ကပ်ဘေး ပြီဆုံးခြင်း
Vol. 89 Ch. 1236
ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ ပိုးအိမ် အတွင်း ပြန်လည် ရောက်ရှိသွားခဲ့၏။ သူ၏ အသိစိတ်ပင်လယ်က ဝေဝေဝါးဝါး အခြေအနေသို့ နောက်တစ်ကြိမ် ပြန်လည် ကျရောက်သွားပြန်သည်။ သို့သော်လည်း သူ၏ ညာဘက်လက်တွင်တော့ အပြစ်သား တက်တူးက စတင်ကာ ပြောင်းလဲနေခဲ့ချေပြီ ဖြစ်သည်။
ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယကပ်ဘေး အောင်မြင်ခြင်း... ၃/၃
အောင်မြင်ခြင်း... ဝေ့ဝူယင်မှာ ဝေဒနာ လမ်းသွယ်၏ စည်းမျဉ်းများ အောက်တွင် မည်သည့် ဝေဒနာကိုမှ မခံစားရပဲ အောင်မြင်ခဲ့လေရာ အကြမ်းဖျဉ်းအားဖြင့် ဝေဒနာကို အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
ပထမ ကပ်ဘေးတွင်တွင်တုန်းက ဝေ့ဝူယင်မှာ မည်သည့် ဆုံးရှုံးမှုကိုမှ ကျော်လွှားခဲ့ခြင်း မပြုပဲ လုံးဝ လျစ်လျူ ရှုခဲ့သည်။ ထို့ကြောင့်ပင် သူ “ရှင်သန်ခြင်း” တည်းဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့သည်။ ဒုတိယမြောက် ကပ်ဘေးတွင်တော့ သူ နောင်တကို အနိုင်ယူခဲ့သည်။ ကပ်ဘေး၏ ဟာကွက်ကို တွေ့ရှိကာ ထိုးဖောက် နိုင်ခဲ့သည်။ ထို့ကြောင့်ပင် အောင်မြင်ခြင်း ဆိုသည့် ဂုဏ်ပုဒ်ကို ရရှိခဲ့သည်။
တတိယမြောက် ကပ်ဘေးတွင်တော့ ဝေ့ဝူယင်မှာ ခြေလှမ်းပေါင်း ၁၀၈,၀၀၀,၀၀၀ လှမ်း တိတိကို နာကျင်မှု မရှိပဲ ဖြတ်ကျော်နိုင်ခဲ့သည်။ ဖြတ်ကျော်ဖို့ ကြိုးစားရာတွင် စည်းမျဉ်း၏ ချို့ယွင်းချက် တစ်ချို့ကို အလွဲသုံးစား လုပ်ခဲ့သည် ဆိုသော်လည်း ရလဒ်ကတော့ “အောင်မြင်ခြင်း” ဆိုသည့် သတ်မှတ်ချက် အတွင်း ဝင်ရန် လုံလောက်ခဲ့ပေသည်။
ကံမကောင်းတာ တစ်ခုက... ဝေ့ဝူယင်မှာ ငရဲ၏ ကပ်ဘေး တစ်ခုအား အောင်မြင်ခြင်း ဆိုသည့် အားသာချက်ကို ယခုအချိန်အထိ အသုံးမချနိုင်သေးခြင်း ဖြစ်သည်။
မည်သို့ပင် ဆိုစေ... သူ့အတွက် မရေမတွက်နိုင်သည့် ကံကောင်းခြင်းများကို ယူဆောင်လာပေးနိုင်သည့် ဆုလာဘ် တစ်ခုတော့ရှိနေသေးဆဲ ဖြစ်သည်။
ကမ္မ တန်ဖိုး... ၄၁,၁၃၂.၃ → ၉၅,၃၇၂.၃
...
“ခြောက်လအတွင်း ငါတို့ တိုက်ခိုက်မယ်...”
ချိပ်ပိတ် နယ်မြေကြီး၏ အစွန်အဖျား တစ်နေရာရှိ အရိပ်ဥ တစ်ခုထဲတွင် မိစ္ဆာ ကောင်းချီးခံ အဖြစ် ဝေ့ဝူယင် ယူဆထားခဲ့သော ယွင်ချွဲမှာ များလှစွာသော ဆင်တူ ဝတ်စုံဝတ် လျှို့ဝှက် အာဏာရှင် အဆင့်များ အကြားတွင် ရပ်နေခဲ့သည်။ သူတို့ အားလုံးမှာ အရပ်ရှည်ရှည် ခရမ်းရောင် ဝတ်စုံနှင့် မျက်နှာဖုံး စွပ်ထားသည့် ပုံရိပ်ကို စိုက်ကြည့် နေကြခြင်း ဖြစ်သည်။
"အစစ်အမှန် မွေးဖွားခြင်းအတွက်..."
ခရမ်းရောင်ဝတ်စုံဝတ်က လက်သီးလက်မောင်းတန်းရင်း အော်ဟစ်လိုက်၏။
"အစစ်အမှန် မွေးဖွားခြင်းအတွက်..."
ယွင်ချွဲ အပါအဝင် အခြား လျှို့ဝှက် အာဏာရှင် အဆင့်များ အားလုံးသည်လည်း စိတ်အားထက်သန်စွာ တုံ့ပြန်လိုက် ကြသည်။
...
ဂီး... ဂီး...
လွန်ခဲ့သည့် လအနည်းငယ် အတွင်း၌ ပိုင်လင်မှာ ဝေ့ဝူယင်၏ ပိုးအိမ်ကို အနားမှ မခွာပဲ စောင့်ရှောက်နေခဲ့လေသည်။
တစ်ချို့ အချိန်များနှင့် သူမမှာ ပိုးအိမ်၏ နူးညံ့ ပျော့ပြောင်းသော အထိအတွေ့ကို တောင်ပံများနှင့် ပွတ်သပ်ရင်း ဝေ့ဝူယင် ကြားလိမ့်နိုးနိုး ကြည်လင်သော တွန်သံများကို ထုတ်လွှတ် နေခဲ့လေသည်။ သူမ ဤနေရာတွင် ရှိကြောင်း၊ မည်သည့် နေရာကိုမှ ထွက်ခွာ မသွားကြောင်း အသိပေးခြင်းလည်း ဖြစ်ပေသည်။
ဝေ့ဝူယင်မှာ အရေးကြီးသည့် တာဝန်ကို ပေးအပ်ခဲ့လေရာ သူမသည်လည်း စိတ်နှင့် ခန္ဓာ နှစ်ခုစလုံးကို အပ်နှင်း၍ တာဝန်သိသိ စောင့်ရှောက်ခဲ့ပေသည်။ သူမမှာ ဝေ့ဝူယင်၏ မိန်းမများကိုပင် ပိုးအိမ်ကို ထိတွေ့ခွင့် မပေးခဲ့ရုံမျှသာ မက ဝူယု ပြန်လည် ရောက်ရှိလာသော အခါတွင်လည်း အနားသို့ ကပ်ခွင့် မပေးခဲ့ချေ။
မိန်းကလေး ခုနစ်ယောက်ကိုတော့ ဝူပိုင်ကျိုး၏ အကြံပေးချက်နှင့် အတူ ဝူယုမှာ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း ရှိရာထံသို့ ခေါ်ဆောင် သွားခဲ့သည်။ သူမတို့မှာ ထိုနေရာတွင် အန္တရာယ် ကင်းကင်းနှင့် ဆက်လက် ကျင့်ကြံခွင့် ရရှိကြလိမ့်မည် ဖြစ်သည်။
အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းမှာ ထာဝရ နယ်မြ အတွင်း ဆက်လက် အခြေစိုက်နေဆဲ ဖြစ်သည့်တိုင် သူတို့၏ အစစ်အမှန် နေအိမ်ကတော့ ဝူယုနှင့် အခြား မြေကြီး ရှန့်ထိုများ ပူးပေါင်း တည်ဆောက်ထားသည့် လောက နယ်မြေ အတွင်းတွင်သာ တည်ရှိနေသည်။ အဆုံးမဲ့ ဧကရာဇ် ဂိုဏ်းသားအားလုံးမှာ ထိုလောက နယ်မြေ အတွင်းတွင် နေထိုင်ကြကာ နည်းလမ်း အမျိုးမျိုးဖြင့် ဧရာမ နေကြယ်ကြီးထံမှ စွမ်းအင်များကို သန့်စင်ရင်း ကျင့်ကြံခြင်း အခြေခံများကို တိတ်တဆိတ် မြှင့်တင် နေခဲ့ကြလေသည်။
မဟာ စက်ဝန်း ရှန့်ထို ညီလာခံ အဆုံးသတ်ပြီးနောက် နောက်ကိုးနှစ်တာ ကာလမှာ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်း၏ အကြီးမားဆုံးသော အခြေခံ တည်ဆောက်ခြင်း ကာလ ဖြစ်ခဲ့သည်။ ဝူပိုင်ကျိုး၏ ဦးဆောင်မှု အောက်တွင် ဂိုဏ်းမှာ အရှိန်အဟုန်ကြီးစွာဖြင့် တိုးတက်လာခဲ့သည်။ ထိုကာလများ အတွင်း၌ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းကို အဆင့်နိမ့် ကြယ်တာရာ နယ်မြေ တစ်ခုထံသို့ ပြောင်ရွှေ့ကာ ကိုယ်ပိုင် နယ်မြေ တစ်ခု တည်ထောင်ရန် ဆွေးနွးမှုများ ရှိခဲ့သည်။ ထိုနည်းဖြင့် သူတို့မှာ ကိုယ်ပိုင် ကြယ်တာရာ နယ်မြေ တစ်ခုကို ပိုင်ဆိုင်လာနိုင်လိမ့်မည် ဖြစ်သည်။
ဝူပိုင်ကျိုး၏ ရည်မှန်းချက်များမှာလည်း ရှင်းလင်းပေသည်။ သူမမှာ သင့်လျော်သည့် တည်နေရာကို ရွေးချယ် ရှာဖွေခဲ့ပြီး ဖြစ်ကာ အရင်းအမြစ်၊ ချိန်သားကိုက်မှုနှင့် စွမ်းရည်တို့သာ လိုအပ်ချက် ရှိပေတော့သည်။ လက်ရှိ၌ ထာဝရ အစည်းအရုံးနှင့် ရွှေရောင် အသက်နန်းတော်၊ ဝေ့ဝူယင်တို့ အကြားတွင် ပဋိပက္ခများ အစပျိုး နေလေရာ သူမတို့ အနေဖြင့် သီးခြား ခွဲထွက်လိုက်ခြင်းက ပိုမို သင့်တော်သည်ဟု ယူဆမိသည်။
ငြင်းဆန်မှုများ အကြားမှပင် ဝူယုမှာ မိန်းကလေး ခုနစ်ယောက်ကို အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းသို့ ခေါ်ဆောင် သွားခဲ့ပြီ ဖြစ်လေရာ... မူလ အာရုဏ်ဦး နန်းတော် အတွင်း ဝေ့ဝူယင်နှင့် ပိုင်လင်တို့ နှစ်ယောက်သာ ကျန်ရစ်ပေတော့သည်။ ဤသို့နှင့် လပေါင်းများစွာမှာ လျှင်မြန်စွာပင် ကုန်လွန်သွားခဲ့၏။
ယနေ့...
ဝေ့ဝူယင် အာရုဏ်ဦး ပါရဂွန် ပုံသွင်းခြင်း ဆေးလုံးအား သောက်သုံးပြီးခဲ့သည်မှာ ရှစ်လတာ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ တတိယမြောက် ကပ်ဘေးအား ကျော်လွန်ပြီးခဲ့ချိန်မှ တွက်လျှင်တော့ ငါးလ အကြာ ဖြစ်သည်။ ယနေ့၌ ဝေ့ဝူယင်၏ ခန္ဓာကိုယ် တည်ရှိရာ ပိုးအိမ်မှာ စတင်ကာ တုန်ခါ လာခဲ့လေသည်။
ဂီး..
ပိုင်လင်မှာ ချက်ချင်းပင် သတိထားမိသွားကာ သူမ၏ ရွှေရောင် မျက်လုံးများမှာ စိတ်လှုပ်ရှားသည့် အရိပ်အယောင်များနှင့် တောက်ပလာခဲ့လေသည်။
ထိုခဏတွင်ပင် ဝေ့ဝူယင်နှင့် သူမ အကြားရှိ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုက ပိုမို အားကောင်းလာကြောင်း ခံစားလိုက်ရလေရာ ပိုင်လင်၏ ဖီးနစ် သွေးမျိုးဆက်မှာ စတင် ဆူပွက်လာခဲ့လေသည်။ ဝေ့ဝူယင် တစ်ယောက် မကြာခင် နိုးထလာတော့မည် ဖြစ်သည်။
ပိုင်လင်၏ စိတ်လှုပ်ရှားမှုက အလဟသတ် မဖြစ်ခဲ့ပါချေ။ ဝေ့ဝူယင်၏ ညာဘက်လက်က လှုပ်ရှားသွားကာ ပိုးအိမ်၏ အတွင်းပိုင်း အသားထဲ ထိုးစိုက်လိုက်သည်။ ထို့နောက် ဘယ်ဘက်လက်ကိုပါ အားပြု လှုပ်ရှားလိုက်သည်နှင် တစ်ပြိုင်နက်...
ဗြုတ်... ဗြုတ်.. ဗြုတ်...
ပိုင်းအိမ်မှာ ထိုးခွဲခံလိုက်ရ၏။ ထို့နောက် သန္ဓေသားအရည် အညှိအချွဲများနှင့် အတူ ဝေ့ဝူယင်၏ အဝတ်ဗလာ ခန္ဓာကိုယ် ထွက်ပေါ်လာခဲ့တော့သည်။
ပိုးအိမ်မှ လွတ်မြောက်ပြီးနောက် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ ခပ်ကွေးကွေးလေ့ ရှိနေခဲ့ကာ သူ၏ အသက်ရှူသံမှာလည်း အဆုပ်နှင့် အကျွမ်းမဝင်သေးသည့် အလား အလွန် နှေးကွေးစွာ ထွက်ပေါ်နေခဲ့သည်။
“သခင်...”
ပိုင်လင်က စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို အသုံးပြုကာ ညင်သာစွာ ခေါ်လိုက်သည်။ ၎င်းကို တုန့်ပြန်သည့် အနေဖြင့် ဝေ့ဝူယင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားခဲ့၏။ သို့သော်လည်း... သူက မျက်လုံးများကို ဆက်လက် မှိတ်ထားဆဲ ဖြစ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာလည်း တောင့်တင်းနေခဲ့လေသည်။
ဝေ့ဝူယင်၏ ခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်းများမှာ လှုပ်ရှားရန် အားယူနေသည့် အလား ဆက်လက် တုန်ခါနေသော်လည်း ထိုအရာက အကျိုးမရှိခဲ့ပါချေ။ လက်ချောင်းကလေးများ လှုပ်ရှားရန် အတွက်ပင် သူ့အတွက် စက္ကန့် နှစ်ဆယ်တိုင်အောင် ကြာမြင့်ခဲ့၏။ ထို့နောက်တွင်တော့ ခြေချောင်းလေးများမှာ စတင်၍ လှုပ်ရှားလာခဲ့၏။
ပိုင်လင်မှာ ဝေ့ဝူယင်၏ အဖြစ်ကို ကြည့်ကာ နားမလည်နိုင် ဖြစ်နေခဲ့သည်။ အာရုံကြောစနစ်နှင့် ခန္ဓာကိုယ် လုပ်ငန်းစဉ်များ အပါအဝင် ဝေ့ဝူယင်၏ ရုပ်ပိုင်းဆိုင်ရာ တစ်ခုလုံးမှာ ပြောင်းလဲသွားသလို သူမ ခံစားနေရသည်။ အစပိုင်း၌ ဝေ့ဝူယင်မှာ ခန္ဓာကိုယ်နှင့် ချိန်ညှိရန် အလွန် ခက်ခဲနေခဲ့ကာ ဂရုတစိုက် စမ်းသပ်မှုများ ပြီးမှသာ အောင်မြင်မှု အချို့ ရရှိလာခဲ့သည်။
ပိုးအိမ်မှ လွတ်မြောက်ရန် လှုပ်ရှားမှုမှာ သူ့ ပင်ကိုယ် အသိစိတ်ဖြင့် ထိန်းချုပ်ထားခြင်း မဟုတ်ပဲ နက်နဲသည့် ဥပဒေသ တစ်ခုက စီမံ ခန့်ခွဲနေသလိုမျိုး အလိုအလျောက် တုန့်ပြန်ခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်လည်း... ထိုတုန့်ပြန်မှုမှာ ဝေ့ဝူယင်အား ခန္ဓာကိုယ် မည်ကဲ့သို့ လုပ်ဆောင်နေသည်ကို နားလည်ရန်နှင့် ချိန်ညှိရန် အခြေခံ အသိကို ထောက်ပံ့ပေခဲ့ပေသည်။
ဝေ့ဝူယင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လုံးဝ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ သာမန် လူသားတစ်ဦးတွင် အာရုံကြော ဆုံမှတ်ပေါင်း ကွာဒရီလီယံခန့်နှင့် အာရုံကြော ဆဲလ်ပေါင်း သန်းရာနှင့်ချီ ရှိနိုင်သော်လည်း ဝေ့ဝူယင်၏ အာရုံကြောဖွဲ့စည်းပုံကတော့ ထိုထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ပိုမို၍ တိတိကျကျ ပြောရလျှင် သူ့ထံတွင် အာရုံကြော ဆုံမှတ်ပေါင်း ကွင်တီလီယံ ရှစ်ဆယ်ခန့်နှင့် အာရုံကြောဆဲလ်ပေါင်း တစ်ရာ ထရီလျံခန့် ရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ထိုအရာက သိသာ ထင်ရှားသည့် ပြောင်းလဲမှုများထဲတွင် အစမျှသာ ဖြစ်ပေသည်။
မတူ ကွဲပြားသည့် အာရုံကြော စနစ် လမ်းကြောင်းများနှင့် လိုက်လျောညီထွေ ဖြစ်အောင် အာရုံစိုက်ရင်း မကြာမီမှာပင် ဝေ့ဝူယင်မှာ အသက်ရှူရန် ထွက်ပေါက်ကို တွေ့ရှိသွားခဲ့သည်။
ရှူး... ရှူး...
ထိုအခိုက်၌ ဝင်လေနှင့် ထွက်လေတို့က အလွန် အဖိုးတန်သလိုပင် ဝေ့ဝူယင် ခံစားလိုက်ရ၏။ သူ၏ အသစ်တစ်ဖန် ပြန်လည် မွေဖွားခြင်းက မွေးကင်းစ ကလေးငယ်များတွင်သာ တွေ့ရှိရလေ့ ရှိသည့် ဖြစ်စဉ်နှင့် အလွန်အမင်း ဆင်တူ နေခဲ့သည်။ ထိုအခိုက်၌ ဝေ့ဝူယင်၏ အရိုးအသက်ကို တိုင်းတာကြည့်မည် ဆိုလျှင် တစ်ရက်သား အရွယ်မျှသာ ရှိပေလိမ့်မည်။
ကံကောင်း ထောက်မစွာပင် ကျင့်ကြံသူများမှာ အသက်ကို ဆုံးဖြတ်ရာတွင် ဝိညာဉ် အော်ရာကိုသာ စစ်ဆေးကြလေ့ ရှိသည်။ မဟုတ်လျှင် ဝေ့ဝူယင်မှာ လာမည့်ရက်များ အတွင်း ကလေးငယ် တစ်ဦးလို အထင်လွဲ ခံရဦးမည် ဖြစ်သည်။
ဝေ့ဝူယင် ဖြည်းညင်းစွာပင် မျက်လုံးများကို ဖွင့်လိုက်၏။ တဖျပ်ဖျပ် တောက်ပနေသည့် ငွေရောင် အဆင်းက လောကကို နောက်တစ်ကြိမ် ပြန်လည် ကောင်းချီးပေးလိုက်ပြန်သည်။ ပိုင်လင် တစ်ယောက် ပို၍ပင် စိတ်လှုပ်ရှား လာခဲ့၏။
“သခင်... အဆင်ပြေလား...”
သူမက ဝေ့ဝူယင် အနားကို ချဉ်းကပ်ရင်း မေးလိုက်၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်၏။ ထို့နောက် သူက လက်မောင်းများကို ကြမ်းပြင်ပေါ် ထောက်ကာ အားယူရင်း မတ်တပ်ရပ်ဖို့ ကြိုးစားလိုက်သည်။
အချိန်တစ်ချို့ ယူပြီးနောက်တွင် ဝေ့ဝူယင်မှာ သူ့ ခန္ဓာကိုယ် အတွင်း အသစ် ဖြစ်တည်နေသည့် အာရုံကြော စနစ်၏ လုပ်ဆောင်ချက်များကို အတန်အသင့် ဆုပ်ကိုင်နိုင်ခဲ့ပြီး ဖြစ်လေသည်။ ထိုအထဲမှ ပထမဆုံး အပြောင်းအလဲကတော့ စိတ်ပင် ဖြစ်လေသည်။
***