← Chapters

ဓားလမ်းစဉ်ကို ရှာဖွေခြင်း

Vol. 013 Ch. 1283

ဓားလမ်းစဉ်ကို ရှာဖွေခြင်း

Vol. 013 Ch. 1283

“အဲဒါက...”

ရှားရှင်းယွန်ကို ကြည့်နေသည့်လူတိုင်း တုန်လှုပ်သွားကြသည်။ ထောင်ချီနေသည့် ခရမ်းရောင် မိုးကြိုးလျှပ်စီးတို့ အောက်တွင် သူမ ရပ်နေသည့် နေရာမှာ ခရမ်းကြယ်စင် ဝင်္ကပါအဖြစ် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည်။ ကောင်းကင်မှ မိုးကြိုးစွမ်းအားများသည် ဤဝင်္ကပါတွင် စုစည်းလာကြပြီး ကြီးမားသော ထုလုံးရှည်သဏ္ဌာန် ပေါ်လာသည်။ ပြင်းထန်သည့် အဖျက်စွမ်းအားများ ပါဝင်နေသည့် ထိုအရာသည် ကောင်းကင်မှ ဆင်းလာ၏။

အဝေးတစ်နေရာ၌ ရှိနေသော သူများသည်ပင် ၎င်း၌ ပါဝင်နေသည့် အဖျက်စွမ်းအားများကို ခံစားနိုင်ကြပေသည်။ ယင်းသည် လေထုကို ဖြတ်သန်းစုတ်ဖြဲကာ အရာအားလုံးကို ဖျက်ဆီး ပစ်တော့မည့်အသွင် ရှိပေသည်။

မိုးကြိုးချိပ်တံဆိပ်များ အားလုံးသည် အကန့်အသတ်ကို ကျော်လွန်ရန် လှုံ့ဆော်ခံရပြီး ဤက မိုးကြိုးချိပ်တံဆိပ်မျှသာ မဟုတ်တော့ဟုပင် ပြောနိုင်ပေ၏။

ရှုကျီသည် အမှန်တကယ် စွမ်းအားကုန်ထုတ်ကာ ပြင်းထန်စွာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဤတော်ဝင် မင်းသမီးသည် တစ်စုံတစ်ခုအား ဆုံးဖြတ်ပြီးပါက ပြတ်ပြတ်သားသား လုပ်ဆောင်တတ်သူ ဖြစ်ပေသည်။ သူမက လုံးဝ နောက်ဆုတ်ရန် မစဉ်းစားတော့။

နတ်တောင်မှ လူအများ၏ မျက်နှာများထက်တွင် အံ့အားသင့်သည့် အကြည့်များ ဖြစ်ပေါ်လာသည်။ ရှုကျီ အစွမ်းထက်သည်မှာ သံသယဖြစ်ဖွယ် မရှိသော်လည်း သူမသည် ချီရှန်း ချမှတ်ထားသည့် တိုက်ခိုက်မှု စည်းမျဉ်းကိုပင် ဖောက်ဖျက်ခဲ့သည်။

သို့သော်လည်း လူတိုင်းက ဤကဲ့သို့ တိုက်ပွဲမျိုးက ရှောင်လွှဲရန် ခက်ခဲလိမ့်မည်ကို နားလည်ကြသည်။ တိုက်ခိုက်မှုအတွက် ကျောက်စာချပ်မှ နားလည်သည့် စွမ်းအားကိုသာ အသုံးပြုမည်ဆိုလျှင် ထိုစွမ်းအားက အကန့်အသတ် ရှိပေလိမ့်မည်။ ကိုယ်ပိုင်စွမ်းအားကိုပါ တိုက်ခိုက်ခြင်း၌ အသုံးပြုခြင်းက ပို၍ လွယ်ကူစေပေသည်။

သေချာသည်ကတော့ ရှုကျီ၏ တိုက်ခိုက်မှုများသည် ထောင်ချီသင်္ကေတ စာလုံးများမှ နားလည်မှုအပေါ်တွင် အခြေခံထားဆဲ ဖြစ်သည်။ တောက်ပနေသည့် ခရမ်းရောင်မိုးကြိုးများ ကြားတွင် မိုးကြိုးချိပ်တံဆိပ်များသည် တစ်ချိန်ထဲ၌ ပေါက်ကွဲသွားခဲ့သည်။

ကြည့်ရသည်မှာ သူမသည် သူမ၏ မှော်စွမ်းအားများကို အသုံးပြု၍ တိုက်ခိုက်မှုကို ပိုမိုအားကောင်းစေခဲ့သည်။

ရှားရှင်းယွန်က ဤကဲ့သို့သော တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်မည်လား။

မရေတွက်နိုင်သည့် မျက်လုံးများက ရှားရှင်းယွန် အပေါ်သို့ ကျရောက်လာသည်။ ဖျက်ဆီးမှုအလင်းများက ချက်ချင်းပင် သူမကို ဝါးမျိုတော့မလို ထင်မှတ်ရ၏။ သူမ၏ ကျိုးပဲ့လွယ်သော ပုံရိပ်လေးသည် ထိုခရမ်းရောင် အလင်းများအတွင်း ဖျက်ဆီးခံရတော့မယောင် ထင်မှတ်ရပေသည်။

သို့သော်လည်း နတ်တောင်ပေါ်မှ ကြည့်ရှုနေကြသည့် ထိပ်သီးပုဂ္ဂိုလ်များသည် စိတ်ပူပန်ခြင်း မရှိပေ။

ရှားရှင်းယွန်သည် အင်ပါယာရှားဘုံ၏ မင်းသမီးတစ်ပါး ဖြစ်သည်။ အင်ပါယာရှားသည် သူမကို ဤနေရာသို့ လာရောက် ကျင့်ကြံရန် ခွင့်ပြုခဲ့ပြီး သူမသည် ရီဖူရှင်းနှင့် အခြားသူများနောက်သို့ လိုက်လာခဲ့သည်။ သူမက မည်ကဲ့သို့ အားနည်းနိုင်မည်နည်း။

သူမတွင် အလွန်အစွမ်းထက်သည့် လှည့်ကွက်များ ရှိပေလိမ့်မည်။  သူမက ဤဖျက်ဆီးမှု စွမ်းအားများလွန်းသည့် တိုက်ခိုက်မှုကို ရင်မဆိုင်နိုင်လျှင်ပင် မိမိကိုယ်ကိုယ် ကာကွယ်ရန်မှာ ပြဿနာ ရှိမည် မဟုတ်ပေ။

နတ်တောင်ပေါ်မှ ထိပ်သီးပုဂ္ဂိုလ်များ အားလုံးသည် အင်ပါယာရှားဘုံ၏ မင်းသမီးကို အတော်လေး ယုံကြည်ကြပေသည်။

အရှုံးအနိုင် မည်သို့ဖြစ်ပါစေ သူမက ဤတိုက်ခိုက်မှုကို တားဆီးကာ ဆုတ်ခွာခဲ့လျှင်ပင် ဤသည်က နောက်ထပ် ပုံပြင်တစ်ပုဒ် ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် ရှားရှင်းယွန်ဆီမှ တောက်ပသော နတ်ဘုရားအလင်းများ ထွက်ပေါ်လာသည်။ ထိုကား ရန်ဟောင်အလင်းများနှင့် တူပေသည်။ သန့်စင် တောက်ပသော အလင်းများနှင့် ကြာပန်းများက သူမ၏ ခြေထောက်အောက်ခြေ လေထဲတွင် ပေါ်ပေါက်လာပြီး သူမ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းရစ်ပတ်ထားသည်။

ထိုအချိန်၌ ရှားရှင်းယွန်သည် တောက်ပလွန်းရကား နတ်ဘုရားမတစ်ပါးနှင့် အသွင်တူပေသည်။

လူတိုင်းသည် ထိုမျက်စိ ကျိန်းလောက်သည့် အလင်းများကို ကြည့်ကာ မိန်းမောသွားတော့မလို ခံစားလိုက်ကြရသည်။ သူတို့နှစ်ယောက် တိုက်ခိုက်သည်ကို ကြည့်နေသည့် သူတို့၏ အချိန်မှာ ရပ်တန့်သွားသည်ဟု ထင်မှတ်လိုက်ရ၏။

ရှုကျီသည် ဖျက်ဆီးခြင်း နတ်ဘုရားမနှင့် အလားသဏ္ဌာန်တူသည်။ သူမသည် မြင့်မြတ်ကာ လွှမ်းမိုးနိုင်စွမ်း ရှိပြီး သူမ၏ လက်များထဲတွင် မိုးကြိုးကို အစိုးရသည်။

ရှားရှင်းယွန်သည် လောကကြီး၏ အပြစ်တရားများကို စွန့်ခွာပြီးသည့် နတ်ဘုရားမတစ်ပါးနှင့် ပို၍ တူလှပေသည်။ သူမသည် လူသားကမ္ဘာမှ မဟုတ်ဘဲ နတ်ဘုရား ဖြစ်တည်မှုနှင့် တူလှသည်။

တောက်ပသည့် ကြာပန်းအသိများက ပွင့်လန်းနေပြီး ရုတ်ခြည်းပင် လောကပျက်သုဉ်းခြင်း ဓားများက ရှားရှင်းယွန်အနီးတွင် သဏ္ဌာန်တည်လာကာ စတင် တိုးပွားလာသည်။

တာအို တစ်ခုကို ဖန်တီး၊ နှစ်ခုကို ဖန်တီး၊ အရာအားလုံးကို ဖန်တီးပေသည်။

ရှုကျီသည် သူမ၏ စွမ်းအားများကို ထုတ်ဖော်ပြီး ရှားရှင်းယွန်သည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။

သို့သော်လည်း ရှုကျီနှင့် မတူသည်မှာ ရှားရှင်းယွန်သည် ထောင်ချီစာလုံး သင်္ကေတများအပေါ် နားလည်သဘော ပေါက်မှုမှ သူမကိုယ်သူမ အပြီးတိုင် မချိုးဖျက်ရ သေးခြင်းပင် ဖြစ်သည်။ သူမသည် ယခုတိုင် လောကပျက်သုဉ်းခြင်း ဓားများကို အသုံးပြုနေဆဲပင် ဖြစ်ပြီး ဓားအရေအတွက်မှာလည်း အဆက်မပြတ် တိုးပွားများပြားလာသည်။

များစွာသော ပျက်သုဉ်းခြင်းဓားများက သူမ၏ ခေါင်းအထက် လေထဲတွင် ပွင့်လန်းနေသည့် ကြာပန်းအစီအရင် သဏ္ဌာန်ကို ချိပ်စည်းခတ်ထားသယောင် ထင်မှတ်ရသည်။ မဟာလမ်းစဉ်၏ အသိများက ပြင်းထန်သည့် ဖျက်ဆီးခြင်း မိုးကြိုးများထံ စီးဆင်းသွားကာ ကျဆင်းလာသည်။

ပွင့်လန်းနေသည့် ကြာပန်းများက ကောင်းကင်ကို အုပ်ကွယ်သွားပြီး သူမ၏ အထက်မှ တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ထားသည်။ ယင်းသည် မှင်တက်စရာ ကောင်းလှပြီး တောက်ပနေသည်။

ထိုတိုက်ပွဲတွင် မည်သူက အားနည်းပြီး မည်သူက သန်မာသည်ဖြစ်စေ အရေးမကြီးပေ။ ပြင်းထန်လွန်းသည့် တိုက်ပွဲက ကြည့်ရှုသူတိုင်းကို စိတ်ကျေနပ်စေသည်။

ဘုန်း…

ထိုအချိန်၌ ကြောက်မက်ဖွယ် မိုးကြိုးအလင်းတန်းကြီး ကျဆင်းလာပြီး လောကကြီးကိုပင် ဖျက်ဆီးပစ်နိုင်ရန် လုံလောက်သည့် စွမ်းအားရှိသည်ဟု ထင်မှတ်ရသည်။ ကောင်းကင်နှင့် မြေကြီးသည် မှောင်မိုက်သွားပြီး အဆုံးမဲ့ လျှပ်စီးများက ကောင်းကင်မှ ကျဆင်းလာသည်။ ၎င်းသည် နတ်တောင်တစ်ခုလုံးကို ဖုံးလွှမ်းထား၏။ ခရမ်းရောင် မိုးကြိုးများသည် နေရာအနှံ့သို့ ကျဆင်းလာပြီး ရိုက်ခတ်နေကာ နတ်တောင်ရှိလူများမှာ ထိုလျှပ်စီးများအား ကာကွယ် ခုခံရန် သူတို့၏ စွမ်းအားများကို ထုတ်သုံးထားရသည်။

တောင်အောက်ဘက်မှ ကြည့်နေသည့် လူများမှာ ထိုဖျက်ဆီးခြင်း စွမ်းအားများက မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ရှင်းလင်းစွာ ခံစားမိကြ၏။

ပြန်လည်မွေးဖွားခြင်း အဆင့် ပုဂ္ဂိုလ်များသည် သူတို့လက်ကို ဆန့်ထုတ်သည်တွင် ရုတ်တရက် အလင်းရောင် ကန့်လန့်ကာက နတ်တောင်တစ်ခုလုံးတွင် ပေါ်ပေါက်လာကာ တိုက်ပွဲကွင်းပြင်မှလွဲ၍  တိုက်ခိုက်မှုကို အပြင်သို့ ထွက်မလာစေရန် တားဆီးသည်။

တောက်ပသည့် အလင်းများက ကျဆင်းလာပြီးနောက် လူတိုင်းသည် တိုက်ပွဲသို့ ကြည့်လိုက်ကြသည်။

မည်သည့် ဖျက်ဆီးခြင်း စွမ်းအားများက ထိုမျှ စွမ်းအားကြီးသည့် တိုက်ခိုက်မှုကို ယူဆောင်လာရသနည်း။

နတ်ဘုရား အလင်းများဖြင့် တောက်ပနေသည့် ကြာပန်းများသည် ရှားရှင်းယွန်အနီးတွင် ပွင့်လန်းနေဆဲ ဖြစ်ကာ ပျက်သုဉ်းခြင်းဓားများ သဏ္ဌာန် ဖြစ်ပေါ်လာနေသည်။ ၎င်းတို့တွင် များပြားလှစွာသော အက်ကြောင်းများ ဖြစ်ပေါ်လာနေသော်လည်း ယခုတိုင် ကျိုးပျက်မသွားသေးပေ။ ထိုအခိုက်တွင် ပို၍ ကြောက်စရာကောင်းသည်က ပျက်သုဉ်းခြင်းဓားများ အဆက်မပြတ် ဖြစ်တည်လာနေခြင်းပင် ဖြစ်သည်။ ဖျက်ဆီးခြင်း စွမ်းအားများသည် ကောင်းကင်အတွင်း စီးဆင်းနေသည်။

ရှားရှင်းယွန်၏ အဝတ်များသည် လေထဲတွင် ကခုန်နေပြီး သူမ၏ ရှည်လျားလှသော ဆံနွယ်များက အနောက်တွင် ဝဲပျံနေသည်။ သူမကို ကြည့်ရသည်မှာ သူရဲကောင်းဆန်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။

သူမက ကောင်းကင်သို့ မော့ကြည့်သည်။ ကြာပန်းအလင်း ကန့်လန့်ကာက တောက်ပနေဆဲ ဖြစ်၏။

သူမက လက်ကို မြှောက်လိုက်ကာ လေထဲသို့ ညွှန်သည်။

“သွား”

သူမက ထိုသို့ ပြောလိုက်လျှင် ကြာပန်းများက ပွင့်လန်းလာပြီး ပျက်သုဉ်းခြင်းဓားများက ဆက်လက်၍ ဖွဲ့စည်း ဖြစ်တည်လာနေသည်။ ၎င်းတို့သည် ထောင်ချီစာလုံး သင်္ကေတများမှ ရှုကျီထံသို့ ရိုက်ခတ်သွားသည့်အလား ထင်မှတ်ရသည်။

ထိုသည်ကို မြင်သည့်အခါ ရှုကျီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ထိုကဲ့သို့ တိုက်ခိုက်မှုက သူမကို ရှုံးနိမ့်စေရန် မလုံလောက်သည်လား။

သူမ၏ ဖျက်ဆီးခြင်းမိုးကြိုး ချိပ်တံဆိပ်များမှာ အသုံးပြုထားခဲ့ပြီး ဖြစ်သည်။

ဘုန်း…

ထူထဲလှသည့် ခရမ်းရောင်မိုးကြိုးများက ကျဆင်းလာပြီး ကပ်ဆိုးဓားများကို ရိုက်ခတ်သွားကာ ၎င်းတို့ကို ဖျက်ဆီးပစ် လိုက်သော်လည်း သူမသည်လည်း တုန်ခါသွားကာ ဖိအားကြောင့် နောက်ဆုတ်လိုက်ရသည်။

ရှားရှင်းယွန်က ရှေ့သို့ လှမ်းလိုက်၏။ သူမက ဆက်၍ တိုက်ခိုက်လိုသော်လည်း ချီရှန်းက ပြုံး၍ ပြောသည်။

“တော်လောက်ပါပြီ၊ မင်းသမီး”

ထိုမှသာ သူမက ရပ်လိုက်၏။ သူမ၏ အနီးမှ ပျက်သုဉ်းခြင်း ဓားများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ရှုကျီ၏ အနီးတွင် ဖျက်ဆီးခြင်း စွမ်းအားအပြည့်နှင့် ခရမ်းရောင်မိုးကြိုးများ အော်မြည်သံသာလျှင် ကျန်ရှိနေသည်။ သူမသည် ရှားရှင်းယွန်ကို ကြည့်လိုက်ပြီး သူမ၏ မိုးကြိုးလျှပ်စီး များသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ကောင်းကင်ရှိ မိုးကြိုးလျှပ်စီးများသည် တဖြည်းဖြည်း လျော့နည်းလာကာ အပြီးတိုင် လွင့်ပါးသွားတော့သည်။

အရာအားလုံးက တည်ငြိမ်လာသည်။ အရာအားလုံးက ရပ်တန့်သွားသည်။

“အနိုင်ရသူနဲ့ ရှုံးနိမ့်သူက ပေါ်လွင်နေပြီဖြစ်လို့ မင်းသမီးတို့က ဆက်ပြီး တိုက်ခိုက်နေဖို့ မလိုတော့ပါဘူး။ အခွင့်အရေးရှိမယ်ဆိုရင် နောက်မှ ဆက်ပြီး အမြင်ဖလှယ် နိုင်ကြပါတယ်”

ချီရှန်းက ပြုံးကာ ပြောသည်။ သူတို့နှစ်ယောက်လုံးသည် အမှန်တကယ်ပင် အချင်းချင်း ဖျက်ဆီးပစ်တော့မယောင် ထင်မှတ်ရပေသည်။

ရှားရှင်းယွန်နှင့် ရှုကျီသည် အချင်းချင်း ဆက်လက် ကြည့်နေဆဲပင် ဖြစ်သည်။ သူတို့ထဲမှ မည်သူက နိုင်၍ မည်သူက ရှုံးနိမ့်သည်ကို ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

နတ်တောင်ပေါ်ရှိ လူများမှာ ထိုတောက်ပသော ပုံရိပ်နှစ်ခုကို စောင့်ကြည့် နေကြသည်။ ရှုကျီ၏ တိုက်ခိုက်မှုသည် ဖျက်ဆီးခြင်း စွမ်းအားများ ပြည့်ဝနေပြီး သူ၏ လမ်းကြောင်းအတွင်းရှိ အရာအားလုံးကို ဖျက်ဆီးသွားစေသည်။

သို့သော်လည်း ရှားရှင်းယွန်၏ တိုက်ခိုက်မှုက အသက်ဝင်လှသည်။

ဖျက်ဆီးခြင်းသည် အကန့်အသတ်ရှိပြီး အသက်ဝင်ခြင်းကတော့ ထိုသို့ မဟုတ်ပေ။

ရှုကျီသည် ရှားရှင်းယွန်ကို ရှုံးနိမ့်စေရန် မစွမ်းဆောင်နိုင်ခဲ့သည့် အပြင် သူမသည်ပင် ရှုံးနိမ့်ခဲ့ရသည်။ မက်မွန်ဖိတ်ကြားလွှာ ရရှိခဲ့သည့် အင်ပါယာရှု၏ သမီးတော်သည် ပွဲတော်သို့ တက်ရောက်ကာ ချန်ယဲ့မြို့စား ရီဖူရှင်းကို စိန်ခေါ်ရန် ကြိုးစားခဲ့သော်လည်း ထိုသို့ မလုပ်နိုင်ခင်မှာပင် ရှားရှင်းယွန်ကြောင့် ရှုံးနိမ့်ခဲ့လေသည်။

ထို့ကြောင့် သူမသည် ရီဖူရှင်းနှင့် တိုက်ခိုက်ရန် မလိုအပ်တော့ပေ။

ရှုကျီသည် ထောင်ချီစာလုံး သင်္ကေတများအတွက် တိုက်ခိုက်မှုမှ ဖယ်ရှားခံရပြီး ဖြစ်သည်။

အခုချိန်ကစ၍ သွေးနဂါးဘုံတွင် ထူးချွန်သည့် အမျိုးသမီး လေးဦး ဖြစ်လာလိမ့်မည် ဖြစ်၏။

ရှားရှင်းယွန်သည် ရှုကျီကို တိုက်ခိုက်ခြင်း မပြုခဲ့သော်လည်း သူမ၏ ခွန်အားသည် ရှုကျီထက် အားမနည်းကြောင်းကို သက်သေပြခဲ့သည်။

သွေးနဂါးဘုံ၏ အစွမ်းထက်အမျိုးသမီး သုံးဦးသည် ပွဲတော်သို့ လာရောက်ရန် ဖိတ်ကြားလွှာ လက်ခံရရှိခဲ့သည်။ သူတို့မှာ ယွီကလန်၏ ရှန့်ထိုတစ်ပါးဖြစ်သော ယွီရှီးဖေး၊ အင်ပါယာဝူ၏ သမီးတော် ရင်ထျန်းကျောက်နှင့် အင်ပါယာရှုဘုံ၏ မင်းသမီး ရှုကျီတို့ ဖြစ်သည်။

ယခု အင်ပါယာရှားဘုံမှ ရှားရှင်းယွန်သည်လည်း သူတို့အကြားတွင် ထည့်တွက်၍ ရပြီ ဖြစ်၏။

သူတို့နှစ်ယောက်သည် သူတို့၏ မူလနေရာသို့ ပြန်သွားခဲ့ကြသည်။ ချန်ယဲ့မြို့သည် ပြီးခဲ့သည့် တိုက်ပွဲနှစ်ခု၌ အနိုင်ရရှိသူများ ထွက်ပေါ်ခဲ့သည်။

များပြားလှသော လူများက ထိုအချက်ကို သတိပြုမိကာ သက်ပြင်း ချလိုက်ကြသည်။ အနာဂတ်တွင် ချန်ယဲ့မြို့က သွေးနဂါးမြို့အပြင် အထင်ရှားဆုံးမြို့ဟူသည့် ဂုဏ်ပုဒ်ကို စိန်ခေါ်လာနိုင်လိမ့်မည် ဖြစ်သည်။

ရှင်းချိုးသည် ယူချင်း၏ တိုက်ခိုက်မှုတွင် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ကြီးမားသည့် အမုန်းတရားကို ဖြစ်ပေါ်စေခဲ့ပြီး ဂူတုံးလျှိုသည် ကိုင်ဟွမ်၏ တပည့်ကို ရှုံးနိမ့်စေခဲ့သည်။

ထို့ပြင် ချန်ယဲ့မြို့တွင် ရီဖူရှင်းနှင့် ရှားရှင်းယွန်ကဲ့သို့သော သူများလည်း ရှိသေးသည်။ ရှင်းခိုင်က ရီဖူရှင်းကို တိုက်ခိုက် အနိုင်ယူနိုင်လျှင် သူ့အတွက် ကောင်းပေလိမ့်မည်။ သူသာ ရှုံးနိမ့်ခဲ့လျှင် သူသည် ချန်ယဲ့မြို့၏ လွှမ်းမိုးမှုကို ခံရပေလိမ့်မည်။

ရီဖူရှင်းနှင့် ယူချင်းတို့ ပြီးပြည့်စုံစွာ အရွယ်ရောက်သည့်အခါ သူတို့သည် ရှေးဟောင်းတော်ဝင်မြို့၏ နေရာကို ခြိမ်းခြောက်လာနိုင် ပေလိမ့်မည်။

လူတိုင်းသည် ထိုသို့ တွေးမိလိုက်ကြစဉ် ချန်ယဲ့မြို့မှ လူတစ်ဦးသည် ရှေ့သို့ လှမ်းလာခဲ့သည်ကို မြင်လျှင် အားလုံး၏ မျက်နှာထက်တွင် အံ့သြမှုများ ပေါ်ပေါက်လာသည်။

ချန်ယဲ့မြို့က သုံးပွဲဆက်တိုက်ပါဝင်ပြီး အနိုင်ရလိုသည်လား။

သို့သော်လည်း ထိုအချိန်တွင် ချန်ယဲ့မြို့မှ တစ်စုံတစ်ယောက်သည် ရှေ့သို့ ဦးဆုံး ထွက်လာခြင်းဖြစ်ရာ တစ်ယောက်ယောက်က စိန်ခေါ်မှုကို လက်ခံရပေလိမ့်မည်။

“အဲဒါက သွေးနဂါးမြစ်တိုက်ပွဲမှာ ရှန့်ထိုအဆင့် တက်သွားတဲ့ လူငယ်လေး မလား”

လူတိုင်းက ရီဝူချင်း ဖြစ်သည်ကို သိလိုက်ကြသည်။

နတ်တောင်ရှိ ထိပ်သီးပုဂ္ဂိုလ်များ အားလုံးမှာ သူ့ကို ကြည့်နေကြသည်။ သူတို့ အားလုံးက သူ့ကို သတိမပြုမိခဲ့ကြပေ။

ချန်ယဲ့မြို့မှာ ပို၍ များပြားလှသည့် ပါရမီရှင်များ ရှိနေခဲ့သည်လား။

ထိုအမျိုးသားလေးသည် ဓားသမား ဖြစ်ပုံရလေသည်။

လူအများသိကြသည်မှာ သွေးနဂါးမြစ်တိုက်ပွဲတွင် ရှန်းနန်က ရီဝူချင်းကို ဒဏ်ရာ အများအပြား ရစေခဲ့သော်လည်း ယခု သူက ရှန့်ထိုအဆင့်ကို ချိုးဖျက်ဝင်ရောက်သွားပြီ ဖြစ်၍ သူ၏ အသွေးအသားခန္ဓာ အားနည်းမှုကို ဖြတ်ကျော်နိုင်ခဲ့သည်။

သို့သော်လည်း ဤကဲ့သို့ အခြေအနေမျိုးတွင် တိုက်ခိုက်ရန် ရှေ့တက်လာခြင်းက ဉာဏ်နည်းရာ ရောက်ပေသည်။

ဤနေရာသို့ မည်သို့သော ပုဂ္ဂိုလ်မျိုး ရောက်ရှိနေကြသနည်း။

မက်မွန်ပွဲတော်သည် သွေးနဂါးဘုံတွင် အထင်ရှားဆုံးပွဲတော် အဖြစ် ကျော်ကြားကာ သွေးနဂါးမြစ် တိုက်ပွဲထက်ပို၍ အရေးပါလေသည်။

ရီဝူချင်းက ရှေ့သို့ လျှောက်လာနေသည်။ သူက ပွဲတော်ခန်းမ၏ အလယ်သို့ ရောက်ရှိလာသောအခါ သူက တစ်နေရာသို့ ကြည့်သည်။

“ကျုပ်က ဓားလမ်းစဉ်ကို ကျင့်ကြံခဲ့တယ်။ တစ်စုံတစ်ယောက်က ကျုပ်ကို နည်းနည်းလောက် ထပ်ပြီး သင်ပြပေးဖို့ တောင်းဆိုပါရစေ”

ရီဝူချင်းက ပြောသည်။ သူ ကြည့်နေသည့် တစ်စုံတစ်ယောက်ဆိုသည်မှာ ဒေသဘုရင် အဆင့်သတ်မှတ်ချက်၌ ရှိနေသည့် ဖေမင် ဖြစ်သည်။

ဖေမင်သည် ဓားအင်ပါယာနန်းတော်မှ ဖြစ်သည်။

အကယ်၍ ရီဝူချင်းက သူ့ကို တိုက်ခိုက်ရန် ပြောခဲ့လျှင် သူက ကျိန်းသေ အနိုင်ရရှိမည် မဟုတ်ပေ။  သူက ဖေမင်၏ ဓားစွမ်းရည်ကို သင်ယူလိုခြင်း ဖြစ်သည်။

သူသာ ဖေမင်နှင့် တိုက်ခိုက်၍ အနိုင်လိုချင်သည်ဆိုပါက တုံးအသူဟု သတ်မှတ်ရပေမည်။

ဖေမင်သည် အလွန် မကျော်ကြားသော်လည်း သူသည် မိမိကိုယ်ကိုယ် သိမြင်ခြင်းအဆင့်တွင် ကျင့်ကြံနေသူ ဖြစ်သည်။

သူက သူ၏အဆင့်ကို ဖိနှိပ်ထားလျှင်ပင် သူ၏ ဓားစွမ်းရည်ကို နားလည်နိုင်မှုသည် ရီဝူချင်းထက် သာလွန်နေဦးမည် ဖြစ်သည်။

ဖေမင်သည် ရီဝူချင်း အလိုရှိသည်ကို နားလည်၏။ ရီဝူချင်းအတွက်တော့ ဤအခြေအနေမျိုး၌ သူ့ကို စိန်ခေါ်ရခြင်းသည် ဓားလမ်းစဉ်ကို ရှာဖွေရုံလိုသာ ဖြစ်ပြီး သူ့ရည်ရွယ်ချက်အရ အမှန်တကယ် ဓားသမားကောင်း တစ်ဦးဟု ဆိုလိုနေပေသည်။

အကယ်၍ သူတို့ ယနေ့တွင် မတိုက်ခိုက်ကြလျှင်ပင် ရီဝူချင်းသည် သူ၏ နေ့ရက်များကို ဖေမင်၏ လမ်းကို ပိတ်ဆို့ကာ တိုက်ခိုက်ဖို့ရာ တောင်းဆိုရန် အသုံးပြုနေမည် ဖြစ်သည်။ ရီဝူချင်းက မယဉ်ကျေးလျှင် သူကလည်း ယဉ်ကျေးနေမည် မဟုတ်ပေ။

“ကောင်းပြီ”

ဖေမင်က ခေါင်းညိတ်လိုက်ကာ ရှေ့သို့ လျှောက်လာသည်။

သူက ရီဝူချင်းနှင့် မနီးမဝေးတွင် ရပ်တန့်လိုက်ပြီး ထိုနေရာတွင် တည်ငြိမ်စွာ ရပ်တန့်သည်။

ရီဝူချင်းက ဖေမင်ကို ကြည့်သည်။ ထိုအခိုက်တွင် သူသည် ဖေမင်က ထိုနေရာ၌ ရပ်နေသည်ကို မြင်ရသည်မှာ ကျော်လွှား၍ မရနိုင်သော ဓားတောင်ကြီးသဖွယ် ဖြစ်သည်ဟု ထင်မှတ်ရပေသည်။

ထိုသည်က အံ့သြဖွယ်ကောင်းသည့် ခံစားချက်ဖြစ်သည်။ ဖေမင်ကိုယ်တိုင်ကိုက လင်ထျန်းဓား တစ်လက်နှင့် တူပေသည်။

မဟာလမ်းစဉ်ကို ကျင့်ကြံသူတို့သည် သာမန်လူသား လောကကို ကျော်လွန်ပြီး ဖြစ်ကာ သူတို့၏ အရှိန်အဝါသည် ပြောင်းလဲသွားသည်။ သူတို့၏ ကျင့်စဉ်နှင့် စည်းချက် ညီလာကြသည်။ သူတို့က တမင်သက်သက် သူတို့၏ အရှိန်အဝါကို ဖော်ထုတ်လျှင် ထိုသည်က အခြားလူများကို ချက်ချင်း ခံစားမိစေသည်။

ဖေမင်သည် ထိုသို့ ဖြစ်သည်မှာ ငြင်းဆန်ဖွယ် မရှိပေ။ သူသည် သူ့အစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ကာ ဓားလမ်းစဉ်နှင့် တသားတည်း စည်းချက်ကျနေခဲ့ပြီး ဖြစ်သည်ဟု ထင်မှတ်ရသည်။ သူသည် သူ၏ ဓားစွမ်းရည်ကို နက်ရှိုင်းစွာ နားလည်နေခဲ့ပြီ ဖြစ်သည်။

သူက ထိုနေရာ၌ ရပ်နေရုံနှင့်ပင် အချိန်မရွေး ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်နိုင်သည့် ဓားတစ်လက်နှင့် အသွင်တူပေသည်။

နတ်ဘုရား ဆေးကြောသန့်စင်ခြင်း အဆင့်နှင့် မိမိကိုယ်ကိုယ်သိမြင်ခြင်း အဆင့်တို့မှာ ခြေတစ်လှမ်းသာ ကွာခြားသော်လည်း သူတို့ကြားတွင် ကြီးမားသော ကွာခြားမှုကြီး ရှိနေဆဲ ဖြစ်သည်။ အမှန်တွင်တော့ ရှန့်ထိုအဆင့်တွင် မည်သည့်အဆင့်ကြားတွင် မဆို ကြီးမားလှသည့် ကွာခြားချက်ကြီး ရှိပေသည်။

***

All Chapters