← Chapters

နိဗာန

Vol. 89 Ch. 1243

နိဗာန

Vol. 89 Ch. 1243

ပိုင်လင် တစ်ယောက် အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေထဲတွင် ဝေ့ဝူယင် တစ်ခါမှ မမြင်ဖူးသည့် ပုံစံဖြင့် ငြိမ်းချမ်းစွာ အနားယူ နေခဲ့လေသည်။ သူမ၏ အိပ်မောကျနေသည့် ခန္ဓာကိုယ်ထံမှ စစ်မှန်သည့် တည်ငြိမ် အေးချမ်းမှုနှင့် သက်တောင့်သက်သာ ရှိမှု အငွေ့အသက်များကို ဝေ့ဝူယင် ခံစားနိုင်ပေသည်။ ထိုအခိုက်၌ ပိုင်လင်မှာ ကောင်းကင်ကဲ့သို့ ခမ်းနား လှပလွန်းလှကာ ဒဏ္ဍာရီလာ နတ်ဘုရားမ တစ်ပါးနှင့်ပင် တူနေခဲ့သေးသည်။ သူမအား နှောက်ယှက်ခြင်းက နတ်ဘုရားများအား စော်ကားခြင်းနှင့် ထပ်တူညီသည့် ပြစ်ဒဏ်မျိုး ရှိနေသလိုပင်။

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။ ဤနေရာ၌ သူ့ခန္ဓာကိုယ် အတွင်းရှိ သွေးမျိုးဆက် စွမ်းအင် စီဆင်းမှုမှာ အလွန်တရာပင် ချောမွေ့လှကြောင်း သူ ခံစားလိုက်ရသည်။

“ခရာတို... မင်း ခံစားမိလား...”

ဝေ့ဝူယင် ရင်ဘတ်ပေါ် လက်တင်ရင်း မေးလိုက်သည်။ နှလုံးသားဆီမှ ထွက်ပေါ်နေသည့် မိုးခြိမ်းသံ ကဲ့သို့ မြည်ဟီးသံများကို သူ ကောင်းစွာ ခံစားနိုင်ပေသည်။

“ခံစားမိတယ်...”

ခရာတိုက တစ်ခဏမျှ စဉ်းစားကာ ပြန်ဖြေလိုက်၏။

“အဲဒီ ခံစားချက်က ကျွန်တော့်ကို ချုပ်ထားတဲ့ သံကြိုးတစ်ကြိုးကို ဖယ်ရှားလိုက်သလိုမျိုးပဲ”

ထိုအရာက သူ ခံစားမိသည့် အတိုင်း အတိအကျပင်။ ဝေ့ဝူယင် မျက်လုံးများကို မှိတ်လိုက်ရင်း ခရာတိုကို၏ စကားကို သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း တစ်စုံတစ်ရာက ပျောက်ဆုံးနေသလို သူ ခံစားရသည်။ ထိုပျောက်ဆုံးမှုက သူ့အတွက်တော့ အနှောက်အယှက် မရှိပါချေ။

“တကယ်ဆိုရင် ဘာဆို ဘာမှ မရှိတဲ့ ဒီလို နေရာမျိုးမှာ နေရတာက ငါတို့ အတွက် မခံမရပ်နိုင်လောက်အောင် မသက်မသာ ဖြစ်သင့်တယ် မလား...”

ဝေ့ဝူယင် မျက်လုံးများကို ပြန်ဖွင့်ရင်း မေးလိုက်သည်။

“ဒါပေမဲ့ အခု ဘာမှ မဖြစ်ဘူး... မင်းတို့ရော အတူတူပဲ ခံစားရလား”

"ကလန့်...”

ဘုရင်က ချက်ချင်းပင် သဘောတူလိုက်၏။ သို့သော်လည်း... သူ၏ လေသံက သံသယ အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင် ခံစားခဲ့ရသည့် အရာကို သူတို့လည်း ခံစားခဲ့ရသည်။ ထိုခံစားချက်က ပုံမှန်နှင့် မတူပဲ အတော်လေး ထူးဆန်းလှသည်။

“အမှန်ပဲ... ကျုပ်လည်း ဘယ်လို မသက်သာတာမျိုးကိုမှ မခံစားရဘူး”

ဧဒင်ကလည်း လေးနက်သည့် လေသံဖြင့် ဆိုလိုက်၏။

“အဲဒါ ဘာလို့လဲ...”

အိုရီက မေးလိုက်၏။ ဝေ့ဝူယင်မှာ တိကျစွာ ထောက်ပြနိုင်ခြင်း မရှိပါချေ။ သို့သော်လည်း ခန့်မှန်းကြည့်ရလျှင် ၎င်းမှာ တာအိုများကြောင့်ပင် ဖြစ်နိုင်ပေသည်။ အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေမှာ သေမျိုး တာအိုနှင့် လျှို့ဝှက် တာအိုတို့ အပါအဝင် ကောင်းကင်မှ စွန့်ပယ်ထားသည့် နေရာတစ်ခု ဖြစ်သည်။ ၎င်းကို တာအို ဆိုသည့် မှင်များနှင့် မညစ်ညမ်းသေးသည့် ဗလာစာရွက် တစ်ရွက်ဖြူ တစ်ခုဟု သတ်မှတ်နိုင်လိမ့်မည် ဖြစ်စည်။

ခရာတို ဆိုလျှင် အပေါင်း လက္ခဏာ ဆောင်သည့် လွှမ်းမိုးမှုများကိုပင် ခံစားခဲ့ရသည်။ ၎င်းက သူ့ ခန္ဓာကိုယ်ကို ချုပ်နှောင်ထား သံကြိုးများအား ဖယ်ရှားလိုက်သည်နှင့် အတူတူဟု ဆိုသည်။ ပိုင်လင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေသည့်ပုံကို ကြည့်ရပါက သူမသည်လည်း အလားတူပင် ခံစားနေရသည့်ပုံ ပေါ်သည်။ များစွာသော မေးခွန်းများမှာ ဝေ့ဝူယင် စိတ်အတွင်း ပေါ်လာခဲ့၏။ အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ ဆိုသည့် ဝေါဟာရကို ကောင်းကင် စစ်ဝိညာဉ် ပြောဆိုခဲ့သည့် စကားလုံးများနှင့်တော့ အဓိပ္ပာယ် ဖွင့်ဆို၍ မရနိုင်ကြောင်း ဝေ့ဝူယင် စိတ်ထဲတွင် ကျိန်းသေ နေပေသည်။

“အခု ကျုပ် အဆင့်မြှင့်နိုင်လိမ့်မယ်လို့ ခံစားနေရတယ်...”

ရုတ်တရက် ခရာတိုက ဆိုလိုက်၏။ သူ၏ အသံက လေးနက်မှု၊ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက် နေသည်။

“အဆင့်မြှင့်နိုင်လိမ့်မယ်...”

ဝေ့ဝူယင် အနည်းငယ် အံ့အားသင့် သွားခဲ့၏။

“မင်းရဲ့ ကောင်းကင်သက်ရှိ အမှတ်အသားကို ပြောတာလား...”

ဝေ့ဝူယင်၏ နှလုံးသား ထက်ရှိ ကောင်းကင် သက်ရှိ အမှတ်အသားမှာ ခရာတို တည်ရှိနေခြင်း၏ အခြေခံပင် ဖြစ်သည်။ ဝေ့ဝူယင် ၎င်းကို အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း နည်းလမ်းဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ခရာတိုမှာ သွေးစက် နှလုံးသား တစ်ခု အနေဖြင့် စတင်ခဲ့ကာ ဖြည်းညင်းစွာပင် လက်ရှိ အခြေအနေသို့ ရောက်သည် အထိ ကြီးထွားလာခဲ့သည်။

ကောင်းကင်သက်ရှိ အမှတ်အသားတွင် အဆင့် သုံးဆင့် ရှိသည်။ တစ်ဆင့်ချင်းစီတွင်လည်း တိုးတက်မှု အဆင့် ခုနစ်ဆင့် ပါဝင်သည်။ မူလ အဆင့် သုံးဆင့်ကတော့ သေမျိုး အဆင့်၊ လျှို့ဝှက် အဆင့်နှင့်၊ တန်ခိုးရှင် အဆင့်တို့ ဟူ၍ပင် ဖြစ်သည်။ ၎င်းတို့မှာ သွေးမျိုးဆက်၏ အရည်အသွေး နှစ်ခု ဖြစ်သည့် သန့်စင်မှုနှင့် စွမ်းအင်တို့ အပေါ် အခြေခံ နေပေသည်။

အဆင့်ငယ် တစ်ခုချင်းစီမှာလည်း ပေါ့သေးသေးတော့ မဟုတ်ချေ။ တစ်ဆင့်ကို ဖြတ်ကျော်နိုင်သည်နှင့် သွေးမျိုးဆက် စွမ်းအင်များ နိုးထလာနိုင်လိမ့်မည် ဖြစ်သည်။ ဥပမာ အားဖြင့် ဝေ့ဝူယင်၏ အဆုံးမဲ့ ဟင်းလင်းပြင် တောင်ပံများ၊ ဟင်းလင်းပြင် ပုံဆောင်ခဲခြင်း၊ ဟင်းလင်းပြင် မီးတော် စသည့် စွမ်းရည်များမှာ ထိုကဲ့သို့ နည်းလမ်းဖြင့် ရရှိလာခြင်း ဖြစ်သည်။

သေမျိုးအဆင့် ခုနစ်ထဲကို ဝေ့ဝူယင် ရောက်ရှိခဲ့သည်မှာ အလွန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လက်ရှိ၌ ခရာတိုမှာ သေမျိုး အကန့်အသတ်၏ အထွတ်အထိပ်တွင် ရှိနေသည်ဟု ဆိုနိုင်ပေသည်။

“လျှို့ဝှက် သင်္ကေတ မျိုးစေ့တွေရဲ့ လျှို့ဝှက် စွမ်းအင် မရှိပဲနဲ့ ကောင်းကင် သက်ရှိ အမှတ်အသားကို လျှို့ဝှက် အဆင့်ရောက်အောင် ကျုပ် ဘယ်လိုမှ မမြှင့်တင်နိုင်ဘူး... လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ ကျုပ် တစ်ကြိမ်နှစ်ကြိမ် ကြိုးစားကြည့်ခဲ့ဖူးတယ်... ဒါပေမဲ့ အမြဲတမ်း ကျုပ်ကို တားဆီးထားတဲ့ အချုပ်အနှောင်တွေ ရှိတယ်လို့ ခံစားခဲ့ရတယ်...”

ခရာတိုက သုန်မှုန်စွာပင် ဆိုလိုက်၏။ သူ၏ အသံက ဖိနှိပ်ခံ တစ်ယောက်၏ မချင့်မရဲ ဖြစ်မှု၊ ‌စိတ်ပျက်မှုတို့နှင့် ထုံလွှမ်း နေသည်။

"သေမျိုးတာအိုနဲ့ လျှို့ဝှက် တာအို...”

ခရာတို၏ မှတ်ဉာဏ်များကို ကြည့်ရှု လိုက်ပြီးနောက် အချုပ်အနှောင် ဆိုသည့် အရာက သေမျိုး တာအိုနှင့် လျှို့ဝှက် တာအိုတို့ပင် ဖြစ်ကြောင်း ဝေ့ဝူယင် ကောက်ချက် ချလိုက်နိုင်သည်။ ကောင်းကင် တာအို၏ စည်းမျဉ်းများ အရ ဝေ့ဝူယင်မှာ သေမျိုး အကန့်အသတ် အတွင်းတွင်သာ တည်ရှိနေပေသေးရာ လျှို့ဝှက် ကောင်းကင် သက်ရှိ အမှတ်အသားကို ပိုင်ဆိုင်ခွင့် ရဦးမည် မဟုတ်ချေ။

“မင်း အခု လွတ်သွားပြီလား... လုပ်လေ... ဘာစောင့်နေတာလဲ... အဆင့်တက်တော့”

အိုရီက စိတ်လှုပ်ရှားစွာဖြင့် တိုက်တွန်း လိုက်၏။

“...”

သို့သော်လည်း ခရာတိုကတော့ ငြိမ်သက်၍သာ နေခဲ့သည်။

"ဘာလို့လဲ... ဘာ ပြဿနာ ရှိလို့လဲ...”

အိုရီက နားမလည်ဟန်ဖြင့် မေးလိုက်၏။ ခရာတိုက အဆင့် မတက်ချင်သည်လား။

"ငါတို့ လုပ်လို့ မရဘူး... ငါတို့ရဲ့ လက်ရှိ အဆင့်နဲ့ ကောင်းကင်သက်ရှိ အမှတ်အသားကို အဆင့်မြှင့်လိုက်တာက နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် ဆေးလုံးကို သောက်လိုက်တာနဲ့ အတူတူပဲ... သေမျိုး ဆန္ဒကို ဆန့်ကျင် မိလိမ့်မယ်... လျှို့ဝှက် တာအိုထဲကို ခွင့်ပြုချက် မရပဲ ဝင်မိလိမ့်မယ်”

ဝေ့ဝူယင်က တည်ငြိမ်စွာပင် ရှင်းပြလိုက်၏။ အိုရီက “ဪ...” ဟူသည့် အသံ တစ်ခု ပြုကာ တောင်းပန်စကား ဆိုလိုက်သည်။

“ကိစ္စ မရှိပါဘူး... ငါ စောင့်နိုင်တယ်...”

ခရာတိုက ဆိုလိုက်၏။ သို့သော်လည်း သူ့အသံထဲမှ ရုန်းထွက်လိုမှုကို လူတိုင်း ရှင်းလင်းစွာပင် ခံစား နိုင်ပေသည်။

"...”

ဝေ့ဝူယင်နှင့် ကြယ်တာရာ ဝိညာဉ်များ အကြားတွင် တိတ်ဆိတ်မှုက ပြန်လည် မင်းမူသွား၏။ သို့သော်လည်း ဝန်းကျင် တစ်ခုလုံးကတော့ ပိုမို၍ပင် လေးပင်လာခဲ့သည်။ အိုရီနှင့် ဘုရင်တို့မှာ အသွင်ပြောင်းလဲခြင်း ဖြစ်စဉ် အသီးသီးထဲကို ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သည့် လူတစ်ယောက် အနေဖြင့် ခရာတိုသည်လည်း သူ့ကိုယ်သူ အဆင့်မြှင့်ချင်နေပြီ ဖြစ်သည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ ထိုသတ္တဝါလေးကောင်၏ မိဘ လုပ်ရသည်မှာ အမှန်တကယ်ပင် မလွယ်ကူလှချေ။ သူတို့၏ ရည်မှန်းချက်များကို ဖြည့်ဆည်းပေးရန် အတွက် သူ သည်ထက်ပို ကြိုးစားရဦးမည် ဖြစ်သည်။

ခန္ဓာကိုယ်၊ အသိစိတ် ပင်လယ်နှင့် ကျင့်ကြံခြင်း ဝိညာဉ် လေခု အပြည့်အဝ အလုပ်လုပ် နေကြောင်း သေချာစေပြီး နောက်တွင် ဝေ့ဝူယင် ပိုင်လင်ကို ညင်သာစွာ ပုတ်ကာ နှိုးလိုက်သည်။

“ဂီး... ဂီး...”

ပိုင်လင်မှာ ချက်ချင်းပင် နိုးလာခဲ့ကာ ဝေ့ဝူယင် ပြန်လည် သတိရနေပြီ ဖြစ်ကြောင်း သ‌ဘောပေါက် သွားခဲ့သည်။ သူမက ချက်ချင်းပင် ဝေ့ဝူယင်ကို စိတ်စွမ်းအင်ဖြင့် ဆက်သွယ်လိုက်၏။

“သခင် နိုးလာပြီ... သခင်နိုးလာပြီ...”

ထိုမီးဖီးနစ်ကား မျက်ရည်များပင် ကျလုလု ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမက ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို နူးညံ့သည့် သားမွေးများနှင့် ပွေ့ဖက်လိုက်ရင်း အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ အတွင်း ခန္ဓာကိုယ်ကို လှည့်ပတ် ပျံသန်း လိုက်သည်။

“ကျွန်တော် စိုးရိမ်နေခဲ့တာ... သခင့်ရဲ့ ခန္ဓာကိုယ်မှာ မီးတွေ ထတောက်လာတော့ သခင့်ကို ကျွန်တော် ကိုယ်တိုင် မီးလောင်တိုက် သွင်းမိလိုက်ပြီ လို့ ထင်နေတာ...”

ပိုင်လင်၏ အသံက တောင်းပန်လိုမှုများနှင့် ပြည့်နှက် နေခဲ့၏။ သူမမှာ ဝေ့ဝူယင်ကို နိဗာန မီးတောက်များနှင့် ကူညီရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းကပင် ထျန်းတျန် အတွင်းရှိ အမတေ သွေးစက်အား လှုပ်နှိုးမိသလို ဖြစ်စေခဲ့သည်။ ထို့နောက်တွင်တော့ ဝေ့ဝူယင် ခန္ဓာကိုယ် တစ်ခုလုံး မီးတောက်မီးလျှံများနှင့် ပြည့်နှက် သွားခဲ့သည်။ ဝေ့ဝူယင် အန္တရာယ် တစ်ခုခု ဖြစ်သွားမှာ သူမ အလွန် စိုးရိမ် နေခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင် ပိုင်လင်၏ အတောင်ပံများကို ပွတ်သပ်လိုက်၏။

“ငါ ဘာမဖြစ်တော့ပါဘူး... အားလုံး ပြေလည်သွားပြီပဲ”

ပိုင်လင်အား နှစ်သိမ့်ပေးရန် အတွက် ထိုအရာက သူမ အမှား မဟုတ်ဟု ဝေ့ဝူယင် မလိမ်ခဲ့ချေ။ သူမကို ဝေ့ဝူယင် မလိမ်ချင်ပေ။ ထိုအရာက သူတို့ နှစ်ယောက် အကြားတွင် ရှိသည့် ရိုးသားမှု ဖြစ်ပေသည်။

“မင်းရဲ့ မီးတောက်တွေကြောင့်ပဲ ငါ့ကျင့်ကြံခြင်းမှာ အဆင့် တစ်ချို့ကို ချိုးဖျက် နိုင်ခဲ့တယ်လေ... မဆင်မခြင် လုပ်ခဲ့တယ် ဆိုပေမဲ့ ကျေးဇူးတင်ပါတယ်”

ဝေ့ဝူယင် ပြုံးရင်း ဆိုလိုက်၏။ ပိုင်လင်က သူမ၏ လည်တိုင်ရှည်ကို လှည့်ရင်း ရွှေရောင် တလက်လက် တောက်ပနေသည့် မျက်ဝန်းများနှင့် ဝေ့ဝူယင်ကို စစ်ဆေးလိုက်သည်။

“အဆင့် ချိုးဖျက် နိုင်ခဲ့တယ် ... ဟုတ်လား”

ဝေ့ဝူယင်က‌ ခေါင်းတစ်ချက် ညိတ်လိုက်၏။ ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အိုရီ၏ စွမ်းအား အသစ်ကို ထိတွေ့လိုက်သည်။ ချက်ချင်းပင် ထူးဆန်းသည့် မီးတောက်များမှာ သူ့ စွမ်းအင် သွေးကြောများ တစ်လျှောက် စီးဆင်း ထွက်ပေါ်လာ၏။

ရှဲ... ရှဲ...

ချက်ချင်းဆိုသလိုပင် ထိုမီးတောက်များမှာ အပျက်အစီး မန်နာကို တရှိတ်ရှိတ် လောင်ကြွမ်း သွားသည်။ ၎င်းက လက်သီးဆုပ်လောက် ပမာဏသာ ဖြစ်သည့်တိုင် ပိုင်လင်၏ မျက်လုံးများက ပြူးကျယ်သွား၏။

“အဲဒါက...”

သူမက ထိတ်လန့် တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်၏။ ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်ရင်း လက်ဝါးကို ဖြန့်ပြလိုက်၏။ ထိုအခါ သူ့ လက်ဝါးထက်တွင် အသက်စွမ်းအင် ပြည့်ဝနေသည့် အဖြူရောင် မီးတောက် တစ်ခု ခိုအောင်းနေကြောင်း တွေ့လိုက်ရသည်။

“နိဗာန မီးတောက်...”

အစပိုင်း၌ ပိုင်လင်မှာ မသေမချာ ဖြစ်နေသေးသော်လည်း အဖြူရောင် မီးတောက် ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသော အခိုက်တွင်တော့ ထိုအရာက နိဗာန မီးတောက်များပင် ဖြစ်ကြောင်း ရာနှုန်းပြည့် သေချာ သွားခဲ့သည်။

ရုတ်တရက် ဝေ့ဝူယင်က လက်ချောင်းများကို ထူးဆန်းစွာ ရွေ့လျားလိုက်ရာ အဖြူ‌ရောင် မီးတောက်မှာ အသွင်ပြောင်း သွား၏။

ခရက်...

၎င်းက အဖြူရောင် လျှပ်စီးလုံး တစ်ခု အဖြစ် ဖွဲ့စည်းလာသည်။ ၎င်းမှာ လျှပ်စီးနှင့်မီး နှစ်ခုစလုံးဖြင့် ပေါင်းစပ် လောင်ကြွမ်းနေဟန် ရကာ အသက် စွမ်းအင် အော်ရာများကို သယ်ဆောင်ထားပေသည်။

“နိဗာန လျှပ်စီး...”

ပိုင်လင် ကြည့်နေစဉ်မှာပင် ဝေ့ဝူယင်၏ လက်ထဲရှိ စွမ်းအင်များမှာ နိဗာန ရေစွမ်းအင် အဖြစ် ပြောင်းလဲ သွားပြန်၏။ ၎င်းက အပေါ်ယံအားဖြင့် ရေဖြစ်သည့်တိုင် အတွင်းတွင်တော့ အဖြူရောင် မီးတောက်များမှာ တောက်‌လောင်နေဆဲ ဖြစ်သည်။ တစ်နည်းအားဖြင့် ရေနှင့် မီး ဒြပ်စင် နှစ်ခုကို အချိုးကျကျ ပေါင်းစပ်ထားသလိုမျိုးပင်။

***

All Chapters