မထုတ်ဘူး ဆိုတာ မကြားဖူးဘူးလား"

All Chapters