အခန်း (၄၅၅)
Vol. 31 Ch. 455
အရာအားလုံးသည် ကျွင်းချောင်ရှောင်း ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်ခဲ့၏။
ကျန်းယန် နိုင်ငံသည် တစ်ခြားနိုင်ငံတစ်ခုကို တိုက်ခိုက်ချင်သည် ဆိုပါက ကျိန်းသေပေါက် သူတို့နိုင်ငံ၏ လူများကို စေလွှတ်ကာ တစ်ဖက်နိုင်ငံ၏ အင်အားကြီးဂိုဏ်းများကို တိုက်ခိုက်ရန် စီစဉ်ပေးလိမ့်မည်။
ဟီယန်နိုင်ငံနှင့် ဟွာယန်နိုင်ငံတွင် ရှိသော အဓိကဂိုဏ်းများမှာ မိစ္ဆာဂိုဏ်းကြီးတော်တော်များများသည် ထိုကဲ့သို့ စီစဉ်မှုမျိုးကို ခံခဲ့ရ၏။ ထို့ကြောင့် စစ်ပွဲရောက်လာချိန်တွင် ၎င်းတို့သည် ဂိုဏ်းအတွင်း သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် တောင်များတွင် စည်းခတ်၍ နေထိုင်ကြပြီး မြို့တော်ဝန်များ၏ တောင်းဆိုမှုကိုပင် လျစ်လျူရှု နေခဲ့ရ၏။
ကျန်းယန်နိုင်ငံ သည် မည်ကဲ့သို့ စီစဉ်ခဲ့သနည်း။
အလွန်တရာ ရိုးရှင်းပေသည်။ လူများကို ခေါ်ဆောင်လာ၍ ပြသနာ လာရှာခြင်းပင် ဖြစ်သည်။
ဟီယန်နိုင်ငံအတွင်းတွင် ရှိသော အဆင့်ငါးဂိုဏ်းနှစ်ခုသည် ကျန်းယန်နိုင်ငံ မှ စေလွှတ်လိုက်သော ကျွမ်းကျင်သူများ၏ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ ဒဏ်ရာများမှာ အသက်အန္တရာယ်ရှိလောက်သည်ထိ မဟုတ်သော်လည်း ဒဏ်ရာတော့ ရရှိခဲ့ကြ၏။
ထို့ကြောင့် တစ်ခြားသောနိုင်ငံကို တစ်စုံတစ်ခု ပြုလုပ်ချင်သည် ဆိုလျှင် ၎င်းနိုင်ငံအတွင်းရှိ အဓိက ဂိုဏ်းများကို ဘာမှ မလုပ်နိုင်အောင် အရင်ဆုံးတိုက်ခိုက်ရန် စီစဉ်ခြင်းပင် ဖြစ်တော့သည်။
ရှေ့နိုင်ငံနှစ်ခုသည် ထိုကဲ့သို့ စီစဉ်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ကျန်းယန်နိုင်ငံသည် ချင်းယန်နိုင်ငံအား သိမ်းပိုက်ဖို့ စီစဉ်ချင်သည်ဆိုလျှင် တောင်ပြဂိုဏ်းအပေါ် အစီအစဉ်ချမှတ်ပေလိမ့်မည်။
နည်းလမ်းဟောင်းကြီးအတိုင်း သူတို့သည် တောင်ပြာဂိုဏ်းဆီသို့ လာ၍ ကျွမ်းကျင်သူများကို စိန်ခေါ်ခဲ့ခြင်းပင် ဖြစ်တော့သည်။
ထို့အပြင် ကျန်းယန် နိုင်ငံသည် သိုင်းဘုရင် သုံးယောက်နှင့် သိုင်းစစ်သူကြီးအဆင့် နှစ်ဆယ်ကျော် တို့ကို စေလွှတ်ခဲ့၏။
သူတို့အားလုံးသည် တောင်ပြဂိုဏ်း၏ လေ့ကျင့်ရေး ကွင်းပြင်တွင် မတ်မတ်ရပ်လျက်ရှိပြီး ရင်ကိုမော့ကာ ဂုဏ်ယူစွာဖြင့် ရှိနေကြသည်။
"ဂိုဏ်းချုပ်ယု"
အသက်ခြောက်ဆယ် ခုနစ်ဆယ်နီးပါး ရှိသော အဘိုးအိုသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "ကျုပ်တို့ မတွေ့တာ အနည်းဆုံး နှစ်ငါးဆယ်လောက် ရှိပြီ မဟုတ်လား"
ထိုအဘိုးကြီးသည် ရွှေတင်းဖန်ဟု ခေါ်၏။
သူသည် ကျန်းယန် နိုင်ငံ၏ အဆင့်လေးဂိုဏ်းတစ်ခုဖြစ်သော ဝိညာဉ်ချောင်းဂိုဏ်း၏ ပထမအကြီးအကဲဖြစ်၏။ သူသည် ပြဿနာလာရှာသူများ၏ အဓိကခေါင်းဆောင်လည်း ဖြစ်လို့နေသည်။
အဓိက ဟောခန်းထဲမှာတော့ ပေါ့ပါးသည့် ဝတ်စုံကို ဝတ်ဆင်ထားသော တောင်ပြာဂိုဏ်း၏ ဂိုဏ်းချုပ်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ခင်ဗျား နဲ့ကျုပ်က အရင်တုန်းက အဆင့်တူတူပဲလေ။ အခု သိုင်းဘုရင် အဆင့်ကိုတောင် ရောက်နေပြီ ဟုတ်လား"
“ဟား ဟား ဟား … ကျုပ်က အဆင့်ခြောက် နိုင်ငံတစ်ခုက အဆင့်လေးဂိုဏ်းတစ်ခုလေ။ သိုင်းဘုရင်တစ်ယောက်ဖြစ်လာတယ်ဆိုတာ သာမန်ပဲ မဟုတ်လား"
သူနှင့် တောင်ပြာဂိုဏ်း၏ ဂိုဏ်းချုပ်တို့သည် မိတ်ဆွေ ကောင်းကြီးများပင် ဖြစ်ကြသည်။
အရှေ့တောင်ရန်ကျူးတွင် ကျင်းပသော သိုင်းပြိုင်ပွဲကြီးတွင် တစ်ခါတွေ့ဆုံတိုက်ခိုက်ခဲ့ကြဖူးပြီး ထိုအချိန်တုန်းက သိုင်းစစ်သူကြီးအဖြစ် လက်ရည်ညီစွာဖြင့် တိုက်ခိုက်ခဲ့သည်။ အဆုံးသတ်မှာတော့ သူသည် ဂိုဏ်းချုပ်ယုအား ရှုံးနိမ့်ခဲ့၏။
ယနေ့အချိန်မှာတော့ ရွှေတင်းဖန်သည် သိုင်းဘုရင်အဆင့် ဖြစ်လာရုံသာမက သိုင်းဘုရင် အဆင့်လေး ကျင့်ကြံသူတစ်ယောက်ပါ ဖြစ်နေသည်။
ကျန်းယန်နိုင်ငံမဆိုနှင့် အရှေ့တောင်ရန်ကျူးတစ်ခုလုံးတွင် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဟုပင် သုံးသပ်၍ ရနေပြီဖြစ်သည်။
"အကြီးအကဲရွှေ"
သူ၏ ဘေးနားတွင် ရှိနေသော သိုင်းဘုရင်တစ်ယောက်သည် သွားဖြီးကာ ပြောလိုက်၏။ "တောင်ပြာဂိုဏ်း ဂိုဏ်းချုပ်ဆီက ရတဲ့ အော်ရာတွေက သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်ပဲ ရှိသေးတယ်။ခင်ဗျားသူ့ကို အရင်တုန်းက ရှုံးခဲ့တာပေါ့"
သူသည် ဝိညာဉ်ချောင်းဂိုဏ်း၏ အကြီးအကဲကျွမ့်ပဲ ဖြစ်၏။
သူ၏နာမည်သည် သာမန် ဖြစ်သော်လည်း သိုင်းဘုရင် အဆင့်သုံးအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်၏။ တစ်ခြားသော သိုင်းဘုရင်မှာမူ ကျန်းယန်နိုင်ငံမှ အဆင့်လေး သွမ့်ရွှေဂိုဏ်းမှဖြစ်ပြီး ၎င်း၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းဘုရင် အဆင့်တစ်ပင် ဖြစ်သည်။
ဝိညာဉ်ချောင်း ဂိုဏ်းမှ သိုင်းစစ်သူကြီး အဆင့်ခြောက် ကျွမ်းကျင်သူနှစ်ဆယ်ကျော် ပါလာခဲ့ပြီး သွမ့်ရွှေဂိုဏ်းမှာလည်း သိုင်းစစ်သူကြီး နှစ်ဆယ်ကျော်တို့သည် ဝိညာဉ်ချောင်းဂိုဏ်း နှင့် သွမ့်ရွှေဂိုဏ်းဆီမှ ကျင့်ကြံသူများ ဖြစ်ကြပြီး ၎င်းတို့အားလုံး၏ အားအင်သည် သိုင်းစစ်သူကြီး အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးများ ဖြစ်ကြသည်။
၎င်းတို့အားလုံးသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် မတ်မတ်ရပ်နေကြပြီး မည်သို့မှ ပူပန်မှု မရှိဘဲ ၎င်းတို့၏ အော်ရာများကို လွတ်လွတ်လပ်လပ် ထုတ်ဖော်နေပြီးတစ်ဖက်လူများအား ဖိအားပေးလျက်ရှိနေသည်။
မာယွင်တန် ၊ ဝမ်တုန်လင်နှင့် တစ်ခြားသော အကြီးအကဲဂိုဏ်းများမှ အားလုံးသည် ဂိုဏ်းချုပ်ယု၏ နောက်တွင် မတ်မတ်ရပ်ရင်း မျက်မှောင်ကုတ်မိနေကြသည်။ ထိုသူများသည် ကောင်းသော ရည်ရွယ်ချက်နှင့် ရောက်လာခြင်း မဟုတ်ကြောင်း သူတို့ ကောင်းကောင်းသိ၏။
ရွှေတင်းဖန်သည် အပိုတွေမပြောပဲ လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။ "ကျုပ်တို့ ဒီတစ်ကြိမ် တောင်ပြာဂိုဏ်းကို လာတယ်ဆိုတာက သိုင်းပညာအကြောင်း ဆွေးနွေးချင်လို့ပဲ။"
"လက်ရည်စမ်းချင်တာ ဟုတ်လား"
ဂိုဏ်းချုပ်ယုသည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ကျန်းယန် နိုင်ငံရဲ့ စစ်တပ်က လက်ရှိမှာ ဟီယန်နိုင်ငံနဲ့ ဟွာယန်နိုင်ငံကို တိုက်ခိုက်နေကြတယ်။ခင်ဗျားတို့ ဒီကိုလာတယ်ဆိုတာ သူတို့ရဲ့ အမိန့်ပေးမှု အောက်ကနေ လာတာပဲ ဖြစ်ရမယ်။"
တောင်ပြာ ဂိုဏ်းသည်လည်း အပြင်ဘက်တွင် ဘာတွေ ဖြစ်ပျက်နေသည်ဆိုသည်ကို သိရှိပြီး ဖြစ်၏။
သူတို့သည် ချင်းယန်နိုင်ငံကို ရန်သူများ ကျူးကျော်ကတည်းက တံခါးပိတ်နေထိုင်ရမလား ၊ ကူညီရမလား ဆိုသည်ကို အပြင်းအထန် ဆွေးနွေးခဲ့ကြ၏။ သို့ပေမဲ့ သဘောတူညီမှု မရသေးခင်မှာပဲ ကျန်းယန်နိုင်ငံသည် သူတို့အား ပြသနာရှာရန် လူတစ်ချို့ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။
"ဒီလိုပဲ ပြောလို့ရတယ်" ရွှေတင်းဖန်သည် ဖုံးကွယ်မနေဘဲ ပြောလိုက်၏။ "ကျုပ်တို့နိုင်ငံရဲ့ အုပ်ချုပ်သူက ဒီနေရာကို ကျူးကျော်လိမ့်မယ်။ဒီတော့ ခင်ဗျားတို့ ဂိတ်တံခါးကို ပိတ်ပြီးတော့ မသိချင်ယောင်ဆောင်နေတာ ပိုပြီးတော့ ကောင်းမယ်။"
ဂိုဏ်းချုပ်ကျွင်းသည် နှာခေါင်းရှုံ့လိုက်၏။ “ဝိညာဉ်ချောင်းဂိုဏ်းက အစောကြီးကတည်းက ကျန်းယန်နိုင်ငံရဲ့ အုပ်ချုပ်သူဆီမှာတောင် သစ္စာခံလိုက်ပြီကို။"
ဂိုဏ်းများသည် နိုင်ငံရေးများနှင့် ပတ်သက်ဆက်နွယ်မှု ရှိကြသည် မဟုတ်ပေ။
ဥပမာအားဖြင့် ချင်းယန်နိုင်ငံ၏ အုပ်ချုပ်သူသည် မြို့ရှစ်မြို့ကိုသာ အုပ်ချုပ်ထားကြသည်ဆိုသော်လည်း တောင်ပြာဂိုဏ်းကဲ့သို့ ကြီးမားလှသော ဂိုဏ်းများကို အခွင့်အာဏာ မသက်ရောက်ချေ။
“အုပ်ချုပ်သူကျိုးက ရည်မှန်းချက် ကြီးမားတယ်လေ။ကျုပ်တို့ ဝိညာဉ်နတ်ဂိုဏ်းကလည်း သူ့ကို ကောင်းကောင်းထောက်ပံ့ပေးဖို့ စိတ်ဆန္ဒရှိတယ်။ကြီးမားတဲ့ အောင်မြင်မှုတွေ ရဖို့ သူ့ကို ကူညီရမယ်" ရွှေတင်းဖန် ပြောလိုက်သည်။
ဂိုဏ်းချုပ် ယုသည် ထူးမခြားနားသလို ပြောလိုက်သည်။ "ကျန်းယန်ရဲ့ အုပ်ချုပ်သူက ပတ်ဝန်းကျင်မှာ ရှိသမျှ နိုင်ငံတွေ အားလုံးကို လိုက်လံသိမ်းပိုက်ပြီးတော့ စစ်သွေးကြွနေတာပဲ။သူ့ကြောင့် ရေတွက်လို့မရတဲ့ အသက်တွေက သေဆုံးခဲ့ကြပြီ။ဒီလို မိစ္ဆာမျိုးကို မင်း ကူညီနေတာပေါ့"
“ဟား ဟား ဟား ဟား”
ရွှေတင်းဖန် ရယ်ကာ ပြောလိုက်၏။ "လောကကြီးမှာ အခွင့်အာဏာကသာ အရေးအကြီးဆုံးပဲ။ အရှေ့တောင်ရန်ကျူးမှာ ဒီလိုမျိုး လုပ်နိုင်တဲ့ နိုင်ငံ ဘယ်နှစ်နိုင်ငံရှိလဲ။ငါတို့ အုပ်ချုပ်သူကျိုးက ဒီတစ်ကြိမ်မှာ နိုင်ငံငယ်လေးတွေအားလုံးကို စုပေါင်းပြီး တည်ငြိမ်တဲ့နိုင်ငံကို နေထိုင်နိုင်ဖို့ အကောင်းဆုံး ကြိုးစားပေးနေတာပဲ"
"ပေါက်ကရတွေ"
မာယွင်တန်သည် မနေနိုင်ဘဲ ဒေါသတကြီးဖြင့် ပြောလိုက်မိ၏။
"ဟီယန်နိုင်ငံနဲ့ ဟွာယန်နိုင်ငံတစ်ခုလုံးက ခင်ဗျားတို့လုပ်တာနဲ့ လူပေါင်းများစွာ သေဆုံးနေပြီ။ဘယ်လိုလုပ် တည်ငြိမ်တဲ့ ဘဝတစ်ခုမှာ နေထိုင်နိုင်တယ်ဆိုတဲ့ စကားတစ်ခုကို ပြောရတာလဲ"
ရွှေတင်းဖန်သည် အမူအရာ တစ်ချက်လေးမှ မပြောင်းဘဲ ပြောလိုက်၏။ "သူတို့က ခုခံဖို့ ကြိုးစားလို့ ပေးဆပ်လိုက်ရတာ။ကျန်းယန်အပေါ်မှာ သစ္စာရှိတဲ့ လူတွေကိုပဲ လိုအပ်တာ။သစ္စာမရှိတဲ့ လူတွေကိုတော့ သတ်ဖြတ်ပစ်ရမှာပဲ"
ဂိုဏ်းချုပ်ယုသည် အေးစက်စက် ပြောလိုက်၏။ "ကျုပ်တို့နဲ့ ခင်ဗျားတို့က တူညီတဲ့ အခြေအနေမှာ မရှိဘူး။အဲဒီတော့ ဘာမှ ဆက်ပြောစရာမလိုဘူး။အားလုံးပဲ ကျေးဇူးပြုပြီး ထွက်သွားကြပါ။"
ရွှေတင်းဖန်သည် အေးစက်စက် ပြုံးလိုက်၏။ "ဂိုဏ်းချုပ်ယု… ကျုပ်တို့အားလုံးက သိုင်းပညာလမ်းညွှန်မှုကို လိုချင်လို့ လာခဲ့တာလေ။တောင်ပြာဂိုဏ်းက ငြင်းပယ်တော့မလို့လား။"
မာယွင်တန်က ပြောလိုက်၏။ "သိုင်းဘုရင် သုံးယောက် ရောက်လာပြီး လမ်းညွှန်မှုကို လိုအပ်နေတယ်လို ပြောတာက အားနည်းတဲ့သူကိုလာပြီးတော့ အနိုင်ကျင့်တာနဲ့ အတူတူပဲ။"
ရွှေတင်းဖန် ပြုံးကာ ပြောလိုက်သည်။ "ဒါဆိုလည်း ဒီလို စဉ်းစားလို့ ရတယ်။"
ပထမတုန်းက သူသည် ယဉ်ကျေးနေသေး၏။ သို့ပေမဲ့ လက်ရှိမှာတော့ ပြသနာလာရှာခြင်း ဖြစ်ကြောင်း တိုက်ရိုက်ဆိုနေလေသည်။
ဂိုဏ်းချုပ်နှင့် အကြီးအကဲများအားလုံးသည် ဒေါသ ထွက်နေကြသည်။ ကျန်းယန်နိုင်ငံမှ အဆင့်လေး ဂိုဏ်းနှစ်ခုသည် တရားလွန်လွန်းလှ၏။
"မာယွင်တန်"
ထိုအချိန်မှာပဲ သက်လက်ပိုင်းလူတစ်ယောက်သည် ရှေ့ကို ထွက်လျှောက်လာပြီး လက်ညိုးထိုးကာဖြင့် ပြောလိုက်၏။ "ခင်ဗျား ရှေ့ကို ထွက်ပြီး ကျုပ်နဲ့ တိုက်ရဲလား"
ထိုသူသည် ဝိညာဉ်ချောင်းဂိုဏ်းမှ အပြင်ဘက် အကြီးအကဲတစ်ယောက်ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်သည် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေ၏။
မာယွင်တန်၏ စကားကို မခံစားနိုင်သောကြောင့် သူသည် တိုက်ခိုက်ရန် စိန်ခေါ်ခဲ့ခြင်းပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်း၏ လမ်းညွှန်မှုကို ရရှိပြီးသည့်နောက်မှာတော့ အကြီးအကဲမာသည် သိုင်းစစ်သူကြအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့သည်ဆိုသော်လည်း တတိယအဆင့် သိုင်းစစ်သူကြီးတစ်ယောက်သာ ဖြစ်သေး၏။
အဘယ်သို့ သိုင်းစစ်သူကြီး ထိပ်ဆုံးတစ်ယောက်နှင့် ယှဉ်နိုင်မည်နည်း။
"ကျုပ် ခင်ဗျားနဲ့ တိုက်မယ်။" ဝမ်တုန်လင်သည် ရှေ့သို့လှမ်းတက်လာ၏။
သူ၏ အားအင်အဆင့်သည် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ချောင်းဂိုဏ်းမှ အပြင်စည်း အကြီးအကဲနှင့် တိုက်ခိုက်နိုင်စွမ်း ရှိ၏။
မျိုးရိုးနာမည် လောင်ဟု ခေါ်သော ကျွမ်းကျင်သူ သည် ရှေ့ကို ထွက်လျှောက်လာပြီး ဂုဏ်ယူစွာပြောလိုက်သည်။ "ဒါဆိုလည်း ချကြရအောင်...."
ဝှစ် ဝှစ် ဝှစ်။
ကျန်းယန်နိုင်ငံဂိုဏ်းကြီးနှစ်ခုမှ ကျွမ်းကျင်သူများအားလုံးသည် တောင်ပြာဂိုဏ်းကို ပြသနာရှာနေဆဲမှာပဲ ကျွင်းချောင်ရှောင်းသည် ဟာရီကိန်းဝံပုလွေကြီးကို စီးကာ လုချင်းချင်း၊ ရီရှင်းချန်နှင့် အတူ ခရီးနှင်လာခဲ့၏။
လေးနာရီလောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ သူတို့သုံးယောက်သည် တောင်ပြာဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့သည်။ သို့ပေမဲ့ ဂိတ်တံခါးကို စောင့်ရှောက်နေသော မည်သည့်တပည့်မှ မရှိကြောင်းကို မြင်လိုက်ရသည်။
"တက်ကြစို့"
ကျွင်းချောင်ရှောင်းသည် တိုက်ရိုက်ပဲ ဟာရီကိန်းဝံပုလွေဘုရင်အား စီးနင်းကာ တောင်ပေါ်သို့ တက်ခဲ့သည်။ ပြီးနောက် သူသည် အပြင်ဘက် ခြံဝန်းဆီသို့ ရောက်ရှိလာ၏။
ဘုန်း
ထိုအခိုက်မှာတော့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး မာယွင်တန်သည် လွင့်စင်သွား၏။
ယခုမှရောက်ရှိလာသော ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ အကြီးအကဲမာ၏ အဖြစ်အပျက်ကို သိရှိလိုက်၏။ သူသည် တိမ်ခြေလှမ်းနည်းစနစ်ကို အသုံးပြု၍ လေထဲသို့ခုန်တက်ကာ အကြီးအကဲမာအား ဖမ်းယူလိုက်သည်။
ဟမ့် …
ဝိညာဉ်ချောင်းဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် သွမ့်ရွှေဂိုဏ်းမှ တပည့်များသည် သူ့အား အံ့အားတသင့်ဖြင့် ကြည့်လိုက်ကြသည်။ "ဒီလူ ဘယ်သူလဲ … ဟာရီကိန်းဝံပုလွေဘုရင်ကို စီးနင်းလာတာ"
ဘုတ်
ကျွင်းချောင်ရှောင်းသည် မာယွင်တန်အား အသာဖမ်းဆီးပြီး မြေပေါ်သို့ ဆင်းသက်လာ၏။ မာယွင်တန်၏ ရင်ဘတ်ပေါ်မှ လက်ဝါးရိုက်ရာတစ်ခုရှိနေပြီး မျက်နှာတစ်ခုလုံးသည် ဖြူဖျော့လျက်ရှိသည်။
အပြင်းအထန် ဒဏ်ရာရသွားကြောင်း သိသာလှ၏။
သိုင်းလေ့ကျင့်ရေး ကွင်းပြင်၏ အပြင်ဘက်မှာတော့ ပထမဦးဆုံး တိုက်ခိုက်ခဲ့သော ဝမ်တုန်လင်သည် တပည့်တစ်ယောက်၏ ဖေးမမှုနှင့် လှဲလျက်ရှိနေတော့သည်။
သူသည် လောင်မျိုးရိုးအမည်ရှိသော သိုင်းပညာရှင်အား ရှုံးနိမ့်ခဲ့ကြောင်း သိသာလှ၏။
"ဂိုဏ်း .. ဂိုဏ်းချုပ်ကျွင်း …"
မာယွင်တန်သည် ပါးစပ်ကို ဖွင့်၍ တစ်ခုခုပြောရန် ပြင်ဆင်လိုက်သည်ဆိုသော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းရှိသွေးများသည် ဆန်တက်လာကာ ပါးစပ်ထဲမှ အန်ထွက်လာပြီး မေ့မျောသွားတော့သည်။
ဤကြင်နာတတ်သော အဘိုးအိုသည် ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲတုန်းက သူ့ကို ကူညီခဲ့၏။ ထို့အပြင် သံမဏိအရိုးဂိုဏ်းအားလည်း အကြိမ်များစွာ ကူညီခဲ့သေး၏။ သူတို့၏ ပတ်သက်ဆက်နွယ်မှုသည် အလွန်တရာ နက်ရှိင်းသည်ဟု ဆိုရမည်။
ယခုသတိမေ့အောင် အရိုက်နက်ခံခဲ့ရသည်ဟူသော အဖြစ်ကို ကျွင်းချောင်ရှောင်း မည်သို့ လက်ခံနိုင်မည်နည်း။
သူသည် မာယွင်တန်အား မြေပေါ်အသာချလိုက်၏။
ပြီးနောက် ဦးခေါင်းကို မော့ကာ ကျန်းယန်နိုင်ငံမှ ကျွမ်းကျင်သူများကို ကြည့်၍ သတ်ဖြတ်လိုခြင်း အပြည့်ဖြင့် ပြောလိုက်သည်။ "ဒီကို ရောက်လာပြီဆိုမှတော့ ပြန်သွားလို့ မရတော့ဘူး"