အခန်း (၄၆၂)
Vol. 31 Ch. 462
ဟာရီကိန်း ဝံပုလွေဘုရင် ပေါ်လာချိန်မှာတော့ များပြားလှသော ဝံပုလွေများအားလုံးသည် ထိပ်လန့်တုန်လှုပ်စွာဖြင့် မြေပေါ်သို့သာ လဲှချလိုက်ကြ၏။
သူတို့သည် ခေါင်းတောင် မမော့ရဲဘဲ ဝပ်လျက်ရှိနေကြသည်။ ဤအဆင့် ဝံပုလွေ ဘုရင်ကြီးသည် သူတို့၏ မျက်လုံးထဲမှာတော့ နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်သည်။
"ဒါက ဒုက္ခပဲ"
ဟယ်ဝူတီ သည် မျက်မှောင်ကုတ်လိုက်၏။
ရုတ်တရက်ပေါ်ပေါက်လာသော ဝံပုလွေသားရဲသည် ဝံပုလွေများ၏ ဘုရင်ဖြစ်မှာ သေချာ၏။ အားအင်အဆင့်မှာ ခန့်မှန်း၍ မရအောင် အားကောင်းနေသေးသည် ။
အတိတ်တုန်းကဆိုလျှင် သူသည် ထိုသို့သော သတ္တဝါမျိုးကို အကြည့်တစ်ချက်နှင့်ပင် သတ်ဖြတ်နိုင်၏။ သို့ပေမဲ့ လက်ရှိတွင် အပြင်းအထန် ဒဏ်ရာရရှိထား၏။
ထို့ကြောင့် သာမာန်ဝံပုလွေများနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင်ပင် အလွန်ခက်ခက်ခဲခဲနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ လက်ရှိဝံပုလွေဘုရင်ဆိုလျှင် စဉ်းစားနေစရာပင် မလိုချေ။
ဝူး။
ဟာရီကိန်းဝံပုလွေဘုရင်ကြီးသည် ခေါင်းကိုမော့ကာ အော်ဟစ်လိုက်၏။ ပြီးနောက် သူသည် အလွန်တရာ ပြင်းထန်ပြီး စူးရှလှသော အကြည့်များဖြင့် ဟယ်ဝူတီ အား ကြည့်လိုက်သည်။
တစ်ချက်ကြည့်လိုက်သည်နှင့် တိုက်ခိုက်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းကို သိနိုင်၏။
"ချီးတဲ့မှ"
ဟယ်ဝူတီ သည် စိတ်ထဲမှ ရေရွတ်လိုက်မိ၏။
သူ့အနေနှင့် အလွန်ကြောက်မက်ဖွယ်ရာကောင်းပြီး အားကောင်းလွန်းလှသော ကျင့်ကြံသူများ၏ လက်မှ ခက်ခက်ခဲခဲ လွတ်မြောက်အောင် ထွက်ပြေးလာခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ သေမျိုးလောကသို့ ရောက်ရောက်ပြီးချင်းမှာပဲ ဝံပုလွေသားရဲ၏ ပါးစပ်ထဲတွင် သေဆုံးရပေတော့မည်။
ဤအရာကို သူ မည်သို့မှ လက်မခံနိုင် ဖြစ်မိနေသည်။
ဝှစ်။
ဟာရီကိန်းဝံပုလွေဘုရင်ကြီးသည် ရုတ်တရက်ဆိုသလိုပဲ ကြီးမားလှသော ပါးစပ်ကြီးကို ဟ၍ အသာခုန်လိုက်သည်။
ဟယ်ဝူတီ သည် စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။
သူ၏ ဒဏ်ရာများမှ ပြင်းထန်လှ၏။ ထို့အပြင် ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း နာကျင်ကိုက်ခဲနေ၏။ တန်ပြန်တိုက်ခိုက်မှု သို့မဟုတ် ရှောင်တိမ်းမှုကိုပင် မလုပ်နိုင်ချေ။
"ညီငယ်လေး မကြောက်နဲ့"
ထိုအခိုက်မှာပဲ သူ၏ အနောက်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာ၏။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ဆိုသလိုပဲ ရှေ့သို့ လှမ်းတက်လာ၏။ ပြီးနောက် ညာဘက်လက်သီးပေါ်တွင် အားများ စုစည်းကာ ဟာရီကိန်းဝံပုလွေဘုရင်၏ မျက်နှာပေါ်သို့ ထိုးချလိုက်တော့သည်။
ဟာရီကိန်းဝံပုလွေဘုရင်မှာ ဘန်းဟူသော အသံနှင့်အတူ အနောက်ဘက်သို့ လွင့်စင်သွား၏။
မိမိ၏ ပဋိညာဉ် သားရဲများထဲမှ တစ်ကောင်အား ရုတ်တရက် တိုက်ခိုက်ခြင်း။
ဤအရာသည် ဟန်ပြ လုပ်ဆောင်ခြင်းပေလား။ အဖြစ်အပျက် တစ်ခုမှာ ရုတ်ရက်ဆိုသလိုပဲ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
သာမန်လူများဆိုပါက ဤအရာကိုကြုံရလျှင် ဆွံ့အသွားပေလိမ့်မည်။ သို့ပေမဲ့ ဟယ်ဝူတီ ၏ အမူအရာမှာတော့ မပြောင်းလဲသွားချေ။
သူသည် သူ့အား ကယ်တင်ခဲ့သောလူအား လှည့်ကြည့်လိုက်၏။
"ဒီကမ္ဘာကြီးမှာ"
သူ တီးတိုးရေရွတ်လိုက်မိ၏။ "ငါ့ထက်ချောတဲ့လူရှိနေသေးတာပဲ"
ထိုအရာကို ကြားတော့ ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်သွားသည်။ မင်းက သေခါနီးနေပြီ ဘာတွေ လျှောက်ပြီး စဉ်းစားနေတာလဲ။မင်းဦးနှောက်က မြင်းကန် ခံထားရတာပဲ ဖြစ်မယ်။
ဝူး။
ဟာရီကိန်းဝံပုလွေဘုရင်သည် အဝေးဆီသို့ လှမ်းဆုတ်သွား၏။
သူ၏ မျက်လုံးထဲတွင်တော့ အလွန်တရာ ကြောက်လန့်နေသည့် အရိပ်အယောင်များ ဖြစ်တည်လျက်ရှိသည်။ ထို့နောက် ခြေထောက်နှစ်ခု ကြားထဲသို့ အမြှီးကို ကွေးကာ ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားတော့သည်။
သူ၏ စိတ်ထဲမှာတော့ တွေးတောလျက်ရှိ၏။ ဒါက ဟန်ဆောင်နေတာပဲ။သခင်ဖြစ်ပြီးတော့ ဒီလောက်ပြင်းပြင်းထန်ထန် ထိုးဖို့ လိုလို့လား။
ဟာရီကိန်းဝံပုလွေဘုရင် ထွက်ခွာသွားပြီးသည့် နောက်မှာတော့ ထိတ်လန့် ကြောက်ရွံ့နေကြသော ဝံပုလွေနှစ်ဆယ်ကျော်တို့သည် ထွက်ပြေးသွားခဲ့ကြပြီဖြစ်သည်။
"ညီငယ်လေး"
ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။ "အဆင်ပြေရဲ့လား"
သူသည် ဟာရီကိန်းဝံပုလွေဘုရင်အား ရုပ်ရှင်ထဲမှ ဗလိန်အဖြစ် သရုပ်ဆောင်စေခဲ့ခြင်းဖြစ်ပြီး သူကတော့ ညီငယ်လေးအား လာရောက်ကယ်တင်ခဲ့သော မင်းသားတစ်ယောက်အဖြစ် ဇာတ်လမ်းရိုက်ခဲ့ခြင်း ဖြစ်သည်။ ပြီးနောက် ဤညီငယ်လေးအား ဂိုဏ်းသို့ ခေါ်ဆောင်သွားပေလိမ့်မည်။
ဤအရာသည် အလွန်ကောင်းသောအကြံအစည်ပင်ဖြစ်တော့သည်။
"ကျုပ်အဆင်ပြေပါတယ်"
ဟယ်ဝူတီ သည် ခေါင်းညိတ်လိုက်၏။ ပြီးနောက် လှည့်ကာ ထွက်သွားသည်။
တစ်စုံတစ်ယောက်သည် သူ့အား ကယ်တင်သည့်အတွက် အလွန်တရာ ကျေးဇူးတင်လှသည်ဆိုသော်လည်း ညီငယ်လေးဟု ခေါ်ခံရခြင်းက သူ့အား မပျော်မရွင်ဖြစ်စေသည်။
"ညီငယ်လေး"
ကျွင်းချောင်ရှောင်း အော်လိုက်၏။ "ဘာလို့ ကျေးဇူးတင်စကားလေးတောင် မပြောဘဲနဲ့ ထွက်သွားရတာတုန်း။ဒါက မရိုင်းပြလွန်းဘူးလား။"
"ကျေးဇူးတင်ပါတယ်..."
ဂိုဏ်းချုပ်ကျွင်းသည် ထွက်ခွာသွားသော လူအား ကြည့်ရင်း ခေါင်းကို ခါယမ်းလိုက်မိ၏။ "သူ ငါ့ကို အရမ်းပဲ ကျေးဇူးတင်နေမယ်လို့ ထင်နေတာ"
ဤကဲ့သို့ ကောင်းမွန်လှသော ပါရမီနှင့် မျိုးစေ့ကောင်းလေးအား လက်လွတ်မခံနိုင်ပေ။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ထိုသူ၏ နောက်သို့ အလျင်အမြန် လိုက်လာ၏။ “ညီငယ်လေး မင်း သိုင်းကျင့်ကြံခြင်း နည်းစနစ်တွေနဲ့ မထိတွေ့ဘူးဘူး မဟုတ်လား။”
ငါ သိုင်းကျင့်ကြံခြင်း နည်းစနစ်တွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ အချိန်တွေမှာ မင်းက သုတ်ပိုးတစ်ကောင် အဖြစ်တောင် မရှိသေးဘူး။
"ညီငယ်လေး မင်း ငါ ဖန်တီးခဲ့တဲ့ ဂိုဏ်းတစ်ခုကို ဝင်ရောက်ဖို့ စိတ်ဝင်စားလား။"
ငါ ဂိုဏ်းကြီးတစ်ခုကို ဖန်တီးခဲ့စဉ်က မင်းက သုတ်ပိုးတစ်ကောင်ပဲ ရှိသေးတယ်။
“ညီငယ်လေး”
ဟယ်ဝူတီ သည် ထွက်ပြေးလိုက်သည်။ "အစ်ကိုကြီး ဝါ ဝါ ဝါ … ညီငယ်လေး ဝါ ဝါ ဝါ … ကျုပ်ကို ညီငယ်လေးလို့ ခဏခဏ မခေါ်လို့ မရဘူးလား။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်းကို ကြည့်ရတာ ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်ပဲ ရှိသေးတယ်။ငါက ဆယ့်ရှစ်နှစ်ပြည့်ပြီးသွားပြီ မင်းကို ညီငယ်လေးလို့ မခေါ်လို့ အဘိုးကြီးလို့ ခေါ်ရမှာလား။"
ဟယ်ဝူတီ သည် အလွန်တရာ ဂုဏ်သရေကြီးမားလှသော အတိတ် ဖြစ်ရပ်များကို စဉ်းစားကြည့်ပြီးသည့်နောက် မနေနိုင်ဘဲ ပြောလိုက်၏။ "ကျုပ်ကို ပြိုင်ဘက်ကင်း ဘုရင်ကြီးလိုတောင် ခေါ်ရမှာ။"
"ပြိုင်ဘက်ကင်းဘုရင် ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရင်သွား၏။
ဒီကောင်က စိတ်ဝေဒနာရှင်နဲ့တူတယ်။ စိတ်ဝေဒနာရှင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တောင်မှ ငါက သဘောကျတယ်။မင်းကို ဂိုဏ်းထဲရောက်အောင် ခေါ်မှဖြစ်မယ်။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ညီငယ်လေး..."
ဟယ်ဝူတီ သည် သူ၏ ဆံပင်များကို အားရပါးရ ဆောင့်ဆွဲကာ ကြုံရာ နေရာတစ်ခုဆီသို့ လက်ညိုးထိုးကာ ပြောလိုက်၏။ "ခင်ဗျား သွားတော့ … အခုချက်ချင်း သွားတော့"
သူ၏ ကျင့်ကြံခြင်းများကို ဆုံးရှုံးခဲ့၏။ ပြီးနောက် သူ၏ သိုင်းကျင့်ကြံခြင်း နည်းစနစ်များနှင့် ဘာတစ်ခုမှ သက်ဆိုင်ခြင်းမရှိသော ဂြိုလ်တစ်ခုသို့ ရောက်ရှိခဲ့၏။ ဤအရာသည် သူ့အား ကြီးမားပြင်းထန်သည့် အလှည့်အပြောင်းတစ်ခုကို ခံစားရစေခဲ့သည်။
လက်ရှိအချိန်တွင် သူ၏ နောက်သို့ တစ်ကောက်ကောက်လိုက်၍ ညီငယ်လေးဟု ခေါ်နေရသော လူအား မြင်ရချိန်မှာတော့ ငိုချင်စိတ်ပင် ပေါက်နေမိ၏။
"ညီငယ်လေး"
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ကျုပ်ရဲ့ ဂိုဏ်းက လူလိုနေတယ်။မင်း …"
"ပြောနေတာ ရပ်လိုက်တော့"
ဟယ်ဝူတီ သည် စကားပြောဆိုနေရင်းမှ ရပ်တန့်လိုက်၏။ ထိုအချိန်မှာပဲ ဒဏ်ရာများ၏ သက်ရောက်ခြင်းကို ခံလိုက်ရပြီး ပါးစပ်ထဲမှ သွေးများအန်ထုတ်လိုက်တော့သည်။
တည်နေရာကို ဖြတ်သန်းပြီး ခရီးထွက်လာပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်များအားလုံးသည် ကြီးကြီးမားမား ထိခိုက်ခဲ့ရ၏။
ထို့အပြင် ဝံပုလွေရိုင်းများနှင့် တိုက်ခိုက်ခဲ့ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်အခြေအနေသည် ပိုမို၍ ဆိုးရွားသွားခဲ့သည်။
အရိုးသားဆုံး ပြောမည်ဆိုလျှင် ဟယ်ဝူတီ သည် လက်ရှိတွင် လမ်းလျှောက်နိုင်သည် ဆိုသည်ကတောင် အလွန်တရာကောင်းမွန်လှသည့် အခြေခံရှိခဲ့သောကြောင့် ဖြစ်၏။
"ညီငယ်လေး"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါ့ဆီမှာ မင်းရဲ့ ဒဏ်ရာတွေ ပျောက်ကင်းစေနိုင်တဲ့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတွေ ရှိတယ်။"
ဟယ်ဝူတီ သည် နာကျင်စွာဖြင့် ပြုံးလိုက်မိ၏။
သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် အလွန်တရာ အားကောင်းလှသော ကျင့်ကြံသူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရခြင်း ၊ တည်နေရာ ဖြတ်သန်းခဲ့ခြင်းတို့၏ ဘေးထွက်ဆိုးကျိုးတို့ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
သေမျိုးဆေးလုံးလေးတစ်ခုသည် အဘယ်သို့ သူ့အား ကုသပေးနိုင်မည်နည်း။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ဆိုသလိုပဲ လက်ကို ဆန့်တန်းကာ ဟယ်ဝူတီ ၏ မေးစေ့ကို ဆွဲဖြစ်၍ ပါးစပ်ထဲသို့ ဆေးလုံးအား ပစ်ထည့်လိုက်တော့သည်။
ဤဆေးလုံးသည် ချင်းယန်နိုင်ငံ၏ ကျင့်ကြံသူများကို လိုချင်သလား မေးမည်ဆိုလျှင် အတင်းကာရော ဝိုင်းဝန်း လုယက်မည့် ဆေးလုံးပင် ဖြစ်၏။
"ခင်ဗျား"
ဟယ်ဝူတီ သည် ဒေါသထွက်သွား၏။
သို့ပေမဲ့ သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်လာသော အရာသည် ချက်ချင်းဆိုသလိုပဲ အရည်ပျော်ပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းတော့သည်။ ထြိခိုက်မိထားသော မရီဒန်များအားလုံးကို ပြန်လည်ပြုပြင်လိုက်၏။ ခဏအတွင်းမှာပဲ သူ၏ ကြွက်သားများသည် ပြန်လည်ကောင်းမွန်သွားခဲ့ပြီး ခန္ဓာကိုယ်ရှိ ဒဏ်ရာများအားလုံးသည်လည်း ပျောက်ကွယ်သွားသည်။
ဖြူဖတ်ဖြူရော်ဖြစ်နေသော မျက်နှာများသည်လည်း နီမြန်းလာ၏။
"ဒါက"
ဟယ်ဝူတီ သည် ရုတ်တရက် ဆွံ့အသွား၏။
သူသည် အဆင့်မြင့် ဂြိုလ်တစ်ခုဆီမှ ရောက်ရှိလာခဲ့သည်မို့ များပြားလှသော အဆင့်မြင့် ဆေးလုံးများကို စားသုံးခဲ့ဖူး၏။ သို့ပေမဲ့ ဒဏ်ရာများအား ဤမျှမြန်ဆန်အောင် ကုသနိုင်သော ဆေးလုံးရှိသည်ကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ကြားလည်းမကြားဖူးပေ။
ဤအရာမှာ မှော်ဆန်လွန်း၏။ မယုံကြည်နိုင်ဖွယ်ရာပင်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ညီငယ်လေး … ဒီဆေးလုံးမျိုးက ဒဏ်ရာတွေကို မြန်မြန်ဆန်ဆန်နဲ့ ကုသနိုင်တယ်။"
“အစ်ကိုကြီး .. ဒါ ဘယ်ကဆေးလဲ”
ညီငယ်လေး နှင့် အစ်ကိုကြီး။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် အလွန်တရာ ရှုပ်ထွေးလှ၏။ မည်သူက အသက်ကြီးပြီး မည်သူက ငယ်ရွယ်သည်ဆိုသည်ကိုပင် အဖြေရှာ၍ မရနိုင်ပေ။
"သိချင်တယ်မဟုတ်လား"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဂိုဏ်းထဲကို ဝင်လိုက် … ငါမင်းကို ပြောပြမယ်။"
ဟယ်ဝူတီ သည် ခဏလောက်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။
"ဘယ်ဂိုဏ်းလဲ ဒီကမ္ဘာကြီးမှာ အရမ်းအားကောင်းလား။"
"ဂိုဏ်းက သံမဏိအရိုးဂိုဏ်းလို့ ခေါ်တယ်။ ဟေး ….ဟေး ဘာလို့ ထွက်သွားရတာလဲ"
"ဂိုဏ်းရဲ့ နာမည်ကြည့်တာနဲ့တောင် ဟာသဖြစ်နေပြီ ဘယ်လိုလုပ်ပြီး ဝင်ရမှာလဲ..."
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
ဂိုဏ်း၏ နာမည်နှင့် ပတ်သက်၍ စာဖတ်သူများ နှစ်သက်ကြမည် မဟုတ် ။သူ ကိုယ်တိုင်သည်လည်း ဤသံမဏိအရိုးဂိုဏ်းဆိုသည့် နာမည်ကို မကြိုက်လှချေ။ သို့ပေမဲ့ နာမည်ပြောင်း၍လည်း မဖြစ်နိုင်ပေ။
"ညီငယ်လေး"
ကျွင်းချောင်ရှောင်းသည် ထိုသူ၏ နောက်သို့ လိုက်၍ ရှင်းပြလိုက်ပြန်သည်။ "သံမဏိအရိုးဂိုဏ်းရဲ့ နာမည်က ထူးဆန်းရင် ထူးဆန်းနေလိမ့်မယ်။ ဒါပေမဲ့ ဂိုဏ်းထဲမှာ ရှိတဲ့ လူအားလုံးက ပါရမီပါကြတယ်။ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ အရမ်းကို ထူးချွန်လှတဲ့ လူတွေ စုဝေးနေတဲ့နေရာပဲ။
"စိတ်မဝင်စားဘူး"
ဟယ်ဝူတီ ပြောလိုက်၏။
လက်ရှိအခြေအနေမှာတော့ သူသည် ဤလောကကြီးအကြောင်းကို ဖြစ်နိုင်သမျှ အမြန်ဆုံး နားလည်ချင်၏။ ကျင့်ကြံခြင်း နည်းစနစ်များ အကြောင်းကို နားလည်ချင်သည်။ ပြီးနောက် အားရပါးရနှင့် အမြန်ဆုံး ၊ အမြင့်ဆုံး အခြေအနေသို့ ရောက်အောင် ကျင့်ကြံချင်စိတ် ရှိနေသည်။
"ညီငယ်လေး။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါ့ရဲ့ သံမဏိအရိုးဂိုဏ်းထဲကို ဝင်လိုက်။ ငါမင်းကို နောက်ဆုံးတပည့်အဖြစ် လက်ခံပေးမယ်။ ရှိရှိသမျှသော သိုင်းနည်းစနစ်တွေနဲ့ သိုင်းကျင့်ကြံခြင်းတွေကို ငါ ထောက်ပံ့ပေးမယ်။ မင်းလိုတာက ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ဖိုပဲ။ဒီလို အခွင့်အရေးမျိုးက ထပ်ပြီးတော့ ရမှာ မဟုတ်ဘူးနော်။"
ကျင့်ကြံခြင်းအဆင့်မရှိဘဲနှင့် သားရဲအုပ်ကြီးအား တိုက်ခိုက်နိုင်ခဲ့၏။ ထိုသို့သော သဘာဝပါရမီရှင်မျိုးကို သေချာစွာ လေ့ကျင့်ပေးမည်ဆိုလျှင် ဂိုဏ်းအတွက် အရေးပါသော လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။ မည်သို့ပင် ဖြစ်ဖြစ် ထိုလူအား ဂိုဏ်းထဲသို့ ဝင်ရောက်အောင် ဆွဲဆောင်မှ ဖြစ်လိမ့်မည်။
ဟယ်ဝူတီ သည် နောက်ဆုံးတပည့် ဖြစ်ရန်ဆိုသည်ကို စိတ်မဝင်စားချေ။
သို့ပေမဲ့ သိုင်းပညာနှင့် သိုင်းအရင်းအမြစ်များကိုတော့ အလကား ထောက်ပံ့ပေးမည်ဆိုသည်ကိုတော့ စိတ်ဝင်စားသွား၏။
သူ၏ မျက်လုံးများသည် တောက်ပသွားသည်။
သံမဏိအရိုးဂိုဏ်းသည် အားကောင်းလား မကောင်းလားဆိုသည်ကို သူမသိချေ။ သို့ပေမဲ့ သူသည် ယခုမှ ဤသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ရှိရှိသမျှသော အရာအားလုံးနှင့် မရင်းနှီးချေ။
ထို့ကြောင့် အရာအားလုံးကို သိရှိနားလည်သည်အထိ ဂိုဏ်းတစ်ခုခုထဲသို့ ဝင်ရောက်ထားခြင်းက အကောင်းမွန်ဆုံး ဖြစ်ပေလိမ့်မည်။
အရာအားလုံးကို သိရှိပြီးပြီဆိုမှ ထွက်ခွာသွားလျှင်လည်း နောက်မကျသေးချေ။
ဟုတ်ပေသည်။ ရီရှင်းချန်သည်လည်း ထိုကဲ့သို့ တွေးတောခဲ့ဖူး၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် မည်သို့ ဖြစ်နေခဲ့သနည်း။ အဆုံးမဲ့ ချောက်ကြီးထဲသို့ ဆင်းသက်မိခြင်းနှင့် ဆင်တူပြီး ပြန်လည် မထွက်ခွာနိုင်ခဲ့တော့ပေ။
ဟယ်ဝူတီ သည် အသာရပ်တန့်ကာ ပြောလိုက်၏။ "ကျုပ်ကို တကယ်ကြီး နောက်ဆုံးတပည့်အဖြစ် ဂိုဏ်းထဲကို ခေါ်တာလား"
"သိပ်ဟုတ်တာပေါ့"
"သိုင်းအရင်းအမြစ်တွေ အားလုံးကိုရော အလကားထောက်ပံ့ပေးမှာလား"
"သိပ်ဟုတ်တာပေါ့"
"ကောင်းပြီ"
ဟယ်ဝူတီ ပြောလိုက်၏။ "ခင်ဗျားဘက်က လေးနက်နေပြီဆိုမှတော့ ကျုပ်က မဝံ့မရဲနဲ့ ဂိုဏ်းကို ဝင်ရတော့မှာပေါ့"
ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ ဝင်ခွင့်ဖောင်အား ထုတ်ယူကာ ပြောလိုက်၏။ "နာမည်"
"ဟယ်ဝူတီ"
နာမည်ကို နားထောင်ရသည်မှာ အလွန်တရာ ပြိုင်ဘက်ကင်းသည်ဟု ခံစားမိစေ၏။
"လိင်"
ဟယ်ဝူတီ သည် ဆွံ့အသွား၏။ "ကျုပ်ပုံစံက ယောကျာ်းတစ်ယောက်ပုံစံ မပေါက်ဘူးလား။ ဘာပုံစံ ပေါက်နေလို့လဲ။"