← Chapters

အခန်း (၄၆၅)

Vol. 32 Ch. 465

အခန်း (၄၆၅)

Vol. 32 Ch. 465

ရက်အနည်းငယ်ထဲက ဆာလောင်ခဲ့သည်ဖြစ်သော တောက်ယွမ်သည် အရသာရှိသော အစားအသောက်များကို စားသောက်ပြီးသည့်နောက်မှာတော့ ကောင်းကင်ပေါ်သို့ ပျံတက်သွားမည့်ပမာ ခံစားမိလိုက်၏။ သို့ပေမဲ့ သံမဏိ အရိုးဂိုဏ်းဆီသို့ ဝင်ရောက်ခြင်းကိစ္စမှာတော့ သူသည် တွေဝေလျက်ရှိနေ၏။ အရိုးသားဆုံးပြောရလျှင် စစ်တပ် ရေးရာကိစ္စရပ်များကို စိတ်လိုလက်ရ အာရုံစိုက်ထားချင်၍ ဂိုဏ်းတစ်ခုဆီသို့ ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိပေ။

သို့ပေမဲ့ တချို့သောအကြောင်းအရာများကြောင့် သူသည် ဤနေရာတွင် ချုပ်နှောင်ခြင်းခံခဲ့ရသည်။ ဂိုဏ်းချုပ်ကျွင်း သည် သူ့အား ကယ်တင်ခဲ့သည်။ ထို့ကြောင့် တိုက်ရိုက်ငြင်းပယ်လျှင်လည်း အားနာစရာတွေ ဖြစ်ပေလိမ့်မည်။

“ဒီလို လုပ်ရအောင်”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “တပ်မှူးတောက်အနေနဲ့ ဒီမှာ အတိုင်းအတာတစ်ခုအထိ နေဖို့ စဉ်းစားပေးလေ”

သူ့အနေနှင့် ဂိုဏ်းထဲသို့ ဝင်ရောက်ရန် အလျင်မလိုချေ။ ထို့ပြင် ဂိုဏ်း၏ တိုးတက်မှုဖြစ်စဉ်များသည် တောက်ယွမ် အပေါ် ဖြည်းဖြည်းခြင်း လွှမ်းမိုးသွားစေနိုင်ရန် သူစဉ်းစားထားမိ၏။

ပြောနေနိုင်စရာပင် မလိုချေ။ အလွန်တရာ အကျိုးများလှသည်။

သံမဏိအရိုးဂိုဏ်းထဲတွင် နေထိုင်ခဲ့သော တောက်ယွမ်သည် သံမဏိအရိုးဂိုဏ်း တပည့်များ၏ ပျော်ရွှင်စွာဖြင့် မနက်ခင်းလေ့ကျင့်ခန်းများ လုပ်သည့်အချိန်၊ နေ့စဉ်နေ့တိုင်း ကျင့်ကြံခြင်းပြုလုပ်သည့်အချိန်များအား မြင်ယောင် ပြီးသည့်နောက်မှာတော့ ကြိတ်ကာစဉ်းစားနေမိ၏။ “ဒီလောက် ပျော်စရာကောင်းတဲ့ ဂိုဏ်းကို မြင်ရတာ တကယ့်ကိုရှားတာပဲ”

“တပ်မှူးတောက်”

တစ်နေ့မှာတော့ ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ်ဆီမှာ သံချပ်ကာဝံပုလွေတပ်ဆိုတာရှိတယ်၊ ဒီနေ့က သူတို့ရဲ့ စစ်တပ်ဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်မယ့် နေ့ပဲ၊ သွားကြည့်ချင်လား”

“စစ်တပ်ဆိုင်ရာ လေ့ကျင့်ခန်း ဟုတ်လား”

တောက်ယွမ်သည် ချက်ချင်းပဲ စိတ်ပါဝင်စားသွား၏။ သူသည် ကျွင်းချောင်ရှောင်း ခေါ်ဆောင်ရာသို့ လိုက်ပါပြီး တောင်ထိပ်တစ်နေရာတွင် မတ်မတ်ရပ်လိုက်၏။

အောက်မှာတော့ ရွှဲရမ်ကွေ့သည် တိုက်ပွဲအလံအား ဝှေ့ယမ်းလျက် ရှိ၏။ သံချပ်ကာဝံပုလွေတပ်သား တစ်ထောင်တို့သည် ဟာရီကိန်းဝံပုလွေအား စီနင်း၍ မြက်ခင်း ပြင်ထဲတွင် ရပ်လျက် ရှိနေကြသည်။

“ဒါက”

တောက်ယွမ် အလန့်တကြား ရေရွတ်လိုက်မိ၏။ “ဟာရီကိန်းဝံပုလွေတွေပဲ”

ကျွင်းချောင်ရှောင်း ရယ်လိုက်၏။

“ဒါက သံမဏိအရိုးဂိုဏ်းရဲ့ ဟာရီကိန်းဝံပုလွေဟောခန်းလေ၊ တပ်မှူးတောက် အမိန့်ပေးအုပ်ချုပ်ခဲ့တဲ့ သံချပ်ကာမြင်းတပ်နဲ့ဆိုရင် …”

တောက်ယွမ်၏ အကြည့်များသည် လေးနက်သွား၏။ “ခင်ဗျားတို့ဂိုဏ်းရဲ့ တပည့်တွေက ဒီလိုအရည်အသွေးမြင့်မားတဲ့ ဝံပုလွေသားရဲကြီးတွေကို စီးနင်းတယ်၊ ဒါက တကယ့်ကို ကျိန်းသေပေါက် ပြိုင်ဘက်ကင်းပဲ”

ကျွင်းချောင်ရှောင်းသည် အသာရယ်ကာ စိတ်ထဲမှ ပြောလိုက်မိ၏။ ခင်ဗျားရဲ့ ကျားဆိုးတပ်က ဒီတပ်ရဲ့ လက်အောက်မှာ ရှုံးနိမ့်ခဲ့တာပဲ။

ဝှီး

ရွှဲရမ်ကွေ့သည် တိုက်ပွဲအလံအား ဝှေ့ယမ်းလိုက်၏။ သံချပ်ကာဝံပုလွေတပ်သား တစ်ထောင်ကျော်တို့သည် ရှေ့ဆီသို့ လှမ်းတက်လာ၏။ ချက်ချင်းဆိုသလိုပဲ တိုက်ခိုက်ရေးဗျူဟာအား ပြောင်းလဲလိုက်တော့၏။

ဤအရာကို မြင်ရချိန်မှာတော့ တောက်ယွမ်သည် ပါးစပ်ကိုပင် စေ့မရအောင် ထိတ်လန့်တုန်လှုပ်နေမိသည်။

ဟာရီကိန်းဝံပုလွေများကို စီးနင်းထားသော တပည့်များသည် ကျွမ်းကျင်စွာဖြင့် တိုက်ခိုက်ရေးဗျူဟာများကို ပြောင်းလဲပြုလုပ်နိုင်လေ၏။ ဤအရာမှာ မယုံကြည်နိုင်စရာပင်။ သူ၏ ကျားဆိုးတပ်သည် တိုက်ပွဲအများအပြားကို တိုက်ခိုက်ခဲ့ဖူးသူဖြစ်သည်။ ထိုကဲ့သို့သောတပ်တွင်မှ လက်ရှိသံမဏိအရိုးဂိုဏ်း၏ သံချပ်ကာဝံပုလွေတပ်နှင့် တိုက်ခိုက်မည်ဆိုလျှင် အနိုင်ရစရာ အကြောင်းမရှိပေ။

ဟုတ်ပေသည်။ တောက်ယွမ်သည် သံချပ်ကာဝံပုလွေတပ်သားများအား အမိန့်ပေးလျက်ရှိသော ရွှဲရမ်ကွေ့အား အလွန်တရာစိတ်ဝင်စားနေမိ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “တပ်မှူးတောက်... ဒါက ကျုပ်ရဲ့ သံချပ်ကာဝံပုလွေဟောခန်းရဲ့ ဟောခန်းသခင်လေ၊ သူက အနားယူထားတဲ့ တပ်သားတစ်ယောက်ပဲ၊ စစ်ပွဲနဲ့ ပတ်သတ်တဲ့ဗျူဟာတွေကို နားလည်လွန်းတယ်၊ စိတ်ဝင်စားရင် သူနဲ့ဆွေးနွေးပေါ့”

“စိတ်ဝင်စားတာပေါ့” တောက်ယွမ် မြန်မြန်ပဲ ပြောလိုက်မိ၏။

ထိုသို့သော အခွင့်အရေး ရောက်ရှိလာမည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း နားလည်ထားသည်။ ထို့ကြောင့်ပင် ရွှဲရမ်ကွေ့နှင့် ဆွေးနွေးနိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

နှစ်ယောက်သား သည် ညဘက်အထိ အားရပါးရ ဆွေးနွေးလျက်ရှိနေသည်။ တောက်ယွမ်သည် စစ်တပ်ထဲတွင် တောက်ပလာမည့် ကြယ်တစ်ပွင့်ကဲ့သို့ သတ်မှတ်ခံထားရသူဖြစ်သည်။သူသည် ပါရမီရှိလှသည်ဆိုသော်လည်း ကြယ်ငါးပွင့်စစ်သူကြီးတစ်ယောက်နှင့် နှိုင်းယှဉ်ရန်တော့ အလွန်အမင်း ကွာခြားနေသေး၏။

ရွှဲရမ်ကွေ့သည်မှာတော့ စစ်တပ်များအား ထိန်းချုပ်ရန်၊ တိုက်ခိုက်ရာတွင် နားလည်မှုမှာ အလွန်တရာ နက်ရှိုင်းလွန်းနေ၏။ ၎င်းတို့နှစ်ယောက်သည် အချိန်အတော်ကြာသည်အထိ ဆွေးနွေးတိုင်ပင်စရာ များကို ပြောဆိုလျက်ရှိနေတော့သည်။

တောက်ယွမ်၏ မျက်လုံးများသည် အလွန်တရာ ငတ်မွတ်တောင့်တသော အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။ တပ်မှူးတစ်ယောက်အနေနှင့် သူသည် သိုင်းဘုရင်အဆင့်သို့ ချိုးဖြတ်ရန် စိတ်မဝင်စားချေ။ သူပိုမို၍ စိတ်ဝင်စား သည်မှာ သူ့ဘဝတစ်သက်တာတွင် ကြယ်ငါးပွင့်အဆင့် စစ်သူကြီးတစ်ယောက်ဖြစ်ရန်ပင်။

“တပ်မှူးတောက်”

ရွှဲရမ်ကွေ့က ပြောလိုက်၏။ “ပိုင်ယွေ့ကွေက ကျော်ကြားလှတဲ့ စစ်သူကြီးတစ်ယောက်အဖြစ် သတ်မှတ်နိုင်တယ်ဆိုပေမဲ့ သူ့ရဲ့အရည်အချင်းက ကန့်သတ်ချက်ရှိတယ်၊ ခင်ဗျား သူ့နောက်ကို လိုက်မယ်ဆိုရင် ခင်ဗျားရဲ့ တောက်ပတဲ့ အနာဂတ်ကို ကန့်သတ်ခံ ထားရသလို ဖြစ်လိမ့်မယ်”

“...” တောက်ယွမ် ငြိမ်သက်သွားသည်။

ပြီးနောက် ရွှဲရမ်ကွေ့က ဆက်ပြောလိုက်၏။ “ကျုပ်သိသလောက်ဆိုရင် ပိုင်ယွေ့ကွေက စိတ်ထားကျဉ်းမြောင်းပြီးတော့ မနာလို ဝန်တိုစိတ်လည်း ကြီးမား တယ်လို့ ဆိုတယ်၊ တကယ်လို့ တပ်မှူးတောက်ရဲ့ စစ်တပ်ပါရမီက ကျန်းယန်နိုင်ငံမှာ ကောင်းကောင်းကြီးကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီဆိုရင် အန္တရာယ် အငွေ့အသက်တွေ ရလာလိမ့်မယ်”

စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံဖြန့်ကျက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ၎င်းတို့ပြောဆိုသည့် စကားများအား ကြားလျက်ရှိနေ၏။ သူသည် နှာခေါင်းကိုကုတ်ကာ ပြောလိုက်၏။ “ဟောခန်းသခင်ရွှဲရဲ့ သိမ်းသွင်းခြင်းဗျူဟာကလည်း တကယ့်ကို ကောင်းတာပဲ”

တောက်ယွမ်သည် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေပြီး သူသည် ပိုင်ယွေ့ကွေ၏ အမူအကျင့်ကို ကောင်းကောင်း နားလည်၏။

ရွှဲရမ်ကွေ့သည် လေးလေးနက်နက်ပြောလိုက်၏။ “တပ်မှူးတောက်... ဘာလို့ သံမဏိအရိုးဂိုဏ်းထဲကို မဝင်တာလဲ၊ ကျုပ်တို့နှစ်ယောက် အတူတူ အလုပ်လုပ်ပြီး သံချပ်ကာဝံပုလွေတပ်ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနိုင်တယ်၊ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာ အားအကောင်းဆုံး စစ်တပ်ကြီးတစ်ခုဖြစ်အောင်လို့ ကျုပ်တို့အတူတူ ကြိုးစားလို့ရတယ်”

“ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အားအကောင်းဆုံးစစ်တပ် ဟုတ်လား”

ဤစကားသည် တောက်ယွမ်ခန္ဓာကိုယ်ထဲရှိ သွေးများအား ပွက်ပွက်ဆူသွားစေ၏။ စစ်သူကြီးတိုင်း၏ မျှော်လင့်ချက်သည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် အားအကောင်းဆုံးစစ်တပ် ဖန်တီးရန်ပင်ဖြစ်၏။

ရွှဲရမ်ကွေ့ က ဆက်ပြောလိုက်၏။ “ကြယ်ငါးပွင့်အဆင့် စစ်သူကြီးတစ်ယောက်ဖြစ်လာဖို့ လိုအပ်ချက်တွေကို တပ်မှူးတောက် ကောင်းကောင်း သိမှာပေါ့၊ ဟုတ်တယ်မို့လား”

“ကျွန်တော် သိပါတယ်”

တောက်ယွမ်ပြောလိုက်၏။

ကြယ်ငါးပွင့်အဆင့် စစ်သူကြီးတစ်ယောက်ဖြစ်ဖို့ဆိုလျှင် တစ်စုံတစ်ယောက်သည် အလွန်တရာ လေ့ကျင့်ခံထားရပြီး စွမ်းအားပြင်း သန်မာသော စစ်တပ်ကို ပိုင်ဆိုင်ထားရပေမည်။

ရွှဲရမ်ကွေ့သည် ကျုန့်ကျွမ်း ပြည်နယ်တွင် အလွန်ကို အားကောင်းလွန်းသည့် စစ်တပ်ကြီးတစ်ခုကို တည်ဆောက်ခဲ့ဖူးသည်။ ထိုစစ်တပ်ကြီးအား ယွမ်ကျိုးစစ်တပ်ဟု ခေါ်ဆို၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် တတိယအဆင့် သတ်မှတ်ခံထားရသော စစ်တပ်လည်းဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းအား ကြယ်ငါးပွင့်အဆင့် စစ်သူကြီးဟုပင် ဘွဲ့တံဆိပ် ပေးအပ်ထားခြင်းဖြစ်တော့၏။

ပိုင်ယွေ့ကွေ ဦးဆောင်သော ကျားဖြူစစ်တပ်မှာတော့ အလွန်တရာ ကျော်ကြားလှ၏။ သို့ပေမဲ့ ၎င်းသည် ကြယ်သုံးပွင့်အဆင့် စစ်သူကြီးသာဖြစ်၏။ အရည်အချင်းမှာလည်း အကန့်အသတ်နှင့် ရှိလို့နေ၏။ ကြယ်ငါးပွင့် အဆင့် စစ်သူကြီး မဆိုနှင့် ကြယ်လေးပွင့်အဆင့် စစ်သူကြီးဖြစ်လာရန်ပင် အလွန်တရာ ခက်ခဲလှပေလိမ့်မည်။

တောက်ယွမ်၏ ကျားဆိုးစစ်တပ်မှာတော့ မဆိုးလှချေ။ သို့ပေမဲ့ ပိုမိုမြင့်မားသည့် အဆင့်တစ်ခုကို ရရှိနိုင်ရန် အကူအညီများစွာ လိုအပ်နေသေး၏။ သံချပ်ကာဝံပုလွေတပ်သည် ဂိုဏ်းတစ်ခု၏ ဟောခန်းသာဖြစ်သည် ဆိုသော်လည်း စစ်တပ်တစ်ခုကဲ့သို့ပင် လေ့ကျင့်ခံထားရ၏။ ထို့ကြောင့် ၎င်းတို့၏ အနာဂတ်အလားအလာသည် အလွန်တရာ ကြီးမားလှ၏။

“ဂိုဏ်းချုပ်ပြောသလိုပဲ”

ရွှဲရမ်ကွေ့က ပြောလိုက်၏။ “တကယ်လို့ တပ်မှူးတောက်သာ သံမဏိအရိုးဂိုဏ်းထဲ ဝင်မယ်ဆိုရင် ခင်ဗျားက သံချပ်ကာဝံပုလွေတပ်ရဲ့ ဒုတိယ ဟောခန်းသခင်ဖြစ်လာလိမ့်မယ်”

တောက်ယွမ် ခဏလောက် ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ်စဉ်းစားကြည့်ပါ့မယ်”

“ကောင်းပြီ”

ထိုစကားများကို ကြားချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွား၏။ သူ၏ အထင်ရဆိုလျှင် တောက်ယွမ်သည် စိတ်ပါဝင်စားနေပြီဖြစ်၏။ သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ရန် အချိန် အနည်းငယ်သာ လိုအပ်ပေလိမ့်မည်။

ထင်မှတ်ထားသည့်အတိုင်းပင် တစ်ညတာ တွေးတောပြီးသည့်နောက်တွင် တောက်ယွမ်သည် အဓိကဟောခန်းဆီသို့ ရောက်ရှိလာခဲ့၏။ သူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်က သံမဏိအရိုးဂိုဏ်းထဲကို ဝင်ချင်ပါတယ်”

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာဖြင့် ဝင်ခွင့်ဖောင်ကို ထုတ်ယူကာ နာမည်ကို ဖြည့်သွင်းလိုက်၏။ ဤအချိန် မှာတော့ တိုက်ပွဲရွှေ့ဆိုင်းခြင်းကတ်သည် အသက်ဝင်ခဲ့သည်ဖြစ်သောကြောင့် တောက်ယွမ်သည် သံမဏိ အရိုးဂိုဏ်းထဲသို့ ဘာအနှောင်အတွယ်မှ မရှိဘဲ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဝင်ကတ်ရဲ့ အကျိုးသက်ရောက်မှု ပျောက်ကွယ်သွားပြီး အခြေအနေများ အားလုံးသည် မှတ်ဉာဏ်ထဲသို့ ပြန်လည်ရောက်ရှိလာမည်ဆိုရင် တပ်မှူးတောက်အနေဖြင့် ပြဿနာများပေတော့မည်။

ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းက ပြောလိုက်သည်။ “ခဏနေရင် ခင်ဗျားကို ဒုတိယဟောခန်းသခင်အဖြစ် ရာထူးပေးမယ်၊ ပြီးတော့ အခုကစပြီး ခင်ဗျားက နောက်ဆုံး တပည့်ဖြစ်ပြီ”

“ကောင်းပါပြီ”

ထို့ကြောင့် ညနက်ချိန်တွင် တံခါး၏ရှေ့တွင် တံခါးပိတ်ရသည့်အလုပ်သည် ဟယ်ဝူတီတစ်ယောက်ထဲ မဟုတ်ဘဲ တောက်ယွမ်ပါ ပါဝင်လာတော့သည်။ ၎င်းတို့သည် ကိုယ်စီပိတ်ရမည့် တံခါးတစ်ခုစီ အပိုင်ရရှိထား၏။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် မျှတသည့် ဆက်ဆံရေးမျိုးရှိသူအဖြစ် သတ်မှတ်နိုင်လိမ့်မည်။

“ဒါက”

တောက်ယွမ်သည် အကူအညီမဲ့စွာပြောလိုက်၏။ “ဒါက နောက်ဆုံးတပည့်လား”

…....

တောက်ယွမ်အား သံမဏိအရိုးဂိုဏ်းထဲသို့ ခေါ်ဆောင်ပြီးသည့်နောက်တွင် ကျွင်းချောင်ရှောင်းသည် ကျန်းယန်နိုင်ငံ နှင့် အဆင့်လေးဂိုဏ်းနှစ်ခုကို မည်ကဲ့သို့ ရင်ဆိုင်ရမည့်အကြောင်းကို စတင်၍ စဉ်းစားလိုက်မိ၏။ ပိုမို သန်မာ အားကောင်းလာဖို့ လိုအပ်နေခြင်းပင်။

နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပထမဦးဆုံး တပည့်များ အတွက် စိတ်ဝိညာဉ်ကျောက်တုံး၊ အဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးများကို ဖြန့်ဝေပေးတော့သည်။ ထိုမှသာ တပည့်များသည် မြန်မြန်ဆန်ဆန်ဖြင့် အဆင့်ချိုးဖြတ်နိုင်မည် မဟုတ်ပါလား။

“ဟောခန်းသခင်လီ”

ကျွင်းချောင်ရှောင်းပြောလိုက်၏။ “ကျုပ် ဂိုဏ်းရဲ့ကိစ္စတွေအားလုံးကို ခင်ဗျားလက်ထဲ လွှဲပေးထားလိုက်မယ်၊ အခု တံခါးပိတ်ပြီး ကျင့်ကြံဖို့ ဆုံးဖြတ် လိုက်ပြီ”

“ကောင်းပါပြီ”

လီလိုရှု ပြောလိုက်၏။

အရာအားလုံးစီစဉ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်ထဲတွင် နှစ်နာရီကြာ စတင်လေ့ကျင့်လိုက်၏။ ပြီးနောက် မတ်တပ်ရပ်ကာဖြင့် စမ်းသပ်မှုမျှော်စင်ဆီသို့ သွားခဲ့လိုက်သည်။ သူသည် ပထမအဆင့်တွင် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းကို မပြုလုပ်ပေ။ ထို့ပြင် လှုပ်ရှားမှုနည်းစနစ်များကို ပိုမို အားကောင်းစေရန် ဒုတိယထပ်တွင် မနေခဲ့ပေ။ ထို့အစား တစ်ခါမှ မရောက်ဘူးသေးသည့် တတိယအဆင့်ဆီသို့ တိုက်ရိုက်တက်သွား၏။

သူသည် လောကရှိ ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများ စုစည်းနေသော နေရာထဲသို့ ရောက်ရှိသွားခဲ့သည်။

ဟူး …

ကျွင်းချောင်ရှောင်းသည် သက်ပြင်းကို ချကာ ပြောလိုက်၏။

“တတိယအဆင့်က ဘာတွေထူးခြားလဲ”

“လက်ခံသူ၊ လက်သီးတစ်ချက်လောက် ထိုးကြည့်လိုက်ပါလား” စနစ်ကပြောလိုက်သည်။

ရွှီး

ကျွင်းချောင်ရှောင်းသည် လက်သီးထိုးပြီးသည့်နောက်မှာတော့ အံ့အားသင့်သွား၏။ “ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အရမ်းကို မြန်မြန်ဆန်ဆန် ကုန်ဆုံးနေတာပဲ”

စနစ်ကပြောလိုက်၏။

“တတိယအဆင့်က လက်ခံသူရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို မြန်မြန်ဆန်ဆန် ကုန်ဆုံးအောင် လုပ်တာပဲ၊ ပြီးတော့ မြန်မြန်ပဲ အားကောင်းလာအောင် လုပ်လိမ့်မယ်၊ ဒါမျိုးအထပ်ထပ် ပြုလုပ်ပြီးတော့ စိတ်ဝိညာဉ်အမြူတေကို ပိုမို သန့်စင်အားကောင်းလာအောင် ပြုလုပ်တာပဲ”

ကျွင်းချောင်ရှောင်းသည် လက်သီးချက်အနည်းငယ်ကို စတင်၍ ထုတ်လွှတ်လိုက်၏။ သူ၏ စိတ်ဝိညာဉ်အမြူတေ နှစ်ခုထဲတွင်ရှိသော စွမ်းအင်များသည် ရက်အနည်းငယ်ကြာ တိုက်ခိုက်ဖို့အတွက် ပြဿနာတစ်ခု မဟုတ်ပေ၊ သို့ပေမဲ့ ဤနေရာမှာတော့ နှစ်နာရီလောက် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ အလုံးစုံ ကုန်ဆုံးသွားတော့၏။

ဟူး … ဟူး။

သူသည် ခြေချိတ်ထိုင်လိုက်ပြီး ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်အား လှည့်ပတ်လိုက်၏။ တတိယထပ်တွင် ရှိသော လောကဓာတ်သဘာဝများအားလုံးသည် လှိုင်းတစ်ခုအသွင်ဖြစ်တည်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် ပြန်လည်ဝင်ရောက်ကာ အားအင်ပြည့်ဝသွားခဲ့၏။

ကျွင်းချောင်ရှောင်း အံ့အားသင့်မိ သွားသည်။ “ငါက တခြားသူတွေနဲ့ တိုက်ခိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားတဲ့အချိန် ဒီကိုဝင်လာပြီး အားဖြည့် လိုက်ရင် ဘယ်လောက်မြန်မလဲ”

စနစ်ကပြောလိုက်သည်။ “လက်ခံသူ ဒါက အရမ်းတရားလွန်သွားပြီ၊ ဒီမှာကုန်ဆုံးသွားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ဒီမှာပြန်ပြီးတော့ ဖြည့်တင်းနိုင်တယ်၊ ဒါပေမဲ့ တခြားမှာ ကုန်ဆုံးတဲ့ဟာကို ဒီမှာလာပြီးဖြည့်တင်းလို့ ဘယ်လိုလုပ် ရပါ့မလဲ”

All Chapters