အခန်း (၄၅၄)
Vol. 31 Ch. 454
သိုင်းနည်းစနစ်များကို ရရှိပြီးသည့်နောက်မှာ သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် စတင်၍ ကျင့်ကြံတော့သည်။ သူတို့သည် ပထမဦးဆုံး စိတ်နှလုံးအေးချမ်းစေခြင်းနည်းစနစ်အား စတင်၍ ကျင့်ကြံကြသည်။ ဤနည်းစနစ်ကို အသက်သွင်းလိုက်သည်ဆိုသည်မှာ စိတ်တစ်ခုလုံးမှာ အများကြီး ပိုမို၍ တည်ငြိမ်လာခဲ့ကြသည်။
လူသားတို့တွင်ရှိသော ခံစားချက် ခုနှစ်မျိုး၊ အလိုလာဘ ခြောက်မျိုး အားလုံးသည် တည်ငြိမ် အေးချမ်းခြင်းအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီး တခြားပြင်ပအရာများ၏ အာရုံ လွင့်ပါးစေမည့် ကိစ္စများသည်လည်း လျော့ကျသွားခဲ့၏။
စိတ်နှလုံးအေးချမ်းခြင်းနည်းစနစ်သည် တစ်စုံတစ်ယောက်၏စိတ်ကို ပိုမိုတည်ငြိမ်စေပြီး မလိုလား အပ်သောအတွေးများအားလုံးကို ရှင်းလင်းစေသောနည်းစနစ်ဟုလည်း ဆိုနိုင်၏။ စိတ်တည်ငြိမ်အေးချမ်း သည်နှင့်အမျှ သိုင်းးနည်းစနစ်များကို နားလည်နိုင်မှုကလည်း ပိုမို၍ မြန်ဆန် လာတော့သည်။
မြို့တော်ဝန်ရှဲ့ စီစဉ်ပေးထားသော ခေတ္တတည်းခိုရာနေရာတွင် နေထိုင်ရင်း ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်၏။ “စိတ်နှလုံးအေးချမ်းခြင်းနည်းစနစ်ကို အသက်သွင်းရတာ စိတ်ဝိညာဉ်စွမ်းအင် တွေကို ပိုမိုပြီး အားကောင်းစေနိုင်တယ်၊ ပြီးတော့ပိုမိုမြန်ဆန်အောင် လှည့်ပတ်ပေးနိုင်တယ်။ ဒါအရမ်းကောင်းတဲ့ ပစ္စည်းပဲ”
ထို့ပြင် ဤနည်းစနစ်သည် သိုင်းနည်းစနစ်များကို နားလည်စေရန် အသုံးပြုနိုင်သည်သာမက တစ်စုံ တစ်ယောက်၏ စိတ်နှလုံးကိုလည်း အချိန်တိုင်း အေးချမ်းပေးနိုင်အောင် ထောက်ပံ့ပေးနိုင်သည်။ အလွန်တရာအသုံးဝင်လှသည့် နည်းစနစ်တစ်ခုဟုလည်း ဆိုရမည်။
သံမဏိအရိုးဂိုဏ်းတပည့်များသည် ထိုအရာကို နားလည်လိုက်မိ၏။ ထို့ကြောင့် စိတ်နှလုံး အေးချမ်းခြင်းနည်းစနစ်ကို နားလည်ရန် ပိုမိုအာရုံစိုက်ကျင့်ကြံကြတော့သည်။
ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ လေ့ကျင့်ရေးကွင်းပြင်တည်နေရာမှာတော့ များပြားလှသော သံမဏိအရိုးဂိုဏ်းတပည့်များသည် ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ယူ၍ တိမ်ပုံစံအော်ရာများ ဖြစ်တည်အောင် ဖန်တီးလျက်ရှိနေသည်။
သူတို့၏ ခန္ဓာကိုယ်ပေါ်မှာတော့ ချပ်ဝတ်ကဲ့သို့ အရာတစ်ခုသည် ခပ်မှိန်မှိန်ဖြစ်တည်လျက်ရှိသည်။ ဤအရာသည် စိတ်ဝိညာဉ်ချပ်ဝတ်သိုင်းနည်းစနစ်တစ်ခုပင် ဖြစ်တော့သည်။ ထုတ်ဖော်အသုံးပြုသည့် နောက်မှာတော့ ချပ်ဝတ်တစ်ခုသာမဟုတ်ဘဲ ခေါင်းဆောင်းများပါ ဖြစ်တည်လာလျက်ရှိသည်။
ဤကဲ့သို့သော ခုခံကာကွယ်ခြင်းသိုင်းနည်းစနစ်သည် သင်ယူရန်လွယ်ကူလှသည်ဆိုသော်လည်း ကျွမ်းကျင်ရန်မှာတော့ အလွန်တရာ ခက်ခဲလှချေ၏။ ထိုအရာကို အောင်မြင်စွာ နားလည်နိုင်မည် ဆိုလျှင်တောင်မှ တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ် စွမ်းအင်အပေါ်တွင် မူတည်၍ ခုခံနိုင်မှုအားအင်အဆင့် ကလည်း ကွာခြားသွား၏။
အဆင့်နှစ်နှင့် အဆင့်သုံး သိုင်းဆရာအဆင့်တွင်ရှိသော သံမဏိအရိုးဂိုဏ်းတပည့်များသည် စမ်းသပ် ပြီးကြပြီဖြစ်သည်။ သူတို့သည် ပုံရိပ်ယောင်ချပ်ဝတ်တစ်ခုကိုသာ ဖန်တီးနိုင်ကြပြီး အစစ်အမှန် ချပ်ဝတ်တစ်ခုကဲ့သို့ ဖြစ်မလာနိုင်ချေ။
ဝှစ် ဝှစ်
ရှောင်ကျီ သည် ရှေ့သို့ လျှောက်လှမ်းလာပြီး သူ၏ဝိဉာဉ်စွမ်းအင်များကို ထုတ်လွှတ်လိုက်တော့သည်။ အလွန်တရာ ဆန်းကြယ်လှသော ဓာတ်သဘာဝများသည် လေထုထဲတွင်ဖြစ်တည်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်၌ ချပ်ဝတ်တစ်ခုအမြန်ဆုံးပေါ်ပေါက်လာတော့သည်။ “ဒါကောင်းတယ်မလား”
“ကောင်းကင်ဘုံ …စီနီယာအစ်ကိုရှောင်ရဲ့ ချပ်ဝတ်က အရမ်းကို အားကောင်းတာဘဲ”
များပြားလှသောတပည့်များသည် သူ့အနားကိုဝိုင်းပတ်ကာ မနာလိုသည့်လေသံများဖြင့် ပြောဆို လျက်ရှိတော့သည်။ သိုင်းဆရာထိပ်ဆုံးအဆင့်တွင်ရှိနေသော ရှောင်ကျီသည် သူ၏ဂျူနီယာညီလေးများထက် ပိုမို အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်ကို ပိုင်ဆိုင်သည်။ ထို့ကြောင့်သူ၏ချပ်ဝတ်သည် အကောင်အထည်ဖြစ်လုနီးပါးပင် ထင်ပေါ်လျက်ရှိနေတော့သည်။
သူသည် လေ့ကျင့်ရေးကွင်းပြင်တွင် မတ်မတ်ရပ်နေသည့်အချိန်မှာတော့ အလွန်တရာရဲရင့်လှသော စစ်ဗိုလ်ချုပ်ကြီးတစ်ပါးကဲ့သို့ပင် ဖြစ်နေ၏။
ထိုအချိန်မှာတော့ စုရှောင်မိုသည် အသာလျှောက်ထွက်လာပြီး အံ့အားတသင့်ဖြင့်ပြောလိုက်၏။ “ဂျူနီယာညီလေးရှောင်… မင်းရဲ့ချပ်ဝတ်က အရမ်းမိုက်တယ်”
သူသည်လည်း စိတ်ဝိညာဉ်ချပ်ဝတ်နည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်၏။ ဒါပေမယ့် ရှောင်ကျီ၏ ဘေးနားတွင် မတ်တပ်ရပ်နေချိန်မှာတော့ အလွန်တရာအားနည်းနေ၏။ လီဖေး၊ ထျန်းချီ အခြားသူများအားလုံးသည်လည်း တစ်ယောက်ပြီးတစ်ယောက်အနားသို့ လျှောက်လာပြီး သူတို့သည် စိတ်ဝိဉာဉ်ချပ်ဝတ်နည်းစနစ်အား စိတ်ဝင်စားမှုအပြည့်ဖြင့် ထုတ်ဖော် လိုက်ကြ၏။
နောက်ဆုံးနှိုင်းယှဉ်မှုပြုသည့်အချိန်မှာတော့ သူတို့အားလုံးသည် ရှောင်ကျီနှင့်ယှဉ်ပြိုင်နိုင်ရန် အနည်းငယ် လိုအပ်ချက်ရှိနေသေး၏။ ရှောင်ကျီသည် ခန္ဓာကိုယ်အားအင်ကို အထူးပြုလေ့ကျင့်ခဲ့သောကြောင့် ဤကဲ့သို့ ဖြစ်နေခြင်းသာ ဖြစ်ရမည်။
“တကယ့်ကို ပျင်းစရာပဲ”
မြို့ရိုးနံရံပေါ်တွင် ထိုင်လျက်ရှိသော ရီချင်းရှန်သည် သိုင်းနည်းစနစ်များကို စမ်းသပ်လျက်ရှိသော သူများကိုကြည့်၍ ပျင်းရိသလိုပြောလိုက်၏။ သူ၏ နှုတ်ခမ်းထောင့်စွန်း မှာတော့ အထင်အမြင်သေးသည့် အရိပ်လက္ခဏာအပြုံးများ တည်ရှိနေ၏။
စိတ်ဝိညာဉ်ချပ်ဝတ်နည်းစနစ်ကို သူသည် သင်ယူပြီးခဲ့ပြီဖြစ်သော်လည်း စိတ်ထဲတွင် လေးလေး နက်နက်တော့ မထားချေ။ သူ အစစ်အမှန်ဂရုစိုက်နေသည်မှာ စိတ်နှလုံးအေးချမ်းခြင်း နည်းစနစ် ပင်ဖြစ်သည်။ ဤအရာသည် စိတ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်၍ လူတစ်ယောက်၏ စိတ်ကို ပိုမို တည်ငြိမ်စေသောကြောင့် သိုင်းနည်းစနစ်ကို လေ့လာရာတွင် အလွန်အကူအညီပေးစွမ်း၏။
ကျိုးဟုန်တောင်မှ ဤနည်းစနစ်ကို ကျင့်ကြံလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏စိတ်ကို ပိုမိုတည်ငြိမ်စေသောကြောင့် ဓားတာအိုကို ပိုမိုနားလည်လာစေနိုင်မည်ဖြစ်သောကြောင့်ပင်။
ချင်းယန်နိုင်ငံကို စောင့်ရှောက်နေတုန်းမှာပင် သံမဏိအရိုးဂိုဏ်းတပည့်များသည် သူတို့၏ သိုင်းနည်းစနစ်များကို ပြင်းပြင်းထန်ထန်လေ့ကျင့်လျက်ရှိသည်။ ထိုအရာကိုမြင်တော့ မြို့တော်ဝန်ရှဲ့သည် အမှတ်မထင် တွေးလိုက်မိသည်။ “သံမဏိအရိုးဂိုဏ်းက ဒီလောက်အားကောင်းတာ အံ့အားသင့်စရာမဟုတ်တော့ဘူး။ တပည့်တွေ အားလုံးက ဇွဲရှိရှိနဲ့ ကျင့်ကြံကြတာဘဲ”
……...
ကျားဆိုးတပ်အား အနိုင်ယူပြီးသည့်နောက်မှာတော့ ဟီယန်နိုင်ငံနှင့် ဟွာယန်နိုင်ငံတို့အား တိုက်ခိုက်လျက် ရှိသော ရန်သူများသည် ကျွင်းချောင်ရှောင်းတို့ဘက်ကို လှည့်ရန် အချိန်မရှိခဲ့ချေ။
အကျဉ်းသားအဖြစ် ဖမ်းဆီးခံထားရသော တောက်ယွမ်၏ အခြေအနေမှာမူ အနည်းငယ်ဆိုးရွားနေသည်။
သူသည် အချုပ်ခန်းတစ်ခုထဲတွင် ချုပ်နှောင်ခံထားရပြီး မည်သည့်အစာကိုမျှ မစားရချေ။ သူဆာလောင်နေသည်မှာ သုံးရက်တိတိရှိပြီဖြစ်၏။
ကျွင်းချောင်ရှောင်းသည် သူ၏ကျင့်ကြံခြင်း အလုပ်များကို ပြီးစီးသည့်အချိန်တိုင်းတွင် အချုပ်ခန်းသို့ လာရောက်တွေ့ဆုံပြီး စကားပြောလေ့ပြောထရှိသည်။
သို့ပေမဲ့ ပြောဆိုသည့်စကားများမှာ အညံ့ခံရန်ပြောဆိုသည့်စကားများမဟုတ်ဘဲ လောကတွင် မည်သို့သောအစားအစာသည် အလွန်အရသာရှိသည်၊ မည်သို့သောအစားအစာသည် အရသာရှိသည့် အစားအစာဖြစ်ကြောင်း မစားရဝခမန်းလာရောက်ပြောဆိုခြင်းပင်ဖြစ်သည်။
သူသည် အလွန်တရာဆာလောင်လှ၏။ သို့ပေမယ့် လောကတွင် အလွန်အရသာရှိသော အစား အသောက်များအကြောင်းကို ကြားနေရ၏။ ပို၍ဆိုးဝါးတာ ရှိနေသေးသည်။ ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ် ကိုခေါ်၍ အကျဉ်းထောင်နားတွင် မီးဖိုခန်းကို ပြင်ဆင်ကာ အားရပါးရ ချက်ပြုတ်စေခြင်းပင် ဖြစ်၏။
ထို့နောက် ချက်ပြုတ်သည့်နည်းစနစ်၏ တစ်ခုချင်းစီအား သေချာအသေးစိတ်ရှင်းပြလျက်ရှိသည်။ သာမန်ကျသော ဂေါ်ဖီကြော်တစ်ခုကိုပင် လျှိုဝမ်ရှစ်၏လက်ရာအောက်တွင် အလွန်တရာမွှေးပျံ့ပြီး အရသာရှိသော ဟင်းပွဲတစ်ခုသို့ ပြောင်းလဲသွားခဲ့သည်။
ထို့ပြင် ဂိုဏ်းချုပ်ကျွင်းသည် ထိုဟင်းပွဲ၏ တစ်ခုချင်းစီတိုင်းကို အလွန်တရာ ရသမြောက်သော စကားလုံးများနှင့်ညွှန်းဆို၍ တောက်ယွမ်နားလည်အောင် သေချာရှင်းပြလျက်ရှိနေတော့သည်။
တောက်ယွမ်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တည်ရှိနေတုန်းပင်ဖြစ်သည်။ သူသည် အလွန်တရာဆာလောင်လှသည်ဆိုသော်လည်း စစ်သားတစ်ယောက်ဖြစ်သည်မို့ အရသာ ရှိသောအစားအစာများနှင့် သူ၏နှလုံးသားကို ယိမ်းယိုင်အောင်မပြုလုပ်နိုင်ပေ။
ဂိုဏ်းချုပ်ကျွင်းမှာလည်း အလျင်မလိုချေ။ သူ့တွင်အချိန်အများကြီးရှိနေ၏။ ထို့ကြောင့် အရသာ ရှိသောအစားအစာများကို ထပ်မံ၍ လာရောက်ရှင်းပြပေးလိမ့်ဦးမည်။
…….…
ညသို့ ရောက်ချိန်မှာတော့ ကောင်းကင်တစ်ခုလုံးသည် ကြယ်များဖြင့် ပြည့်နှက်နေ၏။ ကျွင်းချောင်ရှောင်း သည် မြို့ရိုးပေါ်တွင် အသာလှဲပြီး လကြီးအား မော့ကြည့်လျက်ရှိသည်။ သူတီးတိုးရေရွတ်လိုက်၏။ “ငါအိမ်ကိုလွမ်းလိုက်တာ”
ဤရက်အနည်းငယ်အတွင်း သူသည် တောက်ယွမ်အား အလွန်အရသာရှိသော အစားအစာများကို ရှင်းပြပေးခဲ့၏။ တော်တော်များများသည် တရုတ်ပြည် ရှန်တုံးဆီမှ ဟင်းပွဲများဖြစ်ပြီး စီချွမ်ဟင်းပွဲများ အကြောင်းလည်းပါဝင်၏။ ထို့ကြောင့်သူသည် အိမ်ကို လွမ်းဆွတ်နေခြင်းသာ ဖြစ်တော့သည်။
“ငါ့ကိုသတိရနေတဲ့လူကော ရှိသေးရဲ့လား”
ကျွင်းချောင်ရှောင်းသည် နာနာကျဉ်ကျဉ်ဖြင့် တွေးလိုက်၏။ “ဒါပေမဲ့ ငါ့မှာ မိသားစုလည်းမရှိဘူး၊ သူငယ်ချင်းလည်း နည်းနည်းလေးဘဲ ရှိတာ၊ ဘယ်သူက ငါ့ကို သတိရနေမှာလဲ”
ရုတ်တရက်ဆိုသလိုပဲ သူသည် အဓိကကမ္ဘာမြေပေါ်တွင် စိုးရိမ်ပူပန်မှုစရာ တစ်ခုမှမရှိကြောင်းကို နားလည်လိုက်မိ၏။ သူ အဘယ့်ကြောင့် အခြားကမ္ဘာတစ်ခုတွင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မနေထိုင်နိုင်ရမည်နည်း။
ထို့ပြင်သူသည် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်လည်းဖြစ်၏။ သူ့တွင် များပြားလှသော တပည့်များ ရှိနေသည်။ အားလုံးသည် သွေးချင်းဆက်စပ်နေသော ဆွေမျိုးများမဟုတ်ဘူးဆိုသော်လည်း သူတို့သည် ဆရာတပည့်များ ဖြစ်သည့်အပြင် နွေးထွေးလှသည့် ဂိုဏ်းမိသားစုတစ်ခုလည်း ဖြစ်နေ၏။ ထို့ကြောင့် အတူတူရှင်သန်၍ ပျော်ရွှင်စွာနေထိုင်သွားရလျှင်လည်း မဆိုးလှချေ။
ရွှီ
နဂါးလေးသည် ရုတ်တရက်ဆိုသလိုဘဲ မြို့ရိုးပေါ်မှ ခုန်ချလာပြီး ကျွင်းချောင်ရှောင်းဘေးသို့ ရောက်ရှိလာတော့သည်။ ပြီးတော့ သူ၏ခေါင်းကို အသာကျုံ့ဝင်ကာ သူ၏သခင်ဘေးနားတွင် လှဲလိုက်၏။
တိရိစ္ဆာန်ဆေးလုံးများကြောင့် နဂါးလေး၏ စားချင်သောက်ချင်စိတ်ပြဿနာများသည် ဖြေရှင်းပြီးဖြစ်နေ၏။ ထို့ကြောင့် နဂါးလေးသည် ပေါ်လာခဲသည်ဟု ဆိုရမည်။
ကျွင်းချောင်ရှောင်းသည် နီရဲနေသော နဂါးလေး၏ ခေါင်းအား အသာပုတ်ကာပြောလိုက်၏။ “မင်းဘယ်အချိန်မှာ ကြီးလာမှာလဲ”
ဂူး ဂူး
နဂါးလေးသည် ထူးဆန်းသည့်အော်သံကို အော်လိုက်ပြီး ပျင်းရိလေးကန်စွာဖြင့် မျက်လုံးများကို မှိတ်ကာ အသာလှဲနေ၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းလိုက်ပြီး မြောက်ဘက်အကျဆုံး မြို့နံရံကြီးအား လှမ်းကြည့်လိုက်၏။
သူ၏အကြည့်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လုချင်းချင်းဆီသို့ ရောက်ရှိသွားသည်။ ဤအမျိုးသမီးသည် ထိုနေရာတွင် မတ်မတ်ရပ်နေသည်မှာ အချိန်အတော်ကြာမြင့်လှပြီဖြစ်၏။ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံခံနိုင်ပြီဖြစ်သောကြောင့် အစောကြီးကတည်းက သူမကို သတိပြုမိနှင့်ပြီးသားဖြစ်တော့သည်။ သူမ မည်သည့်အရာကို စဉ်းစားနေသနည်း။
လုချင်းချင်းသည် တကယ်တမ်းမှာတော့ စိတ်နှလုံးအေးချမ်းခြင်းနည်းစနစ်ကို စဉ်းစားနေခြင်းသာ ဖြစ်သည်။
ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းနည်းစနစ်မျိုးသည် အလွန်တရာအားကောင်းလှပြီး သူမ၏ ထိုက်ရွမ်အအေးနှလုံးသားနည်းစနစ်အား နားလည်စေရန် အထောက်အကူပြုနေခဲ့၏။
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဤအေးစက်လှသည့် မိန်းကတေစ်ရက်ပြီးတစ်ရက်နှင့် အေးစက်သည့်မိန်းကလေး တစ်ယောက် အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားပြီဖြစ်ကြောင်း နားလည်လိုက်ရသည်။
“အေးလိုက်တာ”
သူမ၏ဘေးနားတွင် ဖြတ်သွားသော တပည့်များအားလုံးသည် ရုတ်တရက်မနေနိုင်ဘဲ ခန္ဓာကိုယ်ကို ပင် ကျုံ့ထားလိုက်မိကြ၏။
“ဂိုဏ်းချုပ်”
တစ်နေ့မှာတော့ လုချင်းချင်းသည် သူ့ကို လှမ်းပြောလိုက်၏။ “စစ်ပွဲက ပြီးသွားပြီ၊ ကျွန်မသွားပြီးတော့ လေ့ကျင့်တော့မယ်”
စိတ်နှလုံးအေးချမ်းခြင်းနည်းစနစ်ကို လေ့ကျင့်ပြီးသည့်နောက်မှာတော့ သူမ၏ စိတ်ထဲတွင်ရှိသော အတားအဆီးများအားလုံးသည် ပယ်ရှားသွားခဲ့ပြီဖြစ်သည်။ သူမ၏ နှလုံးသားသည် ရေလိုဘဲ တည်ငြိမ်နေ၏။ ထို့ကြောင့် အရှေ့မြောက်အရပ်သို့ သွားကာ လေ့ကျင့်ရန် စိတ်စောလျက်ရှိနေတော့၏။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် မငြင်းပယ်ချေ။ သူတို့နှစ်ယောက်တွင် တစ်ယောက်သည် မြို့၏နံရံအပေါ်ထပ်တွင် မတ်တပ်ရပ်လျက်ရှိပြီး တစ်ယောက်မှာ ဟိုးအောက်ဆုံးတွင် ရှိနေ၏။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလျက်ရှိပြီး အသံပို့လွှတ်ကာ စကားပြောနေခြင်းသာ ဖြစ်တော့၏။
“ဂိုဏ်းချုပ်” ထိုအချိန်မှာဘဲ သံမဏိအရိုးဂိုဏ်းထဲတွင်ရှိသော လီလိုရှုတစ်ချို့သည် အသံပို့လွှတ်လိုက်၏။
“တစ်ခုခုဖြစ်ပြီ”
“ဘာဖြစ်တာလဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။
လီလိုရှုက ပြောလိုက်၏။ “ကျွန်မတို့ဆီကရထားတဲ့သတင်းအချက်အလက်တွေအရဆိုရင် များပြားလှတဲ့ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ကျန်းယန်နိုင်ငံ၏ဂိုဏ်းတွေဟာ တောင်ပြာဂိုဏ်းဆီသို့ ဦးတည်သွားနေကြတယ်။ ကြည့်ရတာ သူတို့ပြဿနာသွားရှာတာဖြစ်ရမယ်”
“ပြဿနာသွားရှာတာဟုတ်လား” ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်မိသွား၏။
ကျန်းယန်နိုင်ငံက ဂိုဏ်းများအားလုံးသည် တောင်ပြာဂိုဏ်း ဆီသို့ သွားသည်ဆိုသည်မှာ စစ်ပွဲနှင့် သက်ဆိုင်နေ၏။ သူသာဆိုလျှင် နိုင်ငံတစ်ခုကို တိုက်ခိုက်ဖို့ဆိုလျှင် အရင်ဆုံးအင်အားကြီးလှသော နိုင်ငံအတွင်းရှိ ဂိုဏ်းများကို အရင်ဖြိုဖျက်မှာ သေချာသည်။
“အကြီးအကဲကျန့် …. ဟောခန်းသခင်ရွှဲ”
ကျွင်းချောင်ရှောင်းသည် မြို့၏ နံရံပေါ်မှ ခုန်ချလိုက်ပြီး ပြောလိုက်၏။ “ခင်ဗျားတို့က ချင်းယန်မြို့ကို ကာကွယ်ဖို့ တာဝန်ယူထားကြ”
“ချင်းချင်း …. ချင်းရှန်”
သူ ပြောလိုက်သည်။ “ငါနဲ့အတူ တောင်ပြာဂိုဏ်းကို လိုက်ခဲ့ကြ”
အိပ်ပျော်လျက်ရှိနေသော နဂါးလေးသည် ရုတ်တရက် နိုးထလာသည်။ ပြီးနောက်သူ့သခင်၏ ပခုံးအထက်သို့ ခုန်တက်လိုက်၏။
အာဝူး
ဟာရီကိန်းဝံပုလွေဘုရင်ကို ဆင့်ခေါ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အပေါ်သို့ ခုန်တက်လိုက်၏။ ပြီးနောက် လုချင်းချင်း၊ ရီချင်းရှန်တို့နှင့်အတူ တောင်ပြာဂိုဏ်းဆီသို့ ဦးတည် သွားတော့သည်။