အခန်း (၄၆၄)
Vol. 32 Ch. 464
ဟယ်ဝူတီ၏ အခြေအနေသည် အမှန်အကန်ပင် သံမဏိအရိုးဂိုဏ်း၏ နောက်ဆုံးတပည့်တစ်ယောက် ဖြစ်လို့နေ၏။
“ခွီး ဟား ဟား ဟား”
“ငါ ဘယ်လိုမှ မနေနိုင်တော့ဘူး … အားရပါးရ ထရယ်လိုက်မိတယ်။”
စုရှောင်မိုနှင့် တခြားသူများ အားလုံးတို့သည် ဗိုက်နှိပ်၍ အားရပါးရ ရယ်လျက်ရှိတော့သည်။
ဂိုဏ်းချုပ်သည် ဟယ်ဝူတီအား နောက်ဆုံးတပည့်အဖြစ် လက်ခံခဲ့သည်ကို သူတို့ သိရှိခဲ့ချိန်မှာတော့ ဇဝေဇဝါဖြစ်မိနေ၏။ အဆုံးသတ်မှာတော့ နောက်ဆုံးတပည့်ဆိုသည်မှာ တံခါးပိတ်သည့် နေရာတွင် နောက်ဆုံးကျသည့် တပည့်ဖြစ်လို့နေ၏။ ထိုအရာကို ကြားသည့်နောက်တွင် အားလုံးသည် ဘယ်လိုမှ မနေနိုင်ဘဲ ထရယ်လိုက်မိကြ၏။
တံခါး၏ ရှေ့တွင် မတ်မတ်ရပ်လျက်ရှိသော ဟယ်ဝူတီသည် နှုတ်ခမ်းများ တဆတ်ဆတ် တုန်လျက်ရှိ၏။ ဤလူသည် ပထမဦး သူ့အား ပဋိညာဉ်သားရဲနှင့် ပူးပေါင်း၍ ဇာတ်လမ်းချထားပြီး ဂိုဏ်းသားအဖြစ် ခေါ်ယူခဲ့၏။ ပြီးနောက် နောက်ဆုံးတပည့်အဖြစ် လက်ခံမည်ဟု ကတိပေးခဲ့ပြီး နောက်ဆုံး တံခါးပိတ်တဲ့လူအဖြစ် တာဝန်ချထား ခဲ့၏။ အမှန်တကယ်ပဲ လှည့်စားမှု တစ်သိန်းနှင့် ပြည့်ဝနေသော ဂိုဏ်းချုပ်ပင်ဖြစ်သည်။
“ကောင်လေး”
ဟယ်ဝူတီသည် ကျိတ်ကာပြောလိုက်၏။ “ဒီလို လှည့်ကွက်တွေ အသုံးပြုပြီးတော့ ငါ့ကို ဒီနေရာမှာ ထိန်းသိမ်းထားနိုင်မယ်လို့ ထင်နေတာလား”
သူသည် အစောထဲက အစီအစဉ်ချထားပြီးသားဖြစ်၏။ သံမဏိအရိုးဂိုဏ်းသည် သူ့အား မဆွဲဆောင်နိုင်ပါက ချက်ချင်းထွက်ခွာသွားမည်ဖြစ်၏။
“ဂျူနီယာညီလေးဟယ် သတိထားဦး” အသံတစ်ခု ထွက်ပေါ်လာ၏။
ဟယ်ဝူတီ လှည့်ကြည့်လိုက်သည့်အချိန်မှာတော့ ဘမ်း ဟူသည် အသံတစ်ခုကိုသာ ကြားလိုက်ရပြီး မျက်နှာတစ်ခုလုံးသည် ဘောလုံးနှင့် ထိမှန်ခြင်းကို ခံလိုက်ရ၏။ ပြီးနောက် သူသည် အတွင်းနံရံနှင့် ရိုက်မိကာ အောက်သို့ ခြေပစ်လက်ပစ် ပြုတ်ကျသွားသည်။
သိုင်းလေ့ကျင့်ရေးကွင်းပြင်ပေါ်တွင် မှတ်တပ်ရပ်လျက် ရှိသော လီဖေးသည် ဦးခေါင်းကို ကုတ်ကာ ရှက်ရွံ့သောအမူအရာဖြင့် ပြောလိုက်၏။ “စီနီယာအစ်ကို... ကျွန်တော် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာ မဟုတ်ပါဘူး”
စုရှောင်မို ပြောလိုက်၏။ “ကောင်းပြီ၊ ငါ ဒါကို မြင်သားပဲ”
.......
“ဂျူနီယာညီလေးဟယ်”
လီချင်းယန်သည် ဟယ်ဝူတီအား အတွင်းခြံဝန်းဆီသို့ ခေါ်ဆောင်ကာပြောလိုက်၏။
“ဒါက မင်းရဲ့အခန်းပဲ၊ ပြီးတော့ ဂိုဏ်းဝတ်စုံနဲ့ စည်းမျဉ်းစည်းကမ်းစာအုပ်၊ မနက်စောစောထပြီးတော့ ပုံမှန်အတိုင်း လေ့ကျင့်ခန်းလုပ်ရမယ်၊ ပြီးတော့ မင်းကို ငါ ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ဆီသို့ ခေါ်ဆောင်သွားမယ်”
ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ဟု ကြားရချိန်မှာတော့ ဟယ်ဝူတီ၏ မျက်လုံးများသည် လင်းလက်သွား၏။ သူသည် ဤလောကကြီးထဲတွင်ရှိသော သိုင်းနည်းစနစ်များကို မြန်မြန်ဆန်ဆန် နားလည်ချင်မိ၏။ ထိုမှသာ အခြေခံအကျဆုံး အရာများအား စတင်ကျင့်ကြံနိုင်မည် မဟုတ်ပါလား။
သို့ပေမဲ့ နောက်တစ်နောက်မှာတော့ သူသည် ဂိုဏ်း၏ဝတ်စုံအသစ်ကို ပြောင်းလဲဝတ်ဆင်ပြီး တခြားသော တပည့်များနှင့်အတူ ကြောင်အအနှင့် ကခုန်နေမိ၏။ သူ၏ မျက်နှာတစ်ခုလုံးတွင် စိတ်ပျက်လက်ပျက် အမူအရာများ ဖြစ်ပေါ်လျက် ရှိသည်။ ဤကဲ့သို့သော သောက်ရမ်းရှက်စရာကောင်းသည့် အလုပ်မျိုး ပြုလုပ်ရသည်မှာ ကံဆိုးလှချေ၏။
ထူးဆန်းလှစွာပင် မနက်ခင်းလေ့ကျင့်ခန်းများကို ပြုလုပ်ပြီးသည့် နောက်မှာတော့ ဟယ်ဝူတီသည် အလွန်တရာ သက်တောင့်သက်သာဖြင့် အားအင်ပြည့်ဝနေသည်ဟု ခံစားမိ၏။ သူ့အနေနှင့် အဘယ်ကြောင့်ဆိုသည်ကို စဉ်းစားရန် အချိန်မရှိချေ။ လီချင်းယန်၏ နောက်သို့လိုက်၍ ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်သို့ ရောက်ရှိခဲ့၏။
ကျင့်ကြံခြင်းနည်းစနစ်ခန်းမဆောင်သည် ကြီးမားလှသည်တော့ မဟုတ်ချေ။ အထဲရှိ စင်မြင့်များတွင်လည်း များပြားလှသော သိုင်းနည်းစနစ်များလည်း မရှိပေ။ ထိုအရာသည် ဟယ်ဝူတီအား အလွန်တရာ စိတ်ပျက်မိစေ၏။ သံမဏိအရိုးဂိုဏ်းသည် ကျော်ကြားလှသောဂိုဏ်းတစ်ခု မဟုတ်မှန်း သူသိရှိနားလည်လိုက်မိသည်။
“ပထမဦးဆုံး ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ကျင့်ကြံဖို့အတွက် ရွေးလိုက်မယ်၊ ပြီးရင်တော့ အချိန်တစ်ခုယူပြီး ထွက်ခွာသွားရမှာပေါ့” သူစဉ်းစားပြီးသည့်နောက်မှာ စတင်၍ ရွေးချယ်လိုက်၏။
“ဂျူနီယာညီလေးဟယ်... မင်းက ဂိုဏ်းထဲကို ခုမှရောက်တာဆိုတော့ မရီဒန်တွေ မဖွင့်ရသေးဘူး၊ ရီကျင့်ကျင်း ကျင့်ကြံခြင်းနည်းစနစ်ကို အရင်ဆုံးကျင့်ကြံသင့်တယ်” လီချင်းယန် အကြံပြုလိုက်၏။
“ကောင်းပါပြီ စီနီယာအစ်ကို”
သူသည် စလုံးရေစ ရမည်ကို ဟယ်ဝူတီ ကောင်းကောင်းသိ၏။ ထို့ကြောင့် လက်သီးနည်းစနစ်၊ လက်ဝါးနည်းစနစ် နှင့် တိုက်ခိုက်ရေးနည်းစနစ်များကို အချိန်အတော်ကြာသည်အထိ ကျင့်ကြံရန် မလိုအပ်သေးချေ။ ပထမဦးဆုံး ရီကျင်ကျင်း နည်းစနစ်ကိုသာ ကျင့်ကြံရန်ရွေးချယ်လိုက်သည်။ ပြီးနောက် သူထွက်ခွာသွား၏။
ထိုစာအုပ်စင်၏ အနောက်ဘက်မှာတော့ သက်တန့်ရောင်စဉ်နည်းစနစ်မှာ ရှိလို့နေ၏။ ဟယ်ဝူတီသည်သာ လေထုထဲတွင် ပျောက်ကွယ်သွားသော သိုင်းနည်းစနစ်သည် သံမဏိအရိုးဂိုဏ်းတွင် ရှိနေသည်ဆိုသည်ကိုသာ သိရှိလျှင် မည်ကဲ့သို့ဖြစ်ပျက်သွားမည်နည်း။
......
လီချင်းယန်သည် ဟယ်ဝူတီအား ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ဆီသို့ ခေါ်ယူပြီး ရွေးချယ်စေ၏။ ပြီးနောက် ဆေးလုံးခန်းမဆောင်၏ အရင်းအမြစ်များဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ပြီးနောက် ဂိုဏ်း၏ ကျင့်ကြံခြင်းနေရာ များအားလုံးကို သေသေချာချာ လိုက်လံမိတ်ဆက်ပြသပေးခဲ့၏။
“ငါတို့ရဲ့ ဒုတိယစီနီယာအစ်ကိုက အရမ်းသဘောကောင်းတာပဲ”
အကြိမ်ကြိမ် လှည့်စားခြင်းကို ခံခဲ့ရပြီး အကြိမ်ကြိမ် မျက်နှာအား ဘောလုံးနှင့် အကန်ခံခဲ့ရသူ ဟယ်ဝူတီသည် ပထမတုန်းက မပျော်ရွှင်ခဲ့ပေ။ သို့ပေမဲ့ ဒုတိယစီနီယာအစ်ကိုဖြစ်သော ဤလူငယ်လေး၏ စိတ်အားထက်သန်မှု အပြည့်နှင့် လိုက်လံရှင်းပြမှုကို မြင်ရချိန်မှာတော့ သူ၏ စိတ်ခံစားချက်များသည် အနည်းငယ် တိုးတက်လာခဲ့၏။ သူ၏ အခန်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ ဟယ်ဝူတီသည် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်အား ဖွင့်၍ တီးတိုးရေရွတ်လိုက်မိ၏။
“ငါ့ရဲ့ အရမ်းကြောက်စရာကောင်းလှတဲ့ ပါရမီနဲ့ဆိုရင် ဒီလို အနိမ့်စားကျင့်ကြံခြင်းနည်းစနစ်တွေကို လေ့ကျင့်ဖို့ အတွက် လွယ်မှာပဲ မဟုတ်လား”
ဟယ်ဝူတီသည် အလွန်တရာ ယုံကြည်မှုပြင်းထန်နေ၏။ သို့ပေမဲ့ ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်ကို စတင် ဖတ်ရှုလိုက်သည့်အချိန်မှာတော့ သူမတွေးဘဲ မနေနိုင်တော့ချေ။ “မယုံနိုင်စရာပဲ”
မည်မျှ မယုံနိုင်စရာကောင်းသည်ကို သူပင် မပြောနိုင်ချေ။ သို့ပေမဲ့ ဤရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်မှာ လောကကြီးတွင် သာမန်ထက်ပိုသည့်အရာတစ်ခုဖြစ်ကြောင်း သူသေချာသိ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် သိုင်းနည်းစနစ်များကို သူသည် မည်သည့်အခါကမှ မကျင့်ကြံခဲ့ဖူးဆိုသော်လည်း ကျင့်ကြံခြင်းနည်းစနစ်များ၏ အလုပ်လုပ်ပုံ အယူအဆများကို ကောင်းကောင်းနားလည်၏။ ထို့ကြောင့် ဤအရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သာမန်ထက်ပိုသော အရာတစ်ခုဖြစ်ကြောင်း အတတ်ပြောနိုင်ခြင်းပင်ဖြစ်သည်။ သူသည် အစစ်အမှန် ကျွမ်းကျင်သူ ပင်ဖြစ်တော့၏။
“ငါ့ဆီမှာ ဘာနည်းစနစ်မှရှိတာမဟုတ်ဘူး၊ မရီဒန်တွေကလည်း တည်နေရာဖြတ်သန်း ခရီးသွားလာတာကြောင့် စည်းခတ်ခြင်း ခံထားရတာ၊ ဒါတွေကို လွယ်လွယ်ကူကူဖွင့်ဖို့အတွက် ဒီနည်းစနစ်က အကောင်းဆုံးအကူအညီပေး နိုင်လိမ့်မယ်”
ဟယ်ဝူတီသည် မြန်မြန်ဆန်ဆန်ပဲ စတင်ကျင့်ကြံနိုင်ခဲ့၏။ ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်သည် အတိတ်တုန်းက သူကျင့်ကြံခဲ့သော နည်းစနစ်များနှင့် ခြားနားလှသည်ဆိုသော်လည်း စွမ်းအင်လှည့်ပတ်မှု အကြီး အသေးပုံစံများသည် ခက်ခဲလှသည် မဟုတ်ချေ။
“ထင်ထားတဲ့အတိုင်းပဲ၊ ကျင့်ကြံခြင်းအယူအဆနဲ့ သဘောတရားတွေက တော်တော်များများ တူနေတာပဲ”
ဟယ်ဝူတီ၏ ပါရမီသည် အလွန်တရာကောင်းမွန်လှ၏။ တစ်နာရီလောက်သာ ကျင့်ကြံပြီးသည့်နောက်တွင် သူသည် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်၏ စွမ်းအင်လှည့်ပတ်မှုကို အကောင်းဆုံး ပြုလုပ်နိုင်ခဲ့ပြီဖြစ်၏။
“ဒါက ခန္ဓာကိုယ်ကို ပိုမိုကြံ့ခိုင်စေရုံမကဘဲ စဦးကျင့်ကြံသူတွေအတွက် အကောင်းဆုံးသော ကျင့်ကြံခြင်းနည်းစနစ် ဖြစ်ပုံပေါ်တယ်၊ ဆက်ကျင့်ရမယ်၊ ကျင့်ရမယ်”
တစ်ရက်ကြာပြီးသည့်နောက်မှာတော့ ဟယ်ဝူတီသည် သူ၏ ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအင် ပမာဏ အနည်းငယ်ကို အောင်မြင်စွာဖြင့် စုစည်းလိုက်နိုင်ခဲ့ပြီဖြစ်သည်။ ပြီးနောက် ပထမဦးဆုံး ပိတ်ဆို့ထားသော မရီဒန်အား ဖွင့်လှစ်နိုင်လှစ်နိုင်ခဲ့၏။ သူသည် သုညဘဝမှ မရီဒန်ဖွင့်ခြင်း အဆင့်တစ်ဆီသို့ ချိုးဖြတ်ဝင်ရောက်ခဲ့၏။ ဤအမြန်နှုန်းသည် အလွန်တရာ မြန်ဆန်သည်ဟု ဆိုရမည်။
သံမဏိအရိုးဂိုဏ်းဆီသို့ ခေါ်ဆောင်လာခြင်း ခံခဲ့ရသော တောက်ယွမ်မှာတော့ သီးခြားခွဲခြားထားသော အခန်းတစ်ခုထဲတွင် နေရာချထားခြင်း ခံရသည်။ ထို့ပြင် တံခါးလည်း ပိတ်မထားသောကြောင့် လွတ်လွတ်လပ်လပ် ရွှေ့လျားသွားလာနိုင်စွမ်းရှိသည်။ တိုက်ပွဲရွှေ့ဆိုင်းခြင်း ကတ်ပြားသည် အသက်ဝင်နေခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ၎င်း၏မှတ်ဉာဏ်သည် မည်ကဲ့သို့ စစ်ရှုံးပြီး မည်ကဲ့သို့ အကျဉ်းသားဖြစ်ခဲ့သည်ဆိုခြင်းကို ခဏတာ မေ့လျော့နေခဲ့၏။
တွီ
တံခါးဖွင့်ပြီးသည့်နောက်မှာ ကျွင်းချောင်ရှောင်း လျှောက်ဝင်လာသည်။ ပြီးနောက် သူပြုံးကာပြောလိုက်သည်။ “တပ်မှူးတောက်... ဒီမှာနေရာတာ အသားကျပြီလား”
တောက်ယွမ်သည် မြန်မြန်ဆန်ဆန်ပဲ လက်သီးဆုပ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်ကိုကြည့်ရတာ တော်တော်များများကို မေ့လျော့နေပုံ ပေါ်တယ်၊ ဒီမှာ ဘာလို့ အဖမ်းခံ ထားရတာလဲဆိုတာလည်း မသိဘူး၊ ဒါပေမဲ့ ကျုပ်ကို ကယ်ခဲ့တဲ့အတွက်ကြောင့် ကျေးဇူးတင်ပါတယ်”
တိုက်ပွဲကတ်ပြားအသက်ဝင်ပြီးသည့်နောက်မှာတော့ ရန်သူအားလုံး၏ မှတ်ဉာဏ်များသည် ဖျက်ဆီးခံလိုက်ရ၏။ ထို့ကြောင့်ပင်သူသည် မျက်နှာဖုံးတပ်ထားသော သူရဲကောင်းတစ်ဦးကဲ့သို့ ချင်းယန်နိုင်ငံ၏ စစ်ပွဲအတွင်းမှ ၎င်းအား ကယ်တင်ခဲ့သည့် ကယ်တင်ရှင်တစ်ယောက်လို ဟန်ဆောင်နေခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့် ဤမျှ ကြောင်တောင်တောင်နည်းလမ်းမျိုးကို ဇာတ်လမ်းဆင်ကာ ပြုလုပ်နေရသနည်း။
“တပ်မှူးတောက်... အရိုးသားဆုံးပြောရရင် ကျုပ်ခင်ဗျားကို ကယ်ခဲ့တယ်ဆိုတာ အရမ်းချီးကျူးစရာ ကောင်းနေလို့လေ၊ ပြီးတော့ ခင်ဗျားကို ဘယ်ဂိုဏ်းကမှ ပိုင်ဆိုင်တာမျိုး မဟုတ်ဘူးလေ၊ ဘာလို့ သံမဏိအရိုးဂိုဏ်းကို မဝင်တာလဲ” ကျွင်းချောင်ရှောင်းပြောလိုက်သည်။
“ဒါက”
တောက်ယွမ်သည် ငြိမ်သက်သွား၏။ ဤအချိန်မှာတော့ သူ၏ ဝမ်းဗိုက်အတွင်းမှ ဆန္ဒပြသည့်အသံများ ထွက်ပေါ်လာခဲ့၏။
ဂွီး
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ကျုပ် အစားအစာနဲ့ ဝိုင်တွေ ပြင်ဆင်ပြီးပါပြီ”
တောက်ယွမ်သည် အလွန်တရာ ဆာလောင်နေ၏။ ထို့အပြင် ၎င်း၏မှတ်ဉာဏ်များသည် ပျောက်ကွယ်သွားပြီး သည့်နောက်မှာ သူနှင့် ကျွင်းချောင်ရှောင်းသည် စကားလေပေးဖြောင့်လျက်ရှိသည်။ ထို့ကြောင့် စားသောက်ခန်း ဆီသို့ အသာလိုက်ပါလာခဲ့၏။
“မွှေးနေတာပဲ”
ယခုမှ လျှောက်ဝင်လာခဲ့သော ဟယ်ဝူတီသည် စားသောက်ခန်း၏ ထောင့်တစ်ခုတွင်ထိုင်ကာ စားရင်း သက်ပြင်း ချလိုက်မိ၏။ ထင်ထားသည့်အတိုင်းပဲ လျှိုဝမ်ရှစ်၏ ချက်ပြုတ်ခြင်းစွမ်းရည်သည် ထိပ်တန်းကျင့်ကြံသူများပင် ခုခံဖို့ ခဲယဉ်းလှသည်။
တောက်ယွမ်သည် ကျွင်းချောင်ရှောင်းနှင့်အတူ ရောက်ရှိလာပြီး ထိုင်လိုက်၏။ အာ့ဟိုင်နှင့် ရိဟိုင်တို့သည် ဟင်းပွဲများကို လာရောက်ချပေးလိုက်ကြ၏။
ဟယ်ဝူတီသည် အလွန်တရာများပြားပြီး ကောင်းမွန်လှသည့် ဟင်းပွဲများကို ကြည့်ပြီး သူစားသောက်နေသော ထမင်းကြော်အား ငုံ့ကြည့်လိုက်မိကာ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရင်သွား၏။ အဘယ်ကြောင့် အချင်းချင်း ကြားတွင် ဤမျှကွာခြားသည့် ဟင်းပွဲများကို စားသောက်နေရသနည်း။
“တပ်မှူးတောက်”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ကျေးဇူးပြုပြီး စားပါအုံး၊ သံမဏိအရိုးဂိုဏ်းရဲ့ ရိုးရှင်းတဲ့ အစားအစာလေးတွေပါ”
တောက်ယွမ်သည် အလွန်အမင်း ဆာလောင်နေ၏။ ထို့ကြောင့် ယဉ်ကျေးစွာဖြင့် လက်သီးကိုဆုပ်ကာ ဂါရဝ ပြုပြီးသည့်နောက် တူကို ကောက်ကိုင်ကာ စတင်စားသောက်တော့၏။ အစားအသောက်များ ပါးစပ်ထဲသို့ ဝင်သွား ပြီးသည့်နောက်မှာ သူ၏ အမူအရာမှာ ထူးခြားသွား၏။ သူသည် တစ်နှစ်ပတ်လုံး စစ်တပ်ထဲတွင် နေခဲ့ရသည် ဖြစ်ပြီး စစ်သားတစ်ယောက်ကဲ့သို့ပင် စားသောက်ခဲ့ရ၏။ ဤကဲ့သို့သော အရသာကောင်းသည့်အရာမျိုးကို ဘယ်တုန်းကမှ မစားခဲ့ရဘူးချေ။
“ဂိုဏ်းချုပ်ကျွင်း”
တောက်ယွမ် မနေနိုင်ပဲ ပြောလိုက်၏။ “ဒီလောက်အရသာရှိတဲ့ အစားအသောက်တွေကို တစ်ခါမှ မစားဖူးဘူး”
“ခင်ဗျားကြိုက်တယ်ဆိုလည်း များများစားလေ” ကျွင်းချောင်ရှောင်း ပြုံးကာပြောလိုက်၏။
တောက်ယွမ်သည် မစားပေ။ တူအား အသာချ၍ လေးလေးနက်နက် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း၊ ကျုပ်ကို ကယ်တင်ခဲ့တယ်၊ ပြီးတော့ အစားကောင်း အသောက်ကောင်းတွေလည်း စီစဉ်ပေးတယ်၊ ဒီအတွက် အရမ်းကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဂိုဏ်းကိုဝင်ဖို့ ဆိုတာကတော့...”
သူ့အနေနှင့် ဆက်မပြောပေ။ အဘယ်ကြောင့်ဆိုသော် ဆက်ပြောရမည့်စကားသည် ငြင်းပယ်မည့်စကားဖြစ်နေ သောကြောင့်ဖြစ်၏။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “တပ်မှူးတောက်၊ ခင်ဗျားဂိုဏ်းထဲကို ဝင်မယ်ဆိုရင် နောက်ဆုံးတပည့် ဖြစ်လာလိမ့်မယ်၊ ကျင့်ကြံခြင်း အရင်းအမြစ်တွေ အားလုံးကိုလည်း အလကားပေးမယ်”
“ဖူး …..”
ထောင့်တစ်ခုတွင် ထိုင်၍ စားသောက်နေသော ဟယ်ဝူတီ၏ ပါးစပ်ထဲမှ ထမင်းလုံးများသည် ပြန်ထွက်လာခဲ့ တော့သည်။