အခန်း (၄၅၂)
Vol. 31 Ch. 452
မူလသုံးဖြာစွမ်းအင်စုစည်းခြင်းနည်းစနစ်သည် အလွန်တရာနက်နဲလှသော စိတ်ဝိညာဉ်စွမ်းအင်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်ဖြစ်၏။ ကျင့်ကြံသူတစ်ယောက်သည် ထိုနည်းစနစ်ကို ထုတ်ဖော်သုံးလိုက်မည်ဆိုလျှင် ကောင်းကင်နှင့်မြေကြီး ကြားမှာရှိသော မူလစွမ်းအင်သုံးမျိုးသည် စုစည်းလာပြီး အလွန်တရာ အားကောင်းလှသော စွမ်းအင်များအဖြစ် စုပေါင်း ဖြစ်တည်လာပေလိမ့်မည်။
ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်သည် ထိုနည်းစနစ်ကို ပြည့်စုံသည်အထိ နားလည်ထားပြီးဖြစ်သည်။ ထို့ကြောင့် စွမ်းအင်များစုစည်းပြီးသည့်နောက်မှာတော့ ချက်ချင်းတိုက်ခိုက်နိုင်ခြင်းပင်ဖြစ်သည်။ မည်မျှအားကောင်း လိုက်သနည်းဆိုသည်ကို ဖော်ပြစရာပင် မလိုချေ။
ကျွင်းချောင်ရှောင်းဆီသို့ မရောက်သေးခင် ရှိရှိသမျှသော မြက်ပင်၊ သစ်ပင်များအားလုံးသည် အမြစ်မှ ထွက်ကာ လေနှင့်အတူ လွှင့်စင်ကုန်ကြသည်။
ကျန့်ရာသည် မျက်မှောင်ကုတ်မိသွားသည်။ သူသည် သိုင်းဘုရင်တတိယ အဆင့်သို့ ချိုးဖြတ်ရောက်ရှိနေသည်ဆိုသော်လည်း ဤတိုက်ခိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင်ရန်အတွက် ယုံကြည်ချက် မရှိပေ။
ဂိုဏ်းချုပ်သည်နေရာမှာပင် မတ်မတ်ရပ်နေသည်။ သူထိပ်တိုက်ရင်ဆိုင်မည်လား။
ဝှစ် ….
ထိုအခိုက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ညာလက်ကို မြှောက်လိုက်တော့၏။ အလွန်တရာ အားကောင်း လှသော စိတ်ဝိညာဉ်စွမ်းအင်များသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာထွက်ပေါ်လာပြီး မြန်ဆန်စွာဖြင့် သူ၏ရှေ့တွင် စိတ်ဝိညာဉ်အကာအကွယ်နံရံကြီးတစ်ခု ဖြစ်တည်လာတော့သည်။
သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့် အချိန်မှာတော့ တစ်စုံတစ်ယောက်သည် စိတ်ဝိညာဉ် စွမ်းအင်များကို ပိုမိုပြည့်စုံစွာ ထိန်းချုပ်လာနိုင်ပြီး လေထဲတွင် စိတ်ဝိညာဉ်စွမ်းအင်နံရံများကိုပင် ဖန်တီး တည်ဆောက်နိုင်ပြီဖြစ်တော့၏။
ထို့ပြင် အလွန်အရေးကြီးသော အသုံးဝင်မှုလည်းရှိနေသေး၏။ တစ်စုံတစ်ယောက်၏အတွေးများသည် စိတ်ဝိညာဉ် အတွေးအဖြစ်ပြောင်းလဲပြီး ပတ်ဝန်းကျင်၏ ရှိရှိသမျှ အရာအားလုံးကို မြင်နိုင်နေခြင်းပင်ဖြစ်သည်။
အလင်းလုံးများ ၏ တိုက်ခိုက်မှုကိုခံလိုက်ရချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ်အတွေးများနှင့် သေသေချာချာ ကြည့်ရှု လိုက်တော့သည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပဲ သူ၏ရှေ့တွင် စိတ်ဝိညာဉ်အကာအရံတစ်ခု ဖန်တီးလိုက်ခြင်းပင်ဖြစ်တော့၏။
“သိုင်းဘုရင်… ဒီခံစားချက်က အရမ်းကောင်းတာပဲ”
မူလသုံးဖြာစွမ်းအင်စုစည်းခြင်းနည်းစနစ်သည် မြက်ပင်များကိုပင် အမြစ်မှကျွတ်၍ ထွက်ခွာစေ၏။ နောက်ဆုံးမှာ တော့ အလွန်တရာကျယ်လောင်လှသော ဘုန်းဆိုသည့် အသံနှင့်အတူ ကျွင်းချောင်ရှောင်းဖန်တီးထားသော စိတ်ဝိညာဉ်နံရံကြီးအား ဝင်ရောက်တိုက်မိတော့၏။ တည်နေရာပတ်ဝန်းကျင်တစ်ခုလုံး လှိုင်းအဟုန်များပင် ဖြစ်ပေါ်သွားစေခဲ့၏။ တည်နေရာထဲတွင်ရှိနေသော ပန်းများ၊ သစ်ပင်များ၊ ကျောက်တုံးများ အားလုံးတို့သည် အမှုန့် အဖြစ်သို့ပြောင်းလဲသွားတော့၏။
မြို့ရိုးနံရံပေါ်တွင်ကြည့်ရှုနေသောသူများ အားလုံးတို့သည် သူတို့၏ဂိုဏ်းချုပ်ကျွင်း ရပ်နေသောမြေနေရာအားလုံး အက်ကွဲနေသည်ကို မြင်လိုက်ကြရတော့သည်။
“ကြောက်စရာပဲ”
မြို့တော်ဝန်ရှဲ့သည် သက်မချလိုက်မိတော့သည်။ ထိုအခိုက်မှာတော့ သူသည် ဂိုဏ်းချုပ်ကျွင်း အဆင်ပြေသည်လား၊ မပြေဘူးလားဆိုသည်ကို ပိုမို၍ စိတ်ပူနေမိတော့၏။
ပြောရမည်ဆိုလျှင် စိတ်ဝိညာဉ် စွမ်းအင် လှိုင်းများ ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ ထိပ်တိုက် တိုက်ခိုက်မှုဖြစ်ပွားခဲ့သော နေရာကို ရှင်းရှင်းလင်း လင်း မြင်နိုင်ပြီ ဖြစ်သည်။
အလွန်တရာအားကောင်းလှသောစိတ်ဝိညာဉ်နံရံသည် ကျွင်းချောင်ရှောင်း၏ ရှေ့တည့်တည့်တွင် ရှိနေတုန်းပင် ဖြစ်၏။ သူ၏နှုတ်ခမ်းပေါ်မှာတော့ အပြုံးတစ်ခုက ဖြစ်တည်လျက်ရှိသည်။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး”
ကျန်းယန်နိုင်ငံရှိ သိုင်းဘုရင်သည် မျက်လုံးပြူးသွားပြီး သူသည် သူ၏ဝှက်ဖဲကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ သူသည် တစ်ဖက်လူ၏ ခုခံထားသော စိတ်ဝိညာဉ်နံရံကိုပင် မချိုးဖြတ်နိုင်ခဲ့ချေ။ ထိုသူတွင် မည်မျှများပြားသော စိတ်ဝိညာဉ်စွမ်းအင်များရှိနေသနည်း။
“ဒါ …. ဒါက ဓားနှင့်သိုင်းဘုရင်တစ်ယောက်ရဲ့ အစွမ်းပဲ” ကျန့်ရာသည် ကြည့်ရင်း ထိတ်လန့်နေမိသည်။
ရှီချင်းရှန်ကလည်း တွေးမိလိုက်၏။ သူက အခုလေးတင်မှ အဆင့်ချိုးဖြတ်ထားတာ၊ ဘာလို့ ဒီလောက်များပြားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ရှိနေရ တာလဲ။
သိုင်းအင်ပါယာဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော သူသည်ပင် ထိုအရာကို အဖြေမရှာနိုင်ခဲ့ချေ။
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းချပြီး သူ၏ရှေ့တွင်ရှိသော စိတ်ဝိညာဉ်နံရံကြီးအား ဖယ်ရှားလိုက်တော့သည်။ “ခင်ဗျားက ဝှက်ဖဲကို ထုတ်သုံးပြီးပြီ၊ အခု ကျုပ်အလှည့်ပဲ”
ပြောပြီးသည့်နောက်မှာပဲ သူသည် တိမ်ခြေလှမ်းကို အသုံးပြုကာရှေ့သို့ လှမ်းတက်လိုက်တော့သည်။ သူ၏ အမြန်နှုန်းသည် အလွန်တရာမြန်ဆန်သောကြောင့် ကျင်းယန်နိုင်ငံ၏ သိုင်းဘုရင်ဝူသည် တုန့်ပြန်ရန်အချိန်ပင် မရှိလိုက်ချေ။
ကျွင်းချောင်ရှောင်း၏ ဂျင်သုံးသန်းခန့်ရှိသော အားအင်များသည် အရာအားလုံးကို ချိုးဖြတ်နိုင်သည့် အရှိန်အဝါ လည်း ပါဝင်လျက်ရှိနေတော့၏။
ဘုန်း ဘုန်း ဘုန်း
တောထဲမှာတော့ လက်သီးထိုးသံများသည် ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိနေတော့သည်။ အချိန်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏အားအင်အဆင့်ဖြင့် ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်ဝူကို ပက်ပက်စက်စက် ရိုက်နှက်ခဲ့ပြီးဖြစ်သည်။ သိုင်းဘုရင်ဝူသည် မြေပေါ်သို့လဲကျနေပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ် သည် တဆတ်ဆတ်နှင့် တုန်ရင်နေတော့၏။ သူ၏ ပါးစပ်ဆီမှ အဖြူရောင်အမြှုပ်များပင် ထွက်ပေါ်နေသေး၏။
“...”
အားလုံး၏နှုတ်ခမ်းများသည် တုန်ရင်သွားကြ၏။ အလွန်တရာပါရမီရှိပြီး ကြမ်းတမ်းလှသည်ဆိုသော သိုင်းဘုရင် တစ်ယောက်သည် ထိုကဲ့သို့ ဆိုးဆိုးရွားရွား ရိုက်နှက်ခံလိုက်ရသည်။ ထိုအရာသည် မမျှော်လင့်ထားသော ကိစ္စပင် ဖြစ်တော့သည်။
“ဓားနှင့်သိုင်းဘုရင်ဆိုတာက ဒီလောက်ကြီး အားကောင်းလွန်းတာလား”
ဂိုဏ်းချုပ်ကျွင်းသည် အဘယ်ကြောင့် အဆင့်လေးသိုင်းဘုရင်တစ်ယောက်ကို အနိုင်ယူခဲ့သည်ဆိုသည်ကို သူ မသိပေ။
တကယ်တမ်းမှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ဓားနှင့်သိုင်းဘုရင်တစ်ယောက်ဖြစ်သည်သာမက စိတ်ဝိညာဉ်အမြူတေနှစ်ခုကို ပိုင်ဆိုင်သူလည်းဖြစ်နေတော့၏။ ထို့ကြောင့်နှစ်ဆအကျိုးသက်ရောက်မှုရှိပြီး အားအင်အဆင့်များသည် အလွန်တရာ တိုးပွားနေခြင်းပင်ဖြစ်တော့သည်။
တကယ်တမ်းတွင် မူလသုံးဖြာစွမ်းအင်စုစည်းခြင်းနည်းစနစ်ကို ရင်ဆိုင်ရချိန်မှာတော့ ကျွင်းချောင်ရှောင်းထံမှာ စိတ်ဝိညာဉ်အမြူတေတစ်ခုထဲသာရှိလျှင် တစ်ဖက်၏တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်သော်လည်း သူ၏ရှေ့တွင် ရှိသော စိတ်ဝိညာဉ်နံရံမှာတော့ ကျိန်းသေပေါက် ပျက်စီးသွားရပေလိမ့်မည်။
သိုင်းဘုရင်အချင်းချင်း တိုက်ပွဲသည် ဤကဲ့သို့ပင် ပြီးဆုံးသွားခဲ့၏။
ကျန်းယန်နိုင်ငံမှ သိုင်းဘုရင်ဝူသည် ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရပြီး တပ်မမှူးတောက်ယွမ်အားလည်း အိမ်သို့ ပြန်လည် မခေါ်ဆောင်နိုင်တော့ချေ။ ၎င်းသည်သာ အကျဉ်းသားတစ်ယောက်ဖြစ်လာခဲ့တော့သည်။
ချင်းယန်မြို့၏ အတွင်းမှာတော့ လက်နက်ချခဲ့သော ကျားဆိုးတပ်မှ စစ်သာများအားလုံးသည် ဆောင့်ကြောင့်ထိုင်လျက်ရှိပြီး လက်ကိုခေါင်းပေါ်သို့ တင်ထားကြ၏။
“ဂိုဏ်းချုပ်”
ရွှဲရမ်ကွေ့က ပြောလိုက်၏။ “ဒီလူတွေကို ဘာလုပ်ကြမလဲ”
“သူတို့ကို ကျူပ်ဆီ သစ္စာခံခိုင်းရမယ်။ သစ္စာမခံဘူးဆိုရင် ကျန်းယန်နိုင်ငံကို သုံ့ပန်းတွေ နဲ့ ပိုက်ဆံနဲ့ လာရွေးခိုင်းလိုက် မယ်လေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ တလက်လက်တောက်ပနေသော ပါရမီရှင် တပ်မမှူးတစ်ယောက်နှင့် အဆင့်လေး သိုင်းဘုရင်တစ်ယောက်တို့သည် အလွန်တရာများပြားလှသော ပိုက်ဆံများပေး၍ ပြန်ခေါ်ရလောက် အောင် တန်ဖိုးကြီးမားကြသည့်သူများ ဖြစ်တော့၏။
ရွှဲရမ်ကွေ့က ပြောလိုက်၏။ “တောက်ယွမ်က စစ်သူကြီးမိသားစုကနေ လာတာလေ၊ ဒီတော့ သူ့အနေနဲ့ အညံ့ခံဖို့ဆိုတာက နည်းနည်း ခက်ခဲ လိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်အညံ့မခံအောင် မလုပ်နိုင်တဲ့လူဆိုတာမရှိဘူး၊ သူ့ကို ထမင်းတစ်ပန်းကန်ကျွေးလိုက်မယ်၊ အဲလိုမှ မရဘူး ဆိုရင် ထမင်းနှစ်ပန်းကန် ကျွေးလိုက်ကြတာပေါ့”
“...”
ရွှဲရမ်ကွေ့သည် လျှိုဝမ်ရှစ်၏ အချက်အပြုတ်အရသာကို ပြန်လည်စဉ်းစားလိုက်ချိန်မှာတော့ စိတ်ထဲတွင် အလွန် အရသာရှိသည်ဆိုသော စကားလုံး ပေါ်ပေါက်လာတော့သည်။
“တပ်မှူးတောက်”
ကျွင်းချောင်ရှောင်းသည် လှမ်းလျှောက်လာပြီး ပြောလိုက်၏။ “ခင်ဗျားရှုံးတယ်ဆိုတာကို ဝန်ခံပြီလား”
ကြိုးချည်ခံထားသော တောက်ယွမ်သည် အချိန်အတော်ကြာ ငြိမ်သက်နေ၏။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ်ဝန်ခံပါတယ်”
သူသည် ဤတိုက်ပွဲတွင် ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့၏။ ကျားဆိုးတပ်သည် သံချပ်ကာဝံပုလွေတပ်၏ အလုံးစုံ ဖျက်ဆီး ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့်သူသည် အလုံးစုံရှုံးနိမ့်သည်ဟု ဆိုရပေမည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက ပါရမီရှင်တွေ လိုအပ်နေတယ်၊ ခင်ဗျားဂိုဏ်းထဲကို ဝင်ဖို့စိတ်ဝင်စားလား”
တောက်ယွမ်သည် ခေါင်းကို ခက်ခက်ခဲခဲ မော့ကာဖြင့် ပြောလိုက်သည်။
“ဂိုဏ်းချုပ်ကျွင်း... ကျုပ်က ဆရာကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ရန်သူအပေါ်ကိုတော့ ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး”
“တပ်မှူးတောက်”
ကျွင်းချောင်ရှောင်းသည် အားမလျှော့ပဲ ဆက်ပြောလိုက်၏။ “ခင်ဗျားအထင်မှားနေပြီ၊ ကျုပ်ဆိုလိုတာ ကျုပ်ရဲ့ သံမဏိအရိုးဂိုဏ်းထဲကို ဝင်ဖို့ပြောတာ”
“သံမဏိအရိုးဂိုဏ်းထဲကို ဝင်တာနဲ့ ရန်သူ့ကို အညံ့ခံဖို့က ဘာထူးမှာလဲ” တောက်ယွမ်သည် အေးစက်စက်ပြောလိုက်၏။
“ကွာခြားချက်ရှိတာပေါ့”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ကျုပ်တပ်မှူးတောက်ကို အရင်ဆုံးမေးတာ၊ ခင်ဗျားက ဂိုဏ်းတစ်ခုခုရဲ့ ဂိုဏ်းသားလား”
“ဘယ်ဂိုဏ်းကမှ မဟုတ်ဘူး” တောက်ယွမ်ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ခင်ဗျားက ကျန်းယန်နိုင်ငံရဲ့ စစ်သူကြီးတစ်ယောက်ဆိုပေမဲ့ ဘယ်ဂိုဏ်းကမှ ခင်ဗျားကို မပိုင်ဆိုင်ဘူး၊ ဒါဆိုရင် ဘာလို့ သံမဏိအရိုးဂိုဏ်းကို ဝင်လို့ မရရမှာလဲ”
သူပြောတာလည်း မှားယွင်းမှု မရှိချေ။ သို့ပေမဲ့ တောက်ယွမ်ကလည်း ပြောလိုက်သည်။ “ခင်ဗျားက ချင်းယန်နိုင်ငံကို တပည့်တွေနဲ့အတူ ကာကွယ်နေတာလေ၊ ဒီတော့ ခင်ဗျားက ကျုပ်ရဲ့ရန်သူပဲ၊ သံမဏိ အရိုးဂိုဏ်းထဲကိုဝင်တာက ရန်သူ့ကို အညံ့ခံတာနဲ့ အတူတူပဲ”
“မဟုတ်ဘူး၊ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ကျုပ်ကချင်းယန်မြို့ကို ကာကွယ်ပေးတာ၊ ဘာလို့လဲဆိုတော့ ချင်းယန်မြို့က ကျုပ်ရဲ့အိမ်မို့လို့၊ တကယ်လို့ ချင်းယန်နိုင်ငံကသာ မတိုက်ခိုက်ဘူးဆိုရင် ကျုပ်က ဒီစစ်ပွဲမှာ ဝင်ပါမှာတောင် မဟုတ်ဘူး၊ အခု ခင်ဗျားက ရှုံးနိမ့် သွားပြီ၊ ကျုပ်တို့ သံမဏိအရိုးဂိုဏ်းကလည်း ဒီတိုင်းနေတော့မှာ၊ ပြီးတော့ ရန်သူတွေမဟုတ်တော့ဘူး၊ ဒီတော့ ဂိုဏ်းထဲကို ဝင်တာ အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်၊ ဟုတ်တယ်မဟုတ်လား”
ကျွင်းချောင်ရှောင်းထပ်ပြောလိုက်၏။
“သံမဏိအရိုးဂိုဏ်းထဲကို ဝင်တယ်ဆိုတာ တပည့်တစ်ယောက်အနေနဲ့ ဝင်ဖို့ပြောတာ၊ စစ်တပ်ကြီးတစ်ခု သံမဏိ အရိုးဂိုဏ်းရဲ့ သံချပ်ကာဝံပုလွေတပ်ကြီးကို ဦးစီးပြီးတော့ ကျန်းယန်နိုင်ငံကို တိုက်ခိုက်ဖို့ ခင်ဗျားကို ခိုင်းစေနေတာ မဟုတ်ဘူး”
“...”
မြို့တော်ဝန်ရှဲ့၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ ဂိုဏ်းချုပ်ကျွင်း၏ စကားပြော စွမ်းရည်ည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှ၏။ လျှာနှစ်ခွနှင့် မြွေတစ်ကောင်ကဲ့သို့ပင် အစွမ်းထက်လွန်းလှ၏။
တောက်ယွမ်သည်လည်း ကြောင်သွား၏။ ခဏလောက်စဉ်းစားပြီးသည့်နောက်မှာတော့ ဤအရာသည် အဓိပ္ပာယ် ရှိသည်ဟု သူခံစားမိလိုက်၏။
“ဂိုဏ်းချုပ်ကျွင်း”
ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်ဝူသည် အားပျော့စွာပြောလိုက်၏။ “ခင်ဗျားကျုပ်ကို သတ်လို့ရတယ်၊ ဒါပေမဲ့ ကျုပ်ကို အရှက်ခွဲလို့တော့ မရဘူး”
ဘန်း ဘန်း ဘန်း ဘန်း..
ကျွင်းချောင်ရှောင်းသည် ထိုလူမေ့မျောသွားသည်အထိ လက်သီးဖြင့် ထိုးချလိုက်တော့သည်။ ပြီးနောက် လက်ကို ခါယမ်းကာ ပြောလိုက်၏။ “တပ်မှူးတောက်... ခင်ဗျားကို စဉ်းစားဖို့အချိန်ပေးမယ်”
ပြီးနောက် သူပြောလိုက်၏။ “မြို့တော်ဝန်ရှဲ့... ဒီလူတွေကို အချုပ်ခန်းထဲမှာ ဖမ်းချုပ်ထားပေးပါ”
“ကောင်းပါပြီ”
မြို့တော်ဝန်ရှဲ့သည် ချက်ချင်းဆိုသလိုပင် တောက်ယွမ်၊ သိုင်းဘုရင်ဝူ နှင့် ကျားဆိုးတပ်မှ စစ်သည်များအားလုံးကို အချုပ်ခန်းထဲတွင် ဖမ်းချုပ်ထားလိုက်တော့သည်။
“ဂိုဏ်းချုပ်ကျွင်း”
သူသည် လက်သီးဆုပ်ကာဖြင့် ကျေးဇူးတင်စကား ပြောဆိုလိုက်တော့၏။ “ခင်ဗျားတို့ရဲ့ သံမဏိအရိုးဂိုဏ်းကြောင့်သာ မဟုတ်ရင် ကျုပ်တို့ရဲ့ ချင်းယန်နိုင်ငံက ကျရှုံးသွားခဲ့တာ ကြာလောက်ပြီ”
ကျွင်းချောင်ရှောင်းပြောလိုက်၏။
“အရမ်းကြီး အပျော်စောမနေနဲ့ဦး၊ ကျန်းယန်နိုင်ငံရဲ့ တပ်လေးတစ်ခုကို ကျုပ်တို့က အောင်နိုင်တာပဲရှိသေးတယ်၊ ပြီးတော့ ကျန်းယန်နိုင်ငံရဲ့ စစ်တပ်ကြီးတစ်ခုလုံးက ဟီယန်နိုင်ငံနှင့် ဟွာယန်နိုင်ငံကို အားယူပြီးတော့ တိုက်ထား ကြတာ”
မြို့တော်ဝန်ရှဲ့၏ အမူအရာများသည် လေးနက်သွားတော့၏။ ဤအရာသည် အမှန်ပင်ဖြစ်သည်။ ကျန်းယန်နိုင်ငံ သည် လူသုံးသောင်းကိုသာ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ထိုထက်မက များပြားလှသော စစ်သည်သိန်းကျော်သည် ရှိနေသေးသည်မဟုတ်လား။