← Chapters

ပြေး

Vol. 89 Ch. 1234

ပြေး

Vol. 89 Ch. 1234

ခြေလှမ်း သုံးထောင်...

ခြေလှမ်း လေးထောင်...

၎င်းမှာ ဝေ့ဝူယင် ဟင်းလင်းပြင် ပေါ်တယ် တစ်ခုကို ပထမဆုံး အကြိမ် ဖြတ်ကျော်ခဲ့စဉ်တုန်းက အဖြစ်အပျက်နှင့်ပင် ဆင်တူ နေခဲ့သေးသည်။

ထာဝရ အငွေ့အသက်ကို ထုတ်လွှတ်နေခဲ့သည့် ငွေရောင် မျက်လုံးများ၊ ပေါင်ဂွကြားမှ တွဲလောင်းကျနေသည့် အသားဖု သုံးခု၊ သာမန် လူသား တစ်ဦးထက် သုံးဆလောက် ပိုမို ကြီးမားသော မီးခိုးရောင် နှလုံးသား၊ ခုနစ်ရောင်ခြယ် ဦးနှောက် တစ်ခုနှင့် လမ်းလျှောက်နေခဲ့သည့် အရိုးစု...

ထိုအရိုးစုမှာလည်း မီးသွေးခဲ ဖြစ်သည် အထိ လောင်ကြွမ်းခံနေရကာ မြင်ရသူတိုင်းကို မသက်သာသည့် ခံစားချက်တစ်ခု ပေးစွမ်းနေခဲ့သည်။

ဝေ့ဝူယင် သူ၏ အရိုးစုလက်များကို ငုံ့ကြည့်လိုက်၏။ ထို့နောက် နှုတ်ခမ်းမပါပဲ ပြုံးလိုက်သည်။

“အခု ငါ့ပုံစံက အနက်ရောင် အရိုးစုနဲ့တောင် တူနေသေးတယ်... ဒါပေမဲ့ သူက မိန်းမ ဆိုတော့ တွဲလောင်းကျနေတဲ့ ဟာတော့ မပါဘူးပေါ့...”

ခန္ဓာကိုယ် တစ်ခုလုံး အရည်ပျော်ကာ လဲပြိုကျလုနီးပါး ဖြစ်နေသည့်တိုင် ဝေ့ဝူယင်မှာ တွေးတောကာ နောက်ပြောင်နေနိုင်ဆဲ ဖြစ်သည်။ ၎င်းမှာ အချိန်တိုင်း မြင့်တက်လာနေခဲ့သည့် ကြောက်ရွံ့စိတ်ကို ကိုင်တွယ် ဖြေရှင်းရန် ကြိုးပမ်းမှု တစ်ခုလည်း ဖြစ်သည်။

ရွှမ်း...

ရုတ်တရက် ဓားဟိန်းသံ တစ်ခု ပဲ့တင်ထပ်လာခဲ့၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တမုဟုတ်ချင်းပင် လင်းလက် တောက်ပသွားခဲ့သည်။

သူ ထိုမြည်သံကို စောင့်နေခဲ့ခြင်းဖြစ်သည်။ ထိုဓားဟိန်းသံမှာ ဓားနှင့်မီး ကပ်ဘေး၏ ဒုတိယ အပိုင်း ဖြစ်ကာ ဤကပ်ဘေး၏ အန္တရာယ် အရှိဆုံးသော အပိုင်းလည်း ဖြစ်သည်။ ထိုအသံကို ကြားလျှင်ကြားချင်း မပြေးပါက အပြစ်သားများမှာ ဓားနှင့် တွေ့ဆုံရမည် ဖြစ်သည်။ သို့သော် ပြေးလျှင်လည်း လွတ်မည် မထင်ပါနှင့်။ ဝေဒနာ လမ်းကြောင်း အတိုင်း ပိုမို၍ လျှောက်လှမ်းလေလေ၊ မီးလျှံများမှ ပိုမို၍ အားကောင်းလေလေ၊ ဓားသည်လည်း ပိုမို၍ ထက်မြက်လေလေ ဖြစ်သည်။

မည်သည့် အခြေအနေတွင် မဆို... သင်၏ ဝိညာဉ်မှာ ရှောင်လွှဲ၍ မရနိုင်သည့် သန့်စင်ခြင်းထံသို့ ဦးတည် သွားလိမ့်မည် ဖြစ်သည်။

ရွှမ်း...

ဝေ့ဝူယင်မှာ မည်ကဲ့သို့မျှ မခံစားရသော်လည်း ဓားတစ်လက်မှာ သူ့ နဖူးကို စိုက်ဝင် သွားခဲ့၏။ အကယ်၍ စိတ်ဝိညာဉ် တစ်ခုသာ ဆိုပါက ၎င်းမှာ သူ့ အသက်ကို အဆုံးသတ်နိုင်သည့် တိုက်ခိုက်မှု တစ်ခု ဖြစ်သည်။ ဦးခေါင်းခွံ ထိုးဖောက်ခံရခြင်းကို မည်သူက ခုခံနိုင်မည်နည်း။

“စတော့...”

ဝေ့ဝူယင် အမိန့်ပေးလိုက်၏။ ဓားမှာ ငရဲ၏ ထူးဆန်းသော တေးသွားနှင့် အတူ မြည်ဟီး တုန်ခါရင်း ရောင်စုံ ဦးနှောက်ကို အပိုင်းပိုင်း ဖြတ်တောက်နေသည့်တိုင် လူငယ်မှာ လိုက်လျောညီထွေ တုန့်ပြန်ကာ နှလုံးသားကို မိုးကြိုးပေါင်းများစွာလို ခုန်ပေါက်စေဖို့ အမိန့်ပေးနိုင်ဆဲ ဖြစ်သည်။

ဧဒင်၏ အမှတ်အသား....

ဟူး... ဟူး...

ဧဒင် အမှတ်အသားအတွင်း ငုပ်လျှိုးနေသည့် အသက်စွမ်းအားများမှာ အလုံးအရင်းလိုက် ထွက်ပေါ်လာကာ ကြိုးမျှင်များ အလား သူ့ ခန္ဓာကိုယ် အနှံ့သို့ တိုးဝင် သွားခဲ့တော့သည်။

ပီကိုစက္ကန့်အတွင်း သူ၏ ဦးနှောက်မှာ ပြန်လည် ကောင်းမွန်လာခဲ့၏။ နာနိုစက္ကန့်အကြာတွင် သူ၏ ဦးနှောက်သည် တစ်ဝက်နီးပါး ပြန်လည် ဖျက်ဆီးခံလိုက်ရပြန်သည်။ သို့‌သော်လည်း နောက်ထပ် ပီကိုစက္ကန့်အကြာတွင် သူ၏ ဦးနှောက်မှာ ပြန်လည် ကောင်းမွန် သွားပြန်၏။

အသက်အင်အားများမှာ ဦးနှောက်ကို ဓားဖြတ်ပိုင်းနိုင်သည်ထက် ပိုမို မြန်ဆန်စွာ ပြန်လည် ကုသပေးနေခဲ့သည်။ ၎င်းမှာ စိတ်မျက်လုံး တည်ရှိရာ ဦးနှောက် အတွင်းပိုင်းကို ထိုးဖောက်နိုင်ခြင်း မရှိလေရာ စိတ်ဝိညာဉ်ရှိရာထံ အရောက်လှမ်းနိုင်သေးခြင်း မရှိပါချေ။ ဦးနှောက် အပေါ်ယံလွှာတွင် ဖြစ်ပေါ်နေသည့် ဖျက်ဆီးခြင်းနှင့် ပြန်လည် ကုသခြင်း သံသရာ အတွင်းတွင်သာ ပိတ်မိနေခဲ့သည်။

ထိုဖြစ်စဉ်က အလွန်တရာ နာကျင်လှပုံ ပေါ်သည့်တိုင် ဒုတိယမြောက်စိတ်မှာ အနည်းငယ်ပင် ညည်းညူခြင်း မရှိပဲ အားလုံးကို ခံယူနေခဲ့သည်။ တစ်ချိန်တည်း၌... ကောင်းကင်ကိုပင် အံ့အားသင့်စေနိုင်သည့် အမြန်နှုန်းဖြင့် သူ၏ အသွေးအသားများမှာ ချက်ချင်း ပြန်လည် ပေါက်ဖွားလာခဲ့သည်။ အပူချိန်က သူ့ကို အရည်ပျော်စေဖို့ ဆက်လက် ကြိုးပမ်းနေသည့်တိုင် ကြွက်သားများ၊ အရေပြားများမှာ တစ်စတစ်စပင် ပြန်လည် ပေါက်ဖွား လာနေခဲ့၏။

ထိုဖြစ်စဉ်များက အဆုံးမရှိ သံသရာ စက်ဝန်းတစ်ခုလို ထပ်ခါထပ်ခါ ဖြစ်ပွားနေခဲ့ချိန်တွင် ဝေ့ဝူယင်၏ တဖျပ်ဖျပ် တောက်ပနေသော ငွေရောင် မျက်လုံးများကတော့ အရှေ့တည့်တည့်ရှိ ဝေဒနာ လမ်းသွယ်ကိုသာ အာရုံစိုက် နေခဲ့လေသည်။

ပြေး...

ဝေ့ဝူယင် ကိုယ်ဟန် အနေအထားကို နှိမ့်ချလိုက်၏။ သူ၏ ငွေရောင် မျက်လုံးများထဲတွင် နတ်ဘုရားနှင့် မိစ္ဆာများကိုပင် ထိတ်လန့် တုန်လှုပ်စေနိုင်သည့် ပြင်းပြသော ခက်ထန် ကြမ်းတမ်းမှု တစ်ခု ပေါ်ပေါက်လာကာ တစ်ခါတစ်ရံ အရိုးဖြစ်လိုက်၊ တစ်ခါတစ်ရံ အသားဖြစ်လိုက် ခြေ‌ထောက်ကို လမ်းမပေါ် ဖိချလိုက်သည်။

ဝှစ်...

ထို့နောက်တွင်တော့ သူ ခန္ဓာကိုယ်ကို ပေါက်ကွဲအား ပြင်းထန်စွာဖြင့် ကန်ထုတ်လိုက်ရင်း ဝေဒနာ လမ်းသွယ်အတိုင်း ပြေးလွှားလေတော့၏။ နာနိုစက္ကန့်တိုင်း၌ သူ၏ ခန္ဓာကိုယ်က ခြေလှမ်း ရာပေါင်းများစွာ အထိ ရောက်ရှိသွားကာ ငရဲမီးများက ဆူနာမီလှိုင်းများလို နောက်မှ အရှိန်အဟုန်ပြင်းစွာဖြင့် လိုက်ပါလာနေခဲ့သည်။ ဝေ့ဝူယင် မည်မျှပင် မြန်ဆန်စေကာမူ ၎င်းမှာ ထပ်တူထပ်မျှ အမြန်နှုန်းဖြင့် လှုပ်ရှားကြကာ ခြေလှမ်းတိုင်း၌ သူ့ကို အဆက်မပြတ် ဝါးမြိုဖို့ ကြိုးပမ်းခဲ့ကြသည်။

ဟူး... ဟူး...

အသားအပိုင်းအစ အနည်းငယ်သာ ပါရှိသည့် အရိုးစု တစ်ခုမှာ မီးတောက်မုန်တိုင်းထံမှ လျှပ်စီးကြောင်း တစ်ခုလိုမျိုး ထွက်ပြေးနေခဲ့သည်။ အချိန်နှင့် အမျှ ဝေ့ဝူယင်၏ သွေး၊ ကြွက်သားများ၊ အရေပြားနှင့် ဆံပင်များမှာ ပြန်လည် ကောင်းမွန် လာနေခဲ့လေသည်။ ၎င်းတို့၏ အပေါ်ယံ မျက်နှာပြင်ထက်တွင်တော့ ငွေရောင် မှိန်ဖျဖျ အလင်းတစ်ခုမှာ ထာဝရလို တည်ရှိနေခဲ့၏။

တဒင်္ဂ အတွင်းမျာပင် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ အသားစားကြူးသည့် ငရဲမီး မုန်တိုင်း၏ အောက်တွင် ပြန်လည် အရည်ပျော် သွားခဲ့ပြန်သည်။ ယင်းတို့မှာ နီရွှေရောင် အဆင်းဖြင့် တောက်ပနေကာ အနက်ရောင် အရိုးများထဲ စိမ့်ဝင်သွားခဲ့ပြန်၏။

ရွှမ်း... ရွှမ်း...

ဓားတေးသံများက အဆက်မပြတ် ထွက်ပေါ်နေသည်။ ဝေ့ဝူယင်၏ ဦးနှောက်မှာ စိတ်ဝိညာဉ်ကို ဖျက်ဆီး ဖြတ်တောက်နိုင်သည့် ဓားအလင်းများနှင့် ပြည့်နှက်နေခဲ့သော်လည်း ၎င်းကို ထွက်ပြေးခွင့် မပြုခဲ့ပါချေ။ ဖျက်ဆီးခြင်းနှင့် ပြန်လည် ကုသခြင်း သံသရာ စက်ဝိုင်း အတွင်းတွင်ပင် ပိတ်ဆို့ထားခဲ့သည်။

ဝေ့ဝူယင်၏ အတွေးများမှာ ဗလာကျင်း နေခဲ့၏။ အဓိပ္ပာယ် ရှိသည့် အတွေးတစ်ခု ဖြစ်ပေါ်လာတိုင်း ဓားအလင်းက အဆက်မပြတ် ဖျက်ဆီးပစ်နေခဲ့သည်။ အမှန်စင်စစ် ဝေ့ဝူယင်မှာ ခန္ဓာကိုယ်ကို လုံးဝ လှုပ်ရှားခြင်း မပြုခဲ့ချေ။ အစစ်အမှန် စိတ်ဝိညာဉ်နှင့် ချိတ်ဆက်ထားသည့် ကြယ်တာရာ ဝိညာဉ် လေးခုသည်သာလျှင် သူ၏ နေရာကို ဝင်ယူကာ လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။

“ဘယ်ဘက် ခြေထောက်ကိုရွှေ့... ညာဘက် လက်မောင်းကိုယမ်း... နောက်ထပ် ညာဘက် ခြေထောက်... ဘယ်လဘက် လက်မောင်း... အသက် မရှူမိစေနဲ့...”

ဧဒင်မှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ် ပြေးလွှားမှုကို စီမံရန် အတွက် အခြား ကြယ်တာရာ ဝိညာဉ် သုံးခုကို ဦးဆောင် နေခဲ့၏။

“အု...”

အိုရီမှာ ဝေ့ဝူယင်၏ ခန္ဓာကိုယ် ဟန်ချက်ညီမှုကို ထိန်းသိမ်းရန် အတွက် အပူဓာတ်၊ စိုထိုင်းစ၊ လျှပ်စစ်ဓာတ်တို့ ကဲ့သို့ ဇီဝ လှုံ့ဆော်မှုများကို ထိန်းညှိရင်း အော်ဟစ်လိုက်သည်။ ကံမကောင်းစွာပင် ခြေလှမ်း ၂၀၀,၀၀၀၀ ဝန်းကျင်ခန့်၌ သူမမှာ ငရဲမီး မုန်တိုင်းတစ်ခုကို ဖြတ်သန်းရင်း အလိုအလျောက် အသက်ရှူ စေခဲ့သည်။ ငရဲမီးများမှာ ချက်ချင်းပင် ဝေ့ဝူယင်၏ အဆုပ်အတွင်း တိုးဝင်လာကာ လောင်ကြွမ်း ပြာချ ပစ်လိုက်၏။ ၎င်းက အဆက်မပြတ် ကုသနေသည့် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အနည်းငယ်ကို မတည်မငြိမ် ဖြစ်စေခဲ့ကာ အထူးသဖြင့် နှလုံးသားကို သက်ရောက်ခဲ့သည်။

“ဘုရင်...”

ဧဒင်က အရေးပေါ် လေသံဖြင့် အော်ဟစ်လိုက်၏။ ဘုရင်၏ အိုမီဂါ စိတ်ဝိညာဉ် အလင်းရောင်မှာ ချက်ချင်းပင် မီးခိုးရောင် နှလုံးသား အတွင်း ပြေးဝင်သွားကာ ၎င်းထံ ကူးစက်လာနေသည့် ငရဲမီးများကို အပြီးတိုင် ဖျက်ဆီး ပစ်လိုက်လေသည်။

“တောင်းပန်ပါတယ်...”

အိုရီက စိတ်ရင်းမှန်ဖြင့် တောင်းပန်လိုက်၏။ အဆုပ်ကတော့ ငရဲမီးများ၏ လောင်ကြွမ်းမှု အောက်တွင် အရည်ပျော် သွားခဲ့သည်။ သို့သော်လည်း... ဧဒင် အမှတ်အသား အတွင်းရှိ အသက်အင်အားများ၊ အိုရီ၏ မူလ သစ်သား ပြန်လည် ဖွံ့ဖြိုးခြင်းနှင့် ဧဒင်၏ အသွင်ပြောင်းခြင်း စွမ်းအင်တို့မှာ အရည်ပျော်နေသည့် အင်္ဂါ အစိတ်အပိုင်းကို ပြန်လည် ပုံဖော် ပေးလိုက်သည်။

၎င်းမှာ ဝေ့ဝူယင် မဆိုထားနှင့်... လျှို့ဝှက် အာဏာရှင် အထွတ်အထိပ် အဆင့် ကျင့်ကြံသူများပင် ပုံမှန် အတွေးဖြင့် မလုပ်ဆောင်နိုင်သည့် အလွန် ရှုပ်ထွေးလှသော လုပ်ငန်းစဉ် တစ်ခု ဖြစ်သည်။ သို့သော်လည်း... ဧဒင်ကတော့ အခြား ကြယ်တာရာ ဝိညာဉ် သုံးခုကို ဦးဆောင်ရင်း ဧဒင် အမှတ်အသားကို စီမံကာ ကောင်းစွာ လုပ်ဆောင်နိုင်ခဲ့သည်။

အိုရီမှာ ဝေ့ဝူယင်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းကာ ပြန်လည် ကုသခြင်း လုပ်ငန်းစဉ်ကို ကိုင်တွယ်သည်။ ဘုရင်ကတော့ ဦးနှောက်၊ နှလုံးသားနှင့် မျိုးပွား အင်္ဂါတို့ ကဲ့သို့ စိတ်ဝိညာဉ် အပြင်ဘက် အခွံလွှာကို ထိခိုက်စေနိုင်သည့် အရေးကြီးသော အစိတ်အပိုင်းများထံ ကျူးကျော် ဝင်ရောက်လာသည့် ပိုလျှံ မီးတောက်များနှင့် ဓားအလင်းများကို ဖယ်ရှားသည်။

တစ်ချိန်တည်း၌ ခရာတိုကတော့ ခန္ဓာကိုယ် လှုပ်ရှားမှုများကို ထိန်းချုပ်သည်။ ဝေ့ဝူယင်ကတော့ ဦးနှောက် အတွင်း စိုက်ဝင်နေသည့် ဓားကြောင့် တွေးတောနိုင်ခြင်း အလျင်းမရှိပဲ ငြိမ်သက် တိတ်ဆိတ်နေခဲ့သည်။ မသိပါက... သူက သေသွားသည်နှင့်ပင် ခြားနားခြင်း မရှိပါချေ။

သို့သော်လည်း... ထိုအရာက ဝေ့ဝူယင်၏ ရွေးချယ်မှု ဖြစ်သလို ကြိုတင် သိရှိထားသည့် အချက်အလက်များကို စီစစ် အကဲဖြတ်၍ သူ ချမှတ်ထားသည့် ဗျူဟာလည်း ဖြစ်ပေသည်။ လူငယ်မှာ သူ၏ ကြယ်တာရာ ဝိညာဉ် လေးခု အပေါ် အပြည့်အဝ ယုံကြည်ဖို့ ရွေးချယ်ခဲ့ပေသည်။

ခြေလှမ်းပေါင်း ၄၀၀,၀၀၀...

မီးတောက် မုန်တိုင်းမှ ထွက်ပေါ်လာသည့် အပူရှိန်မှာ အဆမတန် ပိုမို၍ ပူပြင်းလာခဲ့၏။ ကံကောင်း ထောက်မတာ တစ်ခုက ဝေ့ဝူယင်မှာ ဓားကို သူ့ ဦးနှောက် အတွင်း ပိတ်လှောင်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ မဟုတ်ပါက ဓားမှာ ပြန်လည် ထွက်ခွာသွားကာ ခြေလှမ်းတိုင်း၍ ပိုမို အားကောင်းသည့် ဖြတ်တောက်ခြင်း စွမ်းအင်များနှင့် ပြန်လာလိမ့်မည် ဖြစ်သည်။ ၎င်း တစ်ကြိမ် လွတ်ထွက်သွားလျှင်ပင် ဝေ့ဝူယင် အတွက် လွတ်မြောက်ဖို့ အခွင့်အရေး မရှိသလောက် ဖြစ်သွားလိမ့်မည် ဖြစ်သည်။

လက်ရှိ သူ ရင်ဆိုင်နေရသည့် ကပ်ဘေးက သာမန် အပြစ်သားများ ငရဲကျခံရခြင်းနှင့် မတူပါချေ။ သူတို့ အနေဖြင့် ငရဲတွင် ကျရှုံးခဲ့လျှင်ပင် သင့်တော်သည့် ကမ္မ အမှတ်များနှင့် ပြန်လည် မွေးဖွားခြင်း စက်ဝန်း အတွင်း ဝင်ရောက်ခွင့် ရရှိလိမ့်မည် ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင်ကတော့ အမွေခံ အပြစ်သား သွေးမျိုးဆက်ကြောင့် ငရဲကို ရောက်ရှိလာသူ ဖြစ်သည်။ အကယ်၍ သူသာ ခုခံရန် ကျရှုံးခဲ့ပါက ငရဲက သူ့ကို ထာဝရ ပယ်ရှား ပစ်လိမ့်မည် ဖြစ်သည်။ ထိုအခါ သူ တွေ့ဆုံရမည့် အရာက စစ်မှန်သည့် သေဆုံးခြင်းပင် ဖြစ်လေသည်။

ခြေလှမ်းပေါင်း ၆၀၀,၀၀၀

ဝေဒနာ လမ်သွယ်၏ ၁ ရာခိုင်နှုန်းကိုပင် မဖြတ်သန်းရသေးသည့်တိုင် တောက်လောင်နေသည့် အပူရှိန်က မခံမရပ်နိုင်သည် အထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ကြယ်တာရာ ဝိညာဉ်များ၏ စွမ်းဆောင်ရည် ကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အရည်ပျော်ရုံမျှသာ မက အငွေ့ပင် ပျံသွားလောက်ပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာပင် လက်ရှိ အချိန်အထိတော့ ဝေ့ဝူယင်မှာ အောင်မြင်စွာ ရှေ့ဆက်နိုင်နေဆဲ ဖြစ်ပေသည်။

ခြေလှမ်းပေါင်း ဆယ်သိန်း...

***

All Chapters