အခန်း (၄၆၃)
Vol. 32 Ch. 463
ကျွင်းချောင်ရှောင်းသည် ဟယ်ဝူတီ၏ သန္ဓေအားအင်ကို တန်ဖိုးထား၏။ ဟယ်ဝူတီသည် ယခုမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ဤကုန်းမြေတိုက်ကြီးနှင့်ပတ်သက်၍ အရာအားလုံးကို နားလည်နိုင်ရန် လိုအပ်နေ၏။ နှစ်ယောက်သားသည် မိမိလိုအပ်ချက်နှင့် ကိုက်ညီနေသည်ဟု ခံစားမိလိုက်ကြ၏။ ဤအရာသည် ကောင်းကင်၏ ဆန္ဒပင် ဖြစ်ပေလိမ့်မည်။
“သွားကြစို့”
ကျွင်းချောင်ရှောင်းသည် သားကောင်ဖမ်း ဘောလုံးကို ထုတ်ယူ၍ ခရမ်းရောင်လျှပ်စီးသားရဲအား ဆင့်ခေါ်လိုက် ၏။
“ငါနဲ့အတူ တောင်ပြာဂိုဏ်းကိုလိုက်ခဲ့”
တပည့်အဖြစ် လက်ခံပြီးပြီဖြစ်သောကြောင့် ညီငယ်လေးဟု ထပ်မံမခေါ်တော့ပေ။
“လျှပ်စီးအမျိုးအစား သားရဲပါလား”
ဟယ်ဝူတီသည် အံ့အားသင့်မိသွား၏။ “ဒီကောင်လေးက ငယ်ရွယ်တယ်ဆိုပေမဲ့ အရမ်းကို ရှားပါးလွန်းတဲ့ သားရဲမျိုးကို ပိုင်ဆိုင်တယ်၊ သူက မရိုးရှင်း လောက်ဘူး”
“ဂိုဏ်းချုပ်”
သူမေးလိုက်သည်။ “ကျွန်တော်နောက်ကနေ ပြေးလိုက်ရမှာလား”
ဟယ်ဝူတီသည် အဆင့်မြင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ခဲ့ဖူးသူဖြစ်၏။ သို့ပေမဲ့သူသည် မာနမကြီးလှပေ။ လက်ရှိအချိန် မှာတော့ သူသည် သုညဘဝသို့ ရောက်ရှိသွားခဲ့ပြီဆိုသည့်အကြောင်းအား လက်ခံထား၏။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ မိမိကိုယ်ကို တပည့်တစ်ယောက်အဖြစ် လက်ခံထားရှိ၏။
သူသည် ရီရှင်းချန်ထက် ပိုမို၍အားကောင်းသည်ဟု ဆိုရမည်။ ရီရှင်းချန်မှာမူ ပြန်လည်မွေးဖွားလာသည့်နောက်မှာ တော့ သိုင်းအင်ပါယာတစ်ယောက်ကဲ့သို့ တွေးထင်ပြီး အလွန်တရာ အားကောင်းလှသူအဖြစ် မိမိကိုယ်ကိုယ် အထင်ကြီးခဲ့၏။ နောက်ဆုံးမှာတော့ ဂိုဏ်းချုပ်ကျွင်း၏ ဘောလုံးနှင့် ကန်ခြင်းကို ခံခဲ့ရလေသည်။
ဤတော့ လောကကြီးတွင် အသက်ရှင်နေထိုင်ဖို့ဆိုသည်မှာ တစ်စုံတစ်ယောက်အနေဖြင့် လိုက်လျောညီထွေရှိဖို့၊ ပတ်ဝန်းကျင်နှင့်အသားတကျရှိဖို့ လိုအပ်သည်ကို သိရှိထားသင့်၏။
ဟယ်ဝူတီသည် လက်ရှိတွင် ပြဿနာ ကြုံနေရသူဖြစ်သည်။ သို့ပေမဲ့ သူသည် ကောင်းမွန်သည့် စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထား၏။ အချိန်အတိုင်းအတာ တစ်ခုအတွင်း အမြင့်ဆုံးအဆင့်သို့ ပြန်လည်ရောက်ရှိလာမည်မှာ သေချာလှသည်။
အကယ်၍ ရီရှင်းချန်သည်သာ ဂိုဏ်းချုပ်ကျွင်းနှင့် မတွေ့ဆုံပဲ သံမဏိအရိုးဂိုဏ်းထဲသို့ မဝင်ဖြစ်ပါက ပိုမိုဖွံ့ဖြိုး တိုးတက်လာဖို့ဆိုလျှင် လောကကြီးထဲသို့ လျှောက်သွားပြီး အလွန်တရာများပြားလှသည့် အလှည့်အပြောင်းများကို ဖြတ်ကျော်ရင်ဆိုင်ခဲ့ရမှာဖြစ်သည်။ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန် အချိန်အလွန်ကြာမြင့်ပေလိမ့်မည်။
ဟုတ်ပေသည်။ ဟယ်ဝူတီသည် အားကောင်းလှ၏။ သို့ပေမဲ့ သူ့နေထိုင်ခဲ့ရသည့် ဂြိုလ်ကြီးတွင် ထိပ်ဆုံးအဆင့်၌ ရှိခဲ့သူမဟုတ်ပေ။ ထို့ကြောင့် အသက်ရှင်လွတ်မြောက်နိုင်ဖို့အတွက် ရေလိုက်ငါးလိုက် နေထိုင်တတ်သည်ဟု ဆိုရပေမည်။ သူ့တွင် ထိုကဲ့သို့သော ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထား၏။
ညအင်ပါယာမှာမူ ခြားနားလှသူဖြစ်၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းအင်ပါယာဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်ခဲ့ဖူးသူမို့ အားအင် အကောင်းဆုံးတစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ သူသည် လောကကြီး တစ်ခုလုံး၏ ထိပ်ဆုံးကို ရောက်ရှိပြီး ရှိရှိသမျှသော လူအားလုံးကို မောက်မာခြင်းအပြည့်ဖြင့် အပေါ်မှ ငုံ့ကြည့်ကာ နေထိုင်ခဲ့သူဖြစ်သည် မဟုတ်လား။
ဖျောက်
ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးလိုက်၏။ ဟာရီကိန်းဝံပုလွေဘုရင်သည် အမှောင်ထဲတွင် ပုန်းအောင်း နေရာမှ ထွက်ပေါ်လာတော့၏။
“ဒါကိုစီးလိုက်” ကျွင်းချောင်ရှောင်းပြောလိုက်သည်။
ဟာရီကိန်းဝံပုလွေဘုရင် ရောက်ရှိလာသည်ကို မြင်ရချိန်မှာတော့ ဟယ်ဝူတီသည် ဆွံ့အသွား၏။ သူသည် တစ်စုံတစ်ခုကို ချက်ချင်းပဲ နားလည်သွား၏။ သူ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်လျက်ရှိ၏။
“ဂိုဏ်းချုပ်... ကျွန်တော့ကို လှည့်စားခဲ့တာလား”
“မလိုတာတွေ မပြောနဲ့တော့”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “မြန်မြန် ဒါကိုစီးလိုက်၊ အလျင်လိုနေပြီ”
တပည့်အဖြစ်လက်ခံပြီးပြီဖြစ်သောကြောင့် သူသည် ညီငယ်လေး၊ ညီငယ်လေးဟု တကြော်ကြော် ခေါ်မနေတော့ ချေ။ လက်ရှိအခြေအနေမှာတော့ ဤဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့ခြင်းသည် သူ့အနေဖြင့် ဝံပုလွေအုပ်ထဲသို့ ကျဆင်းသွားခြင်းနှင့်ဆင်တူလှသည်ဟု ဟယ်ဝူတီ ခံစားမိနေ၏။ သို့ပေမဲ့ ဤကောင်လေးသည် လျှပ်စီးအမျိုးအစား သားရဲကြီးကို ပိုင်ဆိုင်နေသည်ဖြစ်သောကြောင့် သံမဏိအရိုးဂိုဏ်းသည် အလွန်တရာအားကောင်းပေလိမ့်မည်။
“သဘောကျတော့လည်း ဆက်ပြီးလေ့ကျင့်တာပေါ့၊ ဒါမှမဟုတ် သာမန်ဂိုဏ်းတစ်ခုပဲဆိုရင် ထွက်ခွာသွားဖို့ အခွင့် အရေးကိုရှာရမယ်”
ဟယ်ဝူတီသည် ဟာရီကိန်းဝံပုလွေဘုရင်ကြီးအား စီးနင်းရင်း တီးတိုးရေရွတ်လိုက်မိ၏။ ဟာရီကိန်းဝံပုလွေဘုရင် သည် အလွန်တရာ မြန်သောနှုန်းဖြင့် ပြေးထွက်သွားတော့သည်။ သူသည် ဟန်ချက်ပျက်ကာ မြေပေါ်သို့ ပြုတ်ကျ လုမတတ် ဖြစ်သွားတော့သည်။
“ချီးတဲ့မှ၊ ငါက သာမန်လူတစ်ယောက်ဖြစ်နေပြီ၊ ငါ့ကို နည်းနည်းလောက် ဂရုစိုက်ပြီးတော့ ပြေးပါအုံး”
လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကြည်လင်သန့်ရှင်းသောအသံဖြင့် ပြောလိုက်၏။ “မှတ်ထား၊ သံမဏိအရိုးဂိုဏ်းရဲ့ ပထမဦးဆုံး ဆောင်ပုဒ်က သံမဏိအရိုးဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး သံမဏိအရိုးဂိုဏ်းရဲ့ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန်ပဲ”
စနစ်မှ ထပ်ပြောလိုက်၏။ “ထွက်ပြေးလွတ်မြောက်ခြင်းအဆောင်ကို အသုံးပြုခဲ့တဲ့အကြောင်းကော ထည့်မပြောတော့ဘူးလား”
“တော်စမ်း”
….....
တောင်ပြာဂိုဏ်း
သိုင်းဘုရင်နှစ်ယောက်နှင့် သိုင်းစစ်သူကြီး နှစ်ဆယ်တို့သည် ကျွင်းချောင်ရှောင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ၎င်းတို့၏ သိုလှောင်လက်စွပ်များကိုတော့ ရီချင်းရှန်သည် သိမ်းဆည်းသွားခဲ့ပြီဖြစ်၏။ သံမဏိအရိုးဂိုဏ်းတွင် တစ်နှစ်နီးပါးလေ့ကျင့်ခဲ့ပြီးသည့်နောက်တွင် သူသည် တစ်ဖက်လူ၏ ပစ္စည်းများကို မည်ကဲ့သို့ ရယူရမည်ဆိုသည်ကို ကောင်းကောင်းလေ့လာခဲ့ပြီးဖြစ်၏။
ဆွစ် ဆွစ်
မကြာခင်မှာပဲ ခရမ်းရောင်လျှပ်စီးသားရဲနှင့် ဟာရီကိန်းဝံပုလွေဘုရင်တို့သည် အပြင်ဘက်ဆီမှ ခုန်ဝင်လာ၏။
“ဂိုဏ်းချုပ်ကျွင်း”
အချိန်အတော်ကြာစောင့်ဆိုင်းနေသော ဂိုဏ်းချုပ်ယုသည် အလောတကြီးနှင့်ပြောလိုက်၏။ “ရွှေတင်းဖန် ထွက်ပြေးသွားလား၊ ဒါမှမဟုတ်...”
“သူ့ကိုသတ်လိုက်ပြီ” ကျွင်းချောင်ရှောင်းပြောလိုက်၏။
ဂိုဏ်းချုပ်ယု၏နှုတ်ခမ်းများသည် တုန်ရင်သွား၏။ ကျန်းယန်နိုင်ငံ၏ ဂိုဏ်း နှစ်ခုဆီမှ ရောက်ရှိလာသော ကျွမ်းကျင်သူများသည် အလွန်များပြားသည်ဟု ဆိုရပေမည်။ သို့ပေမဲ့ အားလုံးသည် သတ်ဖြတ်ခံခဲ့ရ၏။ တစ်ယောက်ကလေးမှ အသက်ရှင် မကျန်ခဲ့ပေ။ ဤအရာမှာ အလွန်အမင်း ကြမ်းတမ်းလွန်း လှ၏။
“ဒါ… ဒါက”
ဂိုဏ်းချုပ်ယု သည် ဟယ်ဝူတီအား လှမ်းကြည့်လိုက်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “သူက တပည့်တစ်ယောက်လေ၊ လမ်းမှာတွေ့လို့ ခေါ်လာတာ”
“……….” ဂိုဏ်းချုပ်ယု သည် အံ့အားသင့်မိသွား၏။ ကျွင်းချောင်ရှောင်းသည် ရွှေတင်းဖန်အား သတ်ဖြတ်ရန် သွားခဲ့သည့်အပြင် အပြန်လမ်းမှာတော့ တပည့်တစ်ယောက်ပင် လမ်းကြုံ ခေါ်ယူခဲ့သေး၏။ မည်ကဲ့သို့သော သောက်ကျိုးနည်းကိစ္စမျိုး ဖြစ်ပေါ်နေသနည်း။
ရီရှင်းချန်သည် ဟယ်ဝူတီအား လှမ်းကြည့်ကာ တွေးလိုက်မိသည်။ “သာမန်သေမျိုး လူသားလေးပဲ”
လုချင်းချင်းမှာလည်း အေးစက်စက်ရှိနေတုန်းပဲဖြစ်၏။
ဤနေရာတွင် စုရှောင်မိုနှင့် လီဖေးတို့သာရှိမည်ဆိုပါက တပည့်သစ်၏ ပခုံးအား အသာဖက်၍ အားရပါးရ စကားတွေ ပြောဆိုနေပေလိမ့်မည်။
“အကြီးအကဲမာ ဘယ်ရောက်သွားလဲ”
“သူ့ကို ဆေးကုသဖို့အတွက် ဆေးကုသဆောင်ဆီပို့ထားတယ်”
ကျွင်းချောင်ရှောင်းသည် ဆေးဟောခန်းမဆောင်ဆီသို့ အလောတကြီးသွားလိုက်ပြီး မာယွင်တန်အား အလယ် အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးတစ်လုံး တိုက်ကျွေးလိုက်၏။
“ဘာ... ဂိုဏ်းချုပ်ကျွင်းက သိုင်းဘုရင်အဆင့်ဖြစ်သွားပြီ ဟုတ်လား”
“ဘာ... သိုင်းဘုရင်သုံးယောက်နဲ့ သိုင်းစစ်သူကြီး အယောက်နှစ်ဆယ်ကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့တယ် ဟုတ်လား”
အကြီးအကဲမာသည် နိုးထပြီးသည့်နောက် ဝမ်တုံလင် ဆီမှ အရာအားလုံးကို သိရှိခဲ့ရ၏။ သူ၏ မျက်လုံးများသည် မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လျက်ရှိနေတော့သည်။
“ဂိုဏ်းချုပ်ယု”
အဓိကဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ကျန်းယန်နိုင်ငံရဲ့ ကျုးကျော်မှုက စတင်နေပြီ၊ ချင်းယန်မြို့ကို ကာကွယ်ဖို့အတွက် ဆုံးဖြတ်ထားတယ်၊ ဒီတော့ အရင် သွားလိုက်ပါအုံးမယ်”
“ဂိုဏ်းချုပ်ကျွင်းတောင်မှ မြို့သူမြို့သားတွေအတွက် အဆင့်ခြောက်နိုင်ငံတစ်ခုကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာပဲ၊ ကျုပ်ခင်ဗျားကို ချီးကျူးမိတယ်”
ဂိုဏ်းချုပ်ယုသည် လေးလေးနက်နက်ပြောလိုက်၏။ “ကျုပ်တို့တောင်ပြာဂိုဏ်းက ချင်းယန်နိုင်ငံကို ခုခံကာကွယ်ဖို့အတွက် ခင်ဗျားတို့ဂိုဏ်းကို လိုလိုချင်ချင်နှင့် ကူညီ ပေးပါ့မယ်”
ဤအချိန်မှာတော့သူသည် မည်သည့်ဘက်တွင်နေမည်ဆိုသည်ကို တစ်ခါတည်း ကြေညာခဲ့ပြီးဖြစ်၏။ တိုက်ပွဲတွင် ပါမလား၊ မပါဘူးလားဆိုသည်ကို မစဉ်းစားတော့ချေ။ တစ်ခါတည်း သံမဏိအရိုးဂိုဏ်းနှင့်ပူးပေါင်းကာ ချင်းယန် နိုင်ငံကို ကာကွယ်ဖို့အတွက် သူစဉ်းစား ဆုံးဖြတ်လိုက်ခဲ့ပြီဖြစ်၏။
“မလိုပါဘူး”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဒီကျွင်းက ဖြစ်လာမဲ့ အရာအားလုံးကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်”
“ဟမ်..”
ဂိုဏ်းချုပ်ယုသည် ဆွံ့အသွားမိ၏။
ဂိုဏ်းချုပ်ကျွင်းက အဆင့်ခြောက် ကျန်းယန်နိုင်ငံထဲမှာရှိတဲ့ အဆင့်လေးဂိုဏ်းတစ်ခုကို ကိုင်တွယ်နိုင်တယ် ဟုတ်လား၊ ဘယ်လိုကိုင်တွယ်မှာလဲ။
“ဂိုဏ်းချုပ်ယု”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်၍ လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “အရင်သွားလိုက်ပါအုံးမယ်”
သူသည် အလျင်လိုနေ၏။ ထို့ကြောင့် ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် လုချင်းချင်း၊ ရီချင်းရှန်နှင့် ယခုမှ ဂိုဏ်းထဲသို့ ခေါ်ဆောင်လာခဲ့သော ဟယ်ဝူတီတို့အား ခေါ်၍ အလျင်အမြန် ပြန်လည်ထွက်ခွာသွား၏။
လမ်းတစ်လျှောက် မှာတော့ သူသည် တစ်ချက်လေးမှ မစဉ်းစားဘဲ အလယ်အလတ်အဆင့် စတိုးအားဖွင့်ကာ အဆင့်မြင့် စိတ်ဝိညာဉ် ဆေးလုံးများကို ဝယ်ယူလိုက်တော့သည်။
သူ့ကို တိုက်ခိုက်ရန်လာခဲ့သော သိုင်းအုပ်စိုးသူအကြောင်း စဉ်းစားမိလိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကိစ္စအားလုံး ဤနေရာတွင် အဆုံးသတ်သွားမည်ကို သိရှိလိုက်ရ၏။ ထို့ကြောင့် တိုက်ပွဲရှောင်ကတ်ပြားကို ထုတ်ယူကာ ကျန်းယန်နိုင်ငံဟူသည့် စာလုံးအား ရေးထိုးလိုက်တော့၏။
အဆင့်လေးဂိုဏ်းတစ်ခုဆီမှ ကျွမ်းကျင်သူများသည် သူ့အား လာရောက်သတ်ဖြတ်မည်ကို သူ စိုးရိမ်ပူပန်မိ၏။ ထို့ကြောင့် ဖြစ်နိုင်သမျှ အမြန်ဆုံး တိုက်ပွဲရွှေ့ဆိုင်းခြင်းကတ်အား သူအသက်သွင်းခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ အလုပ်ဖြစ်မည်လား၊ မဖြစ်မည်လား ဆိုသည်ကိုတော့ သူသေချာမသိချေ။
ဝှစ်
ထိုစဉ်မှာပဲ တိုက်ပွဲရွှေ့ဆိုင်းခြင်းကတ်ပြားဆီမှ တလက်လက်တောက်ပနေသော အလင်းတန်းများ ထွက်ပေါ်လာ သည်။
စနစ်မှ ပြောလိုက်၏။ “ဒါက အလုပ်ဖြစ်တယ်”
“တကယ်လား” ကျွင်းချောင်ရှောင်းပျော်ရွှင်သွားမိ၏။
….....
အလွန်တရာနက်ရှိုင်းလှသော တွင်းကြီးထဲမှာတော့ သတိလစ်မေ့မျောနေသော သိုင်းအုပ်စိုးသူသည် နောက်ဆုံး မှာတော့ နိုးထလာခဲ့ပြီဖြစ်၏။ သူသည် ခေါင်းကိုအသာကိုင်ရင်း မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် ရှုံ့မဲ့နေသော မျက်နှာဖြင့် ပြောလိုက်၏။
“နာ… နာလိုက်တာ၊ မဟုတ်သေးဘူး၊ ငါဂိုဏ်းထဲမှာ ကျင့်ကြံနေတာမဟုတ်ဘူးလား၊ ဘာဖြစ်လို့ ဒီကို ရောက်လာ တာလဲ”
သိုင်းအုပ်စိုးသူသည် နက်ရှိုင်းလှသော တွင်းကြီးထဲမှ ခုန်တက်လိုက်၏။ ပြီးနောက် သူနှင့်မရင်းနှီးသော ပတ်ဝန်း ကျင်ကို လှည့်ပတ်ကြည့်ရှုပြီး ဇဝေဇဝါဖြစ်မိနေ၏။ သူသည် အရာကိစ္စများကို အပြင်းအထန် စဉ်းစားကြည့်မိ သော်လည်း မည်သည့်အရာတစ်ခုကိုမှ မမှတ်မိချေ။
ဤအရာသည် တိုက်ပွဲရွှေ့ဆိုင်းခြင်းကတ်ပြား၏ အကျိုးသက်ရောက်မှုပင်ဖြစ်တော၏။ ကျန်းယန်နိုင်ငံ၏ အုပ်ချုပ်သူနှင့် ပူးပေါင်းခဲ့ပြီးဖြစ်သော အဆင့်လေး ဂိုဏ်းနှစ်ခုသည် တိုက်ပွဲဝင်ကတ် အသက်ဝင်သွားပြီး သည့်နောက်မှာတော့ ၎င်းတို့တွင်ရှိသော အမုန်းတရားများ မေ့ပျောက်သွားခဲ့ပြီးဖြစ်၏။ ဤအရာမှာလည်း အဓိပ္ပာယ်ရှိ၏။
ဝိညာဉ်ချောင်းဂိုဏ်းနှင့် သွမ့်ရွှေဂိုဏ်းတို့အားလုံးသည် ကျန်းယန်နိုင်ငံ အုပ်ချုပ်သူ၏အမိန့်အောက်တွင် ရှိနေကြခြင်း ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် ချင်းယန်မြို့အား လာရောက်ကူညီရင်း ၎င်းဂိုဏ်းများဆီမှ လူများအား သတ်ဖြတ်ပစ်ခဲ့၏။ ဤအရာသည် ကျန်းယန်နိုင်ငံနှင့် ရန်ငြိူးဖွဲ့ခဲ့ခြင်းနှင့်ပင် ဆင်တူနေ၏။
ထို့ကြောင့် တိုက်ပွဲရွှေ့ဆိုင်းခြင်းကတ်တွင် ကျန်းယန်နိုင်ငံဟု ရေးသားလိုက်သည် ဆိုသည်နှင့်တစ်ပြိုင်နက် ကျန်းယန်နိုင်ငံနှင့် ပတ်သက်ဆက်နွယ်သမျှ ရှိရှိသမျှ အငြိုးတရားများ အားလုံးသည် မေ့ပျောက်သွားခဲ့ပြီး ဖြစ်သည်။
အချိန်ကာလမှာ သုံးလသာဖြစ်၏။ ဤကတ်ပြား၏ အကျိုးသက်ရောက်မှု ပြီးသွားပြီဆိုလျှင် သိုင်းအုပ်စိုးသူနှင့် ကျန်းယန်နိုင်ငံတို့သည့် သာမန်အတိုင်း ပြန်လည်ဖြစ်တည်သွားပေလိမ့်မည်။
ထိုအချိန်မှာတော့ သူတို့အား သတ်ဖြတ်သူကို ပြန်လည်သတ်ဖြတ်မည်ဖြစ်ပြီး ၊ တိုက်ခိုက်ရန်စဉ်းစားနေသူများ သည်လည်း ပြန်လည်တိုက်ခိုက်တော့မည်ဖြစ်၏။ ဤအချက်အလက်များအား ချင်းယန်နိုင်ငံဆီသို့ ပြန်လျက် ရှိသော ကျွင်းချောင်းရှောင်းသည် မသိပေ။ တိုက်ပွဲရွှေ့ဆိုင်းခြင်းကတ်ပြား အလုပ်ဖြစ်မလား၊ အလုပ်မဖြစ်ဘူးလား ဆိုသည်ကို သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်လျက် ရှိနေသေး၏။
“ဂိုဏ်းချုပ်”
ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ လီလိုရှုသည် သတင်းပို့လိုက်၏။ “ဟီယန်နိုင်ငံကတော့ အကုန် ပါသွားခဲ့ပြီ၊ ဒါပေမဲ့ ကျားဖြူစစ်တပ်ရဲ့ အဓိက တပ်ကြီးအားလုံးက နောက်ဆုတ် သွားကြတယ်၊ သူတို့က ချင်းယန်နိုင်ငံကို ဆက်ပြီးတိုက်ဖို့ စိတ်ကူးမရှိကြတော့ဘူး”
ထိုအရာကို ကြားချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ ပခုံးထက်တွင်ရှိသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျဆင်းသွားသည်ဟု ခံစားမိလိုက်၏။ တိုက်ပွဲဝင်ကတ်ပြားအသက်ဝင်သေးသည့်အချိန်အထိ သူသည် မြို့၏ လုံခြုံရေးအား မြို့တော်ဝင်ရှဲ့ဆီ ပြန်လည်ပေးအပ်လိုက်ပြီး တပည့်များအား ခေါ်ဆောင်ကာ ဂိုဏ်းဆီသို့ ပြန်လာခဲ့တော့၏။
“ဂိုဏ်းချုပ်”
လမ်းတစ်လျှောက်မှာတော့ ဟယ်ဝူတီကပြောလိုက်၏။ “ကျွန်တော့ကို နောက်ဆုံးတပည့်အဖြစ်လက်ခံမယ်လို့ ပြောခဲ့တယ်နော်”
“သိပ်ဟုတ်တာပေါ့”
ဂိုဏ်းဆီသို့ပြန်ရောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဂိတ်တံခါး၏ရှေ့တွင် စီစဉ်စရာရှိသည် များကို စီစဉ်ပြီးသည့်နောက် ဟယ်ဝူတီအား ညစဉ်ညတိုင်း နောက်ဆုံးမှ တံခါးပိတ်သည့်အလုပ်ကို တာဝန်ယူရန် ပေးလိုက်သည်။ သူသည်တကယ်ပင် နောက်ဆုံးတပည့်ပင်ဖြစ်တော့သည်။ တံခါးပိတ်သည့်နေရာတွင် ဖြစ်၏။
“...”
အနီရောင်ဂိတ်တံခါး၏ရှေ့တွင် မတ်တပ်ရပ်လျက်ရှိသော ဟယ်ဝူတီသည် တဝုန်းဝုန်းနှင့်တိုက်ခိုက်လျက်ရှိသော လေပြင်းများကြားထဲမှာတော့ မျက်ရည်များဝိုင်းလျက်ရှိနေတော့သည်။ “ဒါက ဘယ်လိုလှည့်စားချက်ကြီးလဲ”