အခန်း (၄၄၆)
Vol. 30 Ch. 446
ရန်သူစစ်သည် သုံးသောင်းကျော်တို့သည် ကျူးကျော်ရောက်ရှိလာကြပြီး ဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း မှာတော့ မြို့၏ မျှော်စင်အမိုးပေါ်တွင် ထိုင်လျက်ရှိနေသည်။
“ဂိုဏ်းချုပ်”
ရှောင်ကျီသည် ရှစ်ဆမှန်ဘီလူးကို အသာယူ၍ တောက်ယွမ်၏ ဦးထုပ်ဆီသို့ ချိန်ရွယ်လိုက်၏။ “ပစ်မှတ်ကို ချိန်ထားပြီးသွားပြီ”
“မြင်းခြေထောက်ကိုပစ်”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဒါက သူ့အတွက် နှုတ်ဆက်လက်ဆောင်ပဲ”
ရှောင်ကျီသည် သေနတ်ပြောင်းဝအား အသာအောက်သို့ချ၍ သေနတ်မောင်းခလုတ်ကို ဆွဲချလိုက်တော့သည်။ သူ၏ ပစ်ခတ်မှုနှုန်းအရ မည်သည့်နေရာကိုပဲချိန်ချိန် ကျိန်းသေပေါက် ထိမှန်မှာသေချာ၏။
သို့ပေမဲ့ ကျည်ဆန် ထွက်ခွာသွားပြီးနောက်မှာတော့ အမဲရောင်အရိပ်တစ်ခုသည် ရန်သူစစ်တပ်၏ အရှေ့ဆီသို့ ရုတ်တရက် ပျံသန်းလာပြီး တောက်ယွမ်၏ အရှေ့မှ ကာကွယ်လိုက်၏။ ချက်ချင်းဆိုသလိုပဲ အကာအကွယ် အစီအရင်တစ်ခု ဖြစ်တည်လာသည်။
ဘန်း
ကျည်ဆံသည် အတားအဆီးကို ထိမှန်သွားချိန်မှာတော့ နားပွင့်လောက်အောင် ကျယ်လောင်သည့်အသံ ထွက်ပေါ် လာတော့သည်။ သို့ပေမဲ့ အတားအဆီးသည် အလွန်တရာအားကောင်းလှပြီး မချိုးဖြတ်နိုင်ချေ။
ကျန့်ရာသည် မျက်မှောင်ကုတ်ကာပြောလိုက်၏။ “သိုင်းဘုရင်ပဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ကျုပ်က သူ့ကို နှုတ်ဆက်လက်ဆောင်ပေးချင်တာ၊ ဒါပေမဲ့ မထင်ထားတာက သူတို့ဆီက အားကောင်းတဲ့ လူတစ်ယောက်ကို ထုတ်ဖော်မိသလို ဖြစ်သွားတာပဲ”
ဝှစ်
အဘိုးအိုတစ်ယောက်သည် သူ၏ ရှည်လျားလှသော အင်္ကျီလက်ကြီးကို ယမ်းခါ၍ တောက်ယွမ်၏အရှေ့၌ မတ်တပ်ရပ်လိုက်သည်။ ပြီးနောက်သူသည် အရှေ့တွင်ကာကွယ်ထားသော အလွန်တရာထူထဲလှသော စိတ်ဝိညာဉ်စွမ်းအင်နံရံကြီးကို ဖယ်ရှားလိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည်။ “သတ္တိမရှိတဲ့လူတွေက နောက်ကျောဘက်ကနေ လှမ်းပြီးတော့ ပစ်ခတ်တဲ့အလုပ်ကို လုပ်ကြတယ်”
သူ ဤသို့ပြောလိုက်သည်ဆိုသော်လည်း စိတ်ထဲမှာတော့ အနည်းငယ်တုန်လှုပ်မိနေသည်။ ကျည်ဆန်သည် အလွန်တရာမြန်ဆန်လွန်းလှ၏။ သူ့အနေနှင့် စိတ်ဝိညာဉ်အာရုံခံမိ၍ သိရှိနိုင်လိုက်သည်ဆိုသော်လည်း အနည်းငယ်သာနှောင့်နှေးသွားမည်ဆိုပါက ကယ်တင်မှုကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
တောက်ယွမ်၏ အမူအရာမှာလည်း အနည်းငယ်ပြောင်းလဲသွား၏။ အလွန်တရာ အားကောင်းလှသော ကျင့်ကြံသူ တစ်ယောက်၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်လျှင် သူ၏ အသက်အန္တရာယ်သည် စိုးရိမ်ရသည့် အခြေအနေ သို့ ရောက်ရှိသွားပေလိမ့်မည်။
အမှန်တော့ သူသည် အတွေးများနေခြင်းသာဖြစ်သည်။ ဂိုဏ်းချုပ်ကျွင်းသည် စဦး လက်ဆောင်အနေဖြင့် မြင်း၏ ခြေထောက်ကို ပစ်ခတ်ရန် အမိန့်ပေးခဲ့ခြင်းသာဖြစ်သည်။ သိုင်းဘုရင်တစ်ယောက်၏ အကာအကွယ်ပေးမှု မရှိလျှင်လည်း အလွန်ဆုံး မြင်း၏ခြေထောက်သာ ထိမှန်ပေလိမ့်မည်။
ဝှစ်
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာပြောလိုက်၏။ “တပ်မှူးတောက်၊ ချင်းယန်နိုင်ငံက သေးငယ်တဲ့နေရာလေးတစ်ခုပဲ၊ ဘာလို့ ခင်ဗျားတို့ လာပြီး တိုက်ခိုက်ရတာလဲ”
တောက်ယွမ် ပြောလိုက်၏။
“ရောင်းရင်း… ခင်ဗျားရဲ့မေးခွန်းကို ကျုပ် အခု ပြန်မဖြေနိုင်သေးဘူး”
လက်ရှိအခြေအနေသည် အလွန်တရာ အန္တရာယ်များသောအခြေအနေ ဖြစ်ပေါ်နေသည်။ သို့ပေမဲ့ သူသည် အလွန် တည်ငြိမ်စွာဖြင့် စကားပြောဆိုနိုင်သေး၏။ ထိုလူ၏ စိတ်နှလုံးသည် အားကောင်းပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ပခုံးတွန့်ကာပြောလိုက်၏။ “ကျုပ်က ချင်းယန်မြို့ရဲ့ မြို့တော်ဝန်မဟုတ်ဘူး၊ ကျုပ်က သံမဏိအရိုးဂိုဏ်းချုပ်ပဲ”
“ကျွင်းချောင်ရှောင်းလား”
တောက်ယွမ် မေးလိုက်၏။
ကျုပ်တို့၏ ဂိုဏ်းချုပ်ကျွင်း နာမည်သည် တည်နေရာအနှံ့တွင် ပျံ့နှံ့နေခဲ့ပြီးဖြစ်၏။ စစ်တပ်လောက တစ်ခုလုံး သို့ပင် သူ၏ နာမည်သည် ရောက်ရှိလို့နေ၏။
ကျွင်းချောင်ရှောင်းပြောလိုက်၏။ “အမှန်ပါပဲ”
တောက်ယွမ်သည် အနည်းငယ်မျက်မှောင်ကုတ်ကာပြောလိုက်၏။ “ခင်ဗျားတို့က ဂိုဏ်းတစ်ခုလေ၊ ဘာလို့ နိုင်ငံတွေရဲ့ စစ်ပွဲမှာ လာပြီးပတ်သက်နေရတာလဲ”
“ခင်ဗျားတို့ ကျန်းယန်နိုင်ငံက တခြားနိုင်ငံတွေကို တိုက်ခိုက်မယ်ဆိုရင် ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက ပါဝင်မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ချင်းယန်နိုင်ငံဆိုတာ ကျုပ်ရဲ့အိမ်လေ၊ ဒါကိုဘယ်လိုလုပ် အိမ်ထဲမှာ ထိုင်ပြီး ကြည့်နေနိုင် မှာလဲ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
“အမှန်ပဲ”
တောက်ယွမ်ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက အသက်ကိုစတေးပြီး ချင်းယန်နိုင်ငံကို ကယ်တင်ဖို့ ဆုံးဖြတ်ထားတယ်ပေါ့”
ပေါက်ကရတွေ ….. ငါကချင်းယန်နိုင်ငံကို မကာကွယ်နိုင်ရင် တာဝန်ကျရှုံးသွားမှာပေါ့။
“ဟမ့်”
တောက်ယွမ်၏ ရှေ့တွင် ရပ်လျက်ရှိသော သိုင်းဘုရင်သည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “ခုနတုန်းက ပစ်ခတ်လိုက်တာ ဘယ်သူလဲ… ထွက်လာပြီး ကျုပ်နဲ့ သိုင်းကွက်သုံးကွက်လောက် တိုက်ခိုက်ကြ ရအောင်၊ သတ္တိရှိတယ်ဆိုရင်ပေါ့”
ကျန့်ရာသည် ပျင်းရိစွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး ထူးမခြားနားသလို ပြောလိုက်၏။ “သိုင်းဘုရင်တွေက နိုင်ငံတွေရဲ့စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခွင့် မရှိဘူးဆိုတာ မသိဘူးလား”
သိုင်းဘုရင်သည် နှာခေါင်းရှုံ့ကာပြောလိုက်၏။ “ဒီအဘိုးကြီးက စစ်ပွဲမှာ ပါဝင်ပတ်သက်နေတာမဟုတ်ဘူး၊ ချင်းယန်မြို့မှာရှိတဲ့ ကျွမ်းကျင်သူနဲ့ တိုက်ကွက် အနည်းငယ်လောက် လက်ရည်စမ်းချင်လို့ လိုက်ပါလာတာ”
ချီးတဲ့မှ …
သိုင်းဘုရင်တစ်ယောက်သည် အဆင့်ကိုးနိုင်ငံရှိ ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ရန် လိုက်ပါလာခဲ့၏။ ဤအရာမှာ လာ၍ အနိုင်ကျင့်ခြင်းနှင့်ပင် ဆင်တူနေ၏။
“ဒါဆိုရင်လည်း ကောင်းပြီလေ”
ကျန့်ရာက ပြောလိုက်သည်။ “ဒီအကြီးအကဲက ခင်ဗျားနဲ့ တိုက်ကွက်အနည်းငယ်လောက် လက်ရည်စမ်းတာပေါ့”
ပြီးနောက် သူသည် မြို့၏နံရံကို ခြေဆောင့်ကာ တိမ်ခြေလှမ်းအား ထုတ်သုံးလိုက်တော့သည်။ ပြီးနောက် သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မြို့၏ နံရံပေါ်မှ ခုန်ဆင်းလိုက်၏။ အလွန်တရာ ယုံကြည်ချက် ပြင်းထန်စွာဖြင့် ဆင်းသက်လာခြင်းဖြစ်သည်ဟု ဆိုရမည်။
“အကြီးအကဲကျန့်က အရမ်းကြမ်းတာပဲ” ဂိုဏ်း၏တပည့်များ အားလုံးသည် အားရပါးရ ချီးကျူးလိုက်ကြ၏။
ဘုတ်
“အိုက်ယား”
ကျန့်ရာသည် မြို့၏နံရံပေါ်မှ ခုန်ဆင်းလိုက်ချိန်မှာတော့ ခြေချော်ပြီး မြေသို့ ပြုတ်ကျသွားတော့သည်။
“ဒါက”
တပည့်များအားလုံး၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ “ခင်ဗျားက သံမဏိအရိုးဂိုဏ်းရဲ့ တစ်ဦးတည်းသော အကြီးအကဲဆိုတာကော သေချာရဲ့လား”
“အဟမ်း …. အဟမ်း”
ကျန့်ရာသည် မြေပေါ်မှ ထရပ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်မှာရှိသော ဖုန်များကို သုတ်ခါလိုက်တော့သည်။ ပြီးနောက် ချောင်းနှစ်ချက် ဟန့်လိုက်ကာ ပြောလိုက်သည်။ “မြေက ပျော့လွန်းတယ်၊ ဒါကြောင့် ကျုပ်တို့ ဒီနေရာမှာ တိုက်ခိုက်လို့ အဆင်မပြေဘူး၊ နေရာပြောင်းကြရအောင်”
တိုက်ခိုက်ပွဲအား ဤနေရာမှ ဝေးရာသို့ ရွေ့ပြောင်းလိုက်ခြင်းအားဖြင့် ကျွင်းချောင်ရှောင်းအနေဖြင့် ပိုမို ကောင်းမွန်သော လှုပ်ရှားမှုများ ပြုလုပ်နိုင်ပေလိမ့်မည်။
“ဟမ့်”
သိုင်းဘုရင်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “မင်းပဲ တည်နေရာကိုရွေးလေ”
ကျန့်ရာသည် အဝေးတစ်နေရာရှိ တောအုပ်ကြီးကို လက်ညှိုးညွှန်ကာ ပြောလိုက်၏။ “အဲဒီမှာ တိုက်ခိုက်ကြတာပေါ့”
ပြီးနောက် သူသည် အသံပို့လွှတ်လိုက်သည်။ “ဂိုဏ်းချုပ်… သိုင်းဘုရင်တွေက နိုင်ငံတွေရဲ့ စစ်ပွဲတွေမှာ ပါဝင်ပတ်သက်ခွင့်မရှိဘူး၊ ဒါကြောင့် ဒီလူ့ကို မြှားခေါ် သွားမယ်၊ ကျန်တာတော့ ဂိုဏ်းချုပ်ကိစ္စပဲ”
“သွား” ကျွင်းချောင်ရှောင်းပြောလိုက်သည်။
သိုင်းဘုရင်များသည် နိုင်ငံ၏ စစ်ပွဲတွင် ပါဝင်ပတ်သက်ခွင့်မရှိ ဆိုသည်မှာ သူပထမဦးဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ သို့ပေမဲ့ စိတ်သက်သာရ ရသလို သက်ပြင်းချလိုက်မိသည်။
အဆင့်ခြောက်နိုင်ငံတစ်ခုဖြစ်သော ကျန်းယန်နိုင်ငံတွင် သိုင်းဘုရင်များလည်း ပေါများစွာ တည်ရှိပေလိမ့်မည်။ အကယ်၍သာ သိုင်းဘုရင်များ ရောက်ရှိလာပြီး တိုက်ခိုက်မည်ဆိုလျှင် ချင်းယန်မြို့သည် မည်သို့မှ ခုခံကာကွယ် ပေးနိုင်လိမ့်မည် မဟုတ်ချေ။
ဝှစ် … ဝှစ်…။
ကျန့်ရာနှင့် သိုင်းဘုရင်တို့သည် သူတို့၏ လှုပ်ရှားမှုနည်းစနစ်များကို အသုံးပြု၍ သူတို့၏ရှေ့တွင်ရှိသော တောအုပ်ဆီသို့ ထွက်ခွာသွားတော့သည်။
တောက်ယွမ်သည် ဗျူဟာထဲသို့ ပြန်လည်ဝင်ရောက်လာတော့သည်။ အလွန်တရာလေးလံလှသော ချပ်ဝတ်များကို ဝတ်ဆင်ထားသော များပြားလှသော စစ်သားတို့သည် အလယ်အလတ်အရွယ်အစားရှိသော ဒိုင်းကာတို့ကို ကိုင်၍ တောက်ယွမ်၏ ရှေ့မှ ကာကွယ်ပေးထားလိုက်တော့သည်။ စောနတုန်းက ရောက်ရှိလာသည့် လက်နက်ပုန်း ထပ်မံရောက်ရှိလာမည်ကို သူတို့စိတ်ပူနေကြခြင်း ဖြစ်၏။
“တပ်မှူးတောက်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ချင်းယန်မြို့က သေးငယ်ပြီး လူလည်း နည်းနည်းလေးပဲရှိတာပါ၊ ပြီးတော့ တန်ဖိုးကြီးမားလှတဲ့ အရင်းအမြစ် တွေလည်းရှိတာမဟုတ်ဘူး၊ ဒီတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နောက်ပြန်ဆုတ်သွားရင် မကောင်းဘူးလား”
သူ့အနေနှင့် စကားလုံးအနည်းငယ်ဖြင့် ဖြေရှင်း၍ ရနိုင်မည့် ကိစ္စမျိုးဆိုလျှင် လက်နက်ကို အသုံးမပြုချင်ပေ။
တောက်ယွမ်က ပြောလိုက်၏။ “ကျုပ် ဒီနေရာကိုရောက်လာတာ အမိန့်ကြောင့် ရောက်လာရတာ၊ ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ဒုက္ခတွေ မခံချင်ဘူး ဆိုရင် မြို့တံခါးကို ဖွင့်ပြီးတော့ အညံခံလိုက်”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “အညံ့ခံတယ်ဆိုတဲ့ စကားလုံးက ကျုပ်ရဲ့ အဘိဓာန်ထဲမှာ မရှိဘူး”
“ဒီလိုဆိုရင်လည်း ကျုပ်တို့ တိုက်ခိုက်ပြီးတော့ ဘယ်သူက အနိုင်ရလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့”
တောက်ယွမ်သည် လက်ကိုယမ်းခါပြီး ပြောလိုက်၏။
ဝှစ် ဝှစ်
အရှေ့တွင်ရှိသော သံချပ်ကာ မြင်းတပ်သည် အသာလမ်းဖယ်ပေးလိုက်ပြီး ခြေလျင်တပ်သားတစ်ရာကျော်တို့သည် အလွန်တရာကြီးမားလှသော ကျောက်ခဲထည့်ပစ်ရသည့် ကိရိယာ လေးခုကို အရှေ့သို့ တွန်းထုတ်လာကြသည်။
ချီးတဲ့မှ …
ကျွင်းချောင်ရှောင်း အံ့အားသင့်သွားသည်။ “ဒီလိုအရာမျိုးလည်း ရှိတယ်လား”
ရွှဲ့ရမ်ကွေ့က ပြောလိုက်၏။ “ဒါက သလင်းအမြူတေတွေထည့်ပြီး ပစ်ခတ်လို့ရအောင် ဖန်တီးထားတဲ့အရာပဲ၊ သလင်းအမြူတေထဲက အားအင်တွေကို အသုံးပြုရတယ်၊ သာမန်ကျောက်တုံး ထည့်ပြီးပစ်မယ်ဆိုရင် အရမ်းပြင်းထန်တဲ့ ဖျက်ဆီးမှုတွေကို ဖန်တီးနိုင်တယ်”
ဒီတစ်ကြိမ်မှာတော့ မြို့တော်ဝန်ရှဲ့သည် မတ်တပ်ထရပ်လာ၏။ ကြီးမားသော ကျောက်ခဲထည့်ပစ်ရသည့် ကိရိယာကြီးလေးခုကို မြင်ရချိန်မှာတော့ သူ၏ အမူအရာများသည် ပြောင်းလဲသွားတော့သည်။ “သွားပြီ သွားပြီ၊ ဒါကနတ်ဆိုးဒူးလေးထက်ပိုပြီးတော့ အားကောင်းလွန်းတယ်”
“ဂိုဏ်းချုပ်ကျွင်း”
တောက်ယွမ်က ပြောလိုက်သည်။ “ခင်ဗျားကို ကျုပ်အခွင့်အရေးတစ်ခုပေးမယ်၊ အညံ့ခံမလား၊ အသေခံမလား”
ခြေလျင်တပ်သားအနည်းငယ်တို့သည် ရှေ့သို့လျှောက်လှမ်းလာကြပြီး အလွန်တရာကြီးမားလှသော သံလုံးကြီး လေးလုံးအား ကိရိယာပေါ်သို့တင် လိုက်ကြတော့သည်။ ပြီးနောက် သလင်းအမြူတေများကို အသက်သွင်း လိုက်တော့သည်။
ကျွင်းချောင်ရှောင်းသည် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ပြောလိုက်၏။ “သေတဲ့အထိ ခုခံမယ်”
တောက်ယွမ်သည် လက်ကို ယမ်းခါလိုက်တော့၏။
ဝှစ် … ဝှစ်။
ကျောက်ခဲများထည့်၍ ပစ်ရသော ကိရိယာသည် အသက်ဝင်သွားတော့သည်။ ကြီးမားလှသော သံလုံးကြီး လေးလုံးသည် ထိုကိရိယာဆီမှ လွှင့်စင်လာပြီး မြို့ဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ရောက်ရှိလာတော့သည်။
မြို့တော်ဝန်ရှဲ့၏ အမူအရာသည် ပျက်ယွင်းသွားတော့သည်။ ဤသံတုံး အလေးချိန်နှင့် တစ်ခုချင်းစီ၏ ပြင်းအားသည် ဂျင်နှစ်သိန်းနီးပါးခန့်ရှိသည်ဖြစ်၏။
မြို့၏နံရံအား ထိမိသွားမည်ဆိုပါက နံရံတစ်ခုလုံး ပြိုကျပျက်စီးသွားမှာ သေချာသည်။
“ကျိုးဟုန်”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဒီကိစ္စကို မင်းတာဝန်ယူလိုက်တော့”
ကျိုးဟုန်သည် ရှေ့သို့လှမ်းတတ်လာပြီး မြို့၏မျှော်စင်ရှေ့တွင် မတ်မတ်ရပ်လိုက်တော့၏။ ပြီးနောက် သူ၏ လက်တစ်ဖက်သည် ဓားပေါ်သို့ ရောက်ရှိသွားပြီး ပျံသန်းလာသော သံဘောလုံးလေးလုံးအား စူးစိုက်ကြည့်လျက် ရှိသည်။
“ဒါက”
မြို့တော်ဝန်ရှဲ့သည် အလွန်တရာ အံ့အားသင့်သွားခဲ့၏။ ဤမျှမြန်ဆန်လှသော အရှိန်အဟုန်ဖြင့် ရောက်ရှိ လာသော သံလုံးများအား ဓားဖြင့် မည်ကဲ့သို့ ဖျက်ဆီးမည်နည်း။
ချလွမ်
ရုတ်တရက်ဆိုသလိုပဲ ဓားထုတ်သည့်အသံ ထွက်ပေါ်လာတော့သည်။ မြို့တော်ဝန်ရှဲ့၏ အမြင်အာရုံတစ်ခုလုံးတွင် များပြားလှသောဓားရိပ်များ ထွက်ပေါ်လာတော့သည်။
အသက်တစ်ရှိုက်စာအတွင်း ဓားတိုက်ခိုက်ချက် ရှစ်ဆယ်။