အရိပ်ထဲမှ ထွက်ပေါ်လာကြခြင်း “အဲဒါက ဘာလဲ...”
Vol. 89 Ch. 1244
ပိုင်လင် တစ်ယောက် ဝေ့ဝူယင် လက်ထဲတွင် ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲသွားသည့် စွမ်းအင် အစုအဝေးကို ကြည့်နေခဲ့၏။ ၎င်းက လျှပ်စီးလော။ ရေလော။ သို့တည်းမဟုတ်... နိဗာန မီးတောက်များ ဖြစ်နေဆဲလော။
"အားလုံးက မီးတွေချည်းပဲ... အမြင်အာရုံက အရူးလုပ်တာကို မခံနဲ့... ဟဟ...”
ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါးပင် ရယ်မောလိုက်၏။ ထို့နောက် သူက လက်ချောင်းများကို ထပ်မံ၍ လှုပ်ရှားလိုက်ရာ ရေလုံးမှာ တောက်ပစွာ လောင်ကြွမ်းနေသည့် နေကြယ် တစ်စင်း ပုံသဏ္ဌာန်သို့ ပြောင်းလဲ သွားခဲ့သည်။
“မူလ မီးတောက်... ငါ ဒါကို မူလ မီးတောက်လို့ နာမည် ပေးထားတယ်... ကျေးဇူးပဲ ပိုင်လင်... မင်းသာ မရှိရင် ငါ ဒါကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
“မူလ မီးတောက်...”
ပိုင်လင်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။
“အင်း... မူလ မီးတောက်...”
ဝေ့ဝူယင် ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ အိုရီ၏ အသွင်ပြောင်းလဲမှုတွင် မူလ မီးတောက်မှာ တစ်ခုတည်းသော အကန့်အသတ် မဟုတ်ပါချေ။ ဝိညာဉ်ကို လောင်ကျွမ်းနိုင်သည့် ငရဲမီးတောက်လည်း ရှိပေသေးသည်။ ထို့အပြင်... ဝေ့ဝူယင် ကိုယ်တိုင် ရှာဖွေ မတွေ့သေးသည့် အခြား စွမ်းအင် တစ်ခုလည်း ရှိပေသေးသည်။ သီးခြား ရည်ရွယ်ချက် တစ်ခုကို ပိုင်ဆိုင်မှသာ ၎င်းကို အသုံးပြုလာနိုင်မည်ဟု သူ ခံစားရသည်။
ပိုင်လင်နှင့် အနည်းငယ် ထပ်မံ စကားပြောဆိုပြီးနောက် ဝေ့ဝူယင် ရှန့်ထို လက်စွပ် အတွင်းရှိ ဝိညာဉ် ဆက်သွယ်ရေး ဝင်္ကပါကို စစ်ဆေးကြည့်လိုက်သည်။ ဝူယု အပါအဝင် အခြား အာဏာရှင်များ၊ ဆက်သွယ်ရေး ကွန်ယက် ကိုယ်စားလှယ်များထံမှ များပြားလှသော သတင်းစကားများကို ဝေ့ဝူယင် တွေ့ရှိရသည်။ သို့သော်လည်း ၎င်းတို့ အားလုံးမှာ အတော်လေး ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးသော စာပင်လျှင် လွန်ခဲ့သည့် နှစ်လခန့်က ဖြစ်သည်။
“အချိန် ဒီလောက်တောင် ကြာပြီ... ဘာလို့ စာတစ်ခုမှ မဝင်သေးတာလဲ... အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေက ဝိညာဉ် ဆက်သွယ်မှုတွေကို တားဆီး ထားလို့လား”
ဝေ့ဝူယင် အနည်းငယ် ရင်ခုန်သွားခဲ့၏။ သူ ချက်ချင်းပင် ပိုင်လင်ကို ဆက်သွယ်လိုက်ရင်း ထွက်ခွာလိုသည့် ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။
ပိုင်လင်မှာ အနည်းငယ် တွန့်ဆုတ် သွားခဲ့၏။ အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေမှာ ကောင်းကင်၏ အုပ်စိုးမှုမှ လွတ်လပ်ကာ ဥပဒေ ကင်းမဲ့သည့် လွတ်မြောက် နယ်မြေတစ်ခုလိုပင် ဖြစ်သည်။ သူလိုမျိုး သားရဲများ အခြေချ နေထိုင်ရန် အလွန် သင့်တော်သည့် နေရာတစ်ခု ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်ထံတွင် ထမ်းဆောင်စရာ တာဝန် ဝတ္တရား များစွာ ရှိနေကြောင်း သူမ သိပေသည်။
"ဒါက ငါတို့အိမ်ပဲလေ... အချိန်မရွေး ပြန်လာလို့ ရတယ်... အားတဲ့ အချိန် ငါတို့ လာလည်ကြတာပေါ့”
ဝေ့ဝူယင် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ ပိုင်လင်က မငြင်းပါချေ။ ခေါင်းညိတ်ကာ လက်ခံလိုက်လေသည်။ ထို့နောက်တွင်တော့ သူတို့နှစ်ယောက် ခရီးစဉ်ကို စတင် လိုက်ကြလေတော့၏။
ဝေ့ဝူယင် အဝေးရှိ ထန်ဂူကြီးကို လှမ်းကြည့်လိုက်သည်။ သူမက သက်တောင့်သက်သာ ရှိသည့် ပုံစံဖြင့် နှစ်ခြိုက်စွာပင် အိပ်မောကျနေခဲ့သည်။
"သူက အရင်တုန်းက နာကျင်နေခဲ့တာလား...”
ဝေ့ဝူယင် စိတ်ထဲမှ တွေးလိုက်မိ၏။ ကံမကောင်းစွာပင် သူ ထိုမေးခွန်းကို မမေးနိုင်ခဲ့ချေ။ သူ့ထံတွင် မေးဖို့ အရည်အချင်း မရှိခဲ့တာလည်း ဖြစ်နိုင်ပေသည်။ ထို့အပြင်... လက်ရှိ၌ သူ့ထံတွင် အာရုံစိုက်စရာ အခြား ကိစ္စများ ရှိနေပေသေးသည်။
နဂါးငွေ့တန်း ကြယ်ကွင်းပြင် အတွင်းမှ ပြင်ပ လောကသို့ ပြန်လည် ထွက်ခွာခဲ့သည့် ဝေ့ဝူယင်တို့၏ ခရီးစဉ်မှာ နှစ်ပတ်မျှ ကြာမြင့်ခဲ့ပေသည်။ အိုရီ၏ စုပ်ယူမှုမှာ နဂါးငွေ့တန်း ကြယ်ကွင်းပြင်ကိုသာ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သော်လည်း ၎င်းမှာ အလွန်တရာ ကျယ်ပြန့်လှသည့် နယ်မြေကြီး တစ်ခု ဖြစ်သည်။
အပျက်အစီး မန်နာများမှာ အလွန်ပင် လွတ်လပ်လှသည်ဟု ခံစားရသော်လည်း ထိုအတွင်း ရှိနေစဉ် ပိုင်လင်၏ အမြန်နှုန်းမှာ ငါးရာခိုင်နှုန်း အထိ လျှော့ချ ခံခဲ့ရသည်။ ဟင်းလင်းပြင် ပေါ်တယ်များမှာ အကောင်းဆုံး ရွေးချယ်စရာ ဖြစ်သော်လည်း သူ့အား နောက်ယောင်ခံနေသော ထူးဆန်းသည့် သတ္တဝါကြီးကြောင့် ဝေ့ဝူယင် မသုံးဝံ့ပါချေ။
ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုနှစ်ပတ်ကလည်း ဝေ့ဝူယင် အတွက်တော့ အကျိုးမဲ့ ကုန်ဆုံးသွားခဲ့သည့် အချိန် မဟုတ်ခဲ့ပါချေ။ ထိုအတောအတွင်း သူ အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေကို သေချာစွာ လေ့လာနိုင်ခဲ့သည်။ အသစ် တည်ဆောက်ထားသည့် ရုပ်ခန္ဓာကို စစ်ဆေးနိုင်ခဲ့သည်။ ပိုမို၍ အရေးကြီးသည့် အရာက သလင်းကျောက်လို ကြည်လင်နေသည့် အရိုးများကို သူ စစ်ဆေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ အကြီးမားဆုံးသော ခွန်အားကို ထုတ်ဖော်ခဲ့သည့်တိုင် ၎င်းတို့အား ခြစ်ရာကလေး ထင်အောင်ပင် မလုပ်နိုင်ခဲ့ချေ။
ထို့အပြင်... နှစ်ပတ်အတွင်း ဝေ့ဝူယင် အရည်အသွေးမြင့် မန်နာ တစ်ချို့ကို စုဆောင်းကာ ဟင်းလင်းပြင် ပုံဆောင်ခဲ၍ ရှန့်ထို လက်စွပ် အတွင်း သိမ်းဆည်း ထားခဲ့သည်။ အနာဂတ်တွင် ဆေးတောင့်များ ဖန်တီးရာ၌ သူ ၎င်းတို့ကို လိုအပ်လာလိမ့်မည် ဖြစ်သည်။
နဂါးငွေ့တန်း ကြယ်ကွင်းပြင်၏ နယ်စပ်မှ ထွက်ခွာခဲ့ချိန်တွင်တော့ ဝေ့ဝူယင်၏ လက်စွပ်မှာ များစွာသော ဝိညာဉ် ဆက်သွယ်မှုများနှင့် တဝမ်ဝမ် မြည်ဟီးလာခဲ့တော့သည်။ ကြည့်ရသည်က အပျက်အစီး မန်နာများမှာ ဝိညာဉ် ဆက်သွယ်မှုများကို နှစ်လလုံးလုံး ပိတ်ပင်ထားခဲ့သည့်ပုံ ရသည်။
နှစ်လ အတွင်း ဝေ့ဝူယင် ရရှိထားသည့် စာတိုများမှာ အကြမ်းဖျဉ်း တစ်နေ့ကို တစ်ထောင်လောက် အထိ ရှိပေသည်။ ဝေ့ဝူယင် အဟောင်းဆုံးမှ စတင်ကာ အသစ်ဆုံးထိ စတင် ဖတ်ရှုလိုက်၏။
ဝေ့ဝူယင် ပထမဆုံး ဖတ်လိုက်ရသည့် သတင်းက အစစ်အမှန် မွေးဖွားခြင်းမှာ တိုက်ပွဲတစ်ခု ပြင်ဆင်နေပြီ ဟူ၍ပင် ဖြစ်သည်။ ၎င်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အနှံ့ ဖြန့်ကျက်ထားသည့် တိကျ ခိုင်မာသော သတင်း ရင်းမြစ်များမှ လာခြင်း ဖြစ်သည်။
“သူတို့က ယီစွန်းလီကို နောက်တစ်ကြိမ် ထိပ်ပြီး တိုက်ခိုက် မလို့လား...”
ဝေ့ဝူယင် တွေးလိုက်မိ၏။ သို့သော်လည်း... သူ ပြင်ဆင်ထားသည့် အစီအစဉ်အရ သူမကို ဖမ်းမိဖို့က မဖြစ်နိုင်သလောက် ဖြစ်သည်။ အကယ်၍ ဖမ်းနိုင်ခဲ့လျှင်ပင် အစစ်အမှန် မွေးဖွားခြင်းဘက်မှလည်း ကြီးမားစွာ ပေးဆပ်ရလိမ့်မည် ဖြစ်သည်။ ထိုအရာက မတန်ချေ။
ဝေ့ဝူယင် မျက်မှောင်ကြုတ်ရင်း စာများကိုသာ ဆက်ဖတ်လိုက်၏။ ဒုတိယမြောက် သတင်းက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ နေကြယ်ကိုးစင်းမှာ ယာယီအားဖြင့် မှေးမှိန်သွားသည်ဟု ဆိုသည်။ ကျန့်ကျန့်ထံမှ အစီရင်ခံစာထဲတွင် ထိုအကြောင်းကို အသေးစိတ်ပင် ရှင်းလင်း ဖော်ပြထားသည်။
“ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေရဲ့ နေကြယ်တွေထဲမှာ ချိပ်ပိတ်ထားတဲ့ မြေကြီး ရှန့်ထိုတွေနဲ့ အခြား လျှို့ဝှက် အာဏာရှင်အဆင့်တွေကို ထူးဆန်းတဲ့ အစွမ်းထက် အာကာသ ကျင့်စဉ် တစ်ခုနဲ့ ကယ်ထုတ် သွားတယ်... ကျုပ် တားဆီးဖို့ ကြိုးပမ်းခဲ့ပေမဲ့ သူတို့က အဲဒါကို ကြိုပြီး မျှော်လင့်ထားတဲ့ပုံ ရတယ်... အစွမ်းထက်တဲ့ မြေကြီး ရှန့်ထို ခုနစ်ယောက် ပေါ်လာပြီး ကျုပ်ကို တားဆီးခဲ့ကြတယ်... ကျုပ် သူတို့ထဲက နှစ်ယောက်ရဲ့ ကျင့်ကြံခြင်း အခြေခံကို ဖျက်ဆီးနိုင်ခဲ့တယ်... ကျန်တဲ့လူတွေ အားလုံးကတော့ အကြီးအကျယ် ဒဏ်ရာ ရသွားပေမဲ့ ဟင်းလင်းပြင် စွမ်းအင် ပါတဲ့ အဆောင်တွေကို သုံးပြီး လွတ်မြောက် သွားကြတယ်”
“ကျုပ် သူတို့နဲ့ တိုက်ခိုက်နေတဲ့ အချိန် အတွင်းမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေရဲ့ ခေါင်းဆောင်တွေကတော့ ပေါ်မလာကြဘူး... ကြည့်ရတာက ဝိညာဉ် ရှန့်ထို ဧကရာဇ်နဲ့ အခြားလူတွေကိုလည်း သူတို့က တစ်နည်းနည်းနဲ့ တားဆီးထားတဲ့ပုံ ပေါ်တယ်... တကယ့်ကို သေချာ တွက်ချက်ထားတဲ့ အစီအစဉ် တစ်ခုပဲ”
“...”
ဝေ့ဝူယင် တိတ်ဆိတ် နေခဲ့၏။ အစစ်အမှန် မွေးဖွားခြင်း၏ အင်အားမှာ အလွှာကြားက လောက အတွင်းရှိ မြေကြီး သုံးမြို့ထက် မလျော့နည်းကြောင်း သူ သိပေသည်။ သူတို့ထံတွင် ဒါဇင်နှင့် ချီသည့် မြေကြီး ရှန့်ထိုများ ရှိနေမည်မှာ မြေကြီး လက်ခတ် မလွဲပါချေ။
ထို့အပြင် သူတို့ ပိုင်ဆိုင်ထားသည့် နက်ခရို စွမ်းအင်မှာ သေပြီးသား လူများကိုပင် ပြန်လည် ဆင့်ခေါ်နိုင်စွမ်း ရှိသည့်ပုံ ရသည်။ ထိုအရာကပင် သူတို့ အတွက် အကြီးမားဆုံး အားသာချက် တစ်ခု ဖြစ်နေခဲ့သည်။
ဝေ့ဝူယင် မျက်မှောင်ကြုတ်ရင်း ဆက်လက်၍ ဖတ်ရှုလိုက်၏။ ပင်လယ်ဓားပြ သင်္ဘော တစ်စင်းဖြင့် စတင်ခဲ့သည့် ဝေ့ဝူယင်၏ သတင်း ကွန်ယက်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို လွှမ်းခြုံနိုင်သည် အထိ ကျယ်ပြန့်နေခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံခြင်း လောက အတွင်းရှိ လူများမှာ ရင်းမြစ်များ ရရှိရန် နေ့စဉ် တိုက်ပွဲဝင် နေကြရသည်။ ထိုအတွက် လူပေါင်းများစွာမှာ နေ့စဉ် သေဆုံးနေရသည်။
ကျင့်ကြံခြင်း လောက အတွက် အကောင်းဆုံး ရင်းမြစ်ဟု ဆိုနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန်များကို အကန့်အသတ်မဲ့စွာ ပိုင်ဆိုင်ထားသည့် ဝေ့ဝူယင်လို လူတစ်ယောက် အတွက် လူယုံ သူလျှိုများကို စည်းရုံးရန်မှာ သိပ်မခက်ခဲလှချေ။ လောက၌ ငွေသာ ပေးနိုင်မည် ဆိုလျှင် ကိုယ်နှင့် အရင်းနှီးဆုံး သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးများ၏ သတင်းအချက်များကို ရောင်းစားဝံ့သူများ မနည်းမနောပင်။
“အစီရင်ခံပါတယ်... သိသာ ထင်ရှားတဲ့ လှုပ်ရှားမှုတွေ ပေါ်လာနေပါပြီ... သူတို့က နောက်တစ်ပတ် အတွင်း တိုက်ခိုက်ကြတော့မယ့်ပုံ ပေါ်တယ်... ကျုပ် ဇနီးက ခရီးရှည် တစ်ခု အတွက် ပြင်ဆင်နေတယ် ဆိုတာ ကျုပ် ရိပ်မိတယ်”
၎င်းမှာ လွန်ခဲ့သည့် နှစ်လနှင့် နှစ်ပတ်က သတင်း ဖြစ်ပြီး သတင်းပို့လာသူ၏ မိန်းမမှာ အစစ်အမှန် မွေးဖွားခြင်း အတွက် အလုပ်လုပ်နေခြင်း ဖြစ်ပေသည်။
အစစ်အမှန် မွေးဖွားခြင်း စတင် လှုပ်ရှားနေပြီ ဖြစ်ကြောင်း ထိုကဲ့သို့ သတင်းပို့လာသူက သူ တစ်ယောက်တည်း မဟုတ်ပါချေ။ ထောင်နှင့်ချီ ရှိပေသည်။ သတင်းစကားများထဲ၌ ချိတ်ဆက်နေသည့် ထူးခြားမှု တစ်ခုကို ဝေ့ဝူယင် ချက်ချင်းပင် သတိပြုမိသည်။ ၎င်းက ခရီးရှည် တစ်ခု ပြင်ဆင်နေသည် ဟူ၍။
“အရှင်ဝေ့... မဟာ ပျက်သုဉ်းခြင်း ကြယ်တာရာ နယ်မြေ တိုက်ခိုက်ခံနေရပြီ...”
ထိုသတင်းကတော့ တိမ်ပြာထံမှ တိုက်ရိုက်လာခြင်း ဖြစ်သည်။
"အစီရင်ခံပါတယ်... စိမ်းလန်းခြင်း ကြယ်တာရာ နယ်မြေ တိုက်ခိုက်ခံနေရတယ်လို့ ထင်တယ်... သူတို့ နယ်မြေနားက အမှောင် ဟင်းလင်းပြင်ထဲမှာ ပျက်စီးခြင်း အလင်းတန်းတွေ တွေ့ရတယ်”
“အစီရင်ခံပါတယ်... အလင်းအလွန် ကြယ်တာရာ နယ်မြေရဲ့ အကာအကွယ် အစီအရင် အသက်ဝင်လာတာ တွေ့ရပါတယ်... သူတို့ကို တိုက်ခိုက်ခံနေရပြီ လို့ ကျုပ် ယုံတယ်”
"အစီရင်ခံပါတယ်...”
ထောင်ပေါင်းများစွာသော စာများကို ဖတ်ရင်း ဝေ့ဝူယင်၏ နှလုံးသားက တဒိတ်ဒိတ် မြည်လာခဲ့၏။ သတင်း အားလုံးက အချက်အလက် တစ်ခုတည်းကို ဖော်ညွှန်းနေပေသည်။ ၎င်းက အဆုံးမဲ့ ကောင်းကင်၏ အိမ်နီးချင်း ကြယ်တာရာ နယ်မြေ သုံးခု တိုက်ခိုက်ခံနေရပြီ ဟူ၍ပင်။
"အစစ်အမှန် မွေးဖွားခြင်း...”
ဝေ့ဝူယင်၏ အသက်ရှူသံများက မြန်လာကာ လက်သီးကို တင်းတင်းဆုပ် လိုက်၏။ ဝတ်စုံဝတ် ဝေ့ဝူယင်၏ အချိန်စီးကြောင်းတွင် ထိုကဲ့သို့ ဖြစ်ရပ်မျိုး မဖြစ်ခဲ့ချေ။ သူတို့က ဘာအစီအစဉ်တွေကို အစပျိုးနေသနည်း။
မကြာခင်မှာပင် ဝူယုထံမှ ဝင်ရောက်လာသည့် အစီရင်ခံစာ တစ်ခုကို ဝေ့ဝူယင် တွေ့လိုက်ရလေသည်။
“သခင်လေး... အစစ်အမှန် မွေးဖွားခြင်း ဖြစ်ဖို့များတဲ့ လျှို့ဝှက် အင်အားစု တစ်ခုက မဟာ ပျက်သုဉ်းခြင်း ကြယ်တာရာ နယ်မြေ ၊ အလင်းအလွန် ကြယ်တာရာ နယ်မြေနဲ့ စိမ်းလန်းခြင်း ကောင်းကင် ကြယ်တာရာ နယ်မြေတွေကို တိုက်ခိုက် သိမ်းပိုက်ပြီး သူတို့ ကိုယ်ပိုင် နယ်မြေဆိုပြီး ကြေညာခဲ့တယ်... အညံ့ခံဖို့ ငြင်းဆိုခဲ့တဲ့ ကျင့်ကြံသူတွေ အားလုံးကိုပါ သုတ်သင် ပစ်ခဲ့တယ်... သူတို့ လှုပ်ရှားတာက အရမ်း မြန်တယ်... နောက်ပြီး အစွမ်းထက် အစီအရင်တွေ၊ ကျင့်ကြံသူတွေလည်း အများကြီး ပါတယ်... ကြည့်ရတာ နှစ်ပေါင်း ရာနဲ့ချီ အချိန်ယူ ပြင်ဆင်ထားသလိုမျိုးပဲ”
အစစ်အမှန် မွေးဖွားခြင်းကား အရိပ်များထဲမှ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
***