အခန်း (၄၅၆)
Vol. 31 Ch. 456
ဝှစ် … ဝှစ်
ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ အားကောင်းလှသော အော်ရာများ ထွက်ပေါ်လာပြီး တောင်ပြာဂိုဏ်း၏ အပြင်ဘက်ခြံဝန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
မာယွင်တန် သည် မေ့မျောသွားခဲ့ပြီဖြစ်သည်။ ကျန်းယန်နိုင်ငံအတွင်းရှိ ဂိုဏ်းနှစ်ခုမှ ကျွမ်းကျင်သူများအားလုံးသည် ထိုကိစ္စနှင့် ပတ်သက်၍ အလုံးစုံ တာဝန်ယူရပေလိမ့်မည်။
"ဒါ … ဒါက"
ဝမ်တုန်လင် အံ့အားသင့်မိသွားသည်။ "သိုင်းဘုရင်တစ်ယောက်ရဲ့ အော်ရာပဲ"
ဂိုဏ်းချုပ်ယုသည် ကျွင်းချောင်ရှောင်းနှင့် တစ်ခါမှ မဆုံဘူးခဲ့ဘူးဆိုသော်လည်း သတိမလစ်ခင် မာယွင်တန်ပြောဆိုခဲ့သော စကားလုံး၏ အရိပ်အယောင်များအရဆိုလျှင် ဤလူသည် ကျွင်းချောင်ရှောင်း ဖြစ်ကြောင်းကို သိရှိပြီး ဖြစ်သည်။
သူ၏ မျက်လုံးထဲတွင်တော့ မယုံကြည်နိုင်မှုများနှင့် ပြည့်နက်လျက်ရှိသည်။
ဤမျှငယ်ရွယ်ပြီး အလားအလာရှိလှသော သံမဏိ အရိုးဂိုဏ်းချုပ်သည် သိုင်းစစ်သူကြီးအဆင့်သာ ရှိသည် မဟုတ်လား။ အဘယ့်ကြောင့် သိုင်းဘုရင်တစ်ယောက် ဖြစ်နေသနည်း။
အထူးသဖြင့် ထွက်ပေါ်လာသည့် အော်ရာများကို ကြည့်ရှုမည်ဆိုလျှင် သိုင်းဘုရင်ပထမအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်တာ သေချာ၏။
ကျွင်းချောင်ရှောင်းသည် နောက်ဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့စဉ်က ရှိခဲ့သော တောင်ပြာဂိုဏ်း၏ အကြီးအကဲများအားလုံးသည် ကျွင်းချောင်ရှောင်း၏ လက်ရှိအဆင့်ကို မြင်ရချိန်မှာတော့ အံအားသင့်မိသွားကြသည်။
ထိုစဉ်က ဂိုဏ်းချုပ်ကျွင်း၏ အော်ရာများသည် သိုင်းစစ်သူကြီး ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်သာ ရှိသေးကြောင်း ရှင်းရှင်းလင်းလင်းနှင့် သူတို့ သိပြီးသားဖြစ်သည်။ သို့ပေမဲ့ ဤမျှတိုတောင်းလှသည့် အချိန်တိုအတွင်းတွင် အဘယ့်ကြောင့် သိုင်းဘုရင် တစ်ယောက် ဖြစ်လာခဲ့သနည်း။
သူတို့သည် အဘယ့်ကြောင့်မှန်း အဖြေရှာ၍ မရခဲ့ပေ။
အဆုံးသတ်မှာတော့ သုံးသပ်ချက်တစ်ခုတည်းသာ ထွက်ပေါ်လာခဲ့၏။
သံမဏိအရိုးဂိုဏ်းချုပ်သည် ဂိုဏ်းသို့ လာရောက်လည်ပတ်စဉ်က ၎င်း၏ ကျင့်ကြံခြင်းအဆင့်အား ရည်ရွယ်ချက်ရှိရှိနှင့် ဖိနှိပ်ထားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်း၏ သိုင်းဘုရင်အဆင့် ကျင့်ကြံခြင်းသည် ထွက်ပေါ်လာချိန်မှာတော့ တောင်ပြာဂိုဏ်းရှိ အားလုံးသည် ထိတ်လန့်တုန်လှုပ်သွားမိကြ၏။
ရွှေတင်းဖန်သည် အလိုမကျသလိုပြောလိုက်၏။ "ကောင်လေး မင်းဘယ်သူလဲ"
"ဒါက အခု အရေးမကြီးတော့ဘူး"
ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ဘာက အရေးကြီးလဲဆိုတော့ ခင်ဗျားတို့အားလုံးက အခု ကံဆိုးပြီပဲ"
ဝှစ်
သူသည် တိမ်ခြေလှမ်းကို အသုံးပြု၍ သိုင်းလေ့ကျင့်ရေး ကွင်းပြင်သို့ ချက်ချင်းပဲ ရောက်ရှိလာခဲ့သည်။
ပြီးနောက် မာယွင်တန်အား တိုက်ခိုက်ခဲ့သော သိုင်းစစ်သူကြီး အဆင့်ရှစ် ကျင့်ကြံသူ တစ်ယောက် ဆီသို့ ချက်ချင်းပဲ ရောက်ရှိသွား၏။
"အိုး မဟုတ်ဘူး" ထိုသူသည် ထအော်လိုက်မိသည်။
ဘုန်း။
ကျွင်းချောင်ရှောင်းသည် ထိုသူ၏ ရှေ့သို့ပေါ်ပေါ်လာချင်းမှာပဲ ဝမ်းဗိုက်ဆီသို့ အားအင် ပြင်းထန်လှသော လက်သီးချက်တစ်ခု ထုတ်လွှတ်လိုက်တော့သည်။ လက်သီးချက်သည် ဝမ်းဗိုက်ဆီသို့ ရောက်ရှိသွားပြီး ကျောဘက်ရှိ အဝတ်စများပင် ပွင့် ထွက်သွားခဲ့၏။
မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်သည့် လက်သီးအား ဖြစ်သနည်း။
မာယွင်တန်အား အနိုင်ယူနိုင်ခဲ့သော အဆင့်ရှစ် သိုင်းစစ်သူကြီးသည် ရုတ်တရက်ဆိုသလိုပဲ နေရာတွင် မတ်မတ်ရပ်လျက်ရှိနေသည်။ ၎င်း၏ မျက်နှာပေါ်တွင် ရှိသော ကြွက်သားများသည် ထိတ်လန့်ကြောက်ရွံ့သောကြောင့် အေးခဲလျက်ရှိနေတော့သည်။
၎င်း၏စိတ်နှင့် ဦးနှောက်ဆက်သွယ်မှုသည် ပြတ်တောက်သွားခဲ့ပြီဖြစ်သည်။ အဆုံးသတ်မှာတော့ သူသည် မြေပြင်ပေါ်သို့ ဘုန်းကနဲ ပြုတ်ကျသွားပြီး အသက်မရှိတော့ချေ။
အလွန်အမင်း ရက်စက်ပြီး ကြမ်းတမ်းလွန်းလှသည်။
"အကြီးအကဲဟယ်"
ဝိညာဉ်ချောင်းဂိုဏ်းမှ ကျွမ်းကျင်သူများသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကြသည်။
"အမှိုက်"
ရွှေတင်းဖန်၏ မျက်လုံးများသည် အေးစက်သွားသည်။ "မင်းက ငါတို့ ဝိညာဉ်ချောင်းဂိုဏ်းကလူကို သတ်ပစ်ခဲ့တယ် … မင်း"
ဘုန်း … ဘုန်း။
သူဆက်၍ မပြောသေးခင်မှာပဲ ကျွင်းချောင်ရှောင်းသည် ဝိညာဉ်ချောင်ဂိုဏ်းဆီမှ သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် နှစ်ယောက်ဆီသို့ ရောက်ရှိသွားသည်။
သူသည် လက်နှစ်ဖက်အား ဆန့်တန်းလိုက်ပြီး ထိုသူတို့၏ လည်ပင်းအား ဆုပ်ကိုင်လိုက်တော့သည်။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ "ဒီနေ့ ငါမင်းတို့ကို ဘယ်လို သတ်မလဲဆိုတာကို သေချာကြည့်ထား"
ခရက် … ခရက်။
သူ၏ လက်ချောင်းဆယ်ချောင်းသည် တင်းကြပ်သွားပြီးသည့်နောက် ပြုတ်တူကြီးတစ်ချောင်းကဲ့သို့ သိုင်းစစ်သူကြီး နှစ်ယောက်တို့၏ လည်ပင်းများသည် ချိုးချေကာ သတ်ဖြတ်ပစ်လိုက်တော့သည်။
တစ်ဖက်လူများသည် ရုန်းကန်ဖို့ အချိန်ပင် မရလိုက်ချေ။
"သေစမ်း"
သွမ့်ရွှေဂိုဏ်းမှ သိုင်းဘုရင်သည် ရှေ့သို့ လှမ်းတက်လာသည်။ သူ၏ ညာဘက်လက်သီးထဲမှာ စိတ်ဝိညာဉ်စွမ်းအင်များနှင့် စုစည်းထားသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ဖြစ်တည်လာပြီး အားအင်အဆင့်သည် ဂျင်သန်းချီ လောက်သည်အထိ ရောက်ရှိလာ၏။
ကျွင်းချောင်ရှောင်းသည် တစ်ဖက်သို့ လှည့်၍ သူ၏ ညာဘက်လက်သီးကို ထိုးလွှတ်ကာ တစ်ဖက်လူ၏ လက်သီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်တော့သည်။
အလွန်တရာ ကြမ်းတမ်းလှသော အားအင်များသည် လေထုထဲတွင် ဖြစ်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ လေပွေကြီးတစ်ခုကဲ့သို့ပင် ထိုးတက်သွားတော့သည်။
ဘန်း …။
ဂျွတ် …။
သွမ့်ရွှေဂိုဏ်း၏ သိုင်းဘုရင် ကျင့်ကြံသူများသည် ဆိုးရွားစွာ မျက်နှာပျက်ရွင်းသွားပြီး အနောက်ဘက်သို့ လွှင့်စင်သွားတော့သည်။
သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းကျောင်းနေစဉ်မှာတော့ သူ၏ ညာဘက်လက်တစ်ခုလုံး၏ အရိုးများသည် ကျိုးကြေသွားခဲ့၏။
ဂိုဏ်းချုပ်ယု နှင့် တောင်ပြာဂိုဏ်းမှ အကြီးအကဲများ အားလုံးသည် မျက်လုံးများပင် ပြူးထွက်လုမတတ်ဖြစ်နေကြသည်။
သိုင်းဘုရင်တစ်ယောက်သည် သိုင်းစစ်သူကြီးတစ်ယောက်အား လွယ်လွယ်ကူကူ ပိုင်းဖြတ်ပစ်နိုင်သည်ဆိုသည်ကို သူတို့နားလည်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် သိုင်းဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ လက်အား လက်သီးဖြင့် တစ်ချက်တည်း ထိုးကာ ချိုးချေခဲ့၏။ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ရွှေတင်းဖန်၏ မျက်နှာတစ်ခုလုံးသည် လေးနက်သွား၏။
သူသည် ပထမတုန်းက ကျွင်းချောင်ရှောင်းကို မျက်စိထဲ မထည့်ချေ။ သို့ပေမဲ့ တစ်ဖက်လူမှာ အမှန်အကန်ပင် ကြမ်းရမ်းလှသည့် လူတစ်ယောက်ဖြစ်နေသည်။
"အကြီးအကဲ"
ကျွမ့်ယုံသည် အသံပို့လွှတ်လိုက်သည်။ "ဒီကောင်လေးရဲ့ အားအင်အဆင့်က အထင်သေးလို့ မဖြစ်ဘူး"
ဝှစ်။
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်း နည်းစနစ်ကို အသုံးပြု၍ ဒဏ်ရာရထားသော သိုင်းဘုရင်၏ ရှေ့၌ ပေါ်လာသည်။
ပြီးနောက် သူသည် အလွန်တရာ ကြီးမြတ်လှသော ဘုရင်တစ်ပါးကဲ့သို့ အရှိန်အဝါများကို ထုတ်ဖော်ကာ ပြောလိုက်သည်။
"ဒီနေ့မှာ သိုင်းဘုရင်တွေ သတ်ဖြတ်ပြီး ကောင်းကင်ကြီးဆီ ယစ်ပူဇော်ပြမယ်"
"မင်းကိုမင်း အထင်ကြီးမနေနဲ့ ခွေးလေး" ကျွမ့်ယုံသည် ရှေ့သို့ လမ်းလျှောက်လာပြီး သူ၏ လက်ထဲမှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလာသည်။
အလွန်တရာ ပူလောင်ပြီး တစ်လက်လက်တောက်ပနေသော အလင်းလုံးတစ်ခုသည် သူ၏ လက်ပေါ်၌ ဖြစ်တည်လာတော့သည်။
သိုင်းဘုရင်ဆိုသည်မှာ သိုင်းဘုရင်ပင် ဖြစ်သည်။ သာမန်လှုပ်ရှားမှု တစ်ခုတည်းနှင့်တင် အလွန်တရာ အားအင်ကြီးမားလှသော လှုပ်ရှားမှုများအား ဖြစ်ပေါ်စေ၏။
ဤနေရာတွင် တောင်ပြာဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ ဖြစ်သည် ဆိုပါက တစ်ဖက်လူအား မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
"ခင်ဗျားက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ"
ကျွင်းချောင်ရှောင်းသည် လက်ကို မြှောက်၍ လေထုထဲတွင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည်။ ပြီးနောက် အနီရောင် အလင်းတန်းများသည် မြန်ဆန်သော အရှိန်နှုန်းဖြင့် သူ၏ လက်ထဲတွင် ဖြစ်တည်လာသည်။ ဤအရာသည် သက်တန့်ရောင်စဉ် နည်းစနစ်ပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းသည် ဤနည်းစနစ်အား အချိန်အတော်ကြာကတည်းက လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ အားလုံး၏ ရှေ့တွင် ထုတ်ဖော်တိုက်ခိုက်သည်မှာတော့ ပထမဦးအကြိမ်ဖြစ်ပေ၏။
ဝှစ်
အနီရောင် အလင်းတန်းများသည် ချက်ချင်းပင် ဖြစ်တည်လာပြီး တစ်ဖက်ဆီသို့ ရောက်ရှိသွားတော့သည်။
တစ်ဖက်လူ ထုတ်ဖော်ထားသော စွမ်းအင်လှိုင်းများကို ဖျက်ဆီးပစ်ရုံသာမက အနီရောင် အလင်းတန်းများသည် မပျောက်ကွယ်သွားပေ။ အလွန်တရာ ပြင်းထန်လှသည့် အားအင်များနှင့် အတူ ရှေ့သို့ ဆက်ကာ တိုးသွားတော့၏။
"မကောင်းတော့ဘူး"
ကျွမ့်ယုံ၏ မျက်နှာသည် ပျက်ရွင်းသွားတော့သည်။
ဂျွီ
အမြန်ဆန်ဆုံးသော အရှိန်နှုန်းဖြင့် သူ၏ ရှေ့တွင် စွမ်းအင်နံရံတစ်ခု ဖြစ်တည်လာခဲ့သည်။
ဘုန်း ဘုန်း။
သို့ပေမဲ့ အနီရောင် အလင်းတန်းများသည် ထိုနံရံအား တိုက်ဖြတ်ပြီးသည့် နောက်မှာတော့ ကျွမ်းယုံ၏ ရင်ဘတ်ဆီသို့ တည့်တည့်ပင် ဝင်ရောက်သွားသည်။
ဝုန်း။
ထိုသို့ အားအင်ပြင်းထန်လှသော တိုက်ခိုက်ချက်သည် ဝိညာဉ်ချောင်းဂိုဏ်းမှ တတိယအဆင့် သိုင်းဘုရင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်။ အနောက်ဘက်သို့ ခြေလှမ်းနှစ်ဆယ်ခန့် လွင့်စင်သွား၏။
ဝေါ့
ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။
အရှေ့တွင် အားအင်အနည်းငယ် ယုတ်လျော့ သွားခြင်းသာ မဟုတ်ပါက သူသည် တစ်ခါတည်း သေဆုံးသွားပေလိမ့်မည်။
"အမှိုက်ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့ကာဖြင့် တိမ်ခြေလှမ်း နည်းစနစ်ကို ထုတ်သုံး၍ သွမ့်ရွှေဂိုဏ်းမှ အကြီးအကဲအား ထပ်မံ၍ ဖမ်းဆီးလိုက်သည်။
ဂျွီ။
သူ၏ လက်ထဲမှာတော့ အအေးဓား ပေါ်ပေါက်လာ၏။
သူသည် အေးစက်စက် ပြောလိုက်သည်။ "နောက်ဘဝကျရင် ချင်းယန် နိုင်ငံကို ဘယ်တော့မှ မလာခဲ့နဲ့"
သိုင်းဘုရင်၏ အမူအရာများသည် ချက်ချင်းပဲ ပြောင်းလဲလိုက်သည်။
သူသည် စိတ်ဝိညာဉ်အမြုတေထဲမှ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ယူလိုက်ပြီး အလွန်တရာ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်ကို သူ၏ လက်ထဲတွင် ဖန်တီးလိုက်၏။
ဝှစ်။
အအေးအလင်းတန်းများသည် ထိုနံရံအား ဖြတ်သန်းသွားပြီး ခေါင်းနှင့် ကိုယ် အိုးစားကွဲသွားတော့သည်။
ထိုသူ၏ ခန္ဓာကိုယ်မရှိတော့သော ဦးခေါင်းပြတ်၏ မျက်နှာမှာတော့ အလွန်တရာ ထိပ်လန့်ကြောက်ရွံ့သည့် အမူအရာမျိုး ဖြစ်တည်နေသည်။
ဘုတ်။
ခေါင်းမရှိတော့သော အလောင်းခန္ဓာကိုယ်ကြီးသည် မြေပေါ်သို့ ပြုတ်ကျသွား၏။
ထိုသူ ဖန်တီးထားသော အားကောင်းလှပါသည် ဆိုသည့် စိတ်ဝိညာဉ် နံရံကြီးသည်လည်း လေထုထဲမှာတင် ပျောက်ကွယ်သွားတော့သည်။
ယနေ့မှာတော့ သွမ့်ရွှေဂိုဏ်း၏ သိုင်းဘုရင်သည် တောင်ပြာဂိုဏ်း၌ သေဆုံးခဲ့ပြီဖြစ်သည်။ သတ်ဖြတ်ခဲ့သူမှာ ကျွင်းချောင်ရှောင်းပင် ဖြစ်တော့၏။
ဟူး။
တောင်ပြာဂိုဏ်း ဂိုဏ်းချုပ်နှင့်တစ်ခြားသော အကြီးအကဲများသည် ကျွင်းချောင်ရှောင်း သွမ့်ရွှေဂိုဏ်း၏ အကြီးအကဲအား ဓားချက်တစ်ချက်တည်းနှင့် ပိုင်းဖြတ်လိုက်သည်ကို မြင်ရချိန်မှာတော့ သက်မပင် ချလိုက်မိကြသည်။
ဤမျှပင် အားကောင်းလှသော အားအင်အဆင့်ရှိသူ ရောက်ရှိလာခြင်းသည် သေမင်းနတ်ဘုရားသို့ ရောက်ရှိလာခြင်းနှင့်ပင် ဆင်တူနေ၏။
ဝှစ် ဝှစ်
ရွှေတင်းဖန်သည် ရှေ့သို့ လှမ်းတက်လာပြီး အလွန်တရာများပြားလှသည့် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်တော့သည်။ သူသည် ညာဘက်လက်ကို မြှောက်၍ ပြင်းထန်သော လက်သီးချက်တစ်ခုကို ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာပဲ ကျွမ့်ယုံသည်လည်း သူ၏ လက်သီးနည်းစနစ်ကို အသုံးပြုလိုက်သည်။
ဤအရာသည် ဝိညာဉ်ချောင်းဂိုဏ်းဆီမှ စိတ်ဝိညာဉ် ပေါက်ကွဲနည်းစနစ်ပင် ဖြစ်တော့သည်။ စိတ်ဝိညာဉ် အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်တစ်ခု မဟုတ်သော်လည်း အနီးကပ်တိုက်ခိုက်မှုတွင် ထိမှန်ခံရပါက အလွန်တရာ ပြင်းထန်လွန်းသော ထိခိုက်မှုကို ခံစားရမှာ ဖြစ်သည်။ ထို့အပြင် ပူးပေါင်းတိုက်ခိုက်မှုလည်း ဖြစ်နေ၏။
လူနှစ်ယောက်သည် တစ်ပြိုင်နက်တည်းမှာ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် ၎င်းတို့ ထုတ်ဖော်လိုက်သော အားအင်အဆင့်သည် ပုံမှန်ထက်ပို၍ အားကောင်းလာခဲ့သည်။
ဘုန်း ဘုန်း
ပြောနေသည်ကပင် နောက်ကျနေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရွှေတင်းဖန်နှင့် ကျွမ့်ယုံတို့၏ စိတ်ဝိညာဉ်လက်သီးချက်သည် ကျွင်းချောင်ရှောင်း၏ နောက်သို့ ထိမှန်သွား၏။
အလွန်တရာ အားကောင်းလှသော လှိုင်းလုံးများ ဖြစ်တည်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွား၏။
သိုင်းစစ်သူကြီးများ၊ သံမဏိအရိုးဂိုဏ်းတပည့်နှင့် တစ်ခြားသော လူများသည် ထိုနှစ်ဖက် တိုက်ခိုက်မှုများဖြစ်ပေါ်လာသော လှိုင်း၏ အဟုန်ကြောင့် နောက်ဘက်သို့ ဆုတ်သွားရသည်။
ဤသိုင်းဘုရင် အဆင့် တိုက်ခိုက်ချက်မျိုးသည် အလွန်တရာ အားကောင်းလွန်းလှ၏။