အခန်း (၄၆၆)
Vol. 32 Ch. 466
စမ်းသပ်မှုမျှော်စင်၏ တတိယထပ်လုပ်ဆောင်မှုသည် ဤအထပ်တွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များအား စုပ်ယူရန်ပင်ဖြစ်တော့၏။ နည်းစနစ်များကို ထုတ်ဖော်အသုံးပြုကာ ကုန်ဆုံးသွားသော စိတ်ဝိညာဉ်စွမ်းအင် များသည် ဤနေရာမှာပဲ ပြန်လည်စုပ်ယူရရှိနိုင်၏။ အထပ်ထပ် သန့်စင်ခြင်းကို ခံခဲ့ရတာ စိတ်ဝိညာဉ်အမြူတေများ ပိုမိုအားကောင်းလာပေလိမ့်မည်။
“ကောင်းပြီ”
သူသည် စနစ်၏ ရင်နာအောင်ပြောသည့်စကားလုံးများကို လျစ်လျှုရှုလိုက်၏။ ထို့နောက် ပခုံးကိုတွန့်ကာ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ကုန်ဆုံးအောင် ထပ်မံပြုလုပ်လိုက်တော့သည်။
ရွှီး ရွှီး
ဒုတိယအကြိမ် စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ် စွမ်းအင်များ ပေါကြွယ်နေသည့် နေရာဆီသို့ အသာသွားလိုက်ပြီး ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်ကို အသက် သွင်းကာဖြင့် စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူတော့သည်။
သူသည် စိတ်ဝိညာဉ်အမြူတေနှစ်ခုရှိသည်မို့ အလွန်များပြားသော စိတ်ဝိညာဉ်စွမ်းအင်များကို ပိုင်ဆိုင်သည်ဟု ဆိုရမည်။
ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်ကို ထပ်ကာထပ်ကာ အသက်ဝင် လှည့်ပတ်ပြီးသည့်နောက်မှာတော့ တတိယထပ်မှာရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်။ နှစ်ကြိမ်မြောက်မှာတော့ ယခင်ကထက် ပိုမို၍ အားကောင်းလာသည်ကို သူခံစားမိ၏။
ဆက်တိုက်သာ ကျင့်ကြံ သွားမည်ဆိုပါက အလွန်တရာအကျိုးများမည့် နေရာပင်ဖြစ်ပေလိမ့်မည်။
သိုင်းကျင့်ကြံခြင်းလမ်းစဉ်တွင် ခန္ဓာကိုယ်အားအင်သည် အခြေခံ အကျဆုံးအရာဖြစ်သည်။ ထို့အပြင် ထပ်မံ၍ အရေးကြီးသည့် အရာမှာ စိတ်ဝိညာဉ်အမြူတေထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များပင် ဖြစ်ပေလိမ့်မည်။ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းထားသော တိုက်ခိုက်ချက်များကို ထုတ်ဖော်ချိန်တွင် ရိုးရိုးတိုက်ခိုက်သည်ထက် ပိုမို၍ အားကောင်းသည်မှာ ယုံမှားသံသယရှိစရာပင် မလိုချေ။
“ဆက်လုပ်မယ်၊ ဆက်လုပ်မယ်”
ကျွင်းချောင်ရှောင်းသည် စတင်၍ လေးလေးနက်နက် ကျင့်ကြံတော့၏။
ဘန်း …. ဘန်း ….။
ဟူး ဟူး ဟူး
နာရီအနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့လဲကာ မောပန်းလျက်ရှိနေ၏။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ထုတ်ဖော်လိုက်၊ ကုန်ဆုံးလိုက်နှင့် သံသရာလည်ပတ်လျက်ရှိနေ၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်သည် မလိုက်နိုင်တော့ချေ။ သူကဲ့သို့ ဓားနှင့်သိုင်းဘုရင်တစ်ယောက်ပင်လျှင် အလွန်တရာ မောပန်း သည့်အခြေအနေသို့ ရောက်ရှိသွားတော့သည်။
“တတိယထပ်က လင်းနေတယ်၊ တစ်ယောက်ယောက်ဝင်သွားတာဖြစ်မယ်၊ သွားကြည့်ရအောင်”
စုရှောင်မိုနှင့် လီဖေးတို့သည် တတိယထပ်သို့ အရင်ဆုံး ရောက်ရှိလာခဲ့၏။ အထဲတွင် လဲလျောင်းလျက်ရှိသော ကျွင်းချောင်ရှောင်းကို မြင်ချိန်မှာတော့ သူတို့သည် နားလည်သွားမိ၏။ “ဂိုဏ်းချုပ် ဒီမှာ ကျင့်ကြံနေတာကိုး၊ တတိယထပ်က ဘာကိုလေ့ကျင့်တာလဲ”
“မသိဘူး၊ တစ်စုံတစ်ခုတော့ ထူးခြားမှာပေါ့”
ဒုတိယထပ်တွင် အသားကျခဲ့ပြီဖြစ်သော တပည့်များအားလုံးသည် တတိယထပ်သို့ စုဝေးရောက်ရှိလာကြသည်။ သူတို့သည် တတိယထပ်၏ လုပ်ငန်းလုပ်ဆောင်မှုကို နားမလည်သောကြောင့် မတ်မတ်ရပ်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေမိ၏။
အချိန်အတော်ကြာ နားနေပြီးနောက် ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လာပြီး တတိယထပ်၏ လုပ်ဆောင်ချက်များကို သေသေချာချာ ရှင်းပြလိုက်တော့သည်။
ဝမ်းနည်းစရာကောင်းသည်မှာ တချို့သောတပည့်များသည် အချိန်အနည်းငယ် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ မည်သို့မှ မတတ်နိုင်တော့ပဲ ဘန်းဟူသည် အသံနှင့်အတူ သူတို့၏ ဝိညာဉ်များ ပေါက်ကွဲပြီး ခန္ဓာကိုယ်ဆီသို့ ပြန်လည်၍ ရောက်ရှိလာကြတော့သည်။ ပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်များသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိ၏။
တတိယထပ်တွင် အပြစ်ပေးသည့်စနစ်လည်း ပါဝင်လျက်ရှိသည်။
ထို့ကြောင့် တပည့်များသည် ပိုမို၍ သတိထား လာ၏။ သူတို့၏ ခန္ဓာကိုယ် အကန့်အသတ်သို့ ရောက်ရှိလာချိန်မှာတော့ ချက်ချင်းပဲ ပြန်လည်ထွက်ခွာသည့် အလုပ်ကို လုပ်ဆောင်လာကြပြီဖြစ်သည်။ သို့ပေမဲ့ သူတို့သည် တတိယထပ်သို့ နေ့စဉ်နေ့တိုင်း အချိန်အနည်းငယ် ဝင်ရောက်ကာ လေ့ကျင့်လျက်ရှိနေသည်။
တတိယထပ်တွင်လည်း မှတ်တမ်းတစ်ခု ရှိလို့နေ၏။ တပည့်များနှင့် နှိုင်းယှဉ်လျှင် ဂိုဏ်းချုပ်ကျွင်းသည် အချိန် အတော်ကြာနေနိုင်သည်ဆိုသော်လည်း မှတ်တမ်းစာရင်းတွင် မပါဝင်ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေသောကြောင့် ဖြစ်၏။
ပထမထပ် မြေဆွဲအား လေ့ကျင့်မှုအခန်းတွင် ပထမဦးဆုံး မှတ်တမ်းတင်နိုင်ခဲ့သူမှာ ရှောင်ကျီဖြစ်၏။ ပြီးနောက် လုချင်းချင်းသည် ၎င်းအားကျော်ဖြတ်ခဲ့၏။ နောက်ဆုံးမှာတော့ ရှောင်ကျီသည် ထိုနေရာကို ပြန်လည်၍ ရယူနိုင်ခဲ့ပြီ ဖြစ်သည်။
ဒုတိယထပ် လျှင်မြန်မှုနည်းစနစ်ကို အသားပေးသည့်နေရာတွင်တော့ စုရှောင်မိုသည် ပါရမီ ထူးခြားလှ၏။ ထိပ်ဆုံးစာရင်းတွင် ရှိလို့နေ၏။
တတိယထပ် စိတ်ဝိညာဉ်စွမ်းအင်များကို ပိုမိုအားကောင်းအောင် လေ့ကျင့်သည့်နေရာတွင် ထိုက်ရွှမ်ကျမ်းနှင့် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံလျက်ရှိသော ညအင်ပါယာက ထိပ်ဆုံးနေရာတွင် ရပ်တည်လို့နေ၏။
တပည့်များအားလုံးတွင် ရီချင်းရှန်၏ စိတ်ဝိညာဉ်စွမ်းအင်သည် အားအကောင်းဆုံးနှင့် အသိပ်သည်းဆုံး ဖြစ်သည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ထိုစွမ်းအင်များအားလုံးသည် ထိုက်ရွမ်ကျမ်းဆီမှ ရရှိလာခြင်းကြောင့် ဖြစ်တော့သည်။
ဘန်း
လေ့ကျင့်ရေးခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် အားအင်စမ်းသပ်ခြင်းစက်အား လက်သီးနှင့် ထိုးလိုက်၏။ တုန်လှုပ်စရာလှိုင်းများ ဖြစ်တည်လာပြီး အလွန်တရာ ပြင်းထန်လှသည့် အားအင်အဆင့်သည် အားအင် စမ်းသပ်ခြင်း စက်ပေါ်တွင်ပေါ်လာ၏။ “ဂျင် သုံးသန်း”
စနစ်က ထပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ပထမတန်းစား သိုင်းဘုရင်တစ်ယောက်တောင်မှ နှစ်ဒဿမငါးသန်း အားအင်ပဲ ရှိတယ်၊ လက်ခံသူကတော့ သူတို့ထက် ဂျင်ငါးသိန်းလောက် ပိုပြီး အားကောင်းနေတယ်”
ကျွင်းချောင်ရှောင်းက သွားဖြီးကာ ပြောလိုက်၏။ “ဒါဆိုရင် ငါက ပထမတန်းစား သိုင်းဘုရင်တစ်ယောက်ရဲ့ အဆင့်ထက်မှာ ရှိနေတာပေါ့”
“မဟုတ်ဘူး”
စနစ်မှ ပြောလိုက်၏။ “လက်ခံသူကလည်း ပထမတန်းစား သိုင်းဘုရင်တစ်ယောက်ပဲ၊ ဘာလို့ ဒီထက်ပိုပြီး အားကောင်းနေသလဲဆိုတော့ ဓားနှင့်သိုင်းဘုရင်တစ်ယောက် ဖြစ်နေလို့လေ”
“ငါသိပြီ”
ကျွင်းချောင်ရှောင်းသည် လက်သီးအနည်းငယ်ထိုးပြီးသည့်နောက်မှာတော့ စမ်းသပ်မှုမျှော်စင်၏ တတိယထပ် ဆီသို့သွားကာ လေ့ကျင့်လိုက်တော့၏။ ထိုအထပ်ဆီသို့ သွားရောက်လေ့ကျင့်သည့်အကြိမ်ရေ များလာသည် နှင့်အမျှ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ပိုမိုအားကောင်းလာသည်ကို ခံစားမိ၏။
စနစ်က ပြောလိုက်သည်။ “ဒီစိတ်ဝိညာဉ်စွမ်းအင်တွေကို ကုန်ဆုံးလိုက်၊ ပြန်လည်စုပ်ယူလိုက် လုပ်ရတာနဲ့ အသားကျလာတာနဲ့အမျှ လက်ခံသူရဲ့ သိုင်းနည်းစနစ်တွေရဲ့ အားအင်အဆင့်ကလည်း ပိုပြီး တိုးပွားလာလိမ့်မယ်၊ ဒါကြောင့် ဒီနေရာမှာ မဖြစ်မနေ လေ့ကျင့်ဖို့အတွက် အကြံပြုချင်တယ်”
“နားလည်ပြီ”
ကျွင်းချောင်ရှောင်းသည် ဆက်လက်၍ လေ့ကျင့်လိုက်၏။ သူသည် မနက်ခင်း၌ စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင် ထဲတွင် လေ့ကျင့်၏။ ပြီးနောက် နေ့လယ်ပိုင်းတွင် စမ်းသပ်မှုမျှော်စင်၏ တတိယထပ်တွင် လေ့ကျင့်၏။ သံမဏိ အရိုးဂိုဏ်းတပည့်များ အားလုံးသည်လည်း ပြင်းပြင်းထန်ထန် လေ့ကျင့်လျက်ရှိ၏။
တော်တော်များများသည် သိုင်းဆရာအဆင့်ဆီသို့ တစ်ယောက်ပြီးတစ်ယောက် ချိုးဖြတ်ရောက်ရှိသွားကြသည်။ ၎င်းတို့အဆင့်နှင့် အားအင်များသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုပို၍ အားကောင်းလာ၏။ ပိုမို၍ အကျိုးထူးခြားသည့် လူများမှာ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော အတွင်းစည်းတပည့်များပင် ဖြစ်တော့သည်။ ၎င်းတို့အားလုံးသည် ရက်အနည်းငယ် လေ့ကျင့်ပြီးသည့်နောက်မှာတော့ သိုင်းစစ်သူကြီးအဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်တော့သည်။
သိုင်းစစ်သူကြီးအဆင့်သို့ ဝင်ရောက်ရန်အတွက် အဓိက လိုအပ်သည်မှာ သိုင်းနည်းစနစ်များကို နက်နက်နဲနဲ နားလည်ခြင်းပင် ဖြစ်တော့သည်။ ဤအရာသည် စိတ်ဝိညာဉ်စွမ်းအင်များကို ပိုမိုနားလည်ခြင်းဟုလည်း ဆိုရမည် ဖြစ်၏။
တတိယထပ်တွင် လေ့ကျင့်ပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များကို ပိုမိုနားလည်လာကြသည်။ ထို့ကြောင့် ၎င်းတို့၏ အဆင့်ချိုးဖြတ်နိုင်မှုသည် ပိုမိုတိုးတက်သွားခဲ့ခြင်းပင်ဖြစ်၏။ ထိုအရာကို သိရှိပြီးသည့်နောက် မှာတော့ ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာ ပြောလိုက်မိ၏။ “တပည့်တွေက သိုင်းဆရာ ထိပ်ဆုံးအဆင့်ကို ရောက်သွားပြီဆိုရင် စမ်းသပ်မှုမျှော်စင်ရဲ့ တတိယထပ်ကို လာပြီး လေ့ကျင့်လိုက်ရုံပဲ၊ ဒါဆိုရင် အဆင့်ချိုးဖြတ်ဖို့ လွယ်ကူသွားလိမ့်မယ်၊ ဒါက ပြဿနာတစ်ခု မဟုတ်တော့ဘူးပဲ”
စနစ်က ပြောလိုက်၏။ “သိုင်းတပည့်အဆင့်တွေနဲ့ တဆင့်ချင်းစီ လေ့ကျင့်သွား၊ ပြီးရင် သိုင်းဆရာထိပ်ဆုံးအဆင့်ရောက်ပြီဆိုတာနဲ့ ဒီတတိယထပ်မှာ လာပြီးလေ့ကျင့်လိုက်၊ သိုင်းစစ်သူကြီးတစ်ယောက် ဖြစ်သွားလိမ့်မယ်”
ကျွင်းချောင်ရှောင်း ပျော်ရွှင်သွားမိ၏။ ချီလေပွေဆေးကြောင့် သိုင်းတပည့်အဆင့်ကို ရောက်ရှိနိုင်၏။ သိုင်းဆရာ ဆေးလုံးကြောင့် သိုင်းဆရာအဆင့်ကို ရောက်ရှိနိုင်၏။ စမ်းသပ်မှုမျှော်စင်၏ တတိယထပ်သည် သိုင်းစစ်သူကြီး အဆင့်သို့ ရောက်ရှိရန် ပို့ဆောင်ပေးနိုင်၏။
လီချင်းယန်နှင့် တခြားသူများသည် အဆင့်ချိုးဖြတ်ပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းတွင် သိုင်းစစ်သူကြီး အရေအတွက် ပိုမိုများပြားလာခဲ့ပြီဖြစ်သည်။ အားလုံးသည် ထိပ်ဆုံးအဆင့် အလားအလာများ ပိုင်ဆိုင်ကြသူများ ဖြစ်၍ ၎င်းတို့၏ တိုက်ခိုက်ရေးအားအင်များသည် သိုင်းစစ်သူကြီးအဆင့်ခြောက် (သို့မဟုတ်) အဆင့်ခုနှစ်ထက် အားမနည်းလှချေ။
ဂိုဏ်းချုပ်သည် ဓားနှင့်သိုင်းဘုရင်တစ်ယောက်ဖြစ်ပြီး တပည့်များမှာတော့ သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် အားအင်များကို ပိုင်ဆိုင်ကြသူများဖြစ်၏။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်း၏ အားအင်သည် တပည့်အရေအတွက် နည်းပါးသည်ဆိုသော်လည်း အဆင့်ငါးဂိုဏ်းတစ်ခုနှင့် နှိုင်းယှဉ်၍ ရနေပြီဖြစ်၏။
သူတို့သည်သာ နတ်စမ်းချောင်း ဂိုဏ်းဆီသို့ ထပ်မံသွားရောက်၍ တိုက်ခိုက်မည်ဆိုလျှင် တပည့်များအား အနိုင်ယူဖို့ မဆိုနှင့် တစ်ဖက်၏ အကြီးအကဲများကို စိန်ခေါ်ပြီး ချီးထွက်အောင် ရိုက်နှက်၍ ရနေပြီဖြစ်သည်။
ဟုတ်ပေသည်။ တပည့်များအားလုံးသည် တိုးတက်လာခဲ့ကြ၏။ ထိုထဲ၌ အကြီးအကဲကျန့်သည်လည်း အပါအဝင်ပင် ဖြစ်တော့သည်။
နောက်ဆုံးမှာတော့ ၎င်းသည် သိုင်းဘုရင်အဆင့်နှစ်ဆီမှ အဆင့်သုံးဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့၏။ သံမဏိအရိုးဂိုဏ်း သို့ ဝင်ရောက်သည်မှာ အချိန်အနည်းငယ် ကြာမြင့်ပြီဖြစ်သော်လည်း သူသည် အဆင့်တစ်ဆင့်သာ တက်ခဲ့၏။ ဤအရာကို နှေးကွေးသည်ဟု သတ်မှတ်နိုင်၏။
သို့ပေမဲ့ ကျန့်ရာမှာ အလွန်တရာ စိတ်လှုပ်ရှားမိနေသည်။ အတိတ်တုန်းကဆိုလျှင် သိုင်းဘုရင် အဆင့်တစ်မှ အဆင့်နှစ်သို့ ရောက်ရှိရန်အတွက် နှစ်နှစ်မှ သုံးနှစ်အထိ အချိန်ယူခဲ့ရ၏။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းထဲမှာတော့ လအနည်းငယ် ကျင့်ကြံရုံဖြင် အဆင့်နှစ်မှ အဆင့်သုံးသို့ ရောက်ရှိသွားခဲ့၏။ ထို့ပြင် အားအင်အဆင့်သည်လည်း အဆင့်မြင့်အဆင့်မှသည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သေးသည်။
ဤအရာသည် သူအိမ်မက်ပင် မမက်ခဲ့ဘူးသော အရာဖြစ်၏။ ထို့အပြင် စမ်းသပ်မှုမျှော်စင် တတိယထပ်ကို အတွေ့ အကြုံ ခံစားပြီးသည့်နောက်မှာတော့ ကျန့်ရာ၏ အားအင်အဆင့်များသည် ပိုမို၍ တိုးတက်လာခဲ့တော့၏။ ထို့ကြောင့်ပင် သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ပြီးသည့် တပည့်များ အားလုံးတို့သည် ကျင့်ကြံခြင်းအမြန်နှုန်း ပိုမို မြန်ဆန်ကြသည်သာမက အားအင်အဆင့်သည်လည်း ထူးခြားပြောင်မြောက်စွာဖြင့် အားကောင်းနေကြ၏။
ကန့်သတ်ချက်ဟူ၍ တစ်ခုသာရှိနေ၏။ ထိုသူသည် နောက်ဆုံးတပည့်ဖြစ်သော ဟယ်ဝူတီသာ ဖြစ်တော့သည်။ ဤလူ၏ ပင်ကိုယ်စွမ်းရည်အမြစ်သည် အလွန်တရာ အားကောင်းလွန်းလှ၏။ ထိုသူသည် ခုနှစ်ရက်အတွင်းတွင် မရီဒန် ခုနှစ်ခုကို ဖွင့်နိုင်ခဲ့၏။ တစ်ရက်လျှင် မရီဒန်တစ်ခုဖွင့်ခြင်းဟု သတ်မှတ်ရမည်ဖြစ်ပြီး မယုံကြည် နိုင်ဖွယ်ရာပင်။
“ဒီလောက်မြန်တဲ့ အမြန်နှုန်းအရဆိုရင် နောက်ထပ် ငါးရက်အတွင်းမှာ မရီဒန် ဆယ့်နှစ်ခုကို ဖွင့်နိုင်မှာပဲ”
ဟယ်ဝူတီသည် တွေးလိုက်မိ၏။ “ငါသိုင်းတပည့်တစ်ယောက်ဖြစ်ပြီဆိုရင် သံမဏိအရိုးဂိုဏ်းထဲက ထွက်ပြီး ပြင်ပမှာ ထွက်စွန့်စားရမယ်”
သူသည် အဆင့်မြင့်ဂြိုလ်တစ်ခုတွင် သူတော်စင်တစ်ယောက်ဖြစ်ခဲ့ဖူးသူမို့ သေခြင်းရှင်ခြင်းနှင့်ပတ်သက်သည့် တိုက်ပွဲအတွေ့အကြုံများစွာကို ပိုင်ဆိုင်၏။ ထို့ကြောင့် တစ်နေရာတည်းတွင်နေရသည်ကငို မနှစ်သက်ဘဲ ကျင့်ကြံရာမှာ တစ်ဆင့်ပြီး တစ်ဆင့် စွန့်စားသွားလာရင်း ကျင့်ကြံမည်ဟု စဉ်းစားထား၏။
ထို့ပြင် သံမဏိအရိုးဂိုဏ်းသည် တပည့် နှစ်ထောင်ကျော်သာရှိ၏။ ထို့ပြင် ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၌ အဆင့်ခြောက် ဂိုဏ်းတစ်ခုသာ ဖြစ်နေသေးသည်။ သူအဘယ်ကြောင့် ဤနေရာတွင် နေထိုင်ရမည်နည်း။ ထို့ကြောင့် မရီဒန် ဆယ့်နှစ်ခုကို ဖွင့်လှစ်ပြီး သိုင်းတပည့်အဆင့်သို့ ရောက်ရှိပြီးသည့် ညမှာတော့ သူသည် အထုတ် အပိုးများကို ထုတ်ကာ အပြင်လောကဆီသို့ ထွက်ရန် ပြင်ဆင်လိုက်တော့၏။
တောင်၏ ဂိတ်တံခါးရှေ့တွင် မတ်မတ်ရပ်နေသော ဟယ်ဝူတီသည် သံမဏိအရိုးဂိုဏ်းအား လှည့်ကြည့်ကာ တီးတိုးရေရွတ်လိုက်မိ၏။“ကောင်လေး နောက်တစ်ကြိမ် ငါတို့ပြန်တွေ့တဲ့အခါ တစ်စုံတစ်ယောက်က ကောင်းကင်မှာဖြစ်ပြီးတော့ တစ်စုံ တစ်ယောက်က မြေပြင်မှာဖြစ်လိမ့်မယ်”
သူသည် ကောင်းကင်မှာဖြစ်ပြီး ကျွင်းချောင်ရှောင်းသည် မြေပြင်မှာဖြစ်ပေလိမ့်မည်။
ရွှီး
သူလက်ကို ဝှေ့ယမ်းပြီးတော့ အသာလှမ်းထွက်လိုက်၏။ သို့ပေမဲ့ သူ၏ ခြေထောက်များသည် ဂိုဏ်း၏ အပြင်ဘက်သို့ ရောက်ရှိသွားချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်သွား၏။ သူ၏ သိစိတ်ပင်လယ်ပြင်ကြီး တစ်ခုလုံးသည် ပေါက်ကွဲထွက်သွားခဲ့ပြီး ရှိခဲ့သော မှတ်ဉာဏ်များအားလုံးသည် ဖျက်ဆီးခံလိုက်ရ၏။ မျက်လုံးများ ချာချာလည်ပြီး နေရာမှာတင် လဲကျကာ မေ့မျောသွားတော့သည်။