← Chapters

အခန်း (၄၆၇)

Vol. 32 Ch. 467

အခန်း (၄၆၇)

Vol. 32 Ch. 467

ဟယ်ဝူတီ အား တပည့်အဖြစ် လက်ခံရန် ကြိုးစားချိန်တွင် ဂိုဏ်းချုပ်ကျွင်းသည် များပြားလှ‌သောလှည့်ကွက်များကိုသုံးပြီး ပါရမီရှင်များကို မည်မျှတောင်းတသနည်းဆိုကြောင်းကို ပြသခဲ့၏။

သို့ပေမဲ့ ဟယ်ဝူတီ အား တပည့်အဖြစ် လက်ခံပြီးသည့်နောက်မှာတော့ အလွန်တရာ ရက်စက်စွာဖြင့် ခွဲခြားဆက်ဆံ‌ကာ နောက်ဆုံးတပည့်အဖြစ် သတ်မှတ်ခဲ့သည်။

အဘယ့်ကြောင့်နည်း။

အဘယ့်ကြောင့်ဆိုသော် သူသည် သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းနှင့် တစ်သားတည်း ဖြစ်ရန်လိုအပ်သောကြောင့် ဖြစ်သည်။

ဂိုဏ်းမှ ထွက်ခွာသွားမည်လား ၊ သစ္စာဖောက်၍ သွားမည်လား။

ဟုတ်ပေသည် ။ပထမဦးဆုံးအနေနှင့် ဘယ်တုန်းကမှ မရှိခဲ့ဘူးသော မှတ်ဉာဏ်များအဖြစ်သို့ ဖျက်ဆီးခံရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် ထိုကိစ္စနှင့် ပတ်သက်၍ စနစ်သည် သူ့အား လိမ်ညာနေခြင်း ဖြစ်မည်ဟု အနည်းငယ် စိုးရိမ်ပူပန်မိ၏။

သို့ပေမဲ့ ဟယ်ဝူတီ သည် ထွက်ခွာသွားရန် ရည်ရွယ်ပြီး ဂို‌ဏ်း၏ အပြင်ဘက်ဆီသို့ ထွက်ခွာသွားလိုက်သည်နှင့် မှတ်ဉာဏ်များအားလုံး ဖျက်ဆီးခံလိုက်ရသည်။

ထို့ကြောင့် အကန့်အသတ်သည် အစစ်အမှန် တည်ရှိနေခြင်းဖြစ်ကြောင်း သူ နားလည်လိုက်မိ၏။

ထိုဖျက်ဆီးခံလိုက်ရသော မှတ်ဉာဏ်ထဲတွင် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်။ ထိုကျင့်ကြံခြင်းမှ ရရှိသော အကျိုးကျေးဇူးအားလုံး ပျောက်ကွယ်သွားခဲ့သည်။

ဟယ်ဝူတီ သည် တံခါး၏ ရှေ့တွင် သတိလစ်မေ့မျောနေ၏။

အရာကိစ္စ အများကြီးကို မေ့လျောသွားခဲ့ပြီဖြစ်သလို သိုင်းတပည့်အဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားသည့် အရာများသည်လည်း ပြန်လည်ယုတ်‌လျော့သွားကာ မရီဒန်များ ပြန်လည်ပိတ်ဆို့သွားခဲ့သည်။

ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည် သုံညအဖြစ်သို့ ပြန်လည်ယုတ်လျော့သွားခဲ့သည်။ ဆိုးရွားသည့် အခြေအနေမျိုးသို့ ဆိုနိုင်သည်။

ဒင်

“တပည့်ဟယ်ဝူတီ သည် ထွက်ခွာသွားရန် ပြင်ဆင်ခဲ့၏။ ထို့ကြောင့် မှတ်ဉာဏ်များ ဖျက်ဆီးခံလိုက်ရသည်။”

ဒင်

“ဂိုဏ်းအဖွဲ့ဝင် ၂၅၁၇/၅၀၀၀”

ဟယ်ဝူတီ၏ မှတ်ဉာဏ်များသည် ဖျက်ဆီးခံလိုက်ရပြီး ဂိုဏ်းမှ အလို‌အလျောက် ထွက်ခွာသွားသည်ဟု သတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်း၏ အဖွဲ့သား အရေအတွက်များ ကျဆင်းသွားခြင်း ဖြစ်သည်။

စိတ်ဝိညာဉ်အစီအရင်ထဲတွင် လေ့ကျင့်လျက်ရှိသော ကျွင်းချောင်ရှောင်းသည် သတိပေးသံကို ကြားရချိန်မှာတော့ ခေါင်းကို ခါယမ်းလိုက်မိသည်။ "သူက သိုင်းတပည့်အဆင့်ကို ချိုးဖြတ်ရောက်ရှိသွားတာနဲ့ ထွက်ခွာသွားဖို့ ပြင်ဆင်နေတာပဲ။"

သူ့အနေနှင့် လူသားတို့၏ နှလုံးသားကို လှည့်စားခြင်းဖြင့် ရရှိနိုင်မည် မဟုတ်ကြောင်းကို သိရှိပြီးဖြစ်၏။

ဟယ်ဝူတီ အနေနှင့် ဂိုဏ်းသို့ စိတ်ပါလက်ပါနှင့် ဝင်ရောက်ခြင်း မဟုတ်သောကြောင့် ပြန်လည်ထွက်ခွာသွားရန် ပြင်ဆင်ခဲ့ခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ သိုင်းတပည့်အဆင်သို့ ချိုးဖြတ်ရောက်ရှိသည်နှင့် ထွက်ခွာသွားခြင်းမှာ အလွန်တရာ စိတ်မရှည်သူဟု ဆိုရမည်။

စနစ်မှ ပြောလိုက်သည်။ "အားလုံးမှာ ကိုယ်ပိုင်ရည်မှန်းချက်ဆိုတာ ရှိတယ်။မှတ်ဉာဏ်တွေလည်း ဖျက်ဆီးခံလိုက်ရပြီဆိုတော့ လက်ခံသူ သူ့ကို ထွက်ခွာသွားခွင့် ပေးလိုက်ပါ။"

"ဒီလိုပဲ သတ်မှတ်ရမှာပေါ့"

ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်၏။ "ဒါပေမဲ့ သူက ပြုစုပျိုးထောင်လို့ ကောင်းတဲ့ မျိုးစေ့‌ကောင်းတစ်ခုပဲ။သူ့ကို လက်လွှတ်လိုက်မယ်ဆိုရင် သံမဏိအရိုးဂိုဏ်းနဲ့ ငါ့အတွက် ဆုံးရှုံးမှုတစ်ခုပဲ ဖြစ်လိမ့်မယ်။သူ့ကို ပြန်‌ခေါ်ရမယ်"

စနစ်သည် ငြိမ်သက်သွားမိ၏။ "..."

……..

"ငါ့ခေါင်း … ငါ့ခေါင်းနာလိုက်တာ"

နောက်တစ်ရက်မှာတော့ ဟယ်ဝူတီ သည် ဂိုဏ်းထဲသို့ ပြန်လည်သယ်ဆောင်ခြင်း ခံလိုက်ရသည်။

သူသည် ဦးခေါင်းကို အသာလက်ဖြင့် အုပ်ကိုင်ကာ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ စိတ်များအားလုံးသည် ရှုပ်ထွေးလျက်ရှိပြီး ခေါင်းသည်လည်း ရိုက်ခွဲခံထားရသလို နာကျင်လျက်ရှိနေ၏။

သူသည် သတိဝင်လာပြီးသည့်နောက်မှာတော့ မရင်းနှီးသည့် နေရာကြီးတစ်ခုလုံးအား ကြည့်ရှုလိုက်၏။ ပြီးနောက် စဉ်းစားလိုက်မိသည်။ "ငါ ဝံပုလွေသားရဲတွေရဲ့ တိုက်ခိုက်ခြင်းကို ခံထားရတာမို့လား"

သူ၏ အချိန်အတော်ကြာ မှတ်ဉာဏ်များ ဖျက်ဆီးခံလိုက်ရပြီဖြစ်သောကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပထမဦးဆုံး ရောက်ရှိခဲ့သည့် တောထဲတွင် ဝံပုလွေများ နှင့် တိုက်ခိုက်သည့် အချိန်ကိုသာ မှတ်မိနေ၏။

ထိုအရာများဖြစ်ပြီးသည့်နောက် အကြောင်းအရာများအားလုံးကို သူ မေ့လျောသွားခဲ့သည်။

ကျွီ

တံခါးဖွင့်ပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်း လျှောက်ဝင်လာခဲ့သည်။ "ညီငယ်လေး …. ငါမင်းကို ကယ်တင်ခဲ့တာပဲ"

"ညီငယ်လေး ဟုတ်လား"

ဟယ်ဝူတီ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ သူသည် အားဖျော့စွာ မေးလိုက်သည်။ "ဒါက ဘယ်နေရာလဲ"

"ဒါက သံမဏိအရိုးဂိုဏ်းလေ"

ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည်။ "ကျုပ်က ဒီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ".

"သံမဏိအရိုးဂိုဏ်း ဟုတ်လား။ဘယ်လောက်ဆိုးရွားလိုက်တဲ့ နာမည်လဲ"

မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့သော ဟယ်ဝူတီ သည် ဂိုဏ်းချုပ်၏ ထပ်မံလှည့်ဖျားခြင်းကို ခံလိုက်ရပြန်၏။

သူသည် တောက်ယွမ်လိုပဲ ဂိုဏ်းချုပ်၏ ကယ်တင်ခြင်းကို ခံလိုက်ရသူဟု တွေးထင်နေမိ၏။ နောက်ဆုံးမှာတော့ ဟယ်ဝူတီ သည် ဂိုဏ်းထဲတွင် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။

"ညီငယ်လေး မင်းဆီမှာ မိဘနဲ့ ဆွေးမျိုးတွေလည်း ရှိတာ မဟုတ်ဘူး။သံမဏိအရိုးဂိုဏ်းကို ဘာလို့ မဝင်တာလဲ"

ကျွင်းချောင်းရှောင်း ခေါင်းမော့ကာ ပြောလိုက်သည်။

"ဒါက"

"သံမဏိအရိုးဂိုဏ်းထဲကို ဝင်ရင် ငါမင်းကို နောက်ဆုံးတပည့်အဖြစ် သတ်မှတ်ပေးမယ်။ပြီးတော့ ကျင့်ကြံခြင်း အရင်းအမြစ် အားလုံးကိုလည်း အလကားပေးမယ်"

"သံမဏိအရိုးဂိုဏ်းထဲကို ဝင်ရမယ်ဟုတ်လား"

ပြီးသည့်နောက်မှာတော့ ဟယ်ဝူတီ သည် သံမဏိအရိုးဂိုဏ်းထဲသို့ ဒုတိယအကြိမ်မြောက် ဝင်ရောက်ခဲ့သည်။

အရာအားလုံးသည် သူ့အတွက် အသစ်ဟု ခံစားနေမိသည်။ သူ့အနေနှင့် သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် လောကကြီးနှင့် ‌ထိတွေ့ရန် ရယူကြိုးစားရမည်ဟု သတ်မှတ်လိုက်၏။

သူ၏ အစစ်အမှန် ရည်ရွယ်ချက်သည် ပထမဦးဆုံး သံမဏိအရိုးဂိုဏ်းထဲသို့ ဝင်မည်။ ပြီးရင် ထွက်ခွာသွားမည်။ ထိုအရာသာ ဖြစ်၏။

ဤသို့နှင့် ဟယ်ဝူတီ သည် သံမဏိအရိုးဂိုဏ်းထဲသို့ ထပ်မံ ဝင်ရောက်ပြီး ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို ထပ်မံ လေ့ကျင့်ခဲ့သည်။ သိုင်းတပည့် ထိပ်ဆုံးအဆင့်သို့ ချိုးဖြတ်ရောက်ရှိပြီးသည့် အချိန်ကာလမှာတော့ သူသည် ထပ်မံ၍......။

"ဂိုဏ်းချုပ်"

နောက်တစ်ရက်မှာတော့ လီချင်းယန်သည် အဓိက ဟောခန်းဆီသို့ ဟယ်ဝူတီ အား ခေါ်ဆောင်ကာ လာခဲ့သည်။ သူသည် စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။ "ဂျူနီယာညီလေးဟယ် ထပ်ပြီး မေ့သွားပြန်ပြီ။သူ့ရဲ့ မှတ်ဉာဏ်တွေနဲ့ ကျင့်ကြံခြင်းတွေ ထပ်ပြီး ဆုံးရှုံးသွားပြန်ပြီ။"

"ဖြစ်ပြန်ပြီလား"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါက ရောဂါတစ်မ်ျုးပဲ..."

လီချင်းယန်၏ နှုတ်ခမ်းထောင့်များသည်တုန်ရင်သွား၏။

သူသည် ဂိုဏ်းချုပ်နှင့်အတူ ပူးပေါင်း၍ ဟယ်ဝူတီ အား ဇာတ်လမ်းဆင်ကာ ထပ်မံ၍ လက်ခံခဲ့ရပြန်သည်။

နောက်ဆုံးမှာတော့ တပည့်သစ်များထားရာ နားနေဆောင်ဆီသို့ ခေါ်လာခဲ့ပြီး ကျင့်ကြံခြင်း ခန်းမဆောင်ဆီသို့ တတိယအကြိမ် လိုက်လံ ပို့ဆောင်ခဲ့ရပြန်သည်။

"ဒါ ….. ဒါကို ရင်းနှီးနေသလိုပဲ"

ဟယ်ဝူတီ သည် ကျင့်ကြံခြင်း ခန်းမဆောင်အတွင်းသို့ တတိယအကြိမ်မြောက် ဝင်ရောက်ခဲ့သည်။

အထဲတွင်ရှိသော အရာများကို သူရင်နှီးနေသလို ခံစားလိုက်မိ၏။ သို့ပေမဲ့ နားမလည်ချေ။

နောက်ဆုံးမှာတော့ သူသည် လီချင်းယန်၏ အကြံပြုချက်အတိုင်း ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို ရွေးချယ်လိုက်၏။

ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ …

"ဂိုဏ်းချုပ်"

လီချင်းယန်သည် ဟယ်ဝူတီ အား ထပ်မံသယ်ဆောင်ကာ ခေါ်လာပြန်သည်။ "ဂျူနီယာညီလေးဟယ် … တောင်ဂိတ်တံခါးမှာ မေ့သွားပြန်ပြီ။ သူ့ရောဂါက တော်တော်ပြင်းတယ်နဲ့တူတယ်။ဒီရောဂါကို ကုဖို့အတွက် ကျော်ကြားလှတဲ့ သမားတော်တွေကို ပင့်မှထင်တယ်။"

"မလိုဘူး"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီအတိုင်းပဲ ဆက်လုပ်လိုက်"

‌"ကောင်းပါပြီ"

လီချင်းယန်သည် ဟယ်ဝူတီ အား ဆေးခန်းမဆောင်ဆီသို့ပို့ရန် ပြင်လိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ့ကို တားဆီးကာ ပြောလိုက်သည်။ "သူ့ကို ကျင့်ကြံခြင်းခန်းမဆောင်ဆီကို ခေါ်သွားတဲ့ အခါမှာ ဘယ်သိုင်းနည်းစနစ်တွေကို ရွေးချယ်သေးလဲ"

ဤလူငယ်သည် အစဉ်အမြဲ ထွက်ခွာသွားဖို့သာ ရွေးချယ်ခဲ့၏။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်း၏ သိုင်းနည်းစနစ်များသည် ထိုလူအား မဆွဲဆောင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။

မဖြစ်နိုင်ပေ။

ကျန့်ရာ ကဲ့သို့သော သိုင်းဘုရင်တစ်ယောက်ပင်လျှင် ဤနေရာတွင် ရှိနေသော သိုင်းနည်းစနစ်များအားလုံးကို စိတ်လှုပ်တရှားနှင့် ရွေးချယ်လျက်ရှိနေသေး၏။

ဤကဲ့သို့ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ဘာတစ်မှ မရှိသော လူတစ်ယောက် အနေနှင့် ဤမျှများပြားသော ကျင့်ကြံခြင်း နည်းစနစ်များကို မြင်ရသည့် အချိန်တွင် ပျော်လွန်သင့်သည် မဟုတ်လား။

လီချင်းယန်က ပြောလိုက်သည်။ "ဂျူနီယာညီလေးဟယ်ကို ‌ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံဖို့ ကူညီပေးခဲ့တယ်"

"မဟုတ်သေးဘူး"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီတစ်ခါ သူ့ကို လခြမ်းဓားကွက်တို့ ၊ ပေါက်ကွဲလက်သီးတို့၊ တောင်ဖြိုလက်ဝါးတို့ ၊ မြေခွဲလက်သီး စတဲ့ နည်းစနစ်တွေဆီခေါ်သွား"

"ကောင်းပါပြီ"

"နေအုံး … သူ့ကို ကောင်းကင်နီဓားကွက်တို့ ၊ သက်တန့်ရောင်စဉ်နည်းစနစ်တို့ကို ပြလိုက်ကွာ။ ဒါဆို သူတုန်လှုပ်သွားလိမ့်မယ်"

"ကောင်းပါပြီ"

သူသည် ထပ်မံ နိုးထပြီးနောက်မှာတော့ ထုံးစံအတိုင်း ဂိုဏ်းချုပ်ကျွင်း၏ လှည့်စားခြင်းကို ခံကာ သံမဏိအရိုးဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။

ဤအချိန်မှာတော့ လီချင်းယန်သည် ၎င်းအား ကျင့်ကြံခြင်း ခန်းမဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ ခေါ်ဆောင်သွားပြီးသည့်နောက်မှာတော့ စကားတစ်မျိုး ပြောင်းပြောလိုက်တော့၏။ "ဂျူနီယာညီလေးဟယ် ငါတို့ သံမဏိအရိုးဂိုဏ်းက သိုင်းနည်းစနစ်တွေ အများကြီး ရှိတယ်။ကိုယ့်စိတ်ကြိုက်ကို ကြည့်ပြီး ရွေးလို့ရတယ်။အထူးသဖြင့် နောက်ဆုံးတန်း နှစ်တန်းပေါ့။အဲမှာ အဆင့်မြင့် သိုင်းနည်းစနစ်တွေ ရှိတယ်"

"အဆင့်မြင့် သိုင်းနည်းစနစ်တွေ ဟုတ်လား"

ဟယ်ဝူတီ၏ နှလုံးသား‌တွင် ရှိသော အထင်သေးသည့် အရိပ်အယောင်များသည် ပျောက်ကွယ်သွားခဲ့သည်။

သူသည် သံမဏိအရိုးဂိုဏ်းထဲသို့ ခဏတာ ဝင်ရောက်ခဲ့သည်ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး အကြောင်းကို မြန်မြန် နားလည်ရန်ဖြစ်သည်။

သဘာဝအားဖြင့် ဤဂိုဏ်းတွင် အဆင့်မြင့် သိုင်းနည်းစနစ်များ ရှိလိမ့်မည် ဆိုသည်ကို သူ သိလိုက်၏။ လီချင်းယန်သာပါမလာပါက ဟယ်ဟူတင်သည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ် အပြင် အခြားသော သိုင်းနည်းစနစ်များကို ရွေးချယ်ပေလိမ့်မည်။

အခုချိန်မှာတော့ သူသည် တစ်ခြားသော နည်းစနစ်များကို စတင်၍ ရွေးချယ်လျက်ရှိနေတော့သည်။ လခြမ်းနည်းစနစ်ကို အသာလှန်ကြည့်ပြီး‌သည့်နောက်မှာတော့ သူသည် ကြိတ်ကာ အံ့ဩမိနေ၏။ "ဒီသိုင်းနည်းစနစ်က မရိုးရှင်းဘူးပဲ"

ပြီးနောက် သူသည် စည်းအကွာအကွယ် ၊ တိမ်ခြေလှမ်းနှင့် အသံပို့လွှတ်ခြင်း နည်းစနစ်များကို ကြည့်လိုက်သည်။

သူသည် အလွန်တရာ အံ့အားသင့်မိနေ၏။ "သံမဏိအရိုးဂိုဏ်းမှာ ဒီလောက်ကြမ်းတမ်းတဲ့ သိုင်းနည်းစနစ်တွေ ရှိမယ်လို့ ငါမထင်မိဘူး။တော်တော်စုံတာပဲ။"

ကံဆိုးစွာဖြင့် လခြမ်းနည်းစနစ်မှလွှဲ၍ တစ်ခြားသော နည်းစနစ်များသည် သူ၏ အရင်ဂြိုဟ် တွင် လေ့ကျင့်ခဲ့သော သိုင်းနည်းစနစ်များနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

စဉ်းစားကြည့်ပြီးသည့်နောက်မှာတော့ ဟယ်ဝူတီ သည် နောက်ဆုံးစာအုပ်စင်ထားရာ တန်းဆီသို့ သွားလိုက်တော့သည်။

ပြီးနောက် ကောင်းကင်နီဓားကွက်အား မြင်လိုက်ရသည်။ အမှတ်မထင် ဆွဲယူကာ ကြည့်ပြီးသည့်နောက် တီးတိုးရေရွတ်လိုက်မိ၏။ "ဒါက တကယ့်ကို လက်ခံနိုင်လောက်တဲ့ နည်းစနစ်ပဲ"

နတ်ဘုရားအဆင့် သိုင်းနည်းစနစ်ကိုတောင် လက်ခံနိုင်လောက်သည့် သိုင်းနည်းစနစ်လို့ သတ်မှတ်ထား၏။ ဟယ်ဝူတီ သည် ကောင်းကင်နီဓားကွက်ကို အသာချပြီးသည့်နောက်မှာတော့ စာအုပ်စင်ပေါ်ရှိ တစ်ခြားသော စာအုပ်ကို ကောက်ယူလိုက်တော့သည်။

ဘုန်း။

သိုင်းနည်းစနစ်၏ နာမည်ကို မြင်လိုက်ချိန်မှာတော့ သူသည် မိုးကြိုးပစ်ခံထားရသလို တည်နေရာမှာတင် ကြက်သေ သေလျက် ရှိနေ၏။

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ဟယ်ဟူတင်သည် သူ၏ မျက်လုံးများကို အသာ ပွတ်သတ်၍ နာမည်မှားယွင်းသွားသလားဆိုသည်ကို သေချာကြည့်ရှုလိုက်တော့သည်။ ပြီးနောက် မယုံကြည်နိုင်စွာဖြင့် ‌ထအော်မိလိုက်တော့သည်။ "သက်တန့် ဒါ သက်တန့်ရောင်စဉ်ကျမ်းပါလား"

All Chapters