မင်းသမီးများ၏တိုက်ပွဲ
Vol. 013 Ch. 1282
သူတို့နှစ်ဦး အချင်းချင်း နီးကပ်လာသောအချိန်၌ ပြင်းထန်သော မုန်တိုင်းများ သူတို့နှစ်ဦးကို ရစ်ပတ်လာခဲ့၏။
ဟွားရယ်၏ဘေးတွင် လူတစ်စု ပေါ်လာခဲ့ပြီး တစ်ယောက်ချင်းစီသည် အလွန်ပြင်းထန်သော လေဟာနယ်မုန်တိုင်းများ ရစ်ပတ်ထားဟန်ရသည်။ သူတို့တွင် လေဟာနယ်ဆုပ်ဖြဲခြင်း ဓာတ်များ ပြည့်နှက်နေသည်။
ချိပ်တံဆိပ်များသည် သူ့တစ်ကိုယ်လုံးမှသည် သူ့လက်တစ်လျှောက် စီးဆင်းလာခဲ့၏။ ရုတ်တရက် အလွန်တရာ စူးရှသော မဟာလမ်းစဉ်အလင်းများ သူ့လက်များထံမှ ပေါက်ကွဲထွက်လာ၏။ သူ့ထံမှ ကြောက်စရာ အာကာသ လေမုန်တိုင်းတစ်ခု ရိုက်ခတ်လာခဲ့သည်။
သူက ရှေ့ကို လက်ညှိုးထိုးလိုက်လျှင် စွမ်းအားများအားလုံး သူ့လက်ချောင်း၌ စုစည်းလာကြဟန်ရ၏။ နတ်တောင်မှ လူများသည် ဖျက်ဆီးအားပြင်း လေမုန်တိုင်းတစ်ခု ရိုက်ခတ်လာသည်ကိုသာ မြင်ပြီး ရှေ့မှ လေထုတစ်ခုလုံးမှာ ပျက်စီးသွားတော့မည့် ပုံပေါ်နေသည်။
ဂူတုံးလျှိုကား ထိုမုန်တိုင်း၏ အလယ်တွင် ဖြစ်ပေသည်။
ချန်ယဲ့မြို့မှ သည်လူက ထိုမုန်တိုင်းအား အံတုနိုင်ပါ့မလား။
ရှေးဟောင်း သင်္ကေတများက ဂူတုံးလျှိုကို ရစ်ပတ်ထားကာ မဟာလမ်းစဉ်နှင့် ပေါင်းစပ်စေ၏။ သူ၏အဖြူရောင် ဝတ်စုံသည်သာ လေထဲပြင်းထန်စွာ လူးလွင့်နေသည်။ ပြင်းထန်သော မုန်တိုင်းအလယ်တွင်ပင် ဖြစ်သော်လည်း သူ၏အမူအရာကား မပြောင်းလဲ။ သူက မုန်တိုင်း၏ အတွင်းပိုင်းသို့ တိုက်ရိုက် ဝင်တိုးကာ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
လျှပ်တစ်ပြက်အတွင်း ဆူညံသံများ ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
လေပွေသည် ရှေးဟောင်း သင်္ကေတများအား ဖျက်ဆီးသွားသည်။ သို့သော်လည်း သင်္ကေတ တစ်ခုချင်းစီသည် ဧရာမလက်ဝါး တံဆိပ်အလား ပြိုပျက်သွားသည့်တိုင် လက်ချောင်းများ အဖြစ်ဖြင့် ရှေ့သို့ ဆက်လက် တိုးဝင်သွားကြသည်။
သို့သော်လည်း ဂူတုံးလျှိုကို ရစ်ပတ်ထားသော ရှေးဟောင်း သင်္ကေတများသည် ဆက်လက်၍ လင်းလက်နေခဲ့၏။ သူ့အား ပြင်းထန်သော လေစီးကြောင်းများ ရစ်ပတ်နေသည်။ မဟာလမ်းစဉ်သည် ကောင်းကင်နှင့် မြေပြင်အကြား စီးဆင်းကာ မြည်သံများပေးနေ၏။ ရှေးဟောင်း သင်္ကေတများသည် ချိပ်တံဆိပ်များအဖြစ် ပြောင်းလဲကာ အရွယ်အစား ကြီးမားလာခဲ့ ကြတော့သည်။
ဘုန်း … ဘုန်း … ဘုန်း …
ဟွားရယ်သည် မုန်တိုင်းများအလား ပြင်းထန်သော ရိုက်ချက်များအား ခံစားမိသည်။ သူက လက်ချောင်းဖြင့် လေဟာနယ်ကို ဆုပ်ဖြဲလိုက်ကာ လေပွေများ ဖြစ်ပေါ်စေလျက် လက်ဝါးတံဆိပ်များကို ဖျက်ဆီးရန် ကြိုးစားသည်။
သို့သော် တစ်ဖက်လူ၏ လက်ဝါးတံဆိပ်များမှာ ပိုမိုကြီးထွားလာမြဲ၊ ပိုမိုသန်မာလာမြဲ။ နောက်ဆုံးတွင် ရှေးဟောင်း သင်္ကေတများသည် အတန်းလိုက်အားဖြင့် ကျဆင်းလာခဲ့၏။ သူ၏လက်ချောင်းက ထိုအရာများကို ရိုက်မိသောအခါ သူသည် နတ်ဘုရား ကမ်းပါးနံရံကို ရိုက်မိသည့် ခံစားချက်နှင့်အတူ ဖျက်ဆီးမရနိုင်သည်ကို တွေ့လိုက်ရလေသည်။
ဟွားရယ်က သည်အရာမှာ နောက်ဆုံး အတားအဆီးအဖြစ် မြင်သည်။ ဂူတုံးလျှိုကို ရစ်ပတ်ထားသော ရှေးဟောင်း သင်္ကေတများမှာ သည်တိုက်ခိုက်မှု တစ်ခုတည်းအတွက် ဖြစ်၏။ သူသာလျှင် သည်တိုက်ပွဲအား ချိုးဖျက်နိုင်ခဲ့ပါက သူသည် ဂူတုံးလျှိုအား အနိုင်ရပေလိမ့်မည်။
ဟွားရယ်သည် အနည်းငယ်မျှ တုန်ယင်နေသော သူ့လက်အစုံကို ပြန်အားယူကာ တဖန် ရိုက်ချလိုက်ပြန်သည်။ နားကွဲမတတ် စူးရှသောအသံများ ရှေးဟောင်း သင်္ကေတများထံမှ ထွက်ပေါ်လာ၏။
ဂူတုံးလျှိုက တစ်ချိန်တည်းတွင် လောကနှင့်တသားတည်း ဖြစ်သွားသည့်အလား ရှေ့သို့ တက်လာခဲ့သည်။ သူက ကောင်းကင်နှင့်မြေပြင်၏ အရိပ်မျက်နှာတိုင်းနှင့် ပေါင်းစပ်ကာ လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်၏။ ထိုဆူညံသံသည် ဟွားရယ်၏နားစည်ကို ရိုက်ခတ်လာခဲ့ကာ သူ၏သွေးများအား ဆူပွက်စေ၏။
ဘန်း …
ကျယ်လောင်သော အသံနှင့်အတူ ရှေးဟောင်း သင်္ကေတများသည် ဟွားရယ်၏လက်နှင့် ပြင်းထန်စွာ ရိုက်မိသည်။ သူကား နောက်သို့ လွင့်စဉ်သွားကာ မြေပြင်ပေါ်ကို ကျပြီး သွေးတစ်ပွက်အန်၏။
ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာပေါ်တွင် ကျေနပ်နှစ်သိမ့်ပုံ ရနေသော အဘိုးအိုတစ်ဦးမှအပ နတ်တောင်ပေါ်မှ လူတိုင်း၏မျက်နှာတွင် အံ့အားသင့်ဟန်များ ပေါ်လာသည်။
ကိုင်ဟွမ်၏တပည့်ကား အမှန်တကယ် ရှုံးနိမ့်ခဲ့သည်။ သည်တိုက်ပွဲက တကယ့်စွမ်းအားကုန် တိုက်ပွဲ မဟုတ်သော်လည်း သူတို့နှစ်ဦးက လတ်တလောနားလည် သဘောပေါက်သော စွမ်းရည် တစ်ခုတည်းအား အသုံးချရန်မှာ မဖြစ်နိုင်ပေ။ သူတို့က အချို့သော ကိုယ်ပိုင်စွမ်းရည်ကို အသုံးချရသလို ကျောက်စာမှ နားလည်သဘော ပေါက်မှုများကိုလည်း အသုံးပြုရပေသည်။
သတိပြုရမည့်အချက်မှာ ချန်ယဲ့မြို့မှ ဂူတုံးလျှိုသည် ဤမတိုင်မီက နာမည် ကျော်ကြားခြင်းလည်းမရှိ၊ လူအများ သတိထားမိခြင်းလည်း မရှိသူဖြစ်သည်။
ထိုအခိုက်တွင် မဟာလမ်းစဉ်၏ အလင်းများဖြင့် တောက်ပနေသော သူ့သွင်ပြင်ကို ကြည့်ကာ သူသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း အားလုံးက တွေ့မြင်ခဲ့ကြပေသည်။
ချန်ယဲ့မြို့စား စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
ဂူတုံးလျှိုက သူ့နေရာသို့ ပြန်လျှောက်သွားခဲ့သည်။ သူတို့နှစ်ဦးသည် အမြင်သဘောအားဖြင့် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး စာလုံးထောင်ချီ ကျောက်စာအား အစစ်အမှန် ပြိုင်ဆိုင်ခြင်း မဟုတ်သည့်အတွက် ခန်းမအလွယ်တွင် ဆက်လက်နေရစ်မည် မဟုတ်ပေ။
ဟွားရယ်က ထရပ်သည်။ သူက ဘာမှ မပြောဘဲ သူ့နေရာသို့ ပြန်လျှောက် သွားသော်လည်း စိတ်ပျက်ဟန်မှာ တစ်စွန်းတစ ပေါ်နေ၏။
ကိုင်ဟွမ်၏ လက်အောက်တွင် သင်ယူခဲ့ရကာ နာမည် ကျော်ကြားမှုရှိသော သူ့လိုလူက ချန်ယဲ့မြို့မှ နာမည်မရှိသော သူတစ်ဦးထံတွင် ပထမဆုံး တိုက်ပွဲ၌ ရှုံးနိမ့်ခဲ့ရ၏။
သည်တိုက်ပွဲက သူ့ဆရာ၏ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပေသည်။
ချီရှန်းက တိုက်ပွဲအား စိတ်ဝင်တစား ကြည့်နေသည်။ ပထမတိုက်ပွဲသည်ပင် စိတ်ဝင်စားဖွယ်ကောင်း၏။
နောက်တစ်ယောက်သည်ကား သေချာပေါက် ထွန်းလင်းတောက်ပသူ ဖြစ်ပေမည်။
ထိုအခိုက်တွင် လူတစ်ယောက် ခန်းမအလယ်သို့ လျှောက်လာခဲ့သည်။
အားလုံး၏မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်သွားကြသည်။ သူမက မြန်မြန်ဆန်ဆန် ထွက်လာမည်ဟု မည်သူတို့ တွေးထင်မိမည်နည်း။
ရှေ့သို့ ထွက်လာသူကား မက်မွန်ဖိတ်ကြားလွှာအား ရရှိသူ အမျိုးသမီးသုံးဦးထဲမှ တစ်ဦး ဖြစ်ချေသည်။
သူမကား ဒေသနန်းတော်၏ ဂုဏ်ယူရသော သမီးပျို ရှုကျီဖြစ်ပေသည်။ သူမအား လူအများက ရင်ထျန်းကျောက်နှင့်ပင် နှိုင်းယှဉ်ကြ၏။
သုံးယောက်ထဲတွင် တစ်ယောက်မှာ အင်ပါယာဝူ၏ မင်းသမီးတစ်ပါး ဖြစ်ကာ နောက်တစ်ယောက်ကား အင်ပါယာရှု၏သမီးတော် ဖြစ်ပေသည်။
နှစ်ဦးလုံးသည် ကောင်းမွန်သော တိုက်ရည်ခိုက်ရည်ကို ပိုင်ဆိုင်ကြသည်။ သူတို့သည် အားနည်းသော အမျိုးသမီးများ မဟုတ်ကြချေ။
အင်ပါယာရှုဘုံမှ မင်းသမီးလေးသည် စောစီးစွာ တိုက်ခိုက်တော့မည့်ပုံပါပေ။
သို့သော် … သူမက မည်သူနှင့် တိုက်ခိုက်လိုသနည်း။
သူမက ရွှေရောင် မက်မုံပန်းပုံပါသော ဖိတ်ကြားလွှာအား ထုတ်ယူလိုက်သည်။
သူမကား သည်နေရာသို့ တိုက်ရိုက် ဖိတ်ကြားခံရခြင်း ဖြစ်ပေသည်။
“ကျွန်မက ချန်ယဲ့မြို့စားကို စိန်ခေါ်လို့ရမလား”
ရှုကျီက မေးသည်။ ဟွားရယ်က ရီဖူရှင်းအား စိန်ခေါ်ရန် ကြိုးစားခဲ့သော်လည်း ဂူတုံးလျှိုက သူ့အား မက်မုံဖိတ်ကြားလွှာ မရှိသည့်အပေါ် သူသည်သာ ထွက်၍ ရင်ဆိုင်အနိုင်ယူခဲ့သည်။
သို့သော်လည်း ရှုကျီနှင့် ရီဖူရှင်းတို့သည် ကိုယ်စီအားဖြင့် မက်မုံဖိတ်ကြားလွှာကို လက်ခံရရှိခဲ့ကြသူများ ဖြစ်ကြ၏။
ရီဖူရှင်းက သူမအား အံ့အားသင့်စွာ ကြည့်သည်။ သူ့အနေဖြင့် အင်ပါယာရှုဘုံ၏ မင်းသမီးကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းလည်း ဖြစ်သည်။
သူမ၏နာမည်ကိုလည်း သူမထုတ်ယူလိုက်သော မက်မုံဖိတ်ကြားလွှာကို မြင်မှ သူသိလိုက်ခြင်း ဖြစ်သည်။
သူမက အဘယ်ကြောင့် မိမိနှင့် ယှဉ်ပြိုင်လိုရသနည်း။
ချန်ယဲ့မြို့က ထိုမျှ ကျော်ကြားပါသလော။
“အင်ပါယာရှုကို မိုးကြိုးအင်ပါယာလို့လည်း လူသိများတယ်။ သူက လျှပ်စီးဓာတ်မှာ အရမ်းထူးချွန်တယ်”
နတ်တောင်မှ တစ်စုံတစ်ယောက်က ပြောသည်။
“သူ့တိုက်ခိုက်ဟန်ကလည်း ကြမ်းတမ်းရက်စက်တယ် ကြားတယ်။ သူ့သမီးတော်ကလည်း သူ့အဖေရဲ့ ပါရမီကို အပြည့်အဝ ဆက်ခံထားတယ်လို့ သိရတယ်။ သူမက အားနည်းဟန်ရပေမဲ့ တိုက်ခိုက်ရင်တော့ မင်းတို့ ထင်သလို မဟုတ်တော့ဘူး ”
တစ်စုံတစ်ယောက်က ပြုံးလျက်ပြောသည်။
“ဒါပေမဲ့ ဘာလို့ ရှုကျီက ရီဖူရှင်းကို စိန်ခေါ်ချင်ရတာလဲ ”
“မင်းသမီးလေး ဒေသနန်းတော်ကို ဝင်လာတုန်းက သူမက တော်တော်မောက်မာတယ် ကြားတယ်။ ဒါပေမဲ့ သူမကို ရှင်းခိုင်က သင်ခန်းစာအချို့ ပေးလိုက်တဲ့နောက်မှာ သူမက ပိုပြီး ရိုးသားပွင့်လင်း လာခဲ့တယ်။ သူမက ကျင့်ကြံခြင်းမှာ ပိုမိုအားစိုက်ပြီးတော့ ဒေါသအလျောက် အပြုအမူတွေကိုလည်း ထိန်းသိမ်းနိုင်ခဲ့တယ်။ သူမက ရှင်းခိုင်နဲ့ လေ့ကျင့်ဖို့တောင် တောင်းဆိုခဲ့တယ်”
ဒေသနန်းတော်နှင့် ပတ်သက်၍ အနည်းငယ် သိရှိဟန်တူသူတစ်ဦးက ပြုံးလျက်ရှင်းပြသည်။
နတ်တောင်မှ လူတိုင်း၏မျက်နှာတွင် စိတ်ဝင်စားသော အမူအရာများ ဖြစ်လာကြသည်။
သည်ကဲ့သို့သော အဆင့်အတန်းမြင့် မင်းသမီးလေးများသည် သာမန်လူများကို မျက်လုံးထဲ ထည့်သည်မဟုတ်ပေ။ သူတို့သည် မြင့်မားသော အရည်အချင်းများရှိကာ မာနကြီးရာ သူမတို့သည် ပိုမိုသန်မာအားကောင်း သူများကိုသာ အလေးထားကြပေ၏။
ဒေသနန်းတော်တွင် လေ့ကျင့်သူများအတွက် ရှုကျီ၏ပုံစံမှာ ထူးဆန်းခြင်း မရှိတော့။
ဖေမင်က ပြုံးလိုက်သည်။ ရှုကျီက ရီဖူရှင်းအား တိုက်ခိုက် စိန်ခေါ်ခဲ့သည်။ သူမက အရှက်ကွဲဖို့ များပေသည်။
ရီဖူရှင်းသည် သိပ်လှုပ်ရှားခဲ့ခြင်း မရှိသေးသော်လည်း လူအများက သူ့အပေါ် အထင်ကြီးနေခဲ့ကြပြီး ဖြစ်သည်။
သူက ရှေ့ကို ထွက်မည်လုပ်စဉ်မှာပင် တစ်စုံတစ်ယောက်က ဦးစွာ ရှေ့သို့ထွက်လျက် ရှုကျီကို ပြောသည် …
“ငါ နင်နဲ့ တိုက်မယ် ”
ရှုကျီက ရှေ့သို့ ထွက်လာသူကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
“ငါက ရီဖူရှင်းကို စိန်ခေါ်ချင်တာ”
ရှုကျီက အေးစက်စွာ ပြောသည်။ ရှေ့သို့ ထွက်လာသူကား ရှားရှင်းယွန်ဖြစ်သည်။
အားလုံးက စိတ်ဝင်တစား ကြည့်ကြသည်။ ရှုကျီက ရီဖူရှင်းအား စိန်ခေါ်သော်လည်း ရှားရှင်းယွန်က ရှေ့သို့ ထွက်လာသည်။
ရှုကျီက ရီဖူရှင်းအား စိန်ခေါ်လိုခြင်း ဖြစ်သော်လည်း အဆင့်အတန်းအရ သူမတို့နှစ်ယောက်သည် အမှန်တကယ် တိုက်ခိုက်ရန် သင့်တော်ပေသည်။
အင်ပါယာရှုနှင့် အင်ပါယာရှားတို့၏ သမီးတော်များ…
ရန်ဟောင်ဘုံနှစ်ခု၏ သမီးတော်များ …
ရှားရှင်းယွန်က ချန်ယဲ့မြို့ အရေးကိစ္စများတွင် သိပ်ထင်ပေါ်ခြင်း မရှိခဲ့။ ယူချင်းနှင့် ရီဖူရှင်းတို့မှာ နာမည် ကျော်ကြားလွန်းရကား သူမ၏ စွမ်းရည်များကို ထုတ်ဖော်ပြသခွင့် မရှိခဲ့ပေ။
“သူက မိန်းမတွေကို ညှာတာရကောင်းမှန်း မသိဘူး။ သူက နင့်ကို ညှာမှာ မဟုတ်ဘူး ”
ရှားရှင်းယွန်က အေးစက်စွာ ပြောသည်။
ရီဖူရှင်း၏မျက်နှာက နက်မှောင်သွားသည်။ သူမက ဘာကို ဆိုလိုတာလဲ။
ရှုကျီက မျက်မှောင်ကြုတ်လိုက်ကာ ရှားရှင်းယွန် ထွက်လာသည်အား သဘောမကျစွာ ကြည့်၏။ သို့သော်လည်း သူမက ဘာမှ မပြောတော့ဘဲ ပြင်းထန်သော အရှိန်အဝါအား ထုတ်လွှတ်လိုက်သည်။
လေထုအက်ကွဲသံများ နှင့်အတူ ခရမ်းရောင် လျှပ်စီးများသည် နေရာတိုင်းတွင် ဖြစ်ပေါ်လာ၏။ လျှပ်စီးများက ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မည့် ဟန်ရသည်။
ရှုကျီ၏ ပတ်ပတ်လည်တွင် လျှပ်စီးတန်း ချိပ်တံဆိပ်များ ပေါ်လာခဲ့ကာ ချိပ်တံဆိပ်တစ်ခုစီသည် ကြောက်မက်ဖွယ် ဖျက်ဆီးအားများအား သယ်ဆောင်ထားသည်။ အဆုံးအစမဲ့သော လျှပ်စီးများသည် ကောင်းကင်နှင့် မြေပြင်အကြားတွင် ဖြစ်ပေါ်လာပြီး ချိပ်တံဆိပ်များထံသို့ စီးဆင်းကြသည်။
သည်ချိပ်တံဆိပ်များမှာ စာလုံးထောင်ချီ မှော်စာလိပ်အား နားလည် ဆင်ခြင်ခြင်းအား သူမ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ပြန်လည်ဖန်တီးထားခြင်း ဖြစ်သည်။
ပွဲတော်၏အလယ်မှ အရာခပ်သိမ်းမှာ ပြောင်းလဲခြင်းများ ဖြစ်လာခဲ့သည်။ ကြောက်မက်ဖွယ် လျှပ်စီးများသည် ပြင်းထန်သော ဖျက်ဆီးအားများနှင့်အတူ နေရာတိုင်းကို လွှမ်းမိုးလာခဲ့၏။
ကြောက်မက်ဖွယ် မုန်တိုင်းသည် လောကပျက်သုဉ်းခြင်း ဓားအနေဖြင့် ဖွဲ့စည်းလာခဲ့ကာ ရှားရှင်းယွန်အား ရစ်ပတ်လာခဲ့၏။
သူမ၏အနီးတစ်ဝိုက်တွင် လောကပျက်သုဉ်းခြင်း ဓားချိပ်တံဆိပ်များ ပေါ်လာခဲ့သည်။
လောကပျက်သုဉ်းခြင်း ဓားချိပ်တံဆိပ် တစ်ခုစီသည် ပျက်သုဉ်းခြင်း သင်္ကေတများဖြင့် ပြုလုပ်ထား၏။ ထိုလောကပျက်သုဉ်းခြင်း ချိပ်တံဆိပ်များသည် တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ ရှားရှင်းယွန်အနီးတွင် လှည့်ပတ်နေသည်။
ခွမ်း …
လျှပ်စီးအက်ကွဲသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လျှပ်စီးချိပ်တံဆိပ် တစ်ခု ပေါက်ကွဲသွားကာ ရှားရှင်းယွန်ထံသို့ တိုးဝင်သွားသည်။
ထူထဲပြင်းထန်သော လျှပ်စီးတန်းသည် ရှားရှင်းယွန်အား ဖျက်ဆီးရန် ကြိုးစား၏။ စွမ်းအားမှာ ပြင်းထန်လွန်းပေသည်။
သို့သော်လည်း ရှားရှင်းယွန်က ရှောင်တိမ်းမည့်ဟန် မရှိပေ။ သူမက လျှပ်စီးတန်းများ အကြားသို့ လှမ်းသွားလိုက်ကာ လောကပျက်သုဉ်းခြင်း ဓားများအား စေလွှတ်လိုက်သည်။ အဆုံးအစမဲ့သော လောကပျက်သုဉ်းခြင်း ဓားအလင်းများသည် ကြောက်မက်ဖွယ် ကောင်းစွာ ဖြစ်ပေါ်လာ၏။
လေထဲတွင် ပြင်းထန်သော ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်လာခဲ့၏။
လျှပ်စီးချိပ်တံဆိပ်နှင့် လောကပျက်သုဉ်းခြင်း ဓားချိပ်တံဆိပ်တို့မှာ အင်အားချင်း ညီမျှဟန်ရသည်။
ရှုကျီ၏ အဝတ်အစားများနှင့် ဆံပင်များသည် လေထဲ ပြင်းထန်စွာ လူးလွင့်နေ၏။ သူမက လေထဲကို လှမ်းတက်လိုက်ကာ နောက်ထပ် လျှပ်စီးချိပ်တစ်ခု ထုတ်လွှတ်လိုက်သည်တွင် အဆုံးအစမဲ့သော လျှပ်စီးများ ရှားရှင်းယွန် ရပ်နေရာသို့ တိုးဝင်သွားသည်။
ရှားရှင်းယွန်က ရှေ့ကို လက်ညှိုးဖြင့် ထိုးလိုက်သည်တွင် လောကပျက်သုဉ်းခြင်း ဓားချိပ်တံဆိပ် ထွက်ပေါ်လာကာ လျှပ်စီးချိပ်တံဆိပ်အား ပိတ်ဆို့သည်။
ထို့နောက်တွင် ရှားရှင်းယွန်နှင့် ရှုကျီတို့ထံမှ ဖြစ်ပေါ်လာသော ချိပ်တံဆိပ်များ အဆက်မပြတ် တိုက်ခိုက်ကြသည်ကို လူတိုင်းက မြင်ကြ၏။
ထိုအခိုက်တွင် ဖျက်ဆီးအားများသည် မက်မုံပွဲတော်ခန်းမ တစ်ခုလုံးအား ပျက်စီးသွားစေ တော့မည်ဟု ထင်မှတ်ကြ၏။ ကမ္ဘာကြီးက ပွင့်အာသွားကာ ကောင်းကင်မှာ ပျက်သုဉ်းခြင်းနေ့ရက် ရောက်သည့်အလား။
မက်မုံပွဲတော်အတွင်းမှ လူတိုင်းသည် ပြင်းထန်သော မုန်တိုင်းများအား တားဆီးကာကွယ် ကြရသည်။ အားလှိုင်းအကြွင်းအကျန် များသည်ပင် ကြီးမားသော ဖျက်ဆီးများအား ရှိနေသည်။
ရှုကျီက နတ်ဘုရားမ တစ်ပါးအလား ရှေ့သို့ တက်သွားညသ်။ သူမကား အလွန်ရင့်သီးသော ဟန်ပင်ရှိ၏။
သူမ၏မျက်လုံးများက ခရမ်းရောင်လျှပ်စီးများ လက်နေကာ အားနည်းဟန်ရသော ခန္ဓာသည် ပြင်းထန်သော လျှပ်စီးများ စီးဆင်းနေ၏။ သူက လက်ညှိုးကို ဆန့်ထုတ်လိုက်သည်တွင် လက်၌ လျှပ်စီးများ စုစည်းဖြစ်ပေါ်လာသည်။
ပိုမိုပြင်းထန်သော ဖျက်ဆီးအားများ ဖြစ်ပေါ်လာသည်။ ထိုအခိုက်တွင် ထိုနေရာတစ်ခုလုံးမှ လျှပ်စီးများအားလုံးသည် သူမ၏စိတ်အသိနှင့် ပေါင်းစပ်ကာ သူမ၏ စိုးမိုးခြယ်လှယ်မှုအောက်သို့ ရောက်သွားဟန်ရ၏။
ရှားရှင်းယွန် ရပ်နေသော နေရာတစ်ခုလုံးအား အဆုံးမဲ့သော လျှပ်စီးများဖြင့် ပိတ်ဆို့ထားတော့သည်။
“သူမကို ဖျက်ဆီးစမ်း …”
ရှုကျီက ပြောသည်။ ဤတွင် ထောင်ပေါင်းများစွာသော လျှပ်စီးတန်းများသည် ပြင်းထန်သော အလင်းများအဖြစ် ကျဆင်းလာကြတော့သည်။
***