အခန်း (၄၆၉)
Vol. 32 Ch. 469
တိုက်ပွဲရွေ့ပြောင်းခြင်းကတ်၏ အချိန်ကာလသည် သုံးလသာဖြစ်သည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အဆင့်ခြောက်ဂိုဏ်းတစ်ခုနှင့် အဆင့်လေးဂိုဏ်းနှစ်ခုအား မည်ကဲ့သို့ ရင်ဆိုင်ရမည်ဆိုသည်နှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်နေမိ၏။
အဘိုးကြီး ရှန်ကွမ်းဟုန်ကို ရှာဖွေရရန် ဆိုသည်ကလည်း ကောင်းကင်ဘုံကျောင်းသည် နိုင်ငံများ အကြားတွင် ဝင်ရောက်ပတ်သက်ခွင့် မရှိချေ။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် စနစ်၏ အကြံပေးချက်အား သဘောတူလိုက်သည်။
ထို့အပြင် သူ့အနေနှင့် အားကိုးနိုင်သည့် အားအင်ပြည့်ဝနေသူမှာ မြောင်ဟွာခန်းမသာ ရှိနေ၏။ ၎င်းနှင့်လည်း အနည်းငယ် ရင်းနှီးပတ်သက်မှု ရှိနေ၏။
ထို့ကြောင့် ဂိုဏ်း၏ ဝေယျာဝစ္စများအားလုံးကို တာဝန်ခွဲဝေပေးသည့်နောက်မှာတော့ သူသည် တပည့်များအား သဘာဝစိတ်ဝိညာဉ်ကျောက်တုံးများ ပေးအပ်ကာ ပိုမိုတိုးတက်စေရန် တွန်းအား ပေးခဲ့သည်။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံး ၊ အစီအရင် စွမ်းအင်စုစည်းခြင်း အစီအရင်များကြောင့် သံမဏိအရိုးဂိုဏ်းသည် မြန်မြန်ဆန်ဆန်နှင့် အဆင့်ချိုးဖြတ်နိုင်နေကြပြီဖြစ်၏။
လက်ရှိအချိန်တွင် သဘာဝစိတ်ဝိညာဉ် ကျောက်တုံးများကို ထပ်တိုး ရရှိပြီးသည့်နောက်မှာတော့ ၎င်းတို့၏ အမြန်နှုန်းများသည် မယုံကြည်နိုင်ဖွယ်ရာပင် မြန်ဆန်လွန်းလာသည်။ နှစ်လအတွင်းမှာပဲ အလုံးစုံသည် ပြောင်းလဲသွားပေလိမ့်မည်။
အရာအားလုံး စီစဉ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဟာရီကိန်းဝံပုလွေကို စီနင်း၍ နဂါးလေးကို ခေါ်ဆောင်ကာ သံမဏိအရိုးဂိုဏ်းထဲမှ ထွက်ခွာခဲ့၏။
သူ့အနေနှင့် မည်သည့် တပည့်မှ မခေါ်ဆောင်သွားပေ။ အဘယ့်ကြောင့်ဆိုသော် အားလုံးအား မြန်မြန်ဆန်ဆန် အဆင့်ချိုးဖြတ်စေချင်သောကြောင့်သာ ဖြစ်သည်။
အားလုံးသည် ဂိုဏ်းချုပ်ကျွင်းအား စိတ်မပျက်စေရပေ။
စိတ်နှလုံးအေးချမ်းခြင်း နည်းစနစ်ကို အချိန်ပြည့် ကျင့်ကြံနေသည်။ ဂိုဏ်းတစ်ခုလုံး၏ တိုက်ပွဲဝင်စိတ်ဓာတ်များသည်လည်း ပိုမိုအားကောင်းလာလျက်ရှိသည်။
ရောင်မုန့်ယဉ်သည် စားသောက်ခန်းထဲတွင် ထိုင်၍ မနာလိုစွာဖြင့် ပြောလိုက်သည်။ "ကျွန်မလည်း စီနီယာအစ်ကိုကြီးလိုမျိုး သိုင်းနည်းစနစ်တွေကို လေ့ကျင့်ချင်တယ်။"
သံမဏိအရိုးဂိုဏ်းထဲတွင် ရှိသော တပည့်များအားလုံးသည် လေ့ကျင့်၊ ကျင့်ကြံလျက်ရှိကြသည်။
ဘာမှလုပ်စရာမရှိဘဲ တစ်နေကုန် အားအားယားယား လုပ်နေသူမှာ သူမ တစ်ယောက်တည်းသာ ရှိ၏။
သူမသည် ငယ်ရွယ်သောကြောင့်သာ ဤသို့ ဖြစ်နေခြင်း ဖြစ်၏။ အသက်ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်ရောက်မှ သိုင်းပညာများကို စတင်လေ့ကျင့်ရန် ဂိုဏ်းချုပ်ကျွင်းက ပြောဆိုထားသည်။
လျိုဝမ်ရှစ်က ပြုံးကာ ပြောလိုက်သည်။ "ဒုတိယစီနီယာအစ်ကိုကို ရှာပြီးတော့ သိုင်းနည်းစနစ်တွေ သင်ပေးဖို့ မေးကြည့်လေ။"
"ကျွန်မက ကျင့်ကြံဖို့အတွက် အရမ်းပဲ ငယ်လွန်းတယ်လို့ ဂိုဏ်းချုပ်က ပြောခဲ့တယ်မဟုတ်လား။" ရောင်မုန့်ယဉ်သည် နှုတ်ခမ်းကို ဆူလိုက်၏။
လျိုဝမ်ရှစ်သည် သူမလက်ထဲတွင် ရှိသော ဇွန်းကို အသာချကာ ပြုံး၍ ပြောလိုက်သည်။ "ဒုတိယစီနီယာအစ်ကိုက စကားပြောရတာ အဆင်ပြေတယ်။ငါသူ့ဆီခေါ်သွားပေးမယ်"
ပြောပြီးသည့်နောက် သူမသည် ရောင်မုန့်ယဉ်အား လီချင်းယန်ဆီသို့ ခေါ်ဆောင်သွားလိုက်သည်။ ပြီးနောက် လာရခြင်း ရည်ရွယ်ချက်ကို သေချာရှင်းပြလိုက်၏။
လီချင်းယန်သည် အမှန်တကယ်ပင် စကားပြောဆိုရကောင်းသူ ဖြစ်သည်။
လျိုဝမ်ရှစ်၏ ဘေးတစ်ဖက်ဆီမှ ကူညီပြောဆိုမှုအောက်မှာတော့ သူသည် မိန်းကလေးအား ကျင့်ကြံခြင်းခန်းမဆောင်ထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်တော့၏။
"မုန့်ယဉ်"
လျိုဝမ်ရှစ်သည် ကျင့်ကြံခြင်း ခန်းမဆောင်ထဲသို့ လိုက်ပါလာသည်။
ပြီးနောက် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို လက်ထဲတွင် ကိုင်ကာ ပြုံး၍ ပြောလိုက်သည်။ "ဒီသိုင်းနည်းစနစ်ကို လေ့ကျင့်လိုက် ဒါဆိုရင် မရီဒန်တွေ အရင်ဆုံးပွင့်သွားလိမ့်မယ်"
"ကောင်းပါပြီ" ရောင်မုန့်ယဉ်သည် ခေါင်းညိတ်လိုက်၏။
ပြီးနောက် သူမသည် အဝေးတစ်နေရာရှိ စာအုပ်စင်ဆီသို့ အမှတ်မထင် လျှောက်လှမ်းသွားမိ၏။ ဤနေရာတွင် မိစ္ဆာဂိုဏ်းများ၏ သိုင်းနည်းစနစ်များ ရှိလို့နေသည်။
ကျွင်းချောင်ရှောင်းသည် ဤနည်းစနစ်များကို သူ ဖျက်ဆီးပစ်ခဲ့သော မိစ္ဆာဂိုဏ်းများမှ ရရှိခဲ့ခြင်း ဖြစ်သည်။ သူ့အနေနှင့် ကောင်းခြင်း ဆိုးခြင်းဟူ၍ ခြားနားချက်ကို လက်မခံနိုင်ပေ။ ထို့ကြောင့်ပင် မိစ္ဆာဂိုဏ်းနည်းစနစ်များအား ကျင့်ကြံခြင်း ခန်းမဆောင်ထဲသို့ ထားရှိခြင်းဖြစ်၏။
ဤနေရာတွင် ပါရမီပါလာသော တပည့်တစ်ယောက်ယောက် ရှိသည်ဆိုလျှင် ယူဆောင်၍ ကျင့်ကြံနိုင်သည်။
မိစ္ဆာဆိုသည့် စကားလုံးသည် ကျင့်ကြံခြင်းနည်းလမ်းမှ ဖြစ်တည်လာခြင်း မဟုတ်ဘဲ လူသားတို့၏ ပြုမူဆောင်ရွက်မှု အရ ဖြစ်တည်လာခြင်း ဖြစ်၏။
တစ်စုံတစ်ယောက်သည် မှန်ကန်သည့် နည်းစနစ်ကို ကျင့်ကြံသည်ဆိုလျှင်တောင်မှ မကောင်းသည့် အရာများကို ပြုလုပ်နေသည်ဆိုလျှင် မိစ္တာတစ်ကောင်ပင် ဖြစ်ပေလိမ့်မည်။
သို့ပေမဲ့ မိစ္ဆာနည်းစနစ်များကို ကျင့်ကြံခဲ့သော်လည်း စိတ်နှလုံးကောင်းမွန်၍ မှန်ကန်သည့် လုပ်ဆောင်ချက်များကို ပြုလုပ်ပါက လူကောင်းတစ်ယောက်ဟု သတ်မှတ်နိုင်သည်။
ဟုတ်ပေသည်။ ဂိုဏ်းချုပ်ကျွင်းသည် ဤနည်းစနစ်များ၌ ပါရမီမရှိလျှင် ဆက်လက် မကျင့်ကြံရန် အထူးမှာကြားထား၏။
သံမဏိအရိုးဂိုဏ်းတွင် မိစ္ဆာနည်းစနစ်များနှင့် ပတ်သက်၍ နားလည်သူမှာ ကျန့်ရာတစ်ယောက်တည်းသာရှိ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ကျန့်ရာသည် စနစ်ဆီမှ ရရှိသော သိုင်းနည်းစနစ်များကိုသာ အာရုံစိုက်ကျင့်ကြံလျက်ရှိနေသည်။
"စီနီယာအစ်မလျို"
လျိုဝမ်ရှစ်သည် မိစ္ဆာဂိုဏ်းနည်းစနစ်တစ်ခုအား ကောက်ယူကာ ခေါင်းကို ကုတ်လိုက်မိ၏။ "ဒီ ကျင့်ကြံခြင်း နည်းစနစ်ကိုလည်း ကျင့်ကြံကြည့်လို့ရလား"
လျိုဝမ်ရှစ် အံ့အားသင့်မိသွား၏။ "မိစ္ဆာဂိုဏ်းရဲ့ ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံချင်လို့လား"
"မရဘူး။ မရဘူး"
သူမသည် အလောတကြီး ခေါင်းကို ခါယမ်းလိုက်၏။ "မိစ္ဆာဂိုဏ်းနည်းစနစ်တွေကို မကျင့်ရဘူး။ မဟုတ်ရင် ရူးသွားလိမ့်မယ်လို့ ပြောတယ်"
မိစ္ဆာနည်းစနစ်ကို ခပ်တင်းတင်း ကိုင်ထားပြီး ငြင်းဆိုလိုက်၏။ "အစ်မလျို ကျွန်မ ဒါကိုပဲ သင်ယူချင်တယ်"
"ဒါက"
လျိုဝမ်ရှစ်သည် ခဏလောက်ငြိမ်သက်သွားသည်။ ပြီးနောက် ပြောလိုက်သည်။ "ဒါကိုကြိုက်တယ်ဆိုမှတော့ သင်ချင်လည်း သင်လေ"
သူမသည် အရွယ်ရောက်သေးသူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် မိစ္တာဂိုဏ်းကျင့်ကြံခြင်း နည်းစနစ်များကို ကျင့်ကြံခြင်းအတွက် ရရှိလာမည့် အကျိုးဆက်အားလည်း ကောင်းကောင်းနားမလည်ပေ။
လီချင်းယန်သာ ပါလာပြီဆိုပါက ထိုကဲ့သို့ ကျင့်ကြံခြင်း နည်းစနစ်များအား ယူဆောင်ခြင်းမှ တားမြစ်မှာ သေချာသည်။
"ကျေးဇူးပါ စီနီယာအစ်မလီ" ရောင်မုန့်ယဉ်သည် အသာပြုံးကာ ပြောလိုက်သည်။
ပြီးနောက် မိစ္ဆာနည်းစနစ် အနည်းငယ်ကို ထပ်မံရွေးချယ်ကာ လျိုဝမ်ရှစ်နှင့် အတူ ထွက်ခွာသွားတော့သည်။
မိစ္တာကျင့်ကြံခြင်း လမ်းစဉ်သည် အန္တရာယ်များနှင့် ပြည့်နက်လျက်ရှိသည်။ ဤမိန်းကလေး၏ ရွေးချယ်မှုသည် မှန်လား မှားလားဆိုသည်ကို မည်သူမှ တိတိကျကျ မပြောနိုင်ပေ...။
……….
ဒုတိယနေ့မှာတော့ လီချင်းယန်သည် ကျင့်ကြံခြင်း ခန်းမဆောင်သို့ လာရောက်စစ်ဆေး၏။
ရောင်မုန့်ယဉ် ယူဆောင်သွားသော သိုင်းနည်းစနစ်များကို သိလိုက်ချိန်မှာတော့ သူသည် အလွန်တရာ ထိပ်လန့်တုန်လှုပ်မိသွားသည်။
"ဒီကလေးက မိစ္ဆာဂိုဏ်းရဲ့ သိုင်းနည်းစနစ်တွေကို ဘာလို့ ယူသွားရတာလဲ"
"တုတု"
သူသည် အလောတကြီးပဲ စားသောက်ခန်းဆီသို့ ပြေးဝင်လာခဲ့၏။ "ဂျူနီယာညီမလေး ဘယ်မှာလဲ"
လျိူဝမ်ရှစ် ပြောလိုက်သည်။ "သူမက အတွင်းခြံဝန်းထဲမှာ လေ့ကျင့်နေတယ်လေ"
လီချင်းယန်သည် မြန်မြန်ပဲ အတွင်းခြံဝန်းဆီသို့ ပြေးသွားမိသည်။ သို့ပေမဲ့ ရောင်မုန့်ယဉ် အခန်းသည် အထဲမှ တံခါးပိတ်ထား၏။ မည်မျှပင် တံခါးခေါက်ခေါက် အထဲမှ တုန့်ပြန်မလာချေ။
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ လုချင်းချင်းသည် လှမ်းလျှောက်လာ၏။
သူမသည် ဂျူနီယာမောင်လေး၏ စိုးရိမ်ပူပန်နေသော မျက်နှာကို မြင်တော့ မေးလိုက်သည်။ "ဘာဖြစ်တာလဲ"
လီချင်းယန်သည် မြန်မြန်ဆန်ဆန်ပဲ ရောင်မုန့်ယဉ်သည် မိစ္ဆာဂိုဏ်းနည်းစနစ်ကို ရွေးချယ်သွားခဲ့ကြောင်း ပြောပြလိုက်သည်။
ဘန်း။
တံခါးကြီးတစ်ခုလုံး ပျက်စီးသွားခဲ့သည်။ လေအေးများသည် တိုက်ခတ်လာ၏...
လီချင်းယန်၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။ "စီနီယာအစ်မကြီး ဒါက အရမ်းကြမ်းလွန်းတယ်"
လုချင်းချင်းသည် သူမ၏ လက်ဝါးကို ပြန်ရုတ်ကာ အထဲသို့ လျှောက်ဝင်သွားလိုက်သည်။
မြေပေါ်မှာ လဲလှောင်းလျက်ရှိသော ရောင်မုန့်ယဉ်အား သူမ မြင်လိုက်လေသည်။ ထို့ကြောင့် သယ်ဆောင်ကာ ဆေးခန်းမဆောင်ဆီသို့ သွားလိုက်တော့သည်။ "မကောင်းတော့ဘူး ဂျူနီယာညီမလေးက မေ့သွားပြီ"
"ဘယ်လိုဖြစ်တာလဲ"
"စီနီယာအစ်ကိုလီပြောတာတော့ မိစ္ဆာဂိုဏ်းက ကျင့်ကြံခြင်း နည်းစနစ်တွေကို ကျင့်ကြံတယ်လို့ ကြားခဲ့တာပဲ"
သံမဏိအရိုးဂိုဏ်းတပည့်များသည် ထိုသတင်းကို ကြားတော့ ဆေးခန်းမဆောင်ဆီသို့ ပြေးလာကြတော့သည်။
ဝူး ဝူး ဝူး
ဆေးခန်းမဆောင်အတွင်းမှာတော့ လျိုဝမ်ရှစ်သည် အားရပါးရ ငိုယိုပြီး မိမိကိုယ်ကို အပြစ်တင်လျက်ရှိသည်။ "ဒါတွေအားလုံး ကျွန်မရဲ့ အပြစ်ပဲ"
"ဂျူနီယာညီမလေးကို မိစ္တာဂိုဏ်းနည်းစနစ်တွေ မရွေးချယ်ခိုင်းသင့်ဘူး"
"ကောင်မလေး ငိုမနေနဲ့တော့" အကြီးအကဲဝေသည် အသာပြောလိုက်သည်။
သူ၏ လက်တစ်ဖက်သည် သတိလစ်မေ့မျောနေသည် ရောင်မုန့်ယဉ်၏ သွေးကြောများအား စမ်းကြည့်လိုက်သည်။
လျိုဝမ်ရှစ်သည် ငိုနေရာမှ ရပ်တန့်သွားသည်။
"ထူးဆန်းတယ် ထူးဆန်းတယ်"
အကြီးအကဲဝေသည် ဇဝေဇဝါဖြစ်မိနေသည်။ "သူမရဲ့ မရီဒန်တွေ အကုန်လုံးကလည်း ကောင်းနေတယ်။ အသက်ရှူနှုန်းကလည်း ပုံမှန်ပဲ။ ဘာလို့မေ့နေပါလိမ့်"
ဘေးတစ်ဖက်တွင် မတ်တပ်ရပ်လျက်ရှိသော ကျန့်ရာက ပြောလိုက်၏။ "မိစ္ဆာဂိုဏ်းနည်းစနစ်တွေကို ကျင့်ကြံတုန်းက တန်ပြန်မှုကို ခံစားလိုက်ရပုံပေါ်တယ်။"
"ဒါက ဖြစ်နိုင်တယ်" အကြီးအကဲဝေသည်လည်း ထိုသို့သာ တွေးတောနိုင်သည်။
ဝူး …. ဝူး။
ထိုအချိန်မှာပဲ အနက်ရောင်အော်ရာများသည် သတိလစ် မေ့မျောနေသော ရောင်မုန့်ယဉ်၏ ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာသည်။
အကြီးအကဲဝေ၏ မျက်နှာသည် ပြောင်းလဲသွား၏။ နောက်သို့ ခြေနှစ်လမ်းဆုတ်ကာ ထိပ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "ဒါ … ဒါက"
ကျန့်ရာသည်လည်း မျက်လုံးပြူးသွားမိ၏။
ဟူး။
မြူကဲ့သို့ မဲနက်နေသော ဓာတ်သဘာဝများသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့ပြီး ရောင်မုန့်ယဉ်အား ဖုံးလွှမ်းလျက်ရှိသည်။ ဆေးခန်းမဆောင်တစ်ခုလုံးတွင်လည်း သတ်ဖြတ်လိုခြင်း အော်ရာများနှင့် ပြည့်နက်နေသည်။
လီချင်းယန် ၊ လျိုဝမ်ရှစ်နှင့် တစ်ခြားသူများ အားလုံးသည် ခန္ဓာကိုယ်များသည် တုန်ရင်သွားကြသည်။
အကြီးအကဲဝေနှင့် ကျန့်ရာတို့၏ အမူအရာများသည်လည်း လေးနက်သွား၏။
ရောင်မုန့်ယဉ်အား ဖုံးလွှမ်းလျက်ရှိသော နက်ဆိုးအော်ရာများသည် တစ်ဖြည်းဖြည်း မြှင့်တက်လာပြီး လေထုထဲတွင် ပျံ့နှံ့လာ၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အနက်ရောင် အော်ရာများ၏ ဝါးမြိုခြင်းကို ခံနေရသည်။
မိနစ်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ထိုအော်ရာများသည် ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ကာ ပျောက်ကွယ်သွားကြ၏။
အလွန်တရာ ပြင်းထန်လှသော သတ်ဖြတ်လိုခြင်း အော်ရာများသည်လည်း ထိုအနက်ရောင် အော်ရာများနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
အရာအားလုံးသည် ဘာမှ မဖြစ်ခဲ့သလို ပုံမှန်အတိုင်း ပြန်လည် ဖြစ်တည်သွား၏။
"အကြီးအကဲဝေ"
လီချင်းယန်သည် အလောတကြီးဖြင့် ပြောလိုက်သည်။ "အဲဒါက ဘာကြီးလဲ"
အကြီးအကဲဝေ ငြိမ်သက်နေ၏။ ဘေးတစ်ဖက်တွင် ရှိသော ကျန့်ရာသည်လည်း ငြိမ်သက်လျက်ရှိနေ၏။ "ဘာတွေဖြစ်နေတာလဲ"
သူမသည် အမဲရောင် အော်ရာများကို စိတ်မဝင်စားကြချေ။ သူမ သိရှိချင်သည်မှာ ရောင်မုန့်ယဉ်တစ်ယောက် အဆင်ပြေရဲ့လားဆိုသည်ကိုပင်။
"အကြီးအကဲကျန့်"
ထိုအချိန်မှာပဲ အကြီးအကဲဝေပြောလိုက်သည်။ "မင်းလည်း မိစ္ဆာဂိုဏ်းထဲမှာ ကျင့်ကြံဖူးတာပဲ။ဒီအခြေအနေကို သိမယ်လို့ထင်တယ်"
ကျန့်ရာသည် ခေါင်းညိတ်ကာ လေးလေးနက်နက် ပြောလိုက်သည်။ "ကျုပ်အထင် မမှားဘူးဆိုရင် ဒီမိန်းကလေးက သူမရဲ့ သန္ဓေနတ်ဆိုး ခန္ဓာကိုယ် နိုးထသက်ဝင်ခဲ့တာပဲ။"