အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ
Vol. 89 Ch. 1241
“နောက်ဆုံးတော့ ပြီးသွားပြီ...”
ဝေ့ဝူယင် တစ်ယောက် ပိုင်လင်၏ နွေးထွေး နူးညံ့လှသည့် သားမွေးများ ကြားတွင် သက်တောင့်သက်သာပင် လှဲလျောင်းနေခဲ့သည်။ သူတို့ နှစ်ယောက်မှာ အမတေ မရှိ၊ စွမ်းအင် မရှိ၊ အသန့်စင်ဆုံး အပျက်အစီး မန်နာများသာ မင်းမူထားသည့် အမှောင် ဟင်းလင်းပြင် အတွင်း ဦးတည်ရာမဲ့ လွင့်မျော နေကြခြင်း ဖြစ်လေသည်။
တစ်ခေတ်တစ်ခါက နဂါးငွေ့တန်း ကြယ်ကွင်းပြင်ဟု လူသိများခဲ့သည့် ကွင်းပြင်ကျယ်ကြီးကို အပြင်လောကမှ ကြည့်ရှုပါက အလင်း၊ အသက်၊ ရုပ်ဝတ္ထု၊ ကောင်းကင် ခန္ဓာ ဥဿုံ ကင်းမဲ့နေသည့် အမှောင်ထုကြီး တစ်ခု အဖြစ်သာ တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
အပျက်အစီး မန်နာများက နေရာ အနှံ့ မင်းမူနေလေရာ ကြယ်တာရာ ဝါးမြိုသူ ထန်ဂူ သတ္တဝါကြီး၏ အလွန်တရာ ကြီးမားလှသော ပုံရိပ်ကိုပင် အာရုံခံမိဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ပတ်ဝန်းကျင် အပြောင်းအလဲများမှာ ထိုသတ္တဝါကြီး အပေါ် တစ်စုံတစ်ရာ သက်ရောက်မှု ရှိပုံ မပေါ်ပါချေ။ အသစ်တဖန် ပြန်လည် ဖြစ်တည်လာသည့် လောကသစ်တွင် သူမ၏ အသက်ရှူသံများမှာ ပိုမို၍ ချောမွေ့လာကာ ခန္ဓာကိုယ်မှာလည်း အဆပေါင်း များစွာ သက်တောင့်သက်သာ ပိုရှိလာခဲ့သည့်ပုံ ပေါ်သည်။
နှစ်လ...
အချိန် နှစ်လ တိတိ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ထိုနှစ်လမှာ ဝေ့ဝူယင် အတွက်တော့ ငရဲခန်း သဖွယ် ဖြစ်ခဲ့သည်။ ထိုအတောအတွင်း၌ သူ၏ စိတ်နှင့် ခန္ဓာမှာ အဆုံးမရှိ နာကျင်မှု စက်ဝန်း အတွင်း ကျရောက် နေခဲ့သည်။ ကံကောင်း ထောက်မစွာပင် ဝေ့ဝူယင်မှာ အသိစိတ်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ကာ ကြောက်မက်ဖွယ် နာကျင်မှုများကို တောင့်ခံနိုင်ခဲ့သည်။
ဝေ့ဝူယင် ပိုင်လင်၏ ကျောထက်တွင် လှဲရင်း အတွေးများ အတွင်း နစ်မြုပ် နေခဲ့သည်။ ပိုင်လင် ညင်သာစွာ ထုတ်လွှတ်ထားသည့် နိဗာန မီးတောက်များမှာ ငရဲခန်း၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် တုန်လှုပ်နေဆဲ ဖြစ်သည့် ခန္ဓာကိုယ်ကို များစွာ သက်သာ စေခဲ့သည်။
ကပ်ဘေးအား မရင်ဆိုင်ခင် အချိန်ကတည်းကပင် ဒုတိယမြောက်စိတ်မှာ မိမိကိုယ်ကို ဖောက်ခွဲ ဖျက်ဆီးပစ်ခြင်း အပါအဝင် နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရနိုင်ကြောင်း ဝေ့ဝူယင် သိရှိခဲ့သည်။ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် တစ်ခု အနေဖြင့် ဧဒင်ကလည်း ထိုအချက်ကို ထောက်ပြခဲ့သည်။
တတိမြောက် ကပ်ဘေးတွင် ဆက်လက် အသက်ရှင်သန်နိုင်ရန် အတွက် ဒုတိယမြောက်စိတ်ကို စတေးနိုင်ရကြောင်း သူတို့ အားလုံး အစကတည်းက သိရှိခဲ့ကာ ဒုတိယမြောက်စိတ်ကလည်း လက်ခံခဲ့သည်။
သို့သော်လည်း... တတိယမြောက် ကပ်ဘေးကို စတင်ချိန်တွင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အသွင်ပြောင်းခြင်း အဆင့်တွင်ပင် ဆက်လက် ရှိနေလိမ့်ဦးမည်ဟု သူတို့ မမျှော်လင့်ခဲ့ချေ။
ကပ်ဘေးမှ ပြန်လည် ရောက်ရှိပြီးနောက်... ဝေ့ဝူယင်မှာ အသွင်ပြောင်းခြင်းခြင်း ဖြစ်စဉ် အတွင်း လပေါင်းများစွာ ကြာအောင် ဆက်လက် နစ်မြုပ်နေခဲ့သည်။ ထိုအရာကပင် သူတို့၏ မူလ အစီအစဉ်များကို လွဲချော် စေခဲ့ကာ ထိုကာလများ အတွင်း ဒုတိယမြောက်စိတ် ပျက်စီးသွားနိုင်ကြောင်း ဝေ့ဝူယင် လက်ခံ ထားခဲ့သည်။
သို့သော်လည်း... ဒုတိယမြောက်စိတ် ကျန်ရှိနေသေးသည်ကို တွေ့မြင်လိုက်ရသော အခိုက်၌ ဝေ့ဝူယင် စိတ်ကူး မယဉ်နိုင်လောက်အောင် အံ့အားသင့် ခဲ့ရသည်။ ဒုတိယမြောက်စိတ် ဆိုသော်လည်း ဝေ့ဝူယင် ကိုယ်တိုင်ပင် ဖြစ်လေရာ မိမိတွင် ရှိနေသည့် ရင်းမြစ်များကို အသုံးပြု၍ အကောင်းဆုံး စီမံ ခန့်ခွဲနိုင်သူ ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းမှာ အသွင်ပြောင်းလဲခြင်း ဖြစ်စဉ် ပြီးဆုံးချိန် အထိ တောင့်ခံထားရန် ဉာဏ်အလင်း မြူနှင်းများကို အသုံးပြု၍ အားဖြည့်ထားခဲ့သည်။
ဤသို့ဖြင့် ဝေ့ဝူယင် မူလ အစီအစဉ်များကို ပြန်လည် အကောင်အထည် ဖော်ရန် အခွင့်အရေး ရရှိခဲ့လေသည်။ သူ၏ နံပတ်တစ် အစီအစဉ်မှာ ဝိညာဉ်များကို ပြန်လည် ချိတ်ဆက်ရန် ဖြစ်ကာ အိုရီ၊ ဘုရင်၊ ခရာတိုတို့နှင့် အတူ ပူးပေါင်း၍ နာကျင်မှုကို တောင့်ခံရန် ဖြစ်သည်။ ထိုမှတစ်ဆင့် ဧဒင်မှာ သူတို့ထံမှ စိတ်ခံစားချက်များကို အနည်းငယ်စီ ဖယ်ထုတ်ပေးသွားမည် ဖြစ်သည်။
သူ၏ ဒုတိယမြောက် အရေးပေါ် အစီအစဉ်ကတော့ အရေးအကြီးဆုံး အစိတ်အပိုင်းများမှ လွဲ၍ ဒုတိယစိတ် ခံစားနေရသည့် အပိုင်းအားလုံးကို ဖြတ်တောက်ပစ်ဖို့ ဖြစ်သည်။ သို့သော်လည်း... ၎င်းမှာ သူတို့ စုစည်းထားသည့် အသိပညာ အားလုံးကို ဆုံးရှုံးစေလိမ့်မည် ဖြစ်ကာ အချိန် အတော်ကြာသည် အထိ အားနည်း သွားလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်ထံတွင် အခြား အစီအစဉ် သုံးခုလည်း ရှိပေသေးသည်။
သို့သော်လည်း အိုရီ၏ ဝိညာဉ် အလင်းမှာ သူ့ အရိုးများ အတွင်း စိမ့်ဝင်နေသည့် ငရဲမီးတောက်များကို ပြန်လည် နှိုးထပေးလိမ့်မည်ဟု ဝေ့ဝူယင် လုံးဝ မျှော်လင့် မထားခဲ့ချေ။
လက်ရှိ၌ ဝေ့ဝူယင်၏ အရိုးများမှာ ငရဲမီး အကြွင်းအကျန်များ လုံးဝ ကင်းစင် သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့မှာ မူလက မီးခိုးရောင် အရိုးများနှင့် ခြားနားကာ မယုံကြည်နိုင်လောက်အောင် သန့်စင် နေခဲ့သည်။ သလင်းကျောက် ကဲ့သို့ ကြည်လင်နေသည့် ၎င်းတို့၏ အသွင်အပြင်က ဝေ့ဝူယင်ကိုပင် ထိတ်လန့် အံ့အားသင့် သွားစေခဲ့သည်။
“တကယ့်ကို ပြင်းထန်ခဲ့တာပဲ...”
ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ သူ၏ ရီဝေဝေ မျက်လုံးများက လွန်ခဲ့သည့် နှစ်လတာ အတွင်း ခံစားခဲ့ရသော နာကျင်မှုများနှင့် ရောင်ပြန်ဟပ်နေခဲ့သည်။
“တောင်းပန်ပါတယ်...”
အိုရီက ဝေ့ဝူယင်ကို ခပ်တိုးတိုး အသံကလေးဖြင့် ပြောလိုက်သည်။ အရာအားလုံးက သူမ အပြစ် မကင်းပါချေ။ သူမမှာ ပိုင်လင်၏ အမတေ သွေးစက်ကို ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့သည့် အပြင် အရိုးများ အတွင်း စိမ့်ဝင်နေသည့် ငရဲမီးတောက်များကိုပါ လှုပ်နှိုးခဲ့သည်။ ၎င်းက ဝေ့ဝူယင် အပါအဝင် ကြယ်တာရာ ဝိညာဉ် အားလုံးကို သေစေနိုင်သည့် အန္တရာယ် အကြပ်အတည်း အတွင်း ကျရောက်သွားစေခဲ့သည်။ အိုရီသာ အလွဲများ မဟုတ်ခဲ့ပါက ဝေ့ဝူယင်မှာ ထိုကပ်ဘေးကို မူလက စီစဉ်ထားသည့် အတိုင်း အလွယ်တကူပင် ဖြတ်ကျော်သွားနိုင်ခဲ့လိမ့်မည် ဖြစ်သည်။
သို့သော်လည်း... အိုရီမှာ သူ့ အမှားများကို အကြီးကျယ်ဆုံးသော နည်းလမ်းဖြင့် ပြန်လည် ပြုပြင်ခဲ့ကာ ကိုယ်တိုင်အတွက်လည်း များစွာသော အကျိုးကျေးဇူးများကို ဆောင်ကျဉ်းနိုင်ခဲ့သည်။
ရိုးသားစွာ အမှားကို ဝန်ခံနေသည့် အိုရီအား ကြည့်ရင်း ဝေ့ဝူယင် နှစ်သိမ့်လိုက်သည်။
“ဒါက မင်း အမှားချည်းတော့ မဟုတ်ပါဘူး... အများစုကတော့ ငါ့အမှားတွေပါပဲ... ဒုတိယမြောက်စိတ်ကို ကယ်တင်ဖို့ အလောကြီးနေတာနဲ့ အခြား အကျိုးဆက်တွေကို နက်နက်ရှိုင်းရှိုင်း မစဉ်းစားခဲ့မိဘူး... တကယ်ဆို ငါ ကိုယ်တိုင်လည်း အစီအစဉ်ချပြီး သေချာလုပ်ခဲ့သင့်တာ...”
ထို့နောက် သူက အပြစ်ရှိသည့် စိတ်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“ငါလည်း မင်းတို့ကို တောင်းပန်ပါတယ်...”
ဝေ့ဝူယင်မှာ ကိုယ့်အမှားကို ဝန်ခံဖို့ ဝန်လေးသူ တစ်ယောက် မဟုတ်ချေ။ အကယ်၍ သူသာ မဆင်မခြင် မလုပ်ခဲ့ပါက ပိုင်လင်မှာ နိဗာန မီးတောက်များကို ထုတ်လွှတ်ခဲ့လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် အမတေ သွေးစက်မှာလည်း လွတ်မြောက်ဖို့ ကြိုးစားလိမ့်မည် မဟုတ်ပဲ အိုရီမှာလည်း ဒြပ်စင် ရွှေ့ပြောင်းခြင်း ဝိညာဉ် အလင်းကို ထုတ်ဖော်စရာ လိုလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း... အရာ အားလုံးမှာ လွဲမှားသည့် နည်းလမ်း တစ်ခု အတိုင်း ဆန့်ကျင်ဘက်သို့ လျှောက်လှမ်း သွားခဲ့သည်။ တတိယကပ်ဘေးကို ဖြတ်ကျော်ပြီးမှ အခြား မဆင်ခြင်သည့် ဆုံးဖြတ်ချက် တစ်ခုကြောင့် သေဆုံးရသည် ဆိုလျှင် ၎င်းမှာ ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသတစ်ခု ဖြစ်ပေလိမ့်မည်။
“ငါ့အမှားလည်း ပါတယ်...”
ဧဒင်ကလည်း ဝန်ခံလိုက်၏။ ဤကိစ္စတွင် သူသည်လည်းပဲ တာဝန်ရှိသည်ဟု ခံစားနေရသည်။ အကယ်၍ သူသာ သတိရှိနေခဲ့ပါက နိဗာန မီးတောက်များ ပေါက်ကွဲခြင်း မပြုမှီ အလွယ်တကူ ဝင်ရောက် ထိန်းသိမ်းနိုင်ခဲ့လိမ့်မည် ဖြစ်သည်။
“ကလန့်...”
ဘုရင်ကလည်း တာဝန်ယူဖို့ မရှောင်ခဲ့ချေ။ သူ့ထံတွင် ပိုင်လင်၏ အမတေ သွေးစက်ကို ဖျက်ဆီးကာ နိဗာန မီးတောက်များကို ငြိမ်းသတ်နိုင်သည့် အစွမ်း ရှိခဲ့သော်လည်း နာကျင်မှုများ အတွင်းတွင်ပင် အသိစိတ် တစ်ခုလုံး ဆုံးရှုံးကာ နစ်မြုပ် နေခဲ့သည်။ အကယ်၍ အိုရီသာ အပြင်ကို တွန်းမထုတ်ခဲ့ပါက သူ ကိုယ်တိုင်သည်ပင် ထိုမီးတောက်များ၏ တိုက်စားမှုဒဏ်ကို ခံနေရမလား မပြောတတ်ချေ။
“ဟမ့်...”
ခရာတိုက ဟိန်းဟောက်သံ တစ်ချက် ထုတ်လွှတ်ကာ နှာခေါင်းရှုံ့လိုက်၏။ သူ၏ အမူအရာက တောင်းပန်မှု အားလုံးကို လက်ခံ နေသလိုမျိုးပင်။
“...”
“...”
“...”
ရုတ်တရက် အားလုံး၏ အာရုံများက သူ့အပေါ် စုပြုံကျရောက်လာသလို ခရာတို ခံစားလိုက်ရသည်။ သူက မခံချိ မခံသာ ဟိန်းဟောက်သံ တစ်ခုလို ထုတ်လွှတ်၏။
“တောင်းပန်တယ်... တောင်းပန်တယ်... ပျော်ရဲ့လား...”
သူက စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လိုက်ရင်း ရှက်ယမ်းယမ်းကာ နှလုံးသား အတွင်း တိုးဝင် သွားတော့သည်။ သို့သော်လည်း... အားလုံးထဲတွင် အပျက်ကွက်ခဲ့ဆုံး၊ အလှစ်ဟာခဲ့ဆုံးက သူ ကိုယ်တိုင်သာ ဖြစ်ကြောင်း ခရာတိုကို သိပေသည်။
အချိန်နှင့် အာကာသတို့ကို ဆုပ်ကိုင်ထားနိုင်သည့် ဟင်းလင်းပြင် နဂါး ကြယ်တာရာ ဝိညာဉ် တစ်ယောက် အနေဖြင့် သူ့ထံတွင် ၎င်းကို တားဆီးနိုင်သည့် နည်းလမ်းများစွာ ရှိပေသည်။ သို့သော်လည်း လက်တွေ့တွင်တော့ သူ၏ အသိစိတ် တစ်ခုလုံးမှာ နာကျင်မှုများ အတွင်းတွင်သာ ပိတ်မိနေခဲ့ကာ ပြဿနာကို ဖြေရှင်းရာတွင် နည်းနည်းလေးမျှ ကူညီပေးနိုင်ခဲ့ခြင်းပင် မရှိပါချေ။
“ဟီး... ဟီး...”
အိုရီက ရယ်လိုက်၏။ သူ့ အသံထဲမှ မိမိကိုယ်ကို အပြစ်တင်သည့် ခံစားမှုများမှာ ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။
“ရပါတယ်... ငါတို့ အားလုံး မှားခဲ့ကြတယ် ဟုတ်တယ် မလား... ဘာပဲဖြစ်ဖြစ် အခုလည်း ငါတို့တွေ အတူတူ ဆက်ပြီး ရှိနေနိုင်သေးတယ်လေ... အဲဒါက အဓိကပဲ”
အိုရီ၏ စကားလုံးများက ဝေ့ဝူယင်နှင့် အခြား ကြယ်တာရာ ဝိညာဉ် သုံးခုကို ခံစားချက်လှိုင်းများနှင့် ထုံလွှမ်း သွားစေခဲ့၏။
မှန်ပေသည်။ သူတို့ ပြင်းထန်ခဲ့သည့် ကပ်ဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။ အမှားများ ကိုယ်စီ ကျူးလွန်ခဲ့ကြသည်။ ပြန်လည်၍ ဖြေရှင်းခဲ့ကြသည်။ သင်ခန်းစာ ယူသင့်သည်များကိုလည်း ယူနိုင်ခဲ့သည်။ ထိုအရာ အားလုံးထက် ပိုမို၍ အရေးကြီးသည့် အရာက သူတို့ အားလုံး အတူတူ ဆက်၍ ရှိနေနိုင်ကြခြင်း ဖြစ်သည်။
တစ်ခဏမျှ ဆက်လက် စကားပြောဆိုကြပြီးနောက် သူတို့ အကြားရှိ လေထုမှာ မချင့်မရဲ ဖြစ်မှုနှင့် အပြစ်တင်မှုများ ကင်းစင်သွားကာ ပုံမှန် အခြေအနေကို ပြန်လည် ရောက်ရှိသွားခဲ့သည်။
ထိုအခိုက်၌ ပိုင်လင်မှာ ဝေ့ဝူယင်ကို အတောင်ပံများနှင့် ပွေ့ဖက်ရင်း အိပ်မောကျ နေခဲ့လေသည်။ တတိယမြောက် ကပ်ဘေး၏ နာကျင်မှုများကို တွန်းလှန်ရင်း တစ်ချိန်တည်း၌ ဒုတိယမြောက်စိတ်အား ပြန်လည် ထူထောင်ရန်နှင့် ဧဒင် နန်းတော် အတွင်း နေရာချထားရန် ဝေ့ဝူယင် အတွက် အချိန် နှစ်လတိုင်တိုင် ကြာမြင့်ခဲ့သည်။ ထိုကာလများ အတွင်း၌ ပိုင်လင်မှာ ဝေ့ဝူယင်၏ နံဘေးတွင်ပင် တစ်ချိန်လုံး ရှိနေခဲ့သည်။
“ဒီနေရာက ဘယ်နေရာလဲ...”
ဝေ့ဝူယင်မှာ ပိုင်လင်ကို မနှိုးပါချေ။ ထို့အစား အပျက်အစီ မန်နာများနှင့်သာ ပြည့်နှက်နေသည့် ပတ်ဝန်းကျင်ကိုသာ အာရုံစိုက် လိုက်သည်။
ပုံမှန်အားဖြင့် ဆိုလျှင် အမှောင် ဟင်းလင်းပြင်မှာ သေမျိုးတစ်ယောက်ကို မျက်တောင် တစ်ခပ်စာ အတွင်း ဘာမှ မကျန်တော့သည် အထိ တိုက်စားပစ်နိုင်အောင် အေးစက်ပေသည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ အစစ်အမှန် ဟင်းလင်းပြင် နဂါးတစ်ပိုင်း ခန္ဓာကိုယ်နှင့် မူလ အဆင့် မန်နာ ထိန်းချုပ်နိုင်စွမ်းကို ပိုင်ဆိုင်ထားလေရာ အပျက်အစီး မန်နာများ အတွင်တွင်ပင် လုံလုံခြုံခြုံ နေနိုင်စွမ်း ရှိပေသည်။
သို့သော်လည်း... ဤနေရာကို ဧည့်ဝတ်မကျေသည့် နေရာ အဖြစ် တင်စားနိုင်လိမ့်မည် ဖြစ်သည်။ ပတ်ဝန်းကျင် အတွင်း စိမ့်ဝင်နေသည့် အပျက်အစီး မန်နာများမှာ နှိုင်းယှဉ်၍ မရနိုင်အောင် ထူထပ်လွန်းလှကာ အလင်း အသွင် သဏ္ဌာန် မျိုးစုံနှင့် ဝိညာဉ် အာရုံတို့ကိုပင် တားဆီးနိုင်သည်။ အကယ်၍ ဝေ့ဝူယင်သာ မူလ အဆင့် မန်နာ ထိန်းချုပ်နိုင်စွမ်းကို ပိုင်ဆိုင် မထားပါက... အစစ်အမှန် ဟင်းလင်းပြင် နဂါး၏ အာရုံများနှင့်ပင် ဘာကိုမှ မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
“လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်တောင် ဒီနေရာမှာ အသက်ရှင်ဖို့ လွယ်ပါ့မလား...”
ဝေ့ဝူယင် သံသယဖြင့် တွေးလိုက်မိ၏။ ၎င်းက ကြယ်ရောင် မလင်းသည့် ညတွင် လွင်တီးခေါင်ပြင် တစ်ခု၌ သေမျိုးတစ်ယောက် လမ်းပျောက်နေသည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း... သူ့ လိုမျိုး မူလ အဆင့်ကို ပိုင်ဆိုင်ထားကြသူများနှင့် ကောင်းကင်ရှန့်ထိုများကတော့ ကောင်းစွာ ရှင်သန်နိုင်လိမ့်မည် ဖြစ်ကြောင်း ဝေ့ဝူယင် သံသယ မရှိပါချေ။
ဤနေရာရှိ မန်နာ သိပ်သည်းဆမှာ ပုံမှန် မဟုတ်ပဲ ရက်စက် ကြမ်းကြုတ် လွန်းလှသည်။ မန်နာများကို ထိုအဆင့်ထိ သိပ်သည်းနိုင်လျှင် မြေကြီး ရှန့်ထိုနှင့် လောက ရှန့်ထို အဆင့်များကိုပင် ထိခိုက်အောင် လုပ်နိုင်သည်ဟု ဝေ့ဝူယင် ခံစားလိုက်ရသည်။ ထိုအခါကျလျှင် သူ၏ တိုက်ခိုက်ရေး စွမ်းအားမှာ မြေကြီးရှန့်ထို အဆင့်များကိုပင် ယှဉ်နိုင်လာလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ၎င်းမှာ လက်ဆုပ်လက်ကိုင် ပြနိုင်ရန် ခက်ခဲလှသည့် သီအိုရီ တစ်ခုသာ ဖြစ်ပေသည်။
***