အိုရီ၏ အသွင်ပြောင်းလဲခြင်း (၂)
Vol. 89 Ch. 1240
ဂီး...
ပိုင်လင် နားမလည်နိုင်စွာဖြင့် အော်ဟစ်လိုက်မိ၏။ အလွန်တရာ မှော်ဆန်လှသည့် အပြောင်းအလဲကို ကြည့်ရင်း သူမ၏ နှလုံးသားက အရှိန်အဟုန် ပြင်းပြင်းနှင့် တုန်ခါ နေခဲ့သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော အခိုက်၌ မြူစိုင်းနေသလို အဖြူရောင် လောကကြီးကိုသာ သူမ တွေ့လိုက်ရသည်။ သို့သော်လည်း... ညကောင်းကင်တွင် တွေ့မြင်ရလေ့ ရှိသည့် ကြယ်တာရာများ ကဲ့သို့ အလင်းစက် အမှုန်အမွှားများက သူတို့၏ ဘေးပတ်လည်တွင် လှပစွာ ဝဲပျံနေခဲ့၏။
ထန်ဂူ၏ နားရွက်များက အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ ထိုမှတစ်ပါး အလွန်တရာ ကြီးမားလှသည့် ကြယ်တာရာ ဝါးမြိုသူကြီးမှာ မိုင်သန်းပေါင်းများစွာ လွင့်မြောနေသည့် အဖြူရောင် မြူနှင်းများ အလယ်တွင် နှစ်နှစ်ခြိုက်ခြိုက်ပင် ဆက်လက် အိပ်ပျော်နေဆဲ ဖြစ်သည်။
ဟူး... ဟူး...
အချိန်နှင့် အမျှ အဖြူရောင် မြူနှင်းများမှာ ပိုမို၍ ထူထပ် များပြားလာနေခဲ့၏။ ၎င်းတို့အားလုံးမှာ နေရာ တစ်ခုတည်းထံသို့ ဦးတည်ကာ စုဝေး လာနေခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ ပစ်မှတ်ကတော့ ဝေ့ဝူယင်ပင် ဖြစ်လေသည်။
အမှောင်ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံး အလွှာများထဲမှ အသန့်စင်ဆုံးသော စွမ်းအင်များမှာ စတင်ကာ ထွက်ပေါ်လာနေကြပြီ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်မြင့် ပုဂ္ဂိုလ်များ ပင်လျှင် ထိုမြင်ကွင်းကို မြင်တွေ့ပါက စကားတစ်ခွန်းမှ မဆိုနိုင်ပဲ ဆွံ့အ သွားကြလိမ့်မည် ဖြစ်သည်။
ကောင်းကင်သည် ဥပဒေသများစွာကို အစိုးရကာ ထိုဥပဒေသများမှာ အမျိုးမျိုးသော တာအိုများ အဖြစ် ချောမွေ့စွာ ပြောင်းလဲ သွားခဲ့သည်။ ထိုဥပဒေသများထဲတွင် သေမျိုး တာအိုနှင့် လျှို့ဝှက် တာအိုတို့ အပါအဝင် အခြား တန်ခိုးရှင် တာအို အားလုံး တူညီစွာ အသုံးပြုကြသည့် အကြီးမြတ်ဆုံးနှင့် အလိုအပ်ဆုံး ဥပဒေသ တစ်ခုကတော့ ဒြပ်စင် တာအိုပင် ဖြစ်လေသည်။
ဒြပ်စင် တာအို ဆိုသည်မှာ တစ်ခုတည်းကို ရည်ညွှန်းခြင်း မဟုတ်ချေ။ မြေ၊ ရေ၊ လေ၊ မီး ဆိုသည့် အခြေခံ ဒြပ်စင် လေးခုနှင့် သတ္တု၊ လျှပ်စီး၊ သစ်သား၊ ချော်ရည်ပူ၊ ရေခဲ ဆိုသည့် အဆင့်မြင့် ဒြပ်စင် ငါးခုကို ပေါင်းစပ်ကာ ခေါ်ဆိုခြင်း ဖြစ်သည်။ ထိုဒြပ်စင် ကိုးခု အပြင် အလင်း၊ အမှောင်၊ ပျက်စီးခြင်း၊ ပြန်လည် နုပျိုခြင်းနှင့် အခြား ဒြပ်စင်ပေါင်း များစွာလည်း ရှိပေသေးသည်။ စစ်တာအိုကိုပင်လျှင် ဒြပ်စင်တာအို၏ ဥပဒေသများထဲ၌ တစ်ခု အပါအဝင် အဖြစ် ထည့်သွင်းထားသည်။
ဒြပ်စင် ဥပဒေသများမှာ အလွန်ပင် ကွဲပြားလှကာ နားလည် ရရှိနိုင်သည့် ဥပဒေသများမှာလည်း တစ်ယောက်နှင့် တစ်ယောက် မတူညီနိုင်ချေ။ သို့သော်လည်း... ထိုအရာများမှာ အိုရီ ခေါ်ဆောင်နေသည့် အရာများ မဟုတ်ကြချေ။
ဤသို့ဆိုလျှင် အိုရီ ဆင့်ခေါ်နေသည့် အရာက အဘယ်နည်း။ ထိုဥပဒေသ အားလုံးကို ပေါင်းစည်းဖို့ ခွင့်ပြုပေးနိုင်စွမ်း ရှိသည့် မူလ ဥပဒေသပင် ဖြစ်သည်။
မူလ ဥပဒေသမှာ နားလည်ရန် အလွန် ခက်ခဲသည့် ဥပဒေသများထဲမှ တစ်ခု ဖြစ်ကာ ထိတွေ့ရန် မဖြစ်နိုင်သလောက် နီးပါး ဖြစ်သည်။ သို့သော်လည်း... ထိုအခိုက်တွင်တော့ အိုရီမှာ လုပ်ဆောင်နေခဲ့ပြီ ဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ..."
ဘုရင်မှာ အိုမီဂါ ဓားအလင်းကို ဝန်းရံ၍ လှည့်ပတ်နေကာ ထိုးနှက်ရန် အဆင်သင့် ပြင်ရင်း မေးလိုက်သည်။ ဧဒင်သည်လည်း အလားတူပင် ဖြစ်ပျက်နေသည့် အရာများကို ကြည့်ကာ ဆွံ့အ နေခဲ့သည်။
၎င်းက အိုရီ စုပ်ယူနေခြင်းနှင့် မတူချေ။ နဂါးငွေ့တန်း ကြယ်ကွင်းပြင် တစ်ခုလုံးရှိ စွမ်းအင် ဥဿုံမှာ မိမိကိုယ်ပိုင် ဆန္ဒများနှင့် အတူ ဝေ့ဝူယင်ထံသို့ ပြေးဝင်နေသည်နှင့် တူနေပေသည်။
“ဒါက... ဘုရင်... မင်း မှတ်မိလား...”
ရုတ်တရက်... ဧဒင်မှာ ကြယ်ကွင်းပြင် အတွင်း စိမ့်ဝင် တိမ်မြုပ်နေသည့် ဆန္ဒ တစ်ခုကို ခံစားလိုက်ရရာ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"..."
ဘုရင်က တိတ်တဆိတ်ပင် အာရုံခံလိုက်၏။ မကြာခင်မှာပင် သူက ဉာဏ်အလင်း ရသွားသလိုမျိုး ပြောလိုက်သည်။
“မူလအဆင့်...”
ဧဒင်၏ ကြယ်တာရာ အမြုတေမှာ ခေါင်းညိတ်လိုက်သလိုမျိုး လှည့်ပတ် လိုက်၏။
“ဟုတ်တယ်... မူလ အဆင့်ပဲ... ငါတို့ အသွင်ပြောင်းနေတုန်းက ရခဲ့တဲ့ ခံစားချက်နဲ့ အတူတူပဲ... ဝိညာဉ် ပေါင်းစည်းခြင်း ခံစားမှုမျိုး...”
“ဒါပေမဲ့ ခုက အားလုံးထဲမှာ ရှိနေသလိုမျိုး... လောကကြီး တစ်ခုလုံးထဲ စိမ့်ဝင်နေသလိုမျိုး... လောက ပေါင်းစည်းခြင်းလား”
ဘုရင်မှာ ထိုရှာဖွေ တွေ့ရှိမှုကြောင့် ပထမဆုံး အကြိမ် အဖြစ် အံ့သြသွားခဲ့၏။ ကောင်းကင် အုပ်စိုးသူ အဆင့် ကြယ်တာရာ ကပ်ဘေးမှာတုန်းက သူတို့မှာ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်မှ နေ၍ မူလ အဆင့်ကို အသွင်ပြောင်းခဲ့ကြသည်။ နောက်ပိုင်းတွင်တော့ ထိုအဆင့်မှာ လျှို့ဝှက် အာဏာရှင် အဆင့်၏ ကောင်းကင် ရှန့်ထို အဆင့်ကို တက်လှမ်းရန် အဓိက လိုအပ်ချက် တစ်ခု ဖြစ်ကြောင်း ဝေ့ဝူယင် ရှာဖွေ တွေ့ရှိခဲ့သည်။ အကျိုးဆက် အနေဖြင့် နောက်ပိုင်းတွင်တော့ ကြယ်တာရာ ဝိညာဉ်များမှာ ကပ်ဘေးတိုင်းကို အဆုံးစွန်ထိ တွန်းပို့ရန် ကြိုးပမ်းကြတော့သည်။
“ဟုတ်လို့လား...”
ဧဒင်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။
“ဟုတ်တယ်... ငါ အိုရီရဲ့ ဝိညာဉ် အော်ရာကို နေရာတိုင်းမှာ ငါ ခံစားလို့ ရတယ်...”
ဘုရင်က အခိုင်အမာပင် မှတ်ချက်ပြု လိုက်၏။ အိုရီ၏ ပတ်လည်တွင်တော့ အလွန်တရာ များပြားလွန်းလှသည့် စွမ်းအင်များမှာ အရှိန်အဟုန်နှင့် စုစည်း နေကြဆဲ ဖြစ်သည်။
၎င်းတို့မှာ မီတာ သုံးဆယ်ထက် မကြီးမားသည့် ဗဟိုချက် တစ်ခုဖြင့် လေဆင်နှာမောင်း တစ်ခုလို လှည့်ပတ်နေကြ၏။ အကယ်၍ သေချာကြည့်မည် ဆိုပါက အဆိုပါ စွမ်းအင်များထဲတွင် အဖြူရောင် စွမ်းအင်မှုန်ကလေးများ ရောနှောနေသည်ကို တွေ့ရကာ ၎င်းတို့မှာ အိုရီ၏ ကြယ်တာရာ အမြုတေ အတွင်း မစီးဆင်းခင် မသန့်စင်သည့် အရာအားလုံးကို စစ်ထုတ်ပစ်နေသည့်ပုံ ရသည်။
“အိုရီယန်နာရဲ့ ဝိညာဉ် အော်ရာလား...”
ဧဒင်က နားမလည်နိုင်စွာဖြင့် မေးခွန်းထုတ်လိုက်၏။ ထို့နောက်တွင်တော့ ရုတ်ချည်း ဆိုသလိုပင် ၎င်းမှာ ခုနစ်ရောင်ခြယ် အလင်းတန်းများနှင့် တောက်ပလာခဲ့တော့သည်။
“ဆန်းကြယ်... အဲဒါက ဆန်းကြယ် အမြုတေပဲ...”
ဆင့်ကဲ ပြောင်းလဲသွားသည့် ဘုရင်နှင့် ခြားနားစွာပင် အိုရီမှာ ဆန်းကြယ် ဝိညာဉ် တစ်ခု ဖြစ်နေသေးဆဲ ဖြစ်သည်။ ဆန်းကြယ် ဝိညာဉ်၏ သွင်ပြင် လက္ခဏာ တစ်ရပ်မှာ အခြား ဝိညာဉ် ဂုဏ်သတ္တိများနှင့် ပြီးပြည့်စုံစွာ ချိတ်ဆက်နိုင်ခြင်း ဖြစ်သည်။ မူလ အဆင့်၏ စွမ်းအားနှင့် အတူ ဧဒင်မှာ ဆန်းကြယ် အမြုတေ၏ စွမ်းအားကို အရာအားလုံးထံ ဖြန့်ကျက် ပစ်လိုက်ပုံ ပေါ်သည်။
ရိုးရှင်းစွာ ဆိုရလျှင်... မူလ အဆင့်၊ မူလ ဒြပ်စင် ရည်ရွယ်ချက်တို့နှင့် ချိတ်ဆက်နေသည့် အိုရီ၏ ဆန်းကြယ် ဝိညာဉ်မှာ တစ်လောကလုံး တုန့်ပြန်စေသည့် ထိုဖြစ်ရပ်ကို ဖြစ်စေခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ သုံးမိနစ်တိုင်တိုင် ကြာမြင့်ခဲ့လေ၏။
နဂါးငွေ့တန်း ကြယ်ကွင်းပြင် တစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။ ၎င်းမှာ အပျက်အစီး မန်နာမှ တစ်ပါး ဘာဆိုဘာမှ မရှိသည့် ဗလာဟင်းလင်း နေရာ တစ်ခု ဖြစ်သွားခဲ့လေပြီ။ ၎င်းကို ကြယ်ကွင်းပြင် တစ်ခုဟုပင် ဆက်လက် အဓိပ္ပာယ် ဖွင့်ဆိုရန် ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။
ကြယ်တာရာ မွေးဖွားခြင်း ဖြစ်စဉ် အတွင်း နစ်မြုပ်နေကာ နေကြယ် တစ်စင်း အဖြစ် ပြန်လည် မွေးဖွားဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေသည့် တည်ရှိမှုများပင်လျှင် ကောင်းကင် ဥပဒေသ အောက်၌ လည်ပတ်နေသည့် အခြား သင့်တော်သော နယ်မြေများထံသို့ စတင်ကာ ရွေ့လျား သွားခဲ့ကြသည်။
သေမျိုးတာအို၊ လျှို့ဝှက် တာအိုနှင့် တန်ခိုးရှင် တာအိုတို့မှာ ထိုနယ်မြေကြီး တစ်ခုလုံးကို ပစ်ပယ် လိုက်ကြပြီ ဖြစ်လေသည်။
အံ့အားသင့်ဖို့ ကောင်းတာ တစ်ခုက ထန်ဂူ သတ္တဝါကြီးမှာ ပိုမို၍ သက်တောင့်သက်သာ ရှိလာခြင်း ဖြစ်သည်။ သူမ၏ အသက်ရှူသံများက ပိုမို၍ တည်ငြိမ်လာကာ အင်အားသုံးရမှုလည်း လျော့နည်းလာခဲ့၏။ ပိုင်လင်မှာလည်း တူညီစွာပင် ထူးဆန်းမှု တစ်ခုကို ခံစားလိုက်ရသည်။ သို့သော်လည်း ၎င်းကို မည်ကဲ့သို့ ဖော်ပြရမည်မှန်း သူမ မသိပါချေ။
ထိုအရာများ ဖြစ်ပျက်နေခဲ့ချိန်တွင် ဝေ့ဝူယင် တစ်ယောက်ကတော့ နာကျင်စွာ ရုန်းကန်နေရဆဲ ဖြစ်သည်။ သို့သော်လည်း တစ်စုံတစ်ယောက် လာရောက် ကယ်တင်မည့် အချိန်ကို သူရဲကောင်း မျှော်ကိုးသလို စောင့်ဆိုင်းနေခြင်းတော့ မဟုတ်ချေ။ ၎င်းမှာ ကြယ်တာရာ ဝိညာဉ်များ ကယ်တင်ပေးနိုင်သည့် ကပ်ဘေး တစ်ခု မဟုတ်ကြောင်း ဝေ့ဝူယင် သိပေသည်။
အသက်ရှင်သန် လွတ်မြောက်ရန် တစ်ခုတည်သော နည်းလမ်းကို စကားလုံးဖြင့် ဖော်ပြရလျှင် ၎င်းက... “သည်းခံခြင်း” ဖြစ်သည်။
မှန်၏။ ထိုအဆုံးမဲ့ နာကျင်မှုများကို သူ သည်းခံရပေမည်။ အသက်ရှင်သန်ရန် အတွက် သည်းခံမှ ဖြစ်ပေလိမ့်မည်။
မလွဲမသွေ လဲပြိုလုနီးပါး ဖြစ်နေသည့် ကြားမှပင် ဝေ့ဝူယင်၏ မူလစိတ်မှာ ခိုင်မာသည့် အသွင် သဏ္ဌာန် တစ်ခု အနေဖြင့် ပြန်လည် ပေါ်လာခဲ့၏။ သူက နာကျင်မှုကို တောင့်ခံကာ အံကို တင်းတင်းကြိတ်ရင်း အံ့အားသင့်ဖွယ် စိတ်ခွန်အားဖြင့် ဒုတိယမြောက်စိတ်ထံသို့ လျှောက်သွားလိုက်သည်။
လက်ရှိ၌ သူ၏ ဒုတိယမြောက်စိတ်မှာ စိတ်ကင်ဆာ တစ်ခု ခံစားနေရသည့် အခြေအနေမျိုးနှင့် ဆင်တူပေသည်။ ၎င်းမှာ ပြန်လည် တိုက်ခိုက် အနိုင်ယူရန်က လုံးဝကို မလွယ်ကူသည့် ဖြစ်စဉ် တစ်ခု ဖြစ်သည်။
ဝေ့ဝူယင် လေးပင်သည့် ခြေလှမ်းများနှင့် အတူ လျှောက်သွားလိုက်ကာ အသိစိတ် ပင်လယ် တစ်ဝက်လောက်ကို လွှမ်းမိုးနိုင်လောက်အောင် ကြီးမားလာနေသည့် စိတ်အစုအဝေးကြီးပေါ်သို့ လက်တင်လိုက်သည်။ ဝေ့ဝူယင်၏ အစီအစဉ်များမှာ ငရဲ၏ တတိယမြောက် ကပ်ဘေးကို အောင်အောင်မြင်မြင်နှင့် ဖြတ်ကျော်စေနိုင်ခဲ့သည့်တိုင် သူ၏ ဒုတိယမြောက်စိတ်ကတော့ မယုံကြည်နိုင်လောက်သည့် ကြောက်မက်ဖွယ် နာကျင်မှုများကို ခံစားခဲ့ရသည်။ ၎င်းက မည်သည့် လူသားစိတ်ကို မဆို ချိုးဖျက်ရန် လုံလောက်ပေသည်။
ဒုတိယမြောက်စိတ် ဆက်လက် ရှိနေသေးသည် ဆိုသည့် အချက်က သူ့ထံမှ အမွေ ဆက်ခံထားသည့် ကြောညက်မက်ဖွယ်ရာ စိတ်ခွန်အား၏ သက်သေပင် ဖြစ်သည်။
“ငါ့ကိုပေး...”
ဝေ့ဝူယင် အော်ဟစ်လိုက်ရင်း စိတ်ခွန်အားများကို အသုံးပြုကာ ဒုတိယမြောက်စိတ်အား ကင်ဆာဖြစ်စေသည့် စိတ်စွမ်းအင် အပိုင်းများကို ထုတ်ယူလိုက်သည်။ ဒုတိယမြောက်စိတ်က ချက်ချင်းပင် ခုခံဖို့ ကြိုးပမ်း လိုက်၏။ ထိုလုပ်ဆောင်ချက်က မူလစိတ်ကို အလွန်အမင်း ထိခိုက်မည် ဖြစ်ကြောင်း သူ ကျိန်းသေ သိရှိထားပေသည်။
“ပေးစမ်း...”
ဝေ့ဝူယင်၏ အော်ဟစ်သံမှာ အသိစိတ် ပင်လယ် တစ်ခုလုံးတွင် ပဲ့တင်ထပ် သွားခဲ့၏။ ဒုတိယမြောက်စိတ်ကို ရှင်းပြဖို့ အချိန် မရှိခဲ့သော်လည်း ဤသည်မှာ အာရုဏ်ဦး ပါရဂွန် ပုံသွင်းခြင်း ဆေးလုံးကို သူ တီထွင်ခဲ့သည့် အကြောင်းရင်းပင် ဖြစ်သည်။
လက်ရှိတွင် ဒုတိယမြောက်စိတ်၏ အခြေအနေက အလွန်ပင်ပင် ဆိုးရွားနေခဲ့သည်။ အကယ်၍ ဖျက်ဆီး မပစ်ပါက တစ်ဘဝလုံး မသန်စွမ်း ဘဝသို့ ကျရောက်သွားလိမ့်မည် ဖြစ်သည်။ စိတ်ကို ခွဲစိတ် ပြုပြင်၍ မရပါချေ။ လက်တွေ့ဘဝ အခြေအနေနှင့် နှိုင်းယှဉ် ဖော်ပြရလျှင် ဒုတိယမြောက်စိတ်မှာ ဖြစ်တည်မှု ၉၉ ရာခိုင်နှုန်းမှာ ကင်ဆာ နောက်ဆုံး အဆင့်ကို ခံစားနေရခြင်း ဖြစ်သည်။
"...”
စိတ်စွမ်းအင် အစုအဝေးမှာ တစ်ခဏမျှ တုန့်ဆိုင်း နေခဲ့၏။ သို့သော်လည်း ဝေ့ဝူယင် ဒေါသတကြီး အော်ဟစ် အပြီးတွင်တော့ ၎င်းမှာ လက်ကျန် ခွန်အားများကို တစ်အောင်စမျှ မကျန်အောင် အသုံးပြုကာ ကြောက်မက်ဖွယ် အတွေ့အကြုံများ ပြည့်နှက်နေသည့် စိတ်စွမ်းအင် အပိုင်းများကို ဝေ့ဝူယင်ထံ လွှဲပြောင်း ပေးလိုက်တော့သည်။ ထိုအခိုက်၌ သူ့အနေဖြင့် မိမိကိုယ်ကို ယုံကြည်ချက် ရှိရန် လိုအပ်ပေသည်။
"..."
ဝေ့ဝူယင် မျက်လုံးများကို မှိတ်လိုက်ရင်း အံသွားများကို တင်းတင်းကြိတ်ကာ ကင်ဆာ စွဲကပ်နေသည့် စိတ်စွမ်းအင် အားလုံးကို လက်ခံလိုက်သည်။ ထို့နောက်တွင်တော့ ထိုင်ချကာ တိတ်ဆိတ် ငြိမ်သက် သွားလေတော့၏။
ဝေ့ဝူယင်မှာ ငရဲ၏ တတိယ ကပ်ဘေးကို ခံစားနေရသည်။ ဓားများမှ လှီးဖြတ်သည့် နာကျင်မှုနှင့် ငရဲမီး၏ စိတ်ဝိညာဉ် အပေါ် လောင်ကျွမ်းမှု အလုံးစံမှာ သူ့ စိတ်အတွင်း စီးဝင်နေသည်။
ဝေ့ဝူယင် ၎င်းကို ခုခံရန် မကြိုးစားခဲ့ချေ။ ဖျက်ပစ်ရန်လည်း မကြိုးစားခဲ့ချေ။ အရာအားလုံးကို လက်ခံခဲ့၏။
ဝေ့ဝူယင်၏ ဦးနှောက် အတွင်းရှိ အာရုံကြော အားလုံးမှာ အလွန်တရာပင် တက်ကြွ လှုပ်ရှား နေခဲ့ကာ သေချင်စိတ်ကိုပင် ဖိတ်ခေါ်နိုင်သည့် နာကျင်မှု ခံစားချက်များနှင့် ထင်ဟပ် နေခဲ့သည်။ ဝေ့ဝူယင် တစ်ယောက် ထိုကဲ့သို့ ညှဉ်းပန်း နှိပ်စက်မှုများကို ခံစားနေခဲ့ရစဉ်တွင် အိုရီသည်လည်း ကိုယ်ပိုင် အတွေ့အကြုံများကို ကြုံတွေ့ နေခဲ့ရလေသည်။
နံပတ်တစ်... ဥပဒေသ မျိုးစေ့ တစ်ခု ဖွဲ့စည်းလာခဲ့၏။
နံပတ်နှစ်... ၎င်း၏ ကြယ်တာရာ ဝိညာဉ်မှာ အသွင်ပြောင်း သွားခဲ့၏။
လက်ရှိ၌ ၎င်း၏ ကြယ်တာရာ အမြုတေမှာ ကြယ်အစက်အပျောက်များနှင့် အတူ အဖြူရောင် မီးတောက် မီးလျှံများ၏ ဝန်းရံမှု အလယ်၌ တည်ရှိနေသည်။ ၎င်း၏ မျက်နှာပြင်ထက်ရှိ အက်ကွဲကြောင်း အားလုံးမှာ ပျောက်ကွယ် သွားခဲ့ကာ တုန်ရီခြင်းပင် မရှိတော့ချေ။
***