ထိပ်သီး အင်အားစု အသစ်
Vol. 89 Ch. 1245
အစစ်အမှန် မွေးဖွားခြင်း၏ တိုက်ခိုက်မှုများက အလွန်တရာပင် မြန်ဆန်လွန်းလှသည်။ ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်များထဲတွင် ထိုအကြောင်းအရာများကို မတွေ့ခဲ့ရသည့်တိုင် သူတို့၏ ရည်ရွယ်ချက်က ကြယ်တာရာ နယ်မြေ သုံးခုတည်း ဖြစ်လိမ့်မည်ဟု ဝေ့ဝူယင် မထင်ချေ။ ဤတိုက်ခိုက်မှုမှာ အလွန်တရာ ကြီးမားလှသည့် စစ်ဆင်ရေးကြီး၏ အစသာ ဖြစ်ပေလိမ့်မည်။
မဟာ ပျက်သုဉ်းခြင်း ကြယ်တာရာ နယ်မြေ၊ အလင်းအလွန် ကြယ်တာရာ နယ်မြေနှင့် စိမ်းလန်းခြင်း ကောင်းကင် ကြယ်တာရာ နယ်မြေတို့မှာ နတ္ထိ ဟင်းလင်းပြင် တစ်ခုသာ ခြားနားသည့် အိမ်နီးချင်း ကြယ်တာရာ နယ်မြေများ ဖြစ်သည်။
မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေ၊ ဒေါသ ဥဿုံ ကြယ်တာရာ နယ်မြေတို့နှင့် အတူ ထိုကြယ်တာရာ နယ်မြေ ငါးခုမှာ ငါးထောင့်ကြယ် ပုံသဏ္ဌာန် ဖွဲ့စည်းထားသည်။ ပုံမှန် ဟင်းလင်းပြင် သင်္ဘော တစ်စင်း၏ ထိပ်တန်း အမြန်နှုန်းဖြင့် သွားမည် ဆိုလျှင် အဆိုပါ ကြယ်တာရာ နယ်မြေ တစ်ခု၏ နယ်စပ်မှ အခြား နယ်စပ် တစ်ခုသို့ ရောက်ရှိရန် သုံးလခန့် ကြာမြင့်လိမ့်မည် ဖြစ်သည်။
ထို့ကြောင့်ပင်... ၎င်းတို့မှာ တစ်စုတစ်စည်းတည်း တည်ရှိနေသည်ဟု ဆိုနိုင်ကာ အခြား ကြယ်တာရာ နယ်မြေများနှင့် အလွန်ပင် အလှမ်းဝေးကွာသည့် နေရာ တစ်ခု၌ ရှိနေပေသည်။ အဆိုပါ ကြယ်တာရာ နယ်မြေ ငါးခုမှ လွဲ၍ အခြား အနီးဆုံး ကြယ်တာရာ နယ်မြေ တစ်ခုသို့ သွားလိုလျှင် အနည်းဆုံး နှစ်နှစ် ကြာမြင့်လိမ့်မည် ဖြစ်သည်။
မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် ကြယ်တာရာ နယ်မြေများ၏ အဆင့်အတန်းကို အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၊ ဧရာမ နယ်မြေကြီးနှင့် အနီးအဝေးပေါ် မူတည်၍ အလွယ်တကူပင် ခန့်မှန်းနိုင်ပေသည်။ ဥပမာအားဖြင့် စိမ်းလန်းခြင်း ကောင်းကင် ကြယ်တာရာ နယ်မြေ (အဆင့် ၁၉) နှင့် မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေ (အဆင့် ၂၀) တို့မှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကြီးနှင့် အဝေးကွာဆုံး နေရာများတွင် တည်ရှိနေသည်ဟု ဆိုနိုင်ပေသည်။
မဟာ ပျက်သုဉ်းခြင်း ကြယ်တာရာ နယ်မြေ (အဆင့် ၆) ကတော့ ကြယ်ထောင့်ငါးခုတွင် အဆုံးမဲ့ ကောင်းကင်နှင့် အနီးဆုံး နေရာတွင် တည်ရှိနေပေသည်။ ကြားထဲတွင် နတ္ထိ ဟင်းလင်းပြင်သာ ခြားနားလေရာ ၎င်းတို့ကို အိမ်နီးချင်း နိုင်ငံများ အဖြစ်ပင် သတ်မှတ်နိုင်ပေသည်။
မဟာ ပျက်သုဉ်းခြင်းမှာ ဝေ့ဝူယင် သခင်ကတည်းက မျက်စိကျခဲ့သည့် ဗျူဟာမြောက် တည်နေရာ တစ်ခု ဖြစ်လေရာ ၎င်းအား သိမ်းပိုက်ခြင်း၏ အကျိုးကျေးဇူးများကို သူ ကောင်းစွာ သိသည်။
“ဒါပေမဲ့... ဘာလို့လဲ...”
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ အစစ်အမှန် မွေးဖွားခြင်း၏ လှုပ်ရှားမှုများတွင် အဆုံးမဲ့ ကောင်းကင်ကို စစ်ကြေညာလိုသည့် အရိပ်အယောင်များ တွေ့ရှိသည်။ သို့သော်လည်း...
“သူတို့ ရှာနေတဲ့ နောက်ဆုံး ကြေးမုံ ချိပ်ဆက်က အဆုံးမဲ့ ကောင်းကင်နဲ့ နီးနီးစပ်စပ်မှာ ရှိနေတာမှ မဟုတ်တာ... ရှိတဲ့ တစ်ခုကိုလည်း သူတို့ ဖျက်ဆီးခဲ့ပြီးပြီ... ဒါကိုလည်း သူတို့ သိမှာပဲ... ဘာလို့လဲ... နောက်ဆုံး ချိပ်ဆက်က မဟာ စက်ဝန်းထဲမှာတောင် ရှိနေတာမှ မဟုတ်တာ”
ဝတ်စုံဝတ် ဝေ့ဝူယင်၏ မှတ်ဉာဏ်များမှ တစ်ဆင့် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၊ ချိပ်ပိတ် အစီအရင်တို့နှင့် ပတ်သက်သည့် အချက်အလက် တော်တော်များများကို ဝေ့ဝူယင် သိရှိခဲ့ပြီး ဖြစ်သည်။ အာကာသ ဝေဟင်ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့်ပင် ကြေးမုံ ချိပ်ဆက်များ၏ တည်နေရာကို တရားဝင် သိရှိခွင့် မရှိသော်လည်း ဝတ်စုံဝတ် ဝေ့ဝူယင်မှာ ဝေ့ဝူယင် ပီသစွာပင် ကိုယ်တိုင်ကိုယ်ကျ လေ့လာမှုများ ပြုလုပ်ခဲ့သည်။
ထို့ကြောင့်ပင် နောက်ဆုံး ချိပ်ဆက် ရှိနိုင်သည့် နေရာကို သူ ကောင်းစွာ သိရှိပေသည်။ သူ့ ခန့်မှန်းချက်များသာ မှန်ကန်ပါက ၎င်းမှာ ချိပ်ပိတ် နယ်မြေကြီး၏ နယ်စပ် တစ်နေရာတွင် ရှိပေလိမ့်မည်။
အစစ်အမှန် မွေးဖွားခြင်း၏ ရည်ရွယ်ချက်မှာ ဘယ်တုန်းကမှ ချိပ်ပိတ် နယ်မြေကို သိမ်းပိုက်ရန် မဟုတ်ခဲ့ချေ။ ချိပ်ပိတ် အစီအရင်ကိုသာ ဖျက်ဆီးရန် ဖြစ်သည်။ ထို့ကြောင့်ပင် အစစ်အမှန် မွေးဖွားခြင်း အနေဖြင့် အဆုံးမဲ့ ကောင်းကင်ကို စစ်ကြေညာရန် လုံးဝ ဖြစ်နိုင်ချေ မရှိချေ။
နှစ်ဘဝစာ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည့်တိုင် ထိုလှုပ်ရှားမှုတွင် မည်ကဲ့သို့သော လှည့်ကွက်များ တည်ရှိနေသည်ကို ဝေ့ဝူယင် ယခုတိုင် ခန့်မှန်းနိုင်သေးခြင်း မရှိသေးချေ။ ကျိုးကြောင်း ဆီလျော်သည့် သီအိုရီ တစ်ခုကို တွက်ချက်ရန် အတွက် ဝေ့ဝူယင် စာများကို ဆက်လက် ဖတ်ရှုလိုက်၏။ နောက်ထပ် အရေးကြီးသည့် အချက်အလက်များမှာလည်း ဝူယုထံမှပင် ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့က ဝေ့ဝူယင်ကို ပေါ့ပေါ့ပါးပါး ပြုံးရယ်စေခဲ့လေသည်။
“သခင်လေး... မဟာ ပင်လယ်ပြာကို သိမ်းပိုက်ဖို့ လာကြိုးစားတဲ့ တစ်ဖွဲ့ ရှိတယ်ဗျ... မြေကြီး ရှန့်ထို ငါးယောက်၊ သေမျိုးတစ်ပိုင်းအရှင် အဆင့် အယောက် ငါးဆယ်နဲ့ လျှို့ဝှက် ဝိညာဉ် အဆင့် အယောက် နှစ်ထောင်လောက် ပါတယ်... ဒါပေမဲ့ မာ့ကျန်းနဲ့ ကျုပ် လူလုံး ထုတ်ပြလိုက်တာနဲ့ အမြီးကုပ်အောင် ပြန်ပြေးကြတော့တာပဲ... သူတို့ ပြေးတာ အရမ်း မြန်လွန်းလို့ ကျုပ်တို့တောင် မတိုက်ခိုက် နိုင်လိုက်ဘူး... ကျုပ်တို့ အရှိန်အဝါက အဲဒီလောက်တောင် လွန်ကဲနေတာလား... ဟဲဟဲ...”
“ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဟိုကြယ်တာရာ နယ်မြေ သုံးခုကတော့ သူတို့ လက်အောက် ရောက်နေပြီ... သခင်လေးသာ ဒီစာကို ရမယ် ဆိုရင်... အဲ... သခင်လေးသာ အမိန့်ပေးမယ် ဆိုရင်ပေါ့လေ... ကျုပ် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး သူတို့ကို သွားရင်ဆိုင်လိုက်မယ်... အားလုံးကို အမြစ်က ကော်ထုတ် ပစ်လိုက်မယ်...”
ဝူယု၏ စကားလုံးများက အလွန်တရာ ယုံကြည်ချက် ရှိခြင်းများနှင့် ပြည့်နှက်နေသည်။ ထိုလူအိုကြီးမှာ တိုက်ပွဲဝင်ရတော့မည်ကိုပင် အလွန်တရာ တက်ကြွနေပုံ ပေါ်၏။ သို့သော်လည်း... နောက်ထပ် တစ်စောင်ကတော့ တွေဝေမှု၊ နားမလည်နိုင်မှုတို့နှင့် ပြည့်နှက် နေသည်။
“သခင်လေးရေ... အစစ်အမှန် မွေးဖွားခြင်းက ကျုပ်နဲ့ မတိုက်ခိုက်ချင်တာလား... ဒါမှမဟုတ်... ပေးဆပ်ရတာနဲ့ မတန်လို့ ပြန်ဆုတ်သွားတာလား ကျုပ်လည်း မသိတော့ဘူး... သူတို့ အကြောင်း ပိုပြီး သိလာလေလေ... သူတို့ရဲ့ ရည်ရွယ်ချက်ကို နားမလည်နိုင်လေလေပဲဗျ... သူတို့က ငါးထောင့်ကြယ် ကြယ်တာရာ နယ်မြေ ငါးခုလုံးကို လိုချင်တာ ထင်ရှားတယ်... ဒါပေမဲ့ ကျုပ်တို့ မရှိတဲ့ ဒေါသဥဿုံ ကြယ်တာရာ နယ်မြေကိုကျ ဘာလို့ မတိုက်ခိုက်တာလဲ”
သို့သော်လည်း... ဝေ့ဝူယင်ကတော့ ထိုစာတစ်စောင်ဖြင့်ပင် အစစ်အမှန် မွေးဖွားခြင်း မည်သို့မည်ပုံ လှုပ်ရှားခဲ့သည်ကို နားလည် သွားခဲ့ပြီ ဖြစ်သည်။ သူတို့မှာ ဟိုးယခင်ကတည်းက ဒေါသဥဿုံကို သိမ်းပိုက်ခဲ့ပြီးသား ဖြစ်နိုင်သည်။ ယင်းမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ သူတို့၏ အခြေစိုက် စခန်းပင် ဖြစ်နိုင်သည်။ ယခုလို လျှင်မြန်စွာ လှုပ်ရှားနိုင်ရန် အတွက် အစစ်အမှန် မွေးဖွားခြင်းမှာ ဒေါသဥဿုံကို ဗဟိုပြုကာ ဟင်းလင်းပြင် ဂိတ်တံခါးများကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက လျှို့ဝှက်စွာ တည်ဆောက်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“သူတို့မှာ ဟင်းလင်းပြင် စွမ်းအင် အဆောင်တွေတောင် ရှိတယ် ဆိုတော့ သူတို့ရဲ့ ဟင်းလင်းပြင် ဂိတ်တံခါးတွေကလည်း ကြယ်တာရာ နယ်မြေတွေရဲ့ တင်းကြပ်တဲ့ ဝင်္ကပါတွေကို ဖြတ်ကျော်နိုင်လောက်တယ်... တော်တော် အန္တရာယ်များတာပဲ”
ဝေ့ဝူယင် တွေးလိုက်မိ၏။ ၎င်းက သူ ပိုင်ဆိုင်ထားသည့် ဟင်းလင်းပြင် ဂိတ်တံခါး ဖွင့်လှစ်ခြင်းလို ဗျူဟာမြောက် အားသာချက် တစ်ခုလည်း ဖြစ်သည်။
“အစီအရင်ခံပါတယ်... သခင်လေးဝေ့... ထူးခြားတဲ့ တိုးတက်မှု တစ်ခု ရှိတယ်... ကြယ်တာရာ နယ်မြေ သုံးခုကို သိမ်းပိုက်ထားတဲ့ အဖွဲ့အစည်းက ရွှေရောင် အသက်နန်းတော်ကို ဆက်သွယ်လာတယ်... ကျုပ်တို့နဲ့ စီးပွားရေး စာချုပ်ကို ဆက်ပြီး ထိန်းသိမ်းချင်တယ် ဆိုတဲ့ သဘောမျိုးပေါ့လေ... သူတို့က ပုံမှန်အတိုင်း ရွှေရောင် အသက်နန်းတော်ဆီက ရင်းမြစ်တွေကို လိုချင်တယ်... နောက်ဆယ်စုနှစ် တစ်ခုစာ အတွက် အခွန် ဆယ့်သုံး ရာခိုင်နှုန်း ထပ်တိုးပေးဖို့ အထိတောင် ကမ်းလှမ်းတယ်”
၎င်းကတော့ မာ့ကျန်းဆီမှ သတင်းစကားပင် ဖြစ်သည်။
“သခင်လေးဝေ့ရဲ့ အမြင်ကို မသိရမချင်း ကျုပ် ဘာဆုံးဖြတ်ချက်မှ မလုပ်သေးဘူး... ခုချိန်ထိတော့ ရွှေရောင် အသက်နန်းတော်ရဲ့ လုပ်ငန်း လည်ပတ်မှုတွေကို ကျုပ်တို့ ရပ်ထားတယ်...”
နောက်ထပ် နှစ်ရက်ကြာပြီးနောက် စာတစ်စောင် ထပ်ဝင်လာပြန်သည်။
“သခင်လေးဝေ့... အဲဒီ အဖွဲ့အစည်းက အစစ်အမှန် မွေးဖွားခြင်း ဆိုတာတော့ သေချာပြီ... သူတို့က နောက်ထပ် သုံးရက် အတွင်း တစ်ခုခုကို ကြေညာဖို့ ဆုံးဖြတ်ထားတယ်တဲ့... တစ်လောကလုံး စောင့်ကြည့် နေကြတယ်”
“ဒီစာကို သခင်လေး ရ၊ မရ ဆိုတာတော့ ကျုပ် မသိဘူး... ကျုပ်နဲ့ ဝူယုတို့ နဂါးငွေ့တန်း ကြယ်ကွင်းပြင်ကို သွားပြီး စစ်ဆေးကြည့်တော့ ဗလာ နတ္ထိ နယ်မြေ သေဆုံးခြင်း နယ်မြေတစ်ခုလို ဖြစ်နေတာ တွေ့ရတယ်... ကျုပ်တို့ မဝင်ရဲလို့ ပြန်လှည့်လာခဲ့ရတယ်... ကျုပ်တို့ ပို့လိုက်တဲ့ ဝိညာဉ် ဆက်သွယ်မှု အရိပ်အယောင်တွေက နဂါးငွေ့တန်း ကြယ်ကွင်းပြင် နယ်စပ်မှာ ရပ်နေတာမျိုးကိုလည်း တွေ့လိုက်ရတယ်... ကြည့်ရတာ သခင်လေးဝေ့ လက်ခံမယ့် အချိန်ကို စောင့်နေကြသလိုမျိုးပဲ”
မာ့ကျန်းမှာ ယခင်က ဝေ့ဝူယင်ကို အဂ္ဂိရတ် အာဏာရှင်ဝေ့ဟု ခေါ်ခဲ့သော်လည်း ယခုတွင်တော့ ဝူယု ကဲ့သို့ပင် သခင်ဝေးဝေ့ဟု လိုက်လံ ခေါ်ဆို နေခဲ့ပြီ ဖြစ်သည်။
“ကျုပ် နဂါးခေါင်းဆောင်းနဲ့ မြေကြီး ရှန့်ထိုကို ရှာခဲ့သေးတယ်... သူတို့ကို ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှာ တွေ့တယ်... သခင်လေး အကြောင်း မေးကြည့်တော့ အလုပ်များနေတယ်လို့ ပြောတယ်... အသက်ရှင်နေတယ် ဆိုတာတော့ သူ အာမခံတယ်... သူ့ကြည့်ရတာ စိုးရိမ်တဲ့ပုံ မပေါ်ဘူး... ဆိုတော့ ကျုပ်လည်း မစိုးရိမ်တော့ပါဘူး... သခင်လေး ဘာတွေပဲ လုပ်နေ လုပ်နေ... လုံလုံခြုံခြုံ ရှိနေဖို့ ကျုပ် မျှော်လင့်ပါတယ်”
"ဒါနဲ့ စကားမစပ် မဟာ သူရဲကောင်း ဝူယုက တော်တော် ကြောက်ဖို့ကောင်းတဲ့ လူပဲ သခင်လေးရေ... သူ အစီရင်ခံပြီးပြီလားတော့ မသိဘူး... အဖွဲ့တစ်ဖွဲ့ကို သူ နောက်က လိုက်တာ ပြေးတာ တန်းနေရောပဲ... နောက်ဆုံး အကာအကွယ် အစီအရင်ထဲ ဝင်ပြေးကြတဲ့ အထိပဲ... သခင်လေး သူ့ကို ဘာလို့ အဂ္ဂိရတ် သူရဲကောင်း အဖြစ် ရွေးလိုက်သလဲ ဆိုတာ ကျုပ် သဘောပေါက်ပြီ... တကယ့်ကို သတ္တိရှိတဲ့လူ”
မာ့ကျန်းထံမှ စာလွှာများက ထိုနေရာတွင် အဆုံးသတ် သွားသည်။ ဝေ့ဝူယင်မှာ ရင်ထဲ နွေးထွေးသွားသလို ခံစား လိုက်ရ၏။ လူအိုကြီး မာ့ကျန်းမှာ ယုံကြည်ရသည့် မဟာမိတ် တစ်ဦး ဖြစ်သလို မိတ်ဆွေကောင်း တစ်ယောက် အဖြစ်ပါ သတ်မှတ်နိုင်သည့် လူမျိုး ဖြစ်သည်။ ထို့အပြင် သူ့အတွက် ကောင်းမွန်သည့် စီးပွားရေး မိတ်ဖက် တစ်ယောက်လည်း ဖြစ်သည်။ မာ့ကျန်း ဘက်မှ မည်ကဲ့သို့ သတ်မှတ်ထားကြောင်း မသိသည့်တိုင် ဝေ့ဝူယင်ကတော့ သူ့ကို သခင်၊ လက်အောက်ငယ်သား ဆက်ဆံရေးထက် မိတ်ဆွေကောင်း တစ်ယောက် အဖြစ်သာ သဘောထားပေသည်။
ဝေ့ဝူယင် စာများကို ဆက်လက် ဖတ်လိုက်၏။
“အစီရင်ခံပါတယ်... ကျူးကျော်သူ အဖွဲ့အစည်းထံကနေ ကြေညာချက် ထွက်လာပါပြီ... ကျုပ်ဖြင့် ယုံတောင် မယုံကြည်နိုင်ဘူး... သူတို့က ကြယ်တာရာ နယ်မြေ လေးခုကို တစ်ခုတည်း အဖြစ် ပေါင်းစည်းလိုက်ပြီ... နောက်ပြီး သူတို့ကိုယ် သူတို့ လောကဂိုဏ်းကြီး တစ်ဂိုဏ်း အဖြစ်ပါ ကြေညာလိုက်တယ်... နာမည်က တွယ်ရာမဲ့ နှလုံးသားဂိုဏ်းတဲ့... သူတို့ရဲ့ ကြယ်တာရာ နယ်မြေကိုတော့ စစ်မှန်တဲ့ မွေးဖွားခြင်း ကြယ်တာရာ နယ်မြေလို့ နာမည် ပေးထားတယ်”
"...”
ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့၏။ အစစ်အမှန် မွေးဖွားခြင်းမှာ အရိပ်များထဲမှ ထွက်ပေါ်လာရုံမျှသာ မက မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်သီး အင်အားစု အသစ် အဖြစ်ပါ ပေါ်ထွန်း လာခဲ့ပြီ ဖြစ်သည်။
တွယ်ရာမဲ့ နှလုံးသားဂိုဏ်း...
ဝေ့ဝူယင်၏ မျက်လုံးများက မကြာခင် ပြန်လည် တည်ငြိမ်သွားခဲ့၏။ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြည်းညင်းစွာ ဖွဲ့စည်းလာခဲ့သည်။
ဝေ့ဝူယင်ထံမှ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များကို ခံစားလိုက်ရလေရာ ပိုင်လင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။
“ခု ဘာဆက်လုပ်ကြမလဲ... သခင်”
ဝေ့ဝူယင်က ရယ်မောရင်း အဖြေပေးလိုက်လေ၏။
“အပြောင်းအလဲတွေ ဘာလို့ ဖြစ်တာလဲ ဆိုတာ ရှာမယ်... ပြီးရင် သတ်မယ်”
“ဂီး...”
***