← Chapters

ခြေလှမ်းပေါင်း ၁၀၈,၀၀၀,၀၀၀

Vol. 89 Ch. 1235

ခြေလှမ်းပေါင်း ၁၀၈,၀၀၀,၀၀၀

Vol. 89 Ch. 1235

ခြေလှမ်းပေါင်း ဆယ်သိန်း...

ခြေလှမ်းပေါင်း ဆယ်သိန်းတိုင်အောင် ဧဒင် အမှတ်အသားမှာ ဝေ့ဝူယင်ကို ကယ်တင် နေနိုင်ဆဲ ဖြစ်သည်။ ၎င်းမှာ အလင်း၏ အလျင်မျိုးဖြင့် အဆုံးမဲ့လှသော အသက်အင်အားများကို သွန်းလောင်းပေး နေခဲ့သည်။ တစ်ခါတစ်ရံ၌ ဝေ့ဝူယင်မှာ အရိုးစု တစ်ခု ဖြစ်လုနီးပါး အရည်ပျော် သွားခဲ့သော်လည်း နောာက်ထပ် တစ်စက္ကန့်မျှ အကြာတွင် နဖူး၌ ဓားတစ်စင်း စိုက်ဝင်နေသည်မှ တစ်ပါး လူကောင်း ပကတိ ပြန်လည် ဖြစ်သွားခဲ့ပြန်သည်။

ခြေလှမ်းပေါင်း ဆယ်သိန်း..

ဒုတိယမြောက်စိတ်မှာ အော်ဟစ်ခြင်းပင် မပြုနိုင်တော့ချေ။ ၎င်းမှာ အသိစိတ် ပင်လယ် အတွင်း လှဲလျောင်းရင်း ထူးဆန်းစွာ တွန့်လိမ်နေခဲ့သည်။ ဝေ့ဝူယင် လူသား အသွင်သို့ ပြန်လည် ပြောင်းသွားတိုင်း ၎င်းမှာ ခေါင်းကို ပြင်းထန်စွာဖြင့် ရိုက်သည်။ ထို့နောက် ပါးစပ် ပွင့်လာသည်။ သို့သော်လည်း... အော်ဟစ်သံတော့ ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။

ကြယ်တာရာ ဝိညာဉ်များကတော့ အတွဲအဖက် ညီညီပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ဆက်လက် ထိန်းချုပ်နေဆဲ ဖြစ်ပေသည်။ ‌ကောင်းကင်ကပ်ဘေးများအား ဖြတ်ကျော်စဉ်တုန်းကလိုပင် ဤသည်က သူတို့၏ ပွဲဖြစ်နေခဲ့ပြီ ဖြစ်သည်။

ခြေလှမ်းပေါင်း ဆယ်သန်း..

ခြေလှမ်းပေါင်း သန်းသုံးဆယ်...

ခြေလှမ်းပေါင်း သန်းငါးဆယ်...

“အား...”

ဒုတိယမြောက်စိတ်ထံမှ အော်ဟစ်သံ ပြန်လည် ထွက်ပေါ်လာ၏။ နာကျင်မှုများ အဆုံးစွန်သို့ ရောက်ရှိသွားသည့် အခါ သေဆုံးခြင်းတရားသည်ပင် ချိုမြိန်သည်ဟု ခံစားမိသည့် အချိန်အခါများ ရှိပေသည်။ သို့သော်လည်း... ထိုအော်ဟစ်သံကတော့ အရှုံးမပေးလိုသည့် စိတ်ဆန္ဒများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

ခြေလှမ်းပေါင်း သန်းတစ်ရာ...

အကယ်၍ ဓားသာ သူ့ဦးနှောက် အတွင်း ပိတ်မိနေခဲ့ခြင်း မရှိပါက အဇူရာ လမ်းသွယ် ဒိုင်မန်းရှင်း အတွင်း ပြန်လည် ဝင်ရောက်သွားကာ ပြင်းထန်သည့် သန့်စင်ခြင်း စွမ်းအားနှင့် အတူ ပြန်လာလိမ့်မည် ဖြစ်သည်။ ထို့နောက်တွင်တော့ ဝေ့ဝူယင်၏ အသက်ကို တဒင်္ဂ အတွင်း နှုတ်ယူ သွားလိမ့်မည် ဖြစ်သည်။ အကယ်၍ လွတ်မြောက်အောင် ထွက်ပြေးချင်လျှင်ပင် သူက လုံလောက်အောင် မမြန်ပါချေ။

သူတော်စင်တို့ အဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူ တစ်ယောက်သာလျှင် အစစ်အမှန် အပြစ်သား ဝိညာဉ်၏ အပြင်အခွံလွှာနှင့် အတူ လွတ်မြောက်ရန် အခွင့်အလမ်း ရှိပေသည်။ သို့တိုင်အောင်... ထိုအရာက အစစ်အမှန် ဝိညာဉ်အား သူတို့ သန့်စင်ထားနိုင်သည့် အဆင့်ပေါ် မူတည်နေဆဲ ဖြစ်သည်။

ဤဝေဒနာလမ်းသွယ် အတွင်း အမွေခံ အပြစ်သား မည်မျှ ကျရှုံးခဲ့ပြီး ဖြစ်ကြောင်းကို ဝေ့ဝူယင် မခန့်မှန်းနိုင်ပါချေ။ ထိုအထဲ၌ သူ့ထက် ပိုမို အစွမ်းထက်သူများ ပါဝင်နိုင်သည်။ ပါရမီ ပိုမို မြင့်မားသူများ ပါဝင်နိုင်သည်။ ပိုမို ထက်မြက်သူများပင် ပါဝင်နိုင်ပေသည်။

ခြေလှမ်းပေါင်း ၁၀၇,၉၉၉,၉၉၉

နောက်ဆုံးသော ခြေလှမ်း...

ဝေ့ဝူယင် လှမ်းလိုက်ချိန်မှာပင် ဧဒင် အမှတ်အသားမှာ မှေးမှိန်သွားခဲ့၏။ သို့သော်လည်း... ၎င်းမှာ အသက် အင်အား ကုန်ခမ်းမှုကြောင့် မှေးမှိန်သွားခြင်း မဟုတ်ပါချေ။ ဧဒင် အမှတ်အသား အတွင်းရှိ အသက် အင်အားများမှာ အဆုံးမဲ့လုနီးပါး များပြားလှပေသည်။ အသက် အင်အား နှစ်သန်ပေါင်း ဆယ်နှင့်ချီ၍ ဖြုန်းခဲ့သည့်တိုင်အောင် သိသိသာသာ လျော့နည်းသွားခြင်း မရှိပါသေးကြောင်း ဝေ့ဝူယင် ခံစားနိုင်ပေသည်။ ၎င်း မှေးမှိန်သွားရသည့် အကြောင်းရင်းမှာ အလုပ်ပြီးမြောက်သွားသောကြောင့်ပင် ဖြစ်သည်။

ဝေ့ဝူယင် အဇူရာ လမ်းသွယ်၏ အဆုံးသတ်တွင် ရပ်နေခဲ့၏။ သူ့ နဖူးအတွင်း ထိုးစိုက်နေသည့် ဓားက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သလို ငရဲမီးတောက် မုန်တိုင်းမှာလည်း ငြိမ်းသေသွားခဲ့ပြီ ဖြစ်သည်။ ဝေဒနာ လမ်းသွယ်မှာ လျှင်မြန်စွာပင် ပြန်လည် အေးမြသွားခဲ့၏။

ဝေ့ဝူယင် အဝတ်တစ်မျှ မပါသည့် ခန္ဓာကိုယ်နှင့် အတူ မားမာမတ်မတ်ပင် ရပ်နေခဲ့၏။ သူ၏ မျက်လုံးများက ဂုဏ်ယူသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေကာ ဝေဒနာ လမ်းသွယ်ကို ပြန်လည်၍ ကြည့်လိုက်၏။ အရာအားလုံးက အလွန်အမင်း တိတ်ဆိတ် ငြိမ်သက် နေခဲ့လေသည်။

...

“...”

“...”

“...”

တိုင်းတာ၍ မရနိုင်အောင် ကြီးမားလှသည့် အရိပ်ကြီး အောက်၌ များလှစွာသော ပရိသတ်ပေါင်းများမှာ အစမှ အဆုံး တိတ်ဆိတ် ငြိမ်သက် နေကြသည်။

စဦးပိုင်း ဝေ့ဝူယင် လမ်းလျှောက်နေသည်ကို မြင်သော အခိုက်၌ ထိုအပြစ်သား သေမျိုး၏ ကံကြမ္မာက ချိပ်ပိတ်ပြီးသွားခဲ့ပြီ ဖြစ်ကြောင်း သူတို့ ယူဆခဲ့ကြသည်။ သို့သော်လည်း... မကြာခင်မှာပင် ပုံမှန် မဟုတ်သည့် အခြေအနေ တစ်ခုကို သူတို့ မြင်တွေ့ခဲ့ရသည်။ ပုံမှန်ခြေလှမ်းများနှင့် လျှောက်လှမ်းနေသည့်တိုင် အဇူရာ လမ်းသွယ် ဒိုင်မန်းရှင်းမှာ မည်သည့် ဝိညာဉ် သန့်စင် မြူနှင်းကိုမှ ထုတ်ဖော်ခြင်း မပြုခဲ့ပါချေ။

ငရဲနှင့်မီး ကပ်ဘေး၏ စည်းမျဉ်းများမှာ ရှင်းလင်းသည်။ အဇူရာ လမ်းသွယ်ကို ဖြတ်သန်းသူတိုင်း နာကျင်မှုကို ခံစားရသည်နှင့် ဝိညာဉ်သန့်စင် မြူနှင်း ထွက်ပေါ်လာလိမ့်မည် ဖြစ်သည်။ ၎င်းမှာ အပြစ်သားတို့၏ ဘဝ တစ်လျှောက် ကျူးလွန်ခဲ့သည့် မည်သည့် ကမ္မအပြစ်မျိုးကို မဆို သန့်စင်ကာ သံသရာကို ဖြတ်သန်း၍ မြစ်ဝါမြစ်သို့ ပို့ဆောင်သည်။

သို့သော်လည်း ဝိညာဉ် သန့်စင် မြူနှင်း ထွက်ပေါ်မလာခြင်းက အနီရောင် တောင်ပံ အပါအဝင် လူတိုင်းကို စိတ်ရှုပ်ထွေး သွားစေခဲ့သည်။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း မသိသော်လည်း သေးငယ်သည့် ဖြစ်စဉ်ကလေး တစ်ခုပင် လွဲချော်သွားမည်ကို မလိုလားလေရာ သူတို့ အားလုံး တိတ်တဆိတ် ဆက်လက် စောင့်ကြည့် နေကြသည်။

အပြစ်သားသေမျိုးမှာ နာကျင်မှုများကို မခံစားနိုင်သည်လား။ မဖြစ်နိုင်ချေ။ ဝေဒနာ လမ်းသွယ်မှာ မည်သည့် ဝိညာဉ်မျိုးကို မဆို နာကျင်မှု ခံစားရအောင် စီမံ အားထုတ်သည်။ ယိုပေါက်များ မရှိနိုင်အောင် ပြုမူထားသည်။ ဝိညာဉ်တိုင်း နာကျင်မှုကို ခံစားရမည်။ ထိုအရာက ရှောင်တိမ်း၍ မရနိုင်သည့် စည်းမျဉ်းတစ်ခု ဖြစ်သည်။

အကယ်၍ ဝေ့ဝူယင်သာ ပုံမှန် အမွေခံ အပြစ်သား တစ်ယောက် ဆိုပါက လေ့လာနေကြသူများ အံ့အားသင့်မိလိမ့်မည် မဟုတ်ချေ။ အချို့သော အစွမ်းထက် အမွေခံ အပြစ်သားများမှာ အနည်းငယ်ပင် နာကျင်မှုကို မခံစားရပဲ ခြေလှမ်းပေါင်း သောင်းချီသည် အထိ လျှောက်လှမ်းနိုင်ပေသည်။ ထိုနည်းဖြင့် ငရဲ၏ သန့်စင်ခြင်း စွမ်းအားများကို ဟန့်တားနိုင်သည်။

သို့သော်လည်း... ဤအမွေခံ အပြစ်သားကတော့ သေမျိုး တစ်ယောက်သာ ဖြစ်သည်။ မှန်၏။ လျှို့ဝှက် အာဏာရှင် အဆင့်ကိုပင် မတက်လှမ်းနိုင်သေးသည့် သေမျိုးတစ်ယောက်သာ ဖြစ်သည်။

သူတို့ ကြည့်နေစဉ်မှာပင် ဝေ့ဝူယင် ဓားတောင်ကို ရောက်ရှိသွားခဲ့သည်။ ဓားတောင်မှာ အပြစ်သား ဝိညာဉ်တိုင်းကို လေးလံသည် ဖိအားများ ပေးနိုင်ကာ ခံစစ်မှန်သမျှကို ဖြတ်တောက်နိုင်စွမ်း ရှိပေသည်။ တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်း၌ ဓား၏ အရွယ်အစားက ပိုမို ကြီးမားလာလိမ့်မည် ဖြစ်ကာ အဆုံးသတ်တွင်တော့ ၎င်းမှာ ဝေဒနာ လမ်းသွယ် တစ်ခုလုံးကိုပင် ဖုံးလွှမ်းနိုင်သည့် ဧရာမ အရွယ်အစားကို ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

“ပွဲပြီးသွားပြီ...”

ထိုအရာက သူတို့ အားလုံး၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် မှတ်ချက် ဖြစ်သည်။ အဆုံးမဲ့ ငရဲမီး မုန်တိုင်းကို ခုခံနေရသည့် အချိန်တွင် အချိန်တိုင်း ပိုမို ကြီးထွားလာသည့် ဓားတိုက်ခိုက်မှုများကို မည်သူက အာရုံစိုက် နိုင်မည်နည်း။ ထိုအရာက အစွမ်းထက် အမွေခံ အပြစ်သားများစွာ ကျရှုံးခဲ့ရသည့် နိဂုံးပင် ဖြစ်သည်။

သူတို့ စိုက်ကြည့်နေစဉ်မှာပင် ဒုတိယ အကြိမ်မြောက် ဓားတိုက်ခိုက်မှုမှာ ဝေ့ဝူယင်၏ နဖူးအတွင်း စိုက်ဝင် သွားခဲ့သည်။ လောကကြီးက အဓိပ္ပာယ် ရှိသလို သူတို့ ပြိုင်တူ သက်ပြင်းများ ချလိုက်မိကြသည်။ အကယ်၍ အပြစ်သား သေမျိုးသာ ထိုဓားကို ခုခံနိုင်ခဲ့ပါက ဝေဒနာ လမ်းသွယ် ဒိုင်မန်းရှင်းတွင် ပြဿနာ တစ်ခု ရှိလိမ့်မည်ဟု သူတို့ တွေးမိကြလိမ့်မည် ဖြစ်သည်။

အရာအားလုံး ပြီးဆုံးသွားခဲ့ပြီဟု သူတို့ ယူဆ နေခဲ့ချိန်မှာပင် ထင်မှတ် မထားသည့် အရာ တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ၎င်းကား... နဖူးတွင် ဓားတန်းလန်း စိုက်လျှက်ကပင် အပြစ်သား သေမျိုးမှာ စတင်ကာ ပြေးလွှားခြင်း ဖြစ်ပေသည်။

မှန်၏။ သူ ပြေးခဲ့သည်။ အလွန့်ကို လျှင်မြန်စွာ ပြေးခဲ့သည်။ မီးမုန်တိုင်းများ အဆက်မပြတ် တိုက်ခတ် ဝါးမြိုနေသည့် ဝေဒနာ လမ်းသွယ်တွင် ဦးနှောက် အတွင်း ဓားတစ်စင်း ထိုးဖောက် စိုက်ဝင်နေသည့် ထိုသေမျိုးမှာ မယုံကြည်နိုင်စရာ အမြန်နှုန်းဖြင့် ပြေးလွှားခဲ့သည်။ ပိုမို၍ ထူးဆန်းသည့် အရာက ဓားမှာ သူ့ ဦးနှောက်အတွင်းမှာပင် ထာဝရ ပိတ်မိနေခြင်း ဖြစ်ပေသည်။

ထိုအရာက ဖြစ်နိုင်၏လော ဟူ၍ပင် သူတို့ မသိတော့ချေ။

ခြေလှမ်းပေါင်း ၁၀,၀၀၀,၀၀၀

ခြေလှမ်းပေါင်း ၅၀,၀၀၀,၀၀၀

ခြေလှမ်းပေါင်း ၁၀၀,၀၀၀,၀၀၀

အပြစ်သား သေမျိုးအတွက် ခြေလှမ်းပေါင်း ၁၀၇,၉၉၉,၉၉၉ ကို ရောက်ဖို့ အတွက်ပင် အချိန် သိပ်မယူ လိုက်ရချေ။ သူတို့ စောင့်ကြည့်နေကြစဉ်မှာပင် သေမျိုးမှာ နောက်ဆုံးသော ခြေလှမ်းကို လှမ်းခဲ့ကာ ဝေဒနာ လမ်းသွယ်၏ အဆုံးကို ရောက်ရှိသွားခဲ့သည်။

ခြေလှမ်းပေါင်း ၁၀၈,၀၀၀,၀၀၀

“သူ ပြီးသွားပြီ...”

အလွန်တရာ ကြီးမားလှသည့် အရိပ်ကြီးထံမှ ကြေညာသံ ထွက်ပေါ်လာခဲ့သည်။ ထိုအချင်းအရာက အတောင်ပံပါ ပုံရိပ်များစွာကို မယုံကြည်နိုင်မှုဖြင့် တုန်ရီသွားစေခဲ့လေသည်။

“သူ့ကို ပြန်ပို့လိုက်တော့...”

တိုက်တန်သဖွယ် ကြီးမားလှသည့် အရိပ်ကြီးမှာ ယန္တရားဖြင့် ဖန်တီးထားသည့် အသံတစ်ခုလို တိုတိုတုတ်တုတ်ပင် ဆိုကာ ပြန်လည် ပျောက်ကွယ် သွားခဲ့တော့သည်။

ငွေရောင် အတောင်ပံနှင့် သွေးနီရောင် အတောင်ပံတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့၏ နှလုံးသားများကတော့ မယုံကြည်နိုင်စွာဖြင့် လှုပ်ရှား နေကြ၏။ ဝေ့ဝူယင်မှာ ဝေဒနာ လမ်းသွယ်ကို သန့်စင်ခြင်း စွမ်းအား တစ်စမျှ မထွက်ပေါ်လာစေပဲ အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ရပ်မျိုး သူတို့ ယခင်က တစ်ကြိမ်တစ်ခါမျှပင် မကြုံဖူးပါချေ။

ဝေ့ဝူယင်ကတော့ တတိယမြောက် ငရဲမှ ပြန်လည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ထိုအပြစ်သားသေမျိုးမှာ မကြာခင် ပြန်လည် ရောက်ရှိလာလိမ့်မည် ဖြစ်ကြောင်း သူတို့ သိရှိထားပြီး ဖြစ်လေတော့သည်။

***

All Chapters