ခန္ဓာကိုယ် အသစ်
Vol. 89 Ch. 1237
ချင်ချူးမူမှာ ခရမ်းရောင် သစ်တော နန်းတော်ဟု ခေါ်သည့် မွေးရာပါ ပါရမီ တစ်မျိုးကို ပိုင်ဆိုင်ထားသည်။ ထိုပါရမီနှင့် အတူ သူမမှာ သစ်ပင်များ၏ အသက်၊ စွမ်းအင်၊ အမတေတို့နှင့် ဆက်သွယ်နိုင်စွမ်း ရှိပေသည်။ ခရမ်းရောင် သစ်တော နန်းတော် ဆိုသည်မှာ ဦးနှောက်အတွင်း တည်ရှိနေသည့် ထူးခြားသော နျူရွန် တစ်မျိုး ဖြစ်ကာ အသိစိတ် ပင်လယ်ကို သက်ရောက်၍ ထိုကဲ့သို့ စွမ်းဆောင်နိုင်အောင် ထောက်ပံ့ပေးခြင်း ဖြစ်သည်။
ကျင့်ကြံခြင်း လောက၌ ဦးနှောက်ကို သက်ရောက်ကာ ထိုကဲ့သို့ ပါရမီများ မွေးဖွားပေးနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန်များ ရှိပေသည်။ သို့သော်လည်း ၎င်းတို့မှာ သန့်စင်ဖို့ အလွန်ပင် ခက်ခဲလှသည်။ အဂ္ဂိရတ် တာအိုမှာ အကန့်အသတ်မဲ့သည် ဆိုသော်လည်း စိတ်တာအိုကို နားလည်ထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ဝေ့ဝူယင် ထိုကဲ့သို့ မလုပ်ရဲချေ။ ထိုနယ်ပယ်၌ အခြား အဂ္ဂိရတ် ပညာရှင်များ ဖန်တီးထားသော ထုတ်ကုန်များကို မစားသုံးခြင်းသာ အကောင်းဆုံး ဖြစ်ပေသည်။
ထိုကဲ့သို့ ထုတ်ကုန်များကို မကျင့်ကြံရသေးသူများ၊ ကလေးငယ်များ အပေါ်တွင် သုံးသင့်သည် ဆိုသည့် သတိပေး အကြံပြုချက်များ ရှိပေသည်။ အထူးသဖြင့် ကျင့်ကြံခြင်း ဝိညာဉ် မဖွဲ့စည်းရသေးသူများ၊ စိတ်နှင့် ခန္ဓာကိုယ် အသားမကျသေးသူများ အတွက် ပိုမို သင့်တော်ပေသည်။
လတ်တလော ပြောင်းလဲမှု အခြေအနေများကို ပြန်လည် သုံးသပ်ရပါက အာရုဏ်ဦး ပါရဂွန် ပုံသွင်းခြင်း ဆေးလုံးမှာ သူ့ကို ထိုကဲ့သို့ မွေးရာပါ ပါရမီ တစ်ချို့ ချီးမြှင့်ခဲ့ကြောင်း ဝေ့ဝူယင် အကဲခတ်မိပေသည်။ သို့သော်လည်း... ၎င်း၏ အရည်အသွေးကိုတော့ သူ တိတိကျကျ ထောက်မပြုနိုင်သေးပါချေ။ ၎င်းတို့က တစ်ခုတည်းသော အပြောင်းအလဲ မဟုတ်ချေ။
ဝေ့ဝူယင်၏ သွေးကြောများမှာလည်း ပြောင်းလဲ သွားခဲ့သည်။ ၎င်းတို့မှာ ငွေရောင် ခပ်ဖျော့ဖျော့ အလင်းများကို ထုတ်လွှတ်နေကာ သူ တစ်ကြိမ်တစ်ခါမှ မခံစားမိသည့် မကုန်ခမ်းနိုင်သော အော်ရာ တစ်မျိုးကို ထုတ်လွှတ်နေသည်။
စွမ်းအင် သွေးကြောများ အပြင် မူလ အလင်း ရင်းမြစ်၊ သွေးမျိုးဆက် ရင်းမြစ်နှင့် မူလယန် ရင်းမြစ် အပါအဝင် အခြား ကျင့်ကြံခြင်း ရင်းမြစ်များပါ အလားတူ အငွေ့အသက်များ ထုတ်လွှတ်နေသည်ကို တွေ့မြင်လိုက်ရသော အခိုက်တွင်တော့ အရုဏ်ဦး ပါရဂွန် ပုံသွင်းခြင်း ဆေးလုံးမှာ အနှစ်နှစ် အလလ ရည်မှန်းချက်များကို ပြည့်မြောက်စေခဲ့ကြောင်း ဝေ့ဝူယင် သတိပြုမိလိုက်သည်။
သူ လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင် မျက်လုံးများကို ဖြည်းညင်းစွာပင် မှိတ်လိုက်၏။ ဖော်ပြရ မရနိုင်သည့် စိတ်သက်သာရာ ရမှု လှိုင်းများက သူ့ စိတ်အတွင်း ဖြတ်သန်း စီးဆင်းလာခဲ့သည်။ မိမိကိုယ်ကို ဂုဏ်ယူမှုများနှင့် အတူ ဝေ့ဝူယင် လက်သီးကို ဆုပ်လိုက်မိ၏။
“သခင့်ရဲ့ ခန္ဓာကိုယ်က ကလေးလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ် လိုမျိုးပဲ...”
ပိုင်လင်က ပြောလိုက်ရင်း သူ၏ ဦးခေါင်းဖြင့် ဝေ့ဝူယင်ထံ ညင်သာစွာ တိုးဝှေ့ လိုက်၏။ ထိုအခိုက်တွင်ပင် ဝေ့ဝူယင် အသားအရေက မည်မျှ နူးညံ့ လန်းဆန်း နေကြောင်း သူမ ခံစားလိုက်ရလေသည်။
ဝေ့ဝူယင် နှုတ်ခမ်း တစ်ဝိုက်ရှိ အာရုံကြောများကို ထိန်းချုပ်ရင်း ပြုံးဖို့ ကြိုးစားလိုက်၏။ ထို့နောက်တွင်တော့ သူ့ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက ခန္ဓာကိုယ် အသစ်နှင့် အလွန် လျှင်မြန်စွာ အသားကျ နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... သူ့ထံတွင် သင်ယူစရာ များစွာ ကျန်ရှိနေသေးဆဲ ဖြစ်သည်။
ဆေးလုံး၏ အောင်မြင်မှုများကို ခြုံငုံ အကဲခတ် လိုက်ပြီး နောက်တွင် ဝေ့ဝူယင် မျက်လုံးများကို ဖွင့်ကာ ညဘက်လက်ကို ကြည့်လိုက်သည်။ အပြစ်သား တက်တူးမှာ ထိုနေရာတွင်ပင် ရှိနေဆဲ ဖြစ်ပေသည်။ သူ့ နှလုံးသားက အနည်းငယ် လှုပ်ရှား သွားခဲ့၏။
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး အောင်မြင်ခြင်း... ၃/၃
စတုတ္ထ ကပ်ဘေး တားဆီးခြင်း... ၄၉ နှစ်
ကမ္မတန်ဖိုး... ၉၅၃၇၂.၃
ကမ္မတန်ဖိုးမှာ နှစ်ဆမျှ အထိ တိုးမြင့်သွားခဲ့သည်။ ထိုတိုးမြင့်မှုမှာ ဒုတိယ ကပ်ဘေး သူ့အား ပေးအပ်ခဲ့သည့် ကမ္မ ကံကောင်းခြင်းထက် လေးဆမျှ ပိုမို မြင့်မားသည်။ ထို့အပြင်... သူ့ နည်းလမ်းမှာ တတိယ ကပ်ဘေးတွင် ရှင်သန်နိုင်ခဲ့ရုံသာ မက အောင်မြင်မှုပါ ရယူနိုင်ခဲ့ကြောင်း ဝေ့ဝူယင် အတည်ပြု နိုင်ခဲ့သည်။
ဝေ့ဝူယင် အောင်မြင်မှု အပေါ် ကျေနပ် ပျော်ရွှင်နေစဉ်မှာပင် အသိစိတ် ပင်လယ်ထံမှ အလွန် ရှုပ်ထွေးသည့် သတင်းစကားများကို လက်ခံ ရရှိလိုက်သည်။ ဝေ့ဝူယင် တုန်လှုပ်သွားကာ စိတ်အပိုင်းအစ တစ်ခု အဖြစ် အသိစိတ် ပင်လယ် အတွင်း ဝင်ရောက်လိုက်၏။ ထိုအခါ သူ၏ ဒုတိယမြောက်စိတ်မှာ စိတ်စွမ်းအင် အစုအဝေး တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ အံ့အားသင့်စရာ ကောင်းစွာပင် ထိုအစုအဝေးမှာ အလွန်ပင် ကြီးမားလှသည်။
ဝေ့ဝူယင်၏ အသိစိတ် ပင်လယ်မှာ သာမန်စံနှုန်းမျာထက် အလွန်ပင် ကြီးမားလှသော်လည်း စိတ်စွမ်းအင် အစုအဝေးမှာ ၎င်း၏ သုံးပုံတစ်ပုံခန့်ကိုပင် ဖုံးလွှမ်းထားသည်။ သို့သော်လည်း ၎င်းမှာ ဧဒင် နန်းတော်ကို ထိခိုက်မည်မှာ စိုးရိမ်သည့် အလား အသိစိတ် ပင်လယ် အစွန်းပိုင်းတွင်သာ ရှိနေခဲ့သည်။ တစ်ချိန်တည်း၌ ဉာဏ်အလင်းမြူနှင်းများမှာ အဆက်အပြတ်ပင် ထွက်ပေါ်နေကာ ထိုနေရာသို့ တိုးဝင် ပေါင်းစပ် နေခဲ့၏။ ၎င်းကား... စိတ်စွမ်းအင် အစုအဝေးကို ဆက် ကြီးထွားနေစေသည့် အကြောင်းရင်းပင် ဖြစ်လေသည်။
“ဒါက စိတ်စွမ်းအင် ပြိုကွဲခြင်းလား...”
ဝေ့ဝူယင် တစ်ယောက် အံ့အားသင့်သွားခဲ့သော်လည်း လှုပ်ရှားရန် အတွက်တော့ တုန့်ဆိုင်း မနေခဲ့ပါချေ။ အသိစိတ် ပင်လယ် အတွင်းမှ ထွက်ပေါ်လာသည့် သတင်းစကားမှာ သူ့ထံမှ အကူအညီ တောင်းခံခြင်းပင် ဖြစ်သည်။ မှန်၏။ ၎င်းမှာ အကူအညီ တောင်းခံနေသည်။
ဝေ့ဝူယင်၏ မူလစိတ်ကိုယ်ပွားမှာ ဒုတိယစိတ်၊ အစစ်အမှန် ဝိညာဉ်တို့နှင့် ဝိညာဉ် ဆက်သွယ်မှုကို ပြန်လည်၍ တည်ဆောက်လိုက်သည်။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် သူတို့မှာ တစ်သားတည်း ပြန်လည် ဖြစ်သွားခဲ့၏။ အဘယ်ကြောင့်နည်း။ ၎င်းမှာ ဒုတိယစိတ်၏ ခံစားချက်များကို နားလည်ကာ အကူအညီပေးရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ထို့နောက်တွင်တော့ ထိန်းချုပ်၍ မရနိုင်စွာပင် ဝေ့ဝူယင် အရာအားလုံးကို ခံစားလာခဲ့ရလေတော့သည်။
အရှင်လတ်လတ် လောင်ကျွမ်းခံရခြင်း၊ ဝိညာဉ် ဆုတ်ဖြဲ ခံရခြင်း၊ ဓားနှင့် ထိုးခွဲ ခံရခြင်း...
မှန်ပေ၏။ အရာအားလုံး...။
ဘုန်း...
ဝေ့ဝူယင်၏ မူလစိတ် ကိုယ်ပွားမှာ တဒင်္ဂ အတွင်းမှာပင် စိတ်စွမ်းအင် အစုအဝေး တစ်ခု အဖြစ် ပေါက်ကွဲ သွားခဲ့တော့၏။
ဘုန်း...
ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ ချက်ချင်း ဆိုသလိုပင် ကြမ်းပြင်ပေါ် ခွေခေါက်ကာ လဲကျ သွားခဲ့၏။
သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အမြှုပ်ျား ထွက်ပေါ်လာကာ သူ၏ ခြေလက်များက ထူးဆန်းစွာ ကွေးလိမ်သွားသည်။ သူ၏ မျက်လုံးများပင်လျှင် မျက်ဖြူလန် သွားခဲ့၏။
"ဆရာ...”
ပိုင်ရှုမှာ အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုး အတွင်း အိပ်မောကျနေရာမှ ချက်ချင်းပင် ထွက်ပေါ်လာသည်။ သူ၏ မျက်နှာ အမူအရာက စိုးရိမ် ပူပန်မှု၊ ကြောက်ရွံ့ ထိတ်လန့်မှုများနှင့် ပြည့်နှက် နေခဲ့၏။ သူမက ခြေလက်များ ကောက်ကွေးကာ တက်နေသည့် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထက်တွင် ဝဲပျံရင်း ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေခဲံသည်။
"အား...”
စိတ်ချင်း ဆက်နွယ်မှုမှ တစ်ဆင့် ဝေ့ဝူယင်နှင့် ချိတ်ဆက်ဖို့ ကြိုးပမ်းလိုက်သော်လည်း ပိုင်ရှု တစ်ယောက် နာကျင်စွာ အော်ဟစ်စေသည့် တုန့်ပြန်မှု တစ်ခုသာ ရရှိလိုက်သည်။ သူမ၏ ဝိညာဉ်က မှေးမှိန်သွားကာ ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့၏။ ထို့ကြောင့်ပင် ဝေ့ဝူယင်နှင့် အကြားရှိ ဆက်သွယ်မှုကို ချက်ချင်းဖြတ်တောက် ပစ်လိုက်ကာ မိမိကိုယ်ကို ကာကွယ်ရန် အတွက် အာရုဏ်ဦး ခြေချခြင်း မှော်သန့်စင် ဆေးအိုး အတွင်း ပြန်လည် ဝင်ရောက် သွားခဲ့သည်။
ပိုင်ရှု ခံစားလိုက်ရသည့် အရာက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော နာကျင်မှု တစ်မျိုးဖြစ်သည်။ ၎င်းမှာ ငရဲမီးများ တောက်လောင်နေသည်နှင့် ဆင်တူကာ ဝိညာဉ်ကို ခန္ဓာကိုယ်မှ အစိမ်းလိုက် ခွဲထုတ် နေသလိုမျိုးပင်။ ထိုအခိုက်၌ သေဆုံးခြင်းကပင် ချိုမြိန်သလို သူမ ခံစားခဲ့ရသည်။
ဝိညာဉ်အသွင်များမှာ ခန္ဓာ သက်တမ်း၊ စိတ်ဝိညာဉ် သက်တမ်း မရှိပဲ မသေဆုံးနိုင်သည့် တည်ရှိမှုများ ဖြစ်သည်။ တာအိုများ တည်ရှိနေသရွေ့ သူတို့သည်လည်း တည်ရှိနိုင်ပေသည်။ ထို့ကြောင့်ပင် သေဆုံးခြင်း ဆိုသည့် အရာမှာ သူမ ဘဝ တစ်လျှောက် တစ်ခါမှ မတောင်းဆိုခဲ့ဖူးသည့်၊ တစ်ခါမှ မစဉ်းစားခဲ့ဖူးသည့် အရာ ဖြစ်သည်။
လက်ရှိ၌ ဝေ့ဝူယင်၏ စိတ်နှင့် ရုပ် နှစ်မျိုးစလုံးမှာ အလွန်တရာ ဆိုးရွားလှသည့် အခြေအနေ တစ်ခုထဲသို့ ကျရောက်နေ၏။ သူ၏ အာရုံကြောများမှာ လျှို့ဝှက် အာဏာရှင် အဆင့်များပင် ခံနိုင်ရည် မရှိသည့် နှုန်းထားဖြင့် ပေါက်ကွဲနေကာ သူ၏ စိတ်ပိုင်းဆိုင်ရာမှာလည်း ပြင်းထန်စွာ ပြိုလဲနေသည်။ သို့သော်လည်း အာရုဏ်ဦး ပါရဂွန် ပုံသွင်းခြင်း ဆေးလုံးမှ မွေးဖွားပေးခဲ့သည့် မကုန်ခမ်းနိုင်သော အစွမ်း သတ္တိများမှာ တည်ငြိမ်မှုကို အဆက်မပြတ်ပင် ပြန်လည် ဖော်ဆောင် ပေးနေခဲ့လေသည်။
***